Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၅.၅.၂၀၁၁

ပြည်တွင်းသတင်းများ

လယ်ယာထွက်ကုန်တင်ပို့မှုနေ့စဉ်လျော့ကျလျက်ရှိ

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့နိုင်မှုသည် တစ်နှစ်ပြီး တစ်နှစ်လျော့ကျလာခြင်းကြောင့် အချိန်မီပူးပေါင်းဖြေရှင်းရန် လိုအပ်နေပြီ ဖြစ်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်ကပြော ကြားသည်။

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပြည်ပတင်ပို့မှုတွင် ပြည်ပဈေးကွက်သို့ပဲတင်ပို့မှုသည် ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်တွင် တန်ချိန်သန်းပေါင်း ၁ ဒဿမ ၅သန်း၊ ၂၀၀၉-၂၀၁၀ ဘဏ္ဍနှစ်တွန် တန်ချိန်သန်းပေါင်း ၁ ဒဿမ ၃ သန်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍနှစ်တွင် တန်ချိန်သန်းပေါင်း ၀ ဒဿမ ၉ သန်းထိ ကျဆင်းလာခဲ့လေသည်။ ဆန်စပါး ပြည်ပတင်ပို့မှုသည်လည်း ၂၀၀၉-၂၀၁၀ ဘဏ္ဍနှစ်တွင် တန်ချိန်း ၉ သိန်းကျော်ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍနှစ် တွင် တန်ချိန် ၅ သိန်းကျော်သာတင်ပို့နိုင်ကြောင်းသိရသည်။

"ဘယ်လောက်စိုက်တယ်။ ဘယ်လောက်စားသုံးတယ်။ ဘယ်လောက်ပိုလျှံတယ်ဆိုတာ မှန်မှန်ကန်ကန်တွက် ချက်တင်ပြပေးရင် ခွင့်ပြုသင့် တာကို ခွင်ပြုပေးမယ်" ဟု ဝန်ကြီးကပြောကြားသွားသည်။

လယ်ယာကုန်တင်ပို့မှု လျှော့နည်းလာခြင်းကြောင့် လယ်ယာထွက်ကုန်တင်ပို့မှုမြင့်တင်ရေး၌ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများမှ စာရင်း ဇယားများကို မှန်မှန်ကန်ကန်တင်ပြရန်လိုအပ်ကြောင်း၊ လယ်စိုက်သူတောင်သူများ အကျိုးရှိရေး၊ စားသုံးသူများ ဝန်ထုတ်ဝန်ပိုးမဖြစ်စေရေးတို့ကို ချိန်ဆပြီး စီးပွား/ကူးသန်းဝန်ကြီးဌာနမှ တင်ပို့ခွင့် များကို အလျင်အမြန်ပြုလုပ်ပေးမည်ဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့သည်။

(7DAY NEWS အတွဲ(၁၀) အမှတ်(၇) မှ ထုတ်ယူဖော်ပြပါသည်)

***********************************************************************************************************

တောင်သူများချေးငွေပြဿနာဆက်လက်ကြုံတွေ့နေရ

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် တောင်သူများ၏ ပြဿနာအခက်အခဲများမှာ ပြေလည်နိုင်ခြင်းမရှိသေးဘဲ လယ်ယာမြေ အထွက် နည်းပါးမှုဒဏ်များ၊ ချေးငွေသံသရာများ ဆက်လက် ကြုံတွေ့လျှက်ပင်ရှိကြောင်းသိရသည်။

တောင်သူများအား ချေးငွေထုတ်ပေးသည့်ကုမ္ပဏီများမှာ အတိုးနှုန်း ၅ ကျပ်ဖြင့်ထုတ်ချေးလျှက်ရှိကြောင်း၊ ယင်းချေးငွေများကို ပြန်ဆပ်ပါက ချေးယူထားသည့် ငွေယူခြင်းမရှိဘဲ စပါးကိုသာယူကြောင်း၊ ထိုသို့ ယူသည့်အတွက် စပါးတင်းတစ်ရာလျှက် ရှစ်တင်းခန့်လျော့ကြောင်း၊ ထို့ပြင် ပေါင်အမှန် မချိတ်သည့်အတွက် အတိုးပေးငွေများမှာ လျော့သည့်အထဲသို့သာပါသွားကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူတစ်ဦးကပြောကြားခဲ့သည်။

ယခုကဲ့သို့ ကုမ္ပဏီများထံမှ ချေးငွေများယူရာ၌ အတိုးနှုန်းများမှာ မတန်တဆပေးနေရခြင်း၊ ပြန်ဆပ်သည့်အခါ၌လည်း အတိုးနှုန်းကိုမယူဘဲ စပါးကိုသာ ယူသည့်အတွက် စပါးတင်းပျောက်ခြင်း စသည့်ကိစ္စရပ်များအပြင် ချေးငွေရယူခြင်းမပြုပါကလည်း နောင်စိုက်မည့် လယ်ယာမြေအတွက် ရင်းနှီးနိုင်ခြင်း မရှိတော့သည့်အတွက် လယ်သမားများဒုက္ခရောက်နေရကြောင်းသိရသည်။

ယခုနှစ်တွင် နွေစပါးမှာ ရောင်းသူသာရှိပြီး ဝယ်သူမရှိသည့်အတွက်တောင်သူများမှာ အရှုံးများဖြင့်ရင်ဆိုင်နေရကြောင်း၊ နွေစပါးရောင်းမည် ဆိုပါက စပါးတင်းတစ်ရာလျှင် လက်ရှိပေါက်ဈေး သုံးသိန်းသုံးသောင်းအစား ဝယ်ယူသူမရှိသည့်အတွက် လက်ရှိ စပါးတင်းတစ်ရာလျှင် သုံးသိန်းသို့ ဈေးလျှော့၍ ရောင်းချသော်လည်း ဝယ်ယူမည့် လူများမရှိကြောင်း ကွမ်းခြံကုန်းမြို့နယ်မှ တောင်သူတစ်ဦးက ပြောကြားခဲ့သည်။

နာဂစ်ဒဏ်ခံ မြို့နယ်များတွင် နာဂစ်မတိုင်မီ ကာလများအတွင်းက မိုးစပါးတစ်ဧကလျှင် တင်း ၆၀ ခန့်ထွက်ရာမှ နာဂစ် ဖြစ်ပြီး နောက်ပိုင်း ကာလများတွင် စပါးအထွက်နှုန်း လျှော့လာကာ ယခုအခါ တင်း ၄၀ ခန့်သာ ထွက်ရှိတော့ကြောင်း၊နာဂစ်မတိုင်မီနွေစပါးမှာ တင်း ၈၀ ထွက်ရာမှ ယခုအခါ တင်း ၅၀ ခန့်သာထွက်ရှိတော့ကြောင်း နာဂစ်ဒေသခံ ပြည်နယ်မှ တောင်သူတစ်ဦးကလည်းပြောကြားခဲ့သည်။

တောင်သူအများစုမှာ လောင်းကစားဒဏ်များ၊ ချေးငွေကုမ္ပဏီများ၏ အမြတ်ကြီးစားမှုဒဏ်များ၊ လယ်ယာမြေများမှ စပါးအထွက်နှုန်း လျော့သည့်ဒဏ်များ၊ သဘာဝပတ်ဝန်းးကျင်ထိခိုက်မှုဒဏ်များကို ခံစားရလျှက်ရှိနေပြီး နိုင်ငံရှိတောင်သူများ၏ ဘဝမှာ ပြဿနာအခက်အခဲများဖြင့် ပြည့်နှက်လျက်ပင်ရှိနေသေးကြောင်းသိရသည်။

(အတွဲ-၁၊ အမှတ်-၄၁၊ ၅ မေလ ၂၀၁၁ ပြည်သူ့ခေတ်ပါ နာဂစ်သုံးနှစ်ပြည့်သော်လည်း တောင်သူများပုံမှန်မဖြစ်သေး မှ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပါတီနှင့် နိုင်ငံရေးသတင်းများ

ယခင်အစိုးရ လက်ကျန် စီမံကိန်းများ ၂နှစ်၊ ၃နှစ်အတွင်းအပြီးဆောင်ရွက်ရန် သမ္မပြော

        တပ်မတော်အစိုးရလက်ထက်က မပြီးပြတ်သေးသည့် စီမံကိန်းများကို ၂နှစ်၊ ၃နှစ်အတွင်း အမြန်ပြီးပြတ်အောင် ဆောင်ရွက်ကြရန် သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်းသိရသည်။

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ ဧရာဝတီတံတာ(ညောင်တုန်း) တည်ဆောက်ရေး စီမံကိန်းတွင် ပြည်ထောင်စု ဝန်ကြီးများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

        သမ္မတက စီမံကိန်းအဟောင်းများ ပြီးပြတ်မှသာ ၎င်းအစိုးရလက်ထက်တွင် စီမံကိန်းအသစ်များကို အကောင်အထည်ဖော်ရာတွင် အဆင်ပြေမည် ဖြစ်ကြောင်း၊ ပြည်သူများကိုလည်း နိုင်ငံတော်အနေဖြင့် မြေရှိလျှင် အလုပ်ရှိရမည်၊ ရေရှိလျှင် အလုပ်ရှိရမည်ဟူသော ခံယူချက်ဖြင့် အလုပ်အကိုင်အခွင့် အလမ်းများ ပေါများအောင် ဖန်တီးဖော်ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

        နိုင်ငံတော်စီမံကိန်းအနေဖြင့် တည်ဆောက်ဆဲ စီမံကိန်းများတွင် ဆောင်ရွက်ဆဲ ဧရာဝတီမြစ်ဖြတ်ကျော်တံတား ငါးစင်းရှိပြီး ၎င်းစီမံကိန်းများတွင် နိုင်ငံတော်၏ အကြီးဆုံးနှင့် အရှည်ဆုံးတံတား ဧရာဝတီ (ပခုက္ကူ)လည်း ပါဝင်ကြောင်းသိရသည်။

(ပေါ်ပြူလာဂျာနယ်ပါ တပ်မတော်အစိုးရလက်ထက် မပြီးပြတ်သည့် စီမံကိန်းများ ၂နှစ်၊ ၃နှစ်အတွင်း အပြီးဆောင်ရွက်ရန် သမ္မတ ပြောကြား သတင်းကို အကျဉ်းချုပ်သည်။)

***********************************************************************************************************

ပါတီအင်အားတောင့်တင်းမှ ရွေးကောက်ပွဲဝင်မည်ဟု ဦးဌေးဦးပြော

        နောင်လာမည့် ရွေးကောက်ပွဲများတွင် ပါတီအင်အားတောင့်တင်းစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် မိမိနေခဲ့ခြင်းဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက ပြောကြားသည်။

        ဟင်္သာတမြို့နယ်မှ ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဦးအား မြို့ခံလူထုမှ လက်ရှိ အစိုရအဖွဲ့တွင် မည်သည့်တာဝန်မှ မယူခဲ့ခြင်းအပေါ် မေးမြန်းရာတွင် ထို့သို့ ပြန်လည်ပြောကြားခဲ့ခြင်းဖြစ်သည်။

        “ အခြေခံသည် ပါတီပဲ။ ပါတီပြီးမှ လွှတ်တော်ကိုယ်စားလှယ်ဖြစ်တယ်။ ပြီးမှ အစိုးရအဖွဲ့ဖြစ်တယ်။ ပါတီမခိုင်ရင် လွှတ်တော်ကိုယ်စားလှယ် မရှိဘူး။ လွှတ်တော်ကိုယ်စားလှယ်မရရှိရင် လွှတ်တော်တင်မြှောက်တဲ့ အစိုးရအဖွဲ့လည်း မရှိဘူး။ မရှိနိုင်ဘူး။ မရှိနိုင်တဲ့အတွက် အစိုးရအဖွဲ့ကောင်းတယ်။ ပါတီပြန်နိုင်မယ်ဆိုတာ တလိုင်းစီပဲ” ဟု ဦးဌေးဦးက ပြောသည်။

        ယခင် တပ်မတော်အစိုးရလက်ထက် ဗဟိုထိန်းချုပ်မှုစနစ်မှ လွှတ်တော်ပေါ်ပေါက်လာခဲ့ရာ လွှတ်တော်အစိုးရနှင့် ပါတီသည် တစ်လိုင်းစီ ကိုယ့်လိုင်းနှင့်ကိုယ် သွားကြခြင်းဖြစ်သည့်အတွက် ယင်းသို့ ကိုယ့်လိုင်းနှင့်ကိုယ်သွားကြသည့်အခါ ပါတီတွင်းတောင့်တင်းမှုအတွက် နေခဲ့ရမည့် ပုဂ္ဂိုလ်နှင့် အစိုးရအဖွဲ့သို့ ပါဝင်မည့်ပုဂ္ဂိုလ်တို့၏ ကဏ္ဍသည် အဓိက ဖြစ်လာခဲ့သည်။

        ပြည်ထောင်စု ကြံ့ခိုငရေးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အများဆုံးအနိုင်ရရှိခဲ့ပြီး နိုင်ငံတော် အစိုးရသစ်တွင် အဖွဲ့ဝင်အများဆုံးဖြင့် တာဝန်ယူ ဆောင်ရွက်နေသည်။

(ပေါ်ပြူလာဂျာနယ်ပါ ပါတီအင်အားတောင့်တင်းစွာဖြင့် နောင်ရွေးကောက်ပွဲဝင်ပြိုင်ရန် မိမိနေခဲ့ခြင်းဖြစ်ဟု ဦးဌေးဦးပြောကြား သတင်းကို ဖော်ပြသည်။)

***********************************************************************************************************

EU အထွေထွေသက်သာခွင့် ရရှိရန် (၁၀)ပါတီတောင်းဆို

လက်ရှိမြန်မာနိုင်ငံအပေါ်ဥရောပသမဂ္ဂမှ ဒဏ်တပ်ထားသည့် ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး အထွေထွေသက်သာခွင့်(GSP) ကို ပြန်လည်ရရှိရန် ၂၀၁၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ထားသည့် ပါတီ(၁၀)ပါတီ မှ တောင်းဆိုကြောင်းအကြောင်းကြားစာပေးပို့ခဲ့သည်။

မြန်မာအစိုးရသစ်အဖွဲ့ဝင်များ၌ ပါဝင်သည့် အရပ်သားမှအစိုးရအဖွဲ့ဝင်များဖြစ်လာသည့် သူများအပေါ် EU မှ ခရီးသွားလာခွင့် ကန့်သတ်ချက်များ ကို တစ်နှစ်ရုတ်သိမ်းပေးခဲ့ပြီးနောက် ကုန်သွယ်မှုဆိုင်ရာအထူးအခွင့်အရေး (GSP) ကို မြန်မာနိုင်ငံအပေါ်ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသစ်လက်ထက်၌ နိုင်ငံတကာမှ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများအားကောင်းလာသည့်အပြင် ဥရောပဈေးကွက်သို့ ပြန်လည် ဝင်ရောက်လုပ်ကိုင်မည်ဆိုပါက မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများမှာ ပိုမိုဖွံ့ဖြိုးလာနိုင်ဖွယ်ရှိသဖြင့် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မကြာသေးမီအချိန်ကလည်း ဥရောပသမဂ္ဂအဖွဲဝင်နိုင်ငံများက မြန်မာနိုင်ငံအပေါ်ထားရှိထားသည့် စီးပွားရေးပိတ်ဆို့မှုကိစ္စရပ်အား ပြန်လည် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

ယခုကဲ့သို့ ဥရောပအထွေထွေသက်သာခွင့် တောင်းဆိုထားသည့် (၁၀)ပါတီမှာ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဝံသာနု NLD ပါတီ၊ ချင်းတိုင်းရင်းသားပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ နှင့် အမျိုးသားမပာာမိတ်များ အဖွဲ့ချုပ်ပါတီ တို့ဖြစ်ကြောင်းသိရသည်။

ယင်းပါတီများ ပေးပို့ခဲ့သည့် အကြောင်းကြားစာများတွင် ဥရောပသမဂ္ဂနိုင်ငံများမှ မြန်မာနိုင်ငံနှင့် ပတ်သတ်၍ လုပ်ဆောင်ဦးမည့် ကိစ္စရပ်များတွင် မိမိတို့ပါတီများမှ ဆက်လက်ပါဝင်နေမည်ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂနိုင်ငံများသည်လည်း မြန်မာနိုင်ငံနှင့် ရေရှည်ဆက်ဆံနိုင်ရန် တိုက်ရိုက်ထိတွေ့ လုပ်ဆောင်မှုများ လုပ်ဆောင်သွားနိုင်ရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုမြန်မာနိုင်ငံ အစိုးရသစ်အနေဖြင့်လည်း ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်သွားရန်လိုအပ်ကြောင်း အကြောင်းကြားစာတွင်ပါရှိကြောင်းသိရသည်။

(အတွဲ-၂၊ အမှတ်-(၇၆)၊ ၅ မေလ ၂၀၁၁ News Week ပါ ရွေးကောက်ပွဲဝင် (၁၀)ပါတီက EU အထွေထွေသက်သာခွင့် (GSP) ပြန်လည်ရရှိရန်တောင်းဆို မှ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းဂျာနယ်များမှ ကောက်နှုတ်ချက်များ

"စီးပွားရေးလုပ်ငန်းရှင်အများစုက ရန်ကုန်မှာပဲရှိတဲ့အတွက် လိုင်စင်ကိုနေပြည်တော်အထိသွားစရာမလိုဘဲ ရန်ကုန်မှာတင်ဆောင်ရွက်လို့ရရင် ဒီထက်ပို အဆင်ပြေလာနိုင်သလို ပိုပြီးလဲမြန်ဆန်လာနိုင်တယ်။ တချို့ ထိန်းချုပ်ပစ္စည်း Control item လိုင်စင်ကိုတော့ နေပြည်တော်ကနေ ဆောင်ရွက်ပေးတာမျိုး ရှိသင့်ပါတယ်။ ပစ္စည်းအမည် ၉၀ ရာခိုင်နှုန်းလောက်ကိုတော့ ရန်ကုန်မှာပဲ တိုက်ရိုက်လုပ်ကိုင်ခွင့်ပေးလာမယ်ဆိုရင် ပိုအဆင် ပြေလာနိုင်ပါတယ်။ ဒါမှမဟုတ် တခြားနိုင်ငံတွေကိုလိုပဲ ထုတ်ကုန်သွင်းကုန်လိုင်စင်အများစုကိုအွန်လိုင်းကနေ တိုက်ရိုက်ချပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုမျိုးလုပ်ပေးရာမှာ လုပ်ငန်းရှင်တွေဘက်ကလဲ မှန်မှန်ကန် ကန်တင်ပြပေးဖို့တော့လိုတာပေါ့"

မေ ၃ ထုတ် The Flower News အတွဲ(၇) အမှတ်(၁၆) တွင်ပါသည့် "ပို့ကုန်သွင်းကုန်လိုင်စင်များ ရန်ကုန်တွင် လျှောက်ထားနိုင်ခွင့်ရရန် စီးပွားရေးလုပ်ငန်းရှင်များက လိုလားနေ" သတင်းမှ UMFCCI ဗဟိုအလုပ်အမှုဆောင် ဦးမြတ်သင်းအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***********************************************************************************************************

ကုန်သွယ်လုပ်ငန်းခွင်ဥပဒေအရ ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်းပစ္စည်းဖြစ်စေ၊ ပြည်တွင်း၌ ထုတ်လုပ်သည့် ကုန်ချောပစ္စည်းဖြစ်စေ သက်ဆိုင်ရာ ပစ္စည်းအမျိုးအစားအလိုက် Commercial Tax အဖြစ် ၀ ရာခိုင်နှုန်းမှ ၂၀၀ ရာခိုင်နှုန်းအထိ ပေးဆောင်ကြရမည်ဖြစ်ကာ ခုနှိမ်နှင်းမှုအတိုင်းအတာ ပမာဏ များသည်လည်း သက်ဆိုင်ရာ ပစ္စည်အမျိုးအစားအလိုက် အသီးသီးကွဲပြားသွားမည်ဖြစ်ကြောင်းသိရသည်။

"ကုန်ကြမ်းအပေါ်မှာ ကျမယ့်အခွန် ရာခိုင်နှုန်းနဲ့ ကုန်ချောပေါ်မှာ ကျမယ့်အခွန်ရာခိုင်နှုန်းက တူရင်လဲတူမယ်။ မတူရင်လည်း မတူဘူး။ ဘာပဲဖြစ်ဖြစ် ကျသင့်မယ့် အခွန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ သွင်းလာတဲ့ ကုန် ကြမ်းတန်ဖိုးကို နှုတ်ပေးတယ်။ နှုတ်ခွင့်ရှိတယ်။ ဒါပေမယ့် အဲဒါကို ကုမ္ပဏီတွေကို တင်ကြပါဆိုရင် အမှန်တ ကယ်ထုတ်လုပ်မှုကို သိမှာစိုးလို့ ဘယ်သူမှ မတင်ကြဘူး" ဟု ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦး ကဆိုသည်။

မေ ၂ ထုတ် The Messenger အတွဲ(၁) အမှတ်(၅၀) တွင်ပါသည့် "ကုန်ကြမ်းနှင့် ကုန်ချောပေါ်တွင် ကျသင့် သည့်အခွန်အား တစ်စိတ်တစ်ပိုင်းအဖြစ် ခုနှိမ်ခွင့်ပေးထားသော်လည်း လာရောက်တင်ပြခြင်းမရှိ" သတင်းမှ ကောက်နှုတ်ချက်

***********************************************************************************************************

"တားမြစ်ဧရိယာအဖြစ် ဒီနေရာကို ပိတ်ထားတာငါးနှစ်ကျော်ရှိပါပြီ။ ပိတ်ထားတာကလည်း သမိုင်းဝင်အထိမ်း အမှတ်ဖြစ်တာကြောင့် မသမာသူတွေ ဖျက်ဆီးလို့ မရအောင် ထားသည့်နေရာများကို ဝင်ရောက်ပါထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ထားပါတယ်။” အချို့တားမြစ်ချက်များမှာ အချိန်ကာလနှင့် အခြေအနေအရ ယာယီပိတ်ပင်သည့်နေရာများရှိကြောင်းသိရသည်။

ဧပြီ ၄ ထုတ် Weekly Eleven အတွဲ(၆) အမှတ်(၃၁) တွင်ပါသည့် "ရွှေတိဂုံစေတီတော်ရင်ပြင်၌ ငါးနှစ်ကျော်ကြာ ပိတ်ထားခဲ့သည့် ကျောင်းသားသပိတ်ကျောက်စာအား အများပြည်သူလေ့လာနိုင်ရန် ပြန်လည်ဖွင့်လှစ်" သတင်းမှ ကောက်နှုတ်ချက်

***********************************************************************************************************

"PAC ဆိုင်တွေရဲ့ လုပ်ပိုင်ခွင့်ကို မြန်မာအင်ဖိုတက်ကနေ ဆက်သွယ်ရေးကပြန်ယူပြီးတဲ့ နောက်ပိုင်းမှာ ထင်ရှား တဲ့အပြောင်းအလဲအနေနဲ့ လိုင်စင်ကြေးကို လျှော့ချပေးခဲ့တာပဲ ဖြစ်ပါတယ်။ PACလိုင်စင်ကြေးကို မြန်မာအင်ဖိုတက်က ကောက်ခဲ့တုန်းကတော့ ဒီအတိုင်းပိုက်ဆံ ပေးလိုက်ရတာပဲ ရှိပါတယ်။ PAC လိုင်စင်ရထားတဲ့ဆိုင်ဖြစ်လို့ ပေးလိုက်ရတဲ့ ငွေနဲ့ထိုက်တန်တဲ့အကျိုးခံစားခွင့်ဆိုတာမျိုးဘာမှမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း အသစ်ဖွင့်တဲ့ ဆိုင်တချို့က PAC လိုင်စင်မလျှော်ဘဲဒီအတိုင်းဖွင့်ခဲ့ကြပါတယ်။ တရားဝင်တော့မဖြစ်ဘူး။ ဒါပေမယ့် အရေးယူတာလည်း မရှိဘူးဆိုတော့ PAC လိုင်စင်ရတာနဲ့ မရတာက ဘာမှမကွာသလိုဖြစ်ခဲ့တယ်။ အခုဆက်သွယ်ရေးက PAC လုပ်ပိုင်ခွင့်ကိုယူလိုက်ပြီဆိုတော့ ဘာထူးခြားမှုတွေထပ်မရှိလာမလဲ မသိသေးဘူး။ အခုမှစတာဆိုတော့ စောင့်ကြရဦးမှာပါ"

ဧပြီ ၄ ထုတ် Weekly Eleven အတွဲ(၆) အမှတ်(၃၁) တွင်ပါသည့် " ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက PAC (Public Access Centre) လိုင်စင်ကြေားငွေများ ၄၀ ရာခိုင်နှုန်းလျှော့ချကောက်ခံ" သတင်းမှ ကျောက်တံတားမြို့ နယ်အတွင်းရှိ PAC လိုင်စင်ရအင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment