Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂.၅.၂၀၁၁

ဘာသာပြန်သတင်းများ - ၂

UWSA နှင့် NDAA တပ်များ ဆုတ်ခွာရန် မြန်မာ့တပ်မတော် ရာဇသံ ထပ်ပေး

(Asia Correspondent မှ 30th April 2011 ရက်စွဲပါ “Burma gives Fresh Ultimatum for UWSA and NDAA to withdraw troops” သတင်းကို ဘာသာ ပြန်ဆိုသည်။)

UWSA ဝတပ်ဖွဲ့နှင့် ၎င်း၏မဟာမိတ် NDAA မိုင်းလား အဖွဲ့တို့အား သတ်မှတ်နယ်မြေ အပြင်ဖက်တွင် တပ်စွဲ ထားသော စခန်းများမှ ဧပြီ ၃၀ ရက် နောက်ဆုံးထား၍ ဆုတ်ခွာကြရန် မြန်မာ့ တပ်မတော်က အကြောင်းကြားခဲ့သည်ဟု တရုတ်-မြန်မာ နယ်စပ် သတင်းရပ်ကွက်ကို ကိုးကား၍ ရှမ်းသံတော်ဆင့် သတင်းဌာနက ပြောကြားသည်။

အထက်ပါ သတိပေးမှုကို သီးခြား စစ်ဌာနချုပ်များမှ တယ်လီဖုန်းဖြင့် အကြောင်းကြားခြင်း ဖြစ်ပြီး၊ အရှေ့မြောက် တိုင်း စစ်ဌာနချုပ် (လားရှိုး)မှ စစ်ဦးစီးအရာရှိက ပန်ဆိုင်း UWSA ဌာနချုပ်သို့လည်းကောင်း၊ တြိဂံတိုင်း စစ်ဌာနချုပ် (ကျိုင်းတုံ) မှ စစ်ဦးစီး အရာရှိက မိုင်းလား NDAA သို့လည်း ကောင်း အသီးသီး ဆက်သွယ် အကြောင်းကြား ခဲ့ခြင်း ဖြစ် သည်။ မိုင်းလား ခေါင်းဆောင်ပိုင်းနှင့် နီးစပ်သော သတင်းရပ်ကွက်၏ အဆိုအရ အကယ်၍ သတ်မှတ်ချိန် အတွင်း စခန်း များမှ ဆုတ်ခွာခြင်း မပြုပါက ဝ နှင့် မိုင်းလား စခန်းများကို မြန်မာ့ တပ်မတော်က အချိန်မရွေး တိုက်ခိုက်ဖွယ် ရှိသည်ဟု သိရှိရသည်။

ဝတပ်ဖွဲ့ UWSA က ၎င်း၏ မဟာမိတ် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း SSA-N နှင့် နယ်နိမိတ်ခြင်း ထိစပ်နေ သော သံလွင်မြစ်ကြောင်း တစ်လျှောက်ရှိ ရှေ့တန်းစခန်းများကို ၂၄ နာရီ အဆင်သင့် တပ်လှန့်ထားသည်ဟုလည်း ကြား သိရသည်။ UWSA အနေဖြင့် စစ်ပွဲကို မလိုလား သော်လည်း ဝ နယ်မြေကို ကာကွယ်ရန် အတွက် တပ်ဖွဲ့များ အားလုံးကို တပ်လှန့်ထားကြောင်းနှင့် စတင် ပစ်ခတ်မည် မဟုတ်ကြောင်း ထိပ်ပိုင်း ဝအရာရှိ တစ်ဦးက ပြောကြားသည်။

မြန်မာ့ တပ်မတော်က SSA-N အား နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံရန် ရာဇသံပေးခြင်းကို အရှိန်မြှင့် လာသည့် အချိန်မှစ၍ တင်းမာမှု များ ကြီးထွားလာကာ လတ်တလော တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။

မြန်မာ အစိုးရ တပ်ဖွဲ့များနှင့် SSA-N တပ်ဖွဲ့များအကြား မတ်လ ၁၃ ရက်မှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးရ သတင်းများအရ ကျေးသီး မြို့နယ်တွင် တိုက်ပွဲကြီး ၂ ကြိမ် ဖြစ်ခဲ့သည်ဟု ကြားသိရသည်။ SSA-N အား ၎င်းတို့၏ အဓိက အခြေစိုက် စခန်း နယ်မြေ အပြင်ဖက်တွင် တပ်စွဲ ထားသော စခန်းများမှ ဆုတ်ခွာရန်နှင့် မတ်လကုန်တွင် လက်နက်ချရန် မြန်မာ့တပ်မတော်က ရာဇသံပေးခဲ့သည်ဟု ဆိုသည်။

မြန်မာ စစ်တပ်ဖက်မှ အနည်းဆုံး ၃၀ ခန့် ကျဆုံးကာ ၁၀၀ ခန့် ဒဏ်ရာရရှိပြီး၊ SSA ဖက်မှ ၄ ဦး ကျဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိသည်ဟု SSA သတင်းရပ်ကွက်၏ အဆိုအရ သိရှိရသည်။

SSA သတင်းရပ်ကွက်မှ ရရှိသော နောက်ဆုံးသတင်းများအရ SSA-N ၏ တန့်ယန်းမြို့နယ် နမ့်လို အခြေစိုက် ဌာနချုပ်သည် ၎င်းတို့၏ မဟာ မိတ် UWSA နယ်မြေသို့ ဝင်ရောက်ရာ လမ်းပေါက် ဖြစ်ပြီး မတ်လ ၁၅ ရက်နေ့က နှစ်ဖက် တပ်ဖွဲ့များ အပြင်းအထန် တိုက်ခိုက်ကြပြီးနောက် ထိုစခန်းကို မြန်မာ့တပ်မတော်က သိမ်းပိုက် ရရှိသွားသည်ဟု ဆိုသည်။

တိုင်းရင်းသား တပ်ဖွဲ့များသည် တပ်သားသစ် စုဆောင်းခြင်း မပြုရန်နှင့် နယ်မြေ တိုးချဲ့ခြင်း မပြုရန် လက်မှတ် ထိုးသော ၁၉၈၉ သဘော တူညီချက်ကို ချိုးဖောက်သည်ဟု မြန်မာ့ တပ်မတော်က စွပ်စွဲထားသည်။ လောလောဆယ်တွင် ဝခေါင်းဆောင်များက မြန်မာ့ တပ်မတော်၏ ရာဇသံကို ဆွေးနွေးရန် အရေးပေါ် အစည်းအဝေး ကျင်းပလျက် ရှိသည်။

ထိုအတောအတွင်း မိုင်းလား NDAA က မဲခေါင်မြစ် အနောက်ဖက်ကမ်း၊ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲမှ ဝမ်ခိုနှင့် ပုံးထက်ရှိ နည်းဗျူဟာ စခန်းများထဲမှ နှစ်ခုကို ဆုတ်ခွာ ရုတ်သိမ်း ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ဝမ်ခို စခန်းကို ဧပြီလ ၂၇ ရက်တွင် မြန်မာ တပ်မတော်က ဝင်ရောက် တပ်စွဲလိုက်ပြီ ဖြစ်ပြီး ပုံးထက်စခန်းမှ တပ်များကိုမူ မနေ့က ရုတ်သိမ်း ဆုတ်ခွာ ပေးခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းသံတော်ဆင့် သတင်းက ပြောကြားသည်။

မြန်မာ့တပ်မတော် လက်အောက်ခံ ပြည်သူ့စစ် သတင်းရပ်ကွက်၏ အဆိုအရ အင်အား ရာဂဏန်းရှိသော မြန်မာ အစိုးရတပ်များက ထိုနေ့ မနက်ခင်းတွင် မိုင်းလား တပ်စုကို ပစ်ခတ်ခြင်း မပြုပဲ ဝိုင်းရံထားခဲ့ ပြီးနောက် ညနေပိုင်း၌ မိုင်းလား တပ်စု ဆုတ်ခွာသွားချိန်တွင် မိုင်းဖြတ် အခြေစိုက် ၅၇၃ ခြေလျင်တပ်ရင်းမှ မြန်မာ စစ်သားများက ဝင်ရောက် နေရာယူခဲ့ကြောင်း သိရှိရသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို လက်ခံရန် ဝတပ်ဖွဲ့ကို အကြိမ်ကြိမ် တောင်းဆိုနေသော မြန်မာ တပ်မတော် အစိုးရနှင့် UWSA ဝတပ်ဖွဲ့တို့ အကြား ဆိုးဝါးနေသော ဆက်ဆံရေးကို စေ့စပ်ရန် အတွက် ၂၀၁၀ မတ်လတွင် တရုတ် ကာကွယ်ရေးဌာန အရာရှိများက ကြိုးပမ်း အားထုတ် ခဲ့ကြဖူး သည်။ အသေးစိတ် အချက်အလက်များ မသိရှိရသော်လည်း မြန်မာ အစိုးရက ဝတပ်ဖွဲ့ အပေါ် အချည်းနှီး စစ်ဆင်နွှဲမှုကို ရှောင်လွှဲရန် တရုတ်တို့က နောက်တစ်ကြိမ် ကြိုးပမ်းနေသည်ဟု သတင်းများ ရရှိထားသည်။

နယ်ခြားစောင့်တပ် အစီအစဉ်ကို ဆန့်ကျင်သော UWSA နှင့် NDAA နှစ်ဖွဲ့ကို လတ်တလောတွင် မြန်မာ အစိုးရကို ဆန့်ကျင်သည့် မည်သည့် အုပ်စုနှင့်မျှ မပူးပေါင်းရန် တရုတ်နိုင်ငံက အကြံပေးထားကြောင်း ကြားသိရသည်။ သို့မဟုတ်ပါက KIA နှင့် SSA-N တို့ကဲ့သို့ပင် တိုက်ခိုက်ခြင်း ခံရလိမ့် မည်ဟု တရုတ်-မြန်မာ နယ်စပ် သတင်းများက ဆိုသည်။

အကယ်၍ တိုင်းရင်းသား လက်နက်ကိုင်များ မဟာမိတ် ကောင်စီသို့ UWSA နှင့် NDAA က ပူးပေါင်းခြင်း မရှိပါက ၎င်းတို့ နှစ်ဖွဲ့ကို မြန်မာ တပ်မတော် အစိုးရက လွှတ်ပေးထားလိမ့်မည်ဟု တရုတ် တာဝန်ရှိသူများက အကြံပေးထား ကြောင်းနှင့် ထိုကိစ္စကို ဝနှင့် မိုင်းလား အာဏာပိုင်များက အတည်မပြုရသေးကြောင်း သတင်းရပ်ကွက် တစ်ခုက ပြောကြားသည်။ အကယ်၍ ထိုသတင်း မှန်ကန်သည့်တိုင်အောင် တပ်မတော် အစိုးရ၏ လှည့် ကွက်သာ ဖြစ်ရန် များကြောင်းနှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စု မြောက်များစွာကို တစ်ချိန်ထဲတွင် ထိုးစစ်ဆင်ရန် မြန်မာ စစ်တပ်တွင် လုံလောက် သော အင်အားမရှိဟု အကဲခတ် လေ့လာသူများက ယုံကြည်ထားကြသည်။

လတ်တလောတွင် ဝတပ်ဖွဲ့နှင့် SSAN အကြား ဖြစ်နိုင်ချေရှိသော ဆက်ဆံမှုများကို ဖြတ်တောက်ရန် မြန်မာ့တပ်မတော်က သံလွင်မြစ်ကြောင်း တစ်လျှောက် တပ်ဖြန့်ထားသည်။ အကြောင်းမှာ SSA-N က သံလွင်မြစ် အနောက်ခြမ်းနှင့် UWSA ဝတပ်ဖွဲ့က သံလွင်မြစ် အရှေ့ခြမ်းတွင် အသီးသီး လှုပ်ရှားကြခြင်းကြောင့် ဖြစ်သည်။

*************************************************************************************************************

အရှေ့တောင်အာရှနှင့် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းများ အရှိန်မြှင့်မည်ဟု တရုတ်ဝန်ကြီးချုပ် ပြောကြား

(Reuters သတင်းမှ 30th April 2011 ရက်စွဲပါ “Wen says to speed up transport links with S.E Asia” သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံ ကုန်သွယ်ရေးကို အားဖြည့်မြှင့်တင်ရန် ကြိုးစားသည့် အနေဖြင့် အရှေ့တောင် အာရှနှင့် ပို့ဆောင် ဆက်သွယ်ရေး လမ်းကြောင်း များ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်မည် ဖြစ်၍ ကားလမ်းများ၊ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းများနှင့် ပါဝါ ဆက်ကြောင်းများကို တည်ဆောက်နေ ကြောင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင်က စနေနေ့တွင် ပြောကြားသည်။

၂ ရက်ကြာ အင်ဒိုနီးရှား ခရီးစဉ် အတွင်း ဂျကာတာ၌ ဝမ်ကျားပေါင်က “ကုန်ပစ္စည်းချင်း၊ မြို့တော်ချင်း၊ ပြည်သူချင်း အပြန်အလှန် ကောင်းမွန် စွာ ဖလှယ်မှုကို ဖြည့်ဆည်းပေးရန် အတွက် ချေးငွေ ထောက်ပံ့ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း တို့မှတဆင့် တရုတ်နိုင်ငံက ငွေကြေး အကူအညီ ပေးအပ်သွား မည်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“လာမယ့် ၁၀ နှစ်အတွင်း တရုတ်နဲ့ အာဆီယံ အကြား မြေပြင် ပို့ဆောင်ဆက်သွယ်ရေး လမ်းကြောင်းတွေကို အရှိန်မြင့် ဖွင့်လှစ်သွားမယ့်အပြင် ရေကြောင်းနဲ့ လေကြောင်း ပို့ဆောင်ရေး အတွက်လည်း ရန်ပုံငွေ ထောက်ပံ့ ပေးသွားမှာ ပါ” ဟု ဝမ်ကျားပေါင်က ဂျကာတာတွင် ပြောကြားသည်။

ထို့အပြင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံများဖြင့် ဖွဲ့စည်းထား သော အာဆီယံ အဖွဲ့တွင်းမှ မဖွံ့ဖြိုးသေးသည့် တိုင်းပြည်များကိုလည်း တရုတ်နိုင်ငံက ခြွင်းချက်မရှိ အကူအညီ ပေးမည်ဟု ဝမ်ကျားပေါင်က ဆိုသည်။

ပြီးခဲ့သော ဇန်နဝါရီလတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက တရုတ်နိုင်ငံသို့ သမားရိုးကျ မဟုတ်သည့် ခရီးစဉ် တစ်ခု သွားရောက်ခဲ့ခြင်း နှင့်အတူ အာဆီယံ အဖွဲ့က ၎င်း၏ ရှေ့တန်း နယ်မြေ ဈေးကွက်များနှင့် အာရှ၏ အကြီးဆုံး စီးပွားရေး ပါဝါနိုင်ငံအကြား ကြီးကြီးမားမား ချိတ်ဆက်ရေး အတွက် အလားအလာကို ဦးစားပေး ဖော်ထုတ်ရန် ကြိုးစားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက နိုင်ငံခြား ကုမ္ပဏီများကို ဆွဲဆောင်ရေးနှင့် အစိုးရ ကြွေးမြီစရိတ်များကို ဖြတ်ထောက်မည့် အချုပ်အချာပိုင် ရင်းနှီးမြှုပ်နှံမှု အဆင့် သတ်မှတ်ချက် ရရှိရေးတွင် အတားအဆီး သဖွယ် ဖြစ်နေမည့် တစ်စစီ ပျက်စီးနေသော အခြေခံ အဆောက်အဦပိုင်းကို ဖွံ့ဖြိုး တိုးတက်စေရန် အတွက် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ဘီလျံ ၁၀၀ ရှာဖွေလျက် ရှိသည်။ သောကြာနေ့တွင် ဝန်ကြီးချုပ် ဝမ်က အင်ဒိုနီးရှား သမ္မတ ဆူဆီလိုဘန်ဘန်း ယူဒိုယိုနိုနှင့် တွေ့ဆုံအပြီးတွင် အခြေခံ အဆောက်အဦပိုင်း အတွက် ချေးငွေပမာဏ ဒေါ်လာ ၉ ဘီလျံ ပေးမည်ဟု ကတိပြုခဲ့ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံနှင့်အတူ ရထားလမ်း၊ ကားလမ်း၊ ရေလမ်းကြောင်းများ တိုးချဲ့ ဆက်သွယ်ကာ လူဦးရေ ၁.၉ ဘီလျံရှိ ကုန်သွယ်ရေး လွတ်လပ်ဇုံ အတွင်း ပိုမို ကောင်းမွန်စွာ  သွားလာနိုင်စေမည့် အာဆီယံ၏ အစီအစဉ်မှာ ရည်မှန်းချက် အလွန်ကြီးသည်။ သို့သော်လည်း လေ့လာ ဆန်းစစ်သူများက အာဆီယံနှင့် တရုတ်အကြားမှ ကြီးမားသော ကုန်သွယ်ရေး အလားအလာနှင့် ပိုမို ကောင်းမွန်သော ဆက်သွယ်ရေး လမ်းများသည် ဂျပန်နှင့် တောင် ကိုရီးယားတို့အား အာဆီယံနှင့် ပိုမို နီးကပ်စွာ ဆက်ဆံရေးကို အားပေးနိုင်လိမ့်မည်ဟု ပြောဆိုကြသည်။ အခြေခံ အဆောက်အဦ ကဏ္ဍ ရင်းနှီးမြှုပ်နှံရေး အတွက် ဂျပန်နိုင်ငံက ဒေါ်လာ ဘီလျံ ၅၀ ကျော် ကတိပြုထားပြီး ဖြစ်သည်။

*****************************************************************************************************************

ထိုင်း PTTEP က မြန်မာလုပ်ကွက် M.A တွင် ရှာဖွေမှု အပြီးသတ်

(Reuters သတင်းမှ ၂၉ April ရက်စွဲပါ “Thai PTTEP to end exploration in Myanmar is Block M 4” သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်း PTTEP က ၎င်း၏ လုပ်ငန်းခွဲ PTTEP International Ltd သည် မြန်မာနိုင်ငံလုပ်ကွက် M 4 တွင် ရှာဖွေရေးလုပ်ငန်းများ အပြီးသတ် ပြီးနောက် ရှာဖွေမှုကို အဆုံးသတ်လိုက်ပြီဟု ပြောကြားသည်။ ရှာဖွေရေးလုပ်ငန်း ပြီးဆုံးမှုသည် ၂၀၁၁ မေလ ၁ရက်နေ့တွင် စတင် အကြုံးဝင်မည်ဟုဆို သည်။  

လတ်တလောတွင် PTTEP သည် မြန်မာနိုင်ငံတွင် M3 ၊ M7 နှင့် M11 စသော ရှာဖွေရေးစီမံကိန်း ၃ တွင် ရင်းနှီးမြှုပ်နှံထားသည်။ ဇောတိက စီမံကိန်းမှာ  ၂၀၁၃ တွင် ထုတ်လုပ်မှု စတင်မည်ဟု မျှော်လင့်ရပြီး ထုတ်လုပ်သည့် အဆင့် ဖက်စပ် စီမံကိန်း ၂ ခု မှာ ရတနာစီမံကိန်းနှင့် ရဲတံခွန် စီမံကိန်းတို့ဖြစ်သည်။

******************************************************************************************************************

မြန်မာအစိုးရသစ်ဆိုသည်မှာ တပ်မတော်အစိုးရ ဆက်လက်အုပ်ချုပ်ခြင်းမျှသာ

(Zee News မှ 30 April 2011 ရက်စွဲပါ “New Myanmar govt continuation of junta“ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အသစ် ဖွဲ့စည်းလိုက်သည့် ဦးသိန်းစိန် အစိုးရသည် တပ်မတော် အစိုးရကိုဆက်၍ အသက်သွင်း ထားခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောကြားထားသည့် ဒီမိုကရေစီလိုလားသော မြန်မာအုပ်စု ၁၁ ဖွဲ့က တပ်မတော် အစိုးရအား ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် Stakeholders အားလုံးနှင့် ဒိုင်ယာလော့ ဆွေးနွေးမှု ပြုလုပ်ရန် တောင်းဆိုလိုက်သည်။

အဆိုပါ ဒီမိုကရေစီလိုလားသော အုပ်စုများက ၂၀၀၈ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲများအပေါ် အခြေခံထုတ်ပြန်သော အစီရင်ခံစာ တွင် မြန်မာနိုင်ငံမှ အစိုးရ ဖွဲ့စည်းပုံသစ်များကို လေ့လာဆန်းစစ်ထားပြီး ဦးသိန်းစိန်အစိုးရသည် တပ်မတော်အစိုးရကို အသက်ဆက်ထားခြင်းသာ ဖြစ်သည် ဟူသော အထောက်အထားကို ဆန်းစစ်တွေ့ရှိကြောင်း အခိုင်အမာ စောဒက တက်ထားသည်။

အထက်ပါ အုပ်စုများတွင် All Burma Monk’ Alliance ၊ 88 Generation Students၊ All Burma Federation of Students Unions (ABFSU) နှင့် အခြား အစိုးရဆန့်ကျင်ရေး အဖွဲ့အစည်းများ ပါဝင်၍ ၎င်းအုပ်စု အားလုံး ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး စည်းရုံးလှုပ်ရှားမှုတွင် ပါဝင် ပတ်သက်ခဲ့ကြသည်။

အဆိုပါ အုပ်စုများ၏ အဖွဲ့ဝင်များစွာမှာ နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ထဲတွင် ပါဝင်၍ ယခုတိုင် ထောင်ထဲ၌ ရှိနေကြဆဲ ဖြစ်သည်။ ၎င်းတို့ ထုတ်ပြန်သော အစီရင်ခံစာတွင် “ ၂၀၀၈ အခြေခံဥပဒေသည် တပ်မတော်အစိုးရ လွှမ်းမိုးရေး အခြေခံဥပဒေသာဖြစ်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသော အစိုးရသည်လည်း စစ်ဝါဒီ ပြည်ခိုင်ဖြိုး အစိုးရသာဖြစ်၍ တိုင်းပြည်ကို စစ်ဝါဒ အခြေခံဥပဒေဖြင့် အုပ်ချုပ်မည်သာဖြစ်ကြောင်း” အခိုင်အမာ ပြောကြားထားသည်။

၎င်းတို့က “ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် အစိုးရကို တိုင်းရင်းသား လူမျိုးစု အားလုံး အပေါ် ဆက်လက် ဖိနှိပ်မည့် ပြည်ခိုင်ဖြိုး တပ်မတော် အစိုးရ” ဟု သတ်မှတ်ခဲ့ကြပြီး ၎င်းတို့အနေဖြင့် စစ်အာဏာရှင် အုပ်ချုပ်ရေးနှင့် ၂၀၀၈ အခြေခံဥပဒေတို့ကို ဖျက်သိမ်းရန် ပြည်သူတစ်ရပ်လုံး၏ အကျိုး စီးပွားအတွက် ဆက်လက် ကြိုးပမ်း သွားကြမည်ဟု အတိအလင်း ထုတ်ဖော် ကြေညာလိုက်ကြသည်။

ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဦးဆောင်သော ၂၀၁၀ ရွေးကောက်ပွဲ အလွန် အစိုးရ တက်လာချိန်တွင် တွေ့ရှိရသော အချက်မှာ တပ်မတော် အစိုးရ ထိပ်ပိုင်း အာဏာပိုင်များသည် ယူနီဖောင်းဝတ် တပ်မတော်အရာရှိများ အသွင်ဖြင့် လည်းကောင်း၊ အရပ်သားတပိုင်း တပ်မတော်အငြိမ်းစား အသွင်ဖြင့် လည်းကောင်း၊ တပ်မတော်နောက်ခံ ပြည်ခိုင်းဖြိုး အသွင်ဖြင့် လည်းကောင်း နိုင်ငံ၏ အရေးကြီးသော ဥပဒေပြုရေး အုပ်ချုပ်ရေးနှင့် တရား စီရင်ရေး ကဏ္ဍများတွင် ဆက်လက် တွယ်ဖက် အမြစ်တွယ်ထားကြခြင်းသာ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးကဏ္ဍတွင် ဝန်ကြီးရာထူး ၃၅ နေရာအနက် ၂၆ နေရာကို တပ်မတော်အရာရှိဟောင်းများက ရယူထားကြပြီး ကျန်နေရာများကို ပြည်ခိုင်ဖြိုး ပါတီဝင်များဖြင့် ဖြည့်တင်းထားသည်ဟု အစီရင်ခံစာက ဆိုသည်။

ဒီမိုကရေစီလိုလားသော အုပ်စုများက ဦးသိန်းစိန် အစိုးရအား “နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ပြည်တွင်းစစ်ကို ချက်ခြင်းရပ်ဆိုင်း၍ ပြည်တွင်းငြိမ်းချမ်းရေးကို လုံးပမ်းရန်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ယဉ်ကျေးမှု နယ်ပယ်များမှာအခြေခံ ဒီမိုကရေစီ အခွင့်အရေး များကို ပိတ်ပင်တားဆီးထားသည့် အမိန့်ဒီဂရီများကို အဆုံးသတ်ရန်၊ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ရေးအတွက် Stakeholders အားလုံးနှင့် ဒိုင်ယာလော့ ဆွေးနွေးမှု ပြုလုပ်ရန်” စသည့် အချက်များကို တောင်းဆိုလိုက်ကြသည်။

ထိုအတောအတွင်း ထင်ရှားသော  အမေရိကန် NGO ၁၃ ဖွဲ့က ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Quintana အကြံပြုထားသည့် အတိုင်း မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေးကို အားပေးမည့် အိုဘားမားအစိုးရ၏ ဆုံးဖြတ်ချက်ကို ထောက်ခံခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ထံ ပေးစာတွင် “လာမည့် ဇွန်လ ဂျီနီဗာတွင် ပြုလုပ်မည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ UNHCR အစည်းအဝေး၌ အဆိုပါ ကော်မရှင် ဖွဲ့စည်းရေး ကြိုးပမ်းမှုကို ဦးဆောင်ရန်” သူမအား အမေရိကန် NGO အဖွဲ့များက မေတ္တာရပ်ခံ ထားကြ သည်။

လွန်ခဲ့သည့်နှစ်များအတွင်း အီရန်အရေး၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စည်းဝေးခွင့် စသော ကိစ္စရပ်များနှင့် ပတ်သက်၍ ဂျီနီဗာတွင် အမေရိကန် ပြည်ထောင်စုက ကြိုးပမ်းခဲ့သော ထိရောက်သည့် သံတမန်ရေး ဆောင်ရွက်ချက်များက “ထူးထူးခြားခြား ပြောင်းလဲအောင် ပြုလုပ်နိုင်မှု”ကို ပြသနေသည် ဟု ဧပြီ ၂၅ ရက်နေ့ပေးစာတွင် ဖော်ပြထားသည်။

“ယခုအခါ မြန်မာနိုင်ငံအရေးနှင့် ပတ်သက်၍ ပြတ်ပြတ်သားသား ဆောင်ရွက်ရန် အချိန်ရောက်ပြီဖြစ်၍ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမှုကို ထောက်ခံကြရန် အခြား ကုလအဖွဲ့ဝင်နိုင်ငံများကို တက်တက်ကြွကြွ ဦးဆောင်ရမည်” ဟု NGO အဖွဲ့များက ဆိုသည်။ ကုလသမဂ္ဂ အခွင့်အရေး ကောင်စီ၏ ၁၇ ကြိမ်မြောက် အစည်းအဝေးကို ဂျီနီဗာတွင် ၂၀၁၁ မေလ ၃၀ရက် မှ ဇွန်လ ၁၇ရက်အထိ ကျင်းပမည် ဖြစ်သည်။

“မြန်မာနိုင်ငံအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံရန် နောက်ဆုံးချမှတ်သည့် သင့် ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်ရန်နှင့် ဇွန်လ ကုလလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် အဆိုပါ ကော်မရှင် ဖွဲ့စည်းရေးကြိုးပမ်းမှုကို ဦးဆောင်ရန် ပြင်းပြင်းထန်ထန် တိုက်တွန်းအပ်ပါသည်”ဟု ကလင်တန် ထံပေးစားတွင် ဖော်ပြထားသည်။

“မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးများနှင့် လူသားခြင်း စာနာထောက်ထားမှု ဥပဒေကို ဆိုးဝါးစွာ ချိုးဖောက်ကျူးလွန်ကာ အပြစ်ဒဏ် မှ လွတ်မြောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလွန်းနေပြီ” ဟု NGO အဖွဲ့များက ထုတ်ဖော် ပြောဆိုသည်။

ကုလသမဂ္ဂ ကလည်း ၁၉၉၁ ခုနှစ်မှ စ၍ မြန်မာနိုင်ငံအပေါ် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းကို မြောက်များစွာသော ဆုံးဖြတ်ချက်များ၊ အစီရင်ခံစာများ၊ အထောက်အထားများမှ တဆင့် ထုတ်ဖော် ပြောဆိုနေခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ မြန်မာအစိုးရ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က နည်းနာ ကောင်း များကို အသုံးပြုလျက်ရှိသည်။

မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခများ အဆုံးသတ်ရေးအတွက် နိုင်ငံတကာ အသိုင်း အဝိုင်းက တွေ့ဆုံညှိနှိုင်းရန် နှစ်ပေါင်း ၂၀ကြာ ကြိုးပမ်းမှုများ အောင်မြင်မှုမရခဲ့ဟု NGO များက ထောက်ပြသည်။

Tomas Quintana က စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးကို အကြံပြုခဲ့ချိန် ၂၀၁၀ မတ်လမှစ၍ မြန်မာနိုင်ငံမှ ကျူးလွန်ဆဲ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရေးအပေါ် နိုင်ငံတကာ ထောက်ခံမှု တဖြည်းဖြည်း ကြီးထွားလာခဲ့ကြောင်းနှင့် အဆိုပါ အကြံပြုချက်ကို အမေရိကန် အပါအဝင် ၁၆နိုင်ငံက လူသိရှင်ကြား ထောက်ခံခဲ့ကြောင်း NGO များက အလေးထား ပြောကြားသည်။

ကုလ လူ့အခွင့်အရေးကောင်စီသို့ Quintana အစီရင်ခံခဲ့သည့်အတိုင်း မြန်မာနိုင်ငံမှ လူ့အခွင့်အရေးချိုးဖောက်မှုများ အပေါ် စုံစမ်းစစ်ဆေးမှုကို လွတ်လပ်စွာ၊ တရားမျှတစွာ၊ သိက္ခာရှိရှိ ပွင့်လင်းစွာ အချိန်မဆိုင်း ပြုလုပ်ရန် မရှိမဖြစ် လိုအပ်သည်ဟု NGO များက ထပ်ဆင့် ထောက်ခံ ဖော်ပြခဲ့ကြ သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment