Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၅.၂၀၁၁

ပြည်တွင်းသတင်းများ

CDMA ဖုန်းများကိုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်မံဌားရမ်းသုံးစွဲခွင့်မပြုတော့ဟုဆို

ရန်ကုန်၊မေ ၇။

CDMA 800 နှင့် 450 MHz ဖုန်းများကို မေလ ၆ ရက်နေ့မှစတင်၍ ငှားရမ်းသုံးစွဲခွင့်မပြုတော့ကြောင်း မြန်မာ့ ဆက်သွယ်ရေးရုံး အလုံ CDMA အိတ်ချိန်းရုံးမှ တာဝန်ရိုသူများ၏ ပြောကြားချက်အရသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက “CDMA 450 တွေကိုတော့ လွန်ခဲ့တဲ့ တစ်ပတ်လောက် ကတည်းက ရောင်းချခြင်း မပြုတော့ပါဘူး၊ အခုအပတ်က စပြီး CDMA 800 တွေကို မရောင်းရတော့ဘူးလို့ အမိန့်ထွက်လာတယ်လေ ဘာလို့လဲတော့ မသိဘူး၊ လိုင်းတွေချပေးတာ အရမ်းများသွားလို့ထင်တယ် အလုံးရေ ၃ သိန်းကျော်ပြီလေ ပြီးတော့ သူတို့ရာထားချက်နဲ့လည်းကိုက်နေပြီပဲ အဲဒါကြောင့်တင်တယ်”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ မိုဘိုင်းဖုန်းဆိုင်အရောင်းဆိုင်တစ်ဆိုင်၏ ပိုင်ရှင်တစ်ဦးကလည်း “ကျွန်တော့်ဆိုင်က ဖုန်းအရောင်းအ၀ယ်လည်းလုပ်ပါတယ် ဘယ်လိုအရောင်းအ၀ယ်လုပ်တာလည်းဆိုတော့ ကျွန်တော်တို့က မအားတဲ့သူတွေကို သွားဝယ်ပေးတာပါ ၅ သိန်းကို ၃ သောင်းအမြတ်တောင်းတယ်လေ အခုတော့ သူတို့က ပိတ်လိုက်တော့ အရောင်းအဝယ်ရပ်သွားပြီ ပြင်ပပေါက်ဈေးကတော့ ၆ သိန်းခွဲလောက်တက်သွားပြီလို့ကြားတယ်” ဟုပြောသည်။

CDMA 800 MHz ဖုန်းကို ၂၀၁၀ နှစ်ကုန်ပိုင်းမှ စတင်၍ ဌားရမ်းသုံးစွဲခွင့်ပြုခဲ့ပြီး ကနဦးအချိန်တွင် အထိုင်ဖုန်းအဖြစ်မြို့နယ် သုံးမြို့နယ်အတွင်းသာသုံးစွဲခွင့်ရခဲ့သည်။ ထို့ကြောင့် သုံးစွဲသူများအနေဖြင့် စိတ်ဝင်စားမှု နည်းခဲ့သည်။ CDMA 800 ဖုန်းများကို စတင်ချထားပေးပြီး နောက်နှစ်လအကြာတွင် ရန်ကုန်ဧရိယာအတွင်း သုံးစွဲခွင့်ရခဲ့သည်။ ယင်းနောက် ၀၉ ဖြင့်စသော CDMA 450 MHz(နေပြည်တော်ဖုန်း)ကို နေပြည်တော်တွင် စတင်ချထားပေးခဲ့သည်။ ယင်းဖုန်းသည် တစ်နိုင်ငံလုံးသုံးစွဲနိုင်သောကြောင့် ယင်းဖုန်းအားလူကြိုက်များခဲ့သည်။ ထို့နောက် CDMA 800 များကို မိုဘိုင်းကုဒ်ဖြစ်သော ၀၉ ဖြင့်ပြောင်းလဲလိုက်သောကြောင့် မြန်မာတစ်နိုင်ငံလုံးသုံးစွဲနိုင်ခဲ့သည်။ ယင်းနောက် ၄င်းဖုန်းတွင် တွဲဖက် အသုံးပြုနိုင်သည့် EVDO(Data Service)ကို ငွေကျပ်သုံးသောင်းဖြင့် ယခုနှစ် ဇန်န၀ါရီလ ဒုတိယပတ်မှ စတင်၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း အလုံအိတ်ချိန်းရုံးမှ ချထားပေးခဲ့သည်။

CDMA ဖုန်းများကို ငှားရမ်းသုံးစွဲခွင့်မပြုတော့သော်လည်း ငါးသိန်းတန် GSM ဖုန်းများကိုမှု ပိတ်ပင်ထားခြင်းမရှိဘဲ ငှားရမ်းသုံးစွဲခွင့်ကို မြို့နယ်အလိုက် ဆက်လက်၍လျှောက်ထားနိုင်ကြောင်းသိရသည်။

The CJs News

********************************************************************************************************

အမရပူရမြို့ရှိ ဗလီကျောင်းအား ပြုပြင်ပေးမည်ဟု ပြည်ခိုင်ဖြိုး မဲဆွယ်ခဲ့သော်လည်း လုပ်ဆောင်ပေးခြင်း မရှိသေး

မန္တလေး၊မေ ၇။

ရွေးကောက်ပွဲမတိုင်မီ ပြည်ခိုင်ဖြိုးပါတီမှ အမရပူရမြို့တွင် မဲနိုင်စေနိုင်ရန်အတွက် မွတ်စလင်ဘာသာ ခေါင်းဆောင် ဗလီဆရာထံတွင် မဲနိုင်မည်ဆိုပါက ဗလီကျောင်းကို ပြုပြင်ဆောက်လုပ်ပေးမည်ဟု ဆိုကာ မဲဆွယ်ခဲ့ပြီး မွတ်စလင်များထံမှ မဲ ၄၀၀၀ ရရှိခဲ့သော်လည်း ယင်းဗလီ ကျောင်းအား ပြုပြင်ဆောက်လုပ်ပေးခြင်းမရှိကြောင်း ၄င်းပတ်ဝန်းကျင်မှစုံစမ်းသိရှိရသည်။

ယင်းဗလီကျောင်းတွင် ဘုရားရှိခိုးရန်လာရောက်သော အမျိုးသားတစ်ဦးက “ဒိမြို့မှာက အမျိုးသားဒီမိုကရေဒီ အင်အားစုပါတီ၊ သိပ်တော့ မသေချာပါဘူး။ တစည ပါတီနဲ့ ပြည်ခိုင်ဖြိုးပါတီတို့တော့ ပါပါတယ်၊ ကျွန်တော်တို့ ဗလီကျောင်းက တော်တော်လေးချွတ်ယွင်းနေပါတယ်၊ သူတို့ကပြင်ဖို့ ခွင့်မပြုတဲ့အတွက် ကျောင်းဆောင်ထပ်တိုးတာတို့၊ ထပ်ပြီး ဆောက်လုပ်တာတို့ကို စည်ပင်က ခွင့်မပြုပါဘူး၊ ဒါကြောင့် ဒီဗလီကျောင်းကို တိုးချဲ့လို့မရပါဘူး၊ ဗလီကျောင်းကလည်း နည်းတယ်လေ။ အဲဒီတော့ ရွေးကောက်ပွဲအချိန်လည်းရောက်ရော၊ ဒီမှာက မွတ်စလင်တွေက ရွာလုံးပေါက် ကိုရှိတယ် ဒါကြောင့် မွတ်စလင်အင်အားက များတယ် မွတ်စလင်တွေရဲ့မဲကိုလိုချင်တယ်။ ဒီတော့ ပြည်ခိုင်ဖြိုး ပါတီက တာဝန်ရှိသူတစ်ဦးက ဒီကဘာသာရေး ခေါင်းဆောင် သခင်လေးဆိုသူကို လာပြီး ညှိနှိုင်းပါတယ်။ ဘာလိုချင်လည်းလို့ မေးတော့ ဗလီကျောင်းကို ဆက်လက်ဆောက်လုပ်ခွင့်၊ ပြုပြင်ခွင့်နဲ့ ထပ်တိုးခွင့်ကို သူတို့ငွေနဲ့ လုပ်ပေးပါလို့ တောင်းဆိုလိုက်တယ်၊ သူတို့က အကြောင်းပြန်မယ်လို့ ပြောပါတယ်။ နောက်ပြီးတော့ အဆင်ပြေတယ် အားလုံးလုပ်ပေးမယ်လို့ ပြောပြီးတော့ မဲထည့်ခိုင်းပါတယ်။ သူတို့အပြတ်အသတ်ကိုနိုင်သွားတယ်လေ ၊နောက်တော့လည်း အခုအချိန်အထိ ဘာမှလာမလုပ်ပေးဘူး ကျွန်တော်တို့က မျှော်လင့်ချက်တစ်ခုနဲ့ ထည့်လိုက်တာပါ ကျွန်တော်တို့ မဲပေးချင်တာက တခြားပါ ဒါမဟုတ်ပါဘူးဗျာ၊ ဒီလိုတော့ ကတိပျက်တာမကောင်းပါဘူး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လိမ်သွားတာကတော့ တော်တော်လေးကို မတရားပါဘူးဗျာ ” ဟုပြောကြားသွားသည်။

ယင်းဗလီကျောင်းသည် မွတ်စလင်သချိုင်းနှင့် တတွဲတည်းဖြစ်ပြီး၊ ယင်းသချိုင်းတွင် ရှေးနန်းတွင်းခေတ်က မွတ်စလင် အများစုကို မြှုပ်နံထားပြီး ဦးပိန်တံတားကို ဆောက်လုပ်ခဲ့သော ဦးပိန်ကို မြုပ်နှံထားသော နေရာလည်း ဖြစ်သည်။ ယင်းဗလီကျောင်းနှင့် တွဲလျှက်ရှိသော မွတ်စလင်သချိုင်းတွင် ယခင်နန်းတွင်းရှိ ၀န်မင်းများ၊ နန်းရင်းဝန်များ၊ အမတ်များ မြုပ်နှံထားသောကြောင့် ရှေးဟောင်းသုတေသီ၊ သမိုင်းသုတေသီ အများစုက မကြာခဏ လာရောက် လေ့လာသော နေရာတစ်ခုလည်း ဖြစ်သည်။

The CJs News

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီနှင့် နိုင်ငံရေးသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးရာထူးများ ပြန်ရွေးမည်

ရန်ကုန်တိုင်းဒေသကြီးရှိ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှုးရာထူးများအား ပြန်လည်ရွေးချယ်တော့မည့် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး၊ အုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ယင်းရပ်/ကျေးအုပ်ချုပ်ရေးမှုးရာထူးနေရာ ရွေးချယ်မှုအား ဂျူလိုင်လ နောက်ဆုံးပတ်တွင် ပြုလုပ်ရန် ရည်မှန်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သတင်းရင်းမြစ်မှ ဆိုသည်။မြို့နယ် အုပ်ချုပ်ရေးမှုးတစ်ဦးက "ဒီရွေးချယ်ပွဲကိုတော့ ဆိုင်းဘုတ်တင်တုန်းကလို ဝုန်းကနဲ၊ လုပ်လို့မရဘူး။ အချိန်လေးယူပြီး လုပ်ရမှာလေ။အခုချိန်ထိတော့ ပြင်ဆင်ထားပါဆိုပြီး အကြောင်းကြားလာတာတော့ မရှိသေးဘူး " ဟုဆိုသည်။

"အရင် လူဟောင်းတွေနေရာမှာ လူသစ်တွေပြောင်းဖို့ အစီအစဉ်ကတော့ အရင်ကတည်းက ရှိပြီးသာပါ။ အသစ်ဝင်လာတဲ့ အုပ်ချုပ်ရေးမှုးတွေ ပြောင်းလာရင် လုပ်ငန်းဆောင်ရွက်မှုတွေ အခက်အခဲ မတွေ့ရအောင် ရုံးစာရေးတွေကို တစ်လ ၅၀၀၀၀ ပေးပြီး၊ ခန့်ထားတာတွေရှိပါတယ်။ အခု အုပ်ချုပ်ရေးမှုးအသစ် ရွေးချယ်မယ်ဆိုရင်  လစာပေး၊မပေး ဆိုတာ ညှိနှိုင်းဆဲပါ" ဟုဆက်လက်ပြောကြားသည်။

ဧပြီ နောက်ဆုံးအပတ်ကလည်း နေပြည်တော် ၈ မြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများအား ပြောင်းလဲခန့်အပ်ခဲ့ပြီး၊ အဆိုပါခန့်အပ်ခံ အုပ်ချုပ်ရေးမှူးများတွင် ပြည်ခိုင်ဖြိုးပါတီဝင်နှင့် စစ်မှုထမ်းဟောင်းများထဲမှ အများဆုံးပါဝင်သည့်အတွက် ဝေဖန်သံများ ထွက်ပေါ်လာခဲ့သည်။ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၈၈ အရ ခရိုင်အဆင့်ဆင့်၊ မြို့နယ်အဆင့်ဆင့် တို့၏ အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်ရမည်ဟု လည်းကောင်း၊ ပုဒ်မ ၂၈၉ အရ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စု ၏ အုပ်ချုပ်ရေးကို ရပ်ကွက်က ကြည်ညိုလေးစားပြီး သိက္ခာ၊ သမာဓိ ရှိသည့် ပုဂ္ဂိုလ် တဦးဦးကို ဥပဒေနှင့်အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည် ဖြစ်ကြောင်း ပါရှိသည်။

(ကျော်စွာ)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းဂျာနယ်များမှ ကောက်နှုတ်ချက်များ

"AFTA ဟာ အကျိုးကျေးဇူးအားဖြင့်ရှိမယ်။ ဈေးကွက်ယှဉ်ပြိုင်နိုင်မှု စွမ်းအားရှိတာကို ဒီဘက်လူတွေ သိဖို့လိုတယ်။ အခုချိန်ကတည်းက ကြိုတင် ပြင်ဆင်ပြီးတော့ ပြည်ပက လာနိုင်မယ့်အခြေအနေကို စဉ်းစားထားရမယ်။ ဒါပေမယ့် ပြည်ပက ရင်းနှီးမြုပ်နှံလာရင် နည်းပညာအခွင့်အလမ်းတွေ ပေါများ လာမယ်။ အလုပ်အကိုင်အခွင့်အ လမ်းတွေ ပေါများလာမယ် မျှော်လင့်ပြီး ဘာမှမပြင်ရင်တော့ ရမှာမဟုတ်ဘူး။ အရင်တုန်းက ကုန်သွယ်မှုပုံစံက ကားတစ်စီးလုံးကို ထုတ်လုပ်ပြီး တင်ပို့တယ်။ အခုက နိုင်ငံတွေက အစိတ်အပိုင်းတွေခွဲလုပ်ပြီး တခြားနိုင်ငံမှာ တပ်ဆင်တယ်။ ကုန်သွယ်မှုပုံစံ ပြောင်းလာတယ်။ ဒါကို ကြိုမြင်တက်ရမယ်"

မေ ၆ ထုတ် မြန်မာတိုင်းမ် အတွဲ(၂၆) အမှတ် (၅၁၆) တွင်ပါသည့် " လွတ်လပ်သောကုန်သွယ်ရေးတွင် ယှဉ်ပြိုင် နိုင်ရန် လုပ်ငန်းရှင်များ ပြင်ဆင်ထားသင့်" သတင်းမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ကြီးဝန်ကြီးဌာနက တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က "ပို့ကုန်ပိုင်းမှာ အဓိကကျ တဲ့ ဆန်နဲ့ပတ်သက်လို့ ကျွန်တော်တို့မှာ rice industry ဆိုပြီးရှိပါတယ်။ အဲဒီမှာ ဆန်ထွက်ရှိမှု၊ ဆန်စီးဆင်းမှု၊ ဆန်စားသုံးမှုကိစ္စတွေတွက်ချက်နေပါတယ်။ တွက်ချက်မှုတွေပြီးရင် လယ်သမားတွေ အကျိုးရှိရမယ်။ စားသုံးသူ တွေဝန်ထုတ်ဝန်ပိုးမဖြစ်အောင်ချိန်ဆပြီး ဆန်ပိုလျှံမှုတွေရှိလာရင် ကျွန်တော်တို့ပို့ခွင့်ပေးမှာပါ" ဟုပြောကြား ခဲ့သည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက " လက်ရှိအချိန်မှာ ဆန်တင်ပို့ခွင့်ကို ဘယ်သူကိုမှ ခွင့်ပြုပေးတာ မရှိသေးပါဘူး။ ဆန်စပါးလုပ်ငန်းကနေ စီးပွားကူးသန်းဝန်ကြီးဌာနကို ဆန်ထုတ်လုပ်နိုင်မှု၊ စားသုံးမှုနဲ့ ပိုလျှံမှုတွေကို တွက်ချက်ပြီး တင်ပြမှုတွေ ပြုလုပ်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

မေ ၆ ထုတ် Bi Weekly အတွဲ(၄) အမှတ်(၅) "ပြည်တွင်းစားသုံးမှုမှ ပိုလျှံသည့် ဆန်ပမာဏကိုတွက်ချက်၍ ပြည်ပသို့တင်ပို့ ခွင့်ပြုမည်" သတင်းမှကောက်နှုတ်ချက်

********************************************************************************************************

"တချို့ကတော့ ယောကျာင်္းကလေးမပါဘဲ မိန်းကလေးတချို့ရဲ့ ရေချိုးခန်း၊ အိမ်သာထဲက ခိုးရိုက်ခံထားရတဲ့ ပုံတွေပါ။ တချို့ပုံတွေက ယောက်ျားလေးနဲ့အတူနေတဲ့ပုံတွေပါ။ အဲဒီခွေတွေက ဝယ်ယူရရှိနိုင်သလို တချို့တွေက မေးလ်တွေ၊ ဖေ့ဘွတ်တွေ ကတစ်ဆင့် မိန်းကလေးတွေကို ဖြန့်ဝေပြီး လိင်ပိုင်းဆိုင်ရာဆွဲဆောင်တဲ့ပုံစံမျိုးတွေ လုပ်နေတာလည်း ရှိပါတယ်။ ဒါကြောင့်တချို့မိန်းကလေးတွေ နစ်နာမှုတွေနဲ့ကြုံခဲ့ရပါတယ်။ ဒါကြောင့် မိန်းက လေးတွေ ပိုသတိထားပြီး သွားလာနေကြတယ်"

မေ ၆ ထုတ် Bi Weekly အတွဲ(၄) အမှတ်(၅) တွင်ပါသည့်"စားသောက်ကုန်ပစ္စည်းများတွင်ကာမစိတ်ကြွဆေး များရှိနေခြင်း၊ ညစ်ညမ်းခွေများ၊ အလွယ်တကူရရှိနေခြင်း၊ စုံတွဲများဗီဒီယိုကင်မရာဖြင့်ခိုးရိုက်ခံရပြီးအွန်လိုင်းမှ တဆင့်ပျံ့နှံနေခြင်းတို့ကြောင့် အမျိုး သမီးငယ်များ သွားလာနေထိုင်မှု ပိုမိုသတိပြုလာရ" သတင်းမှအင်တာနက်အီးမေးလ်ပုံမှန်အ သုံးပြုသူ ကွန်ပြူတာ ဘွဲ့ရလူငယ် တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

********************************************************************************************************

"အစိုးရအသစ်တစ်ခုဖြစ်လာတယ်ဆိုရင် သူတို့ရဲ့စေတနာကို ကောင်းတဲ့လုပ်ဆောင်မှုကိုပြသောအားဖြင့် ဒီလိုပဲ အကျဉ်းသား တွေကို လွှတ်လေ့ရှိတယ်။ ဒီအစိုးရသစ်တက်လာတယ်ဆိုတော့ အားလုံးမျှော်လင့်ကြတာပေါ့။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေကလည်း လွှတ်စေချင်တာပေါ့။ အများကြီးလည်း မျှော်လင့်တယ်။ ဒီတော့ အမှန်အတိုင်းဆိုရင် ကျွန်တော်တို့ ဘာမှမပြောလည်း လွှတ်လေ့ရှိတာပဲ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ဒီအစိုးရ မဖွဲ့ခင်ကတည်းက ကျွန်တော်တို့ ထုတ်ပြန်ချက်ကြေညာချက်တွေ လုပ်ပါတယ်။ နိုင်ငံရေးပါတီ ဆယ်ပါတီပေါင်း ပြီးခဲ့တဲ့လလည်း နှစ်ခါတောင်လုပ်တယ်။ ဆိုလိုတာက ဒီအကျဉ်းသားတွေကို လွှတ်ပေးပါ ဘာညာဆိုပြီး တိုက်ပွဲဆန်ဆန် မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း တိုက်ပွဲတိုက်နိုင်တဲ့ အရည်အချင်းမရှိဘူး။ မေတ္တာရပ်ခံတဲ့ သဘောပေါ့။ ဒါအစိုးရကလည်း လုပ်နေကြပါ။ လုပ်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့က ကြိုဆိုပါတယ်။ အကယ်၍ ဒါကိုလုပ်ဖို့ စိတ်ထဲမှာ မပေါ်လာသေးရင်လည်းပဲ လုပ်စေချင်ပါတယ်။ ဒီသဘောမျိုးလုပ်တာ။ တချို့ကတော့ တောင်းဆိုတာတို့ ဘာတို့ ရှိတာပေါ့နော်။ ကျွန်တော်တို့က တောင်ဆိုတာမဟုတ်ဘူး။ မေတ္တာရပ်ခံတာ"

မေ ၆ ထုတ် The HOT NEWS အတွဲ(၁) အမှတ်(၃၈) တွင်ပါသည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ ဥက္ကဋ္ဌဦးသုဝေနှင့် အင်တာဗျူးမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

အပြုသဘောဆောင်သော ဖိအားပေးမှု

အာဆီယံ ဥက္ကဌ နေရာအတွက် ၂၀၁၄ခုနှစ်တွင် မြန်မာနိုင်ငံက ရယူသွားရန် ပြင်ဆင်နေသည်။ အာဆီယံ၏ အလှည့်ကျရာထူးများကို ဒေသတွင်း နိုင်ငံများ အားလုံးလိုလို ရယူခြင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းများ ပြုလုပ်ပြီးကြသော်လည်း မြန်မာနိုင်ငံအနေဖြင့် တစ်ကြိမ်တစ်ခါမျှ ထိုအခွင့်အရေးများ ရယူခြင်း မရှိခဲ့သည်ကို တွေ့ရသည်။

၂၀၀၆ခုနှစ်က ဇယားစဉ်အရ အာဆီယံထိပ်သီးဆွေးနွေးပွဲအတွက် မြန်မာနိုင်ငံအိမ်ရှင်အဖြစ် အလှည့်ကျ သော်လည်း ၂၀၀၄ခုနှစ်တည်းက အမေရိကန်နှင့် အီးယူတို့၏ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းပြချက်များ၊ ဒီမိုကရေစီ အကြောင်းပြချက်များဖြင့် တရစပ် ဖိအားပေးခဲ့မှုကြောင့် စွန့်လွှတ်ခဲ့ရဖူးသည်။ ယခု ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအစိုးရအနေဖြင့် မြန်မာနိုင်ငံသည် အာဆီယံ၏ ဥက္ကဌ နေရာကို ယူရန် ပြင်ဆင်နေပေပြီ။ ဤတွင် ထုံးစံအတိုင်း မြန်မာနိုင်ငံအနေဖြင့် ထိုရာထူးကို ရယူရန် မထိုက်တန်ဟု ကန့်ကွက်သည့် အုပ်စုများလည်းပေါ်ပေါက်လာခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံ အာဆီယံဥက္ကဌနေရာ ရယူရေးနှင့် ပတ်သက်၍ အဘယ့်ကြောင့် မြန်မာနိုင်ငံ ထိုရာထူးကို ရယူသင့်သနည်း၊ အဘယ်ကြောင့် ထိုရာထူးကို ရယူရန် မသင့်သနည်း ဆိုသည့် ကိစ္စသည် များစွာပင် အငြင်းပွားဖွယ်ရာ ဖြစ်လာပါသည်။

လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW)၊ CRPP နှင့် အာဆီယံဒေသတွင်းမြန်မာ့အရေး  လွှတ်တော်အမတ်များအဖွဲ့(AIPMC) တို့က မြန်မာနိုင်ငံတွင် အရပ်သား အစိုးရ ပြုပြင်ပြောင်းလဲပြီး ဖြစ်သော်လည်း ဒီမိုကရေစီ စံနှုန်းများ  လျစ်လျူရှုဆဲရှိနေခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး သိသာ ထင်ရှားသော အပြောင်းအလဲများ မရှိသေးပါ ဟူသော အချက်အလက်ကို စွဲကိုင်၍ မြန်မာနိုင်ငံ အာဆီယံဥက္ကဌ ရာထူး မရယူသင့်ဟု ကန့်ကွက်လျှက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့်မူ ဦးသိန်းစိန် အစိုးရအနေဖြင့် ထိုကဲ့သို့ အာဆီယံဒေသတွင်း၏ အမြင့်ဆုံး ရာထူးကို ရယူ သွားခြင်းဖြင့် အရပ်သားအစိုးရသစ်လက်ထက်တွင် ပွဲဦးထွက်လှပစေရန် အစွမ်းကုန် ကြိုးစားလျှက်ရှိသည်။

အာဆီယံ ထိပ်သီးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ၂၀၁၄တွင် အာဆီယံ အလှည့်ကျ ဥက္ကဌနေရာပေးရန် မူအားဖြင့် သဘောတူလိုက်ပြီဖြစ်သည်။ ကန့်ကွက်သံများ ကျယ်လောင်နေစေကာမူ ဦးသိန်းစိန် အစိုးရအဖို့ မျက်နှာပန်း လှသွားပြီဖြစ်သည်။ မြန်မာနိုင်ငံသည် မည်သို့ပင် ဖြစ်နေစေကာမူ အာဆီယံဒေသတွင်းတွင် ပထဝီနိုင်ငံရေးအရရော၊ စီးပွားရေးအရ ပါ အရေးပါကြောင်း ငြင်းဆို၍မရ။ ထို့ကြောင့် စီးပွားရေး မြှပ်နှံမှုနည်းသော ဖိလစ်ပိုင်မှ အပ ကျန် နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ဒီမိုကရေစီရေးနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှု နည်းပါးသည်။ အဘယ့်ကြောင့်ဆိုသော် ထိုနိုင်ငံများ၏ အကျိုးစီးပွား မြန်မာနိုင်ငံအပေါ်တွင် များစွာ ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ၎င်းနိုင်ငံများသည် မြန်မာအစိုးရ အဆက်ဆက်နှင့် သင့်မြတ်အောင် နေထိုင်ခဲ့ကြပြီး အကျိုးစီးပွားအပေါ်တွင် အခြေခံ၍ ဆက်ဆံခဲ့သည်။

အကယ်၍ မြန်မာနိုင်ငံသာ ထိုရာထူးရယူလိုက်လျှင် ဒေသတွင်း ဦးဆောင်သူဖြစ်လာပြီး မိမိ၏ အမျိုးသား အကျိုးစီးပွားကို အကျိုးရှိ စေမည် ဖြစ်သည်။ အထူးသဖြင့် ဒေသတွင်းနိုင်ငံများ မြန်မာနိုင်ငံအပေါ်တွင် ရင်းနှီးမြှပ်နှံမှု တိုးလာခြင်း ဒေသတွင်း ဦးဆောင်သူအဖြစ် စီးပွားရေး အခွင့်အလမ်း များကို မိမိနိုင်ငံသား များအတွက် များစွာဖော်ဆောင်ပေးနိုင်လာခြင်းများ ရှိလာမည်ဖြစ်ရာ  မြန်မာပြည်သူလူထု အကျိုးရှိစေမည် ဖြစ်သည်။ ထို့ကြောင့် ထိုရာထူးကို မြန်မာနိုင်ငံ ရယူလာလျှင် ပြည်သူလူထုအနေဖြင့် အကျိုးကျေးဇူး ဖြစ်ထွန်းစေပါမည်။

မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ ရာထူးမယူရန် ကန့်ကွက်ကြသူများမှာ ပြည်ပရောက် မြန်မ့ာနိုင်ငံရေး အတိုက်အခံများဖြစ်သည်။ ထိုအုပ်စုများက အရပ်သား အစိုးရသစ်တွင် ထူးမခြားနားသေးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ စံနှုန်းများကို ထောက်ပြ ပြောဆို၍ ကန့်ကွက်လျှက်ရှိကြသည်။ ထိုသို့ ကန့်ကွက်ခြင်းသည် အဆိုပါ အတိုက်အခံများ၏ အခွင့်အရေးဖြစ်သည်။ ထို့ပြင် အစိုးရတစ်ရပ်တွင် ဖိအားပေးအုပ်စု ဟူ၍ ရှိရမည် ဖြစ်သည့်အတွက် ထိုအတိုက်အခံများ (CRPP၊ HRW) တို့အနေဖြင့် မြန်မာကို အာဆီယံ ဥက္ကဌ ရာထူး မပေးရန် ကန့်ကွက်ကြခြင်းမှာ မှန်ကန်သည့် လုပ်ရပ် ဖြစ်သည်။

သို့ရာတွင် ဆိုခဲ့သည့် အတိုင်း မိမိတို့၏ ရပ်တည်ပိုင်ခွင့် တစ်ခုတည်းအတွက် မိမိတို့၏ ဂုဏ်သိက္ခာ တစ်ခုတည်း အတွက် မြန်မာပြည်သူလူထုကို မငဲ့ကွက်ဘဲ မြန်မာအစိုးရကို အတိုက်အခံ ပြုနေသည့် သဘောသက်ရောက်မှု မရှိစေရန် ကြိုးပမ်းဖို့လိုသည်။ ထိုအတိုက်အခံတို့ ပြောဆိုနေကြသည့် အထဲတွင် လက်ရှိအချိန်ထိ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မှု မရှိသေးခြင်းဟူ သည့် အကြောင်းပြချက်ကဲ့သို့ သိသာထင်ရှားသည့် အကြောင်းပြချက် များလည်း ပါဝင်သည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဦးသိန်းစိန် အင်ဒိုနီးရှားသို့မသွားမီ အပြီးဆောင်ရွက် လိမ့်မည်၊ လွှတ်ပေးတော့မည် စသည်ဖြင့် ဖိအားပေးခဲ့မှုများသည် လွန်စွာမှပင် အားရှိသည့် လုပ်ရပ်များဖြစ်သည်။ သို့သော် ထိုသို့ ဖိအားပေးမှုများကို စစ်အစိုးရ ဇာတိမပျောက် ပျက်သေးသည့် အစိုးရတစ်ရပ်သည် ဖိအားပေးတိုင်း လုပ်ရမည် မဟုတ်၊ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် မလိုဟု ယူဆသွားပုံရသည်။ ယနေ့အချိန်ထိ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းမရှိသေး။

အစိုးရကို ဖိအားပေး၍ ပြည်သူ့အကျိုးဆောင်ရွက်နေကြသူများအနေဖြင့် အစိုးရထက် ပြည်သူလူထု အကျိုးရှိ စေမည့် အပြုသဘော ဆောင်သည့် ဖိအားပေးမှုများကို ပြုလုပ်ကြရန် လိုပြီဖြစ်သည်။ ၂၀၀၆ခုနှစ်က မြန်မာနိုင်ငံ ကို အာဆီယံအလှည့်ကျနေရာမှ ဖယ်ရှားခံရခြင်းသည် အောင်ပွဲတစ်ခုဟု ဆိုရပါမူ ထို့သို့ ဖယ်ရှားခံရမှုကြောင့် မြန်မာပြည်သူလူထုအတွက် အခွင့်အလမ်းများ လက်လွတ်သွားခဲ့ရပြီး နိုင်ငံရေးလည်း ပြောင်းလဲမှု မရှိခဲ့သည့် ဖြစ်ရပ်ကို ပြည်ပ အတိုက်အခံတို့ မည်သို့ အကြောင်းပြချက်ပေးမည်နည်း။ ပြည်သူအတွက်  စစ်အစိုးရကို ဆန့်ကျင်ရာမှ ပြည်သူထိခိုက် နစ်နာသွားသည်ကို ထည့်မတွက်ခဲ့ခြင်းပေလော။ ထိုသို့ဆိုလျှင် ပြည်သူအတွက် အလုပ်လုပ်ခြင်းမဟုတ်ဘဲ မိမိတို့ အတိုက်အခံ အဖွဲ့အစည်း ဂုဏ်သိက္ခာ အတွက် မိမိပြည်သူ မိမိနိုင်ငံ၏ အကျိုးစီးပွားကို ရိုက်ချိုးလိုက်ခြင်းလောဟု တွေးစရာရှိပါသည်။

ဖြစ်သင့်ဖြစ်ထိုက်သည်မှာ မြန်မာအစိုးရကို ဖိအားပေးရာတွင် ပြည်သူအတွက်လည်း အကျိုးမယုတ်အောင် ထည့်သွင်း တွက်ချက်ရမည် ဖြစ်သည်။ ဥပမာ။ ။ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌရာထူးရယူသင့်သည်။ သို့သော် ထို့အတွက် ဤသိုသော နိုင်ငံရေးပြောင်းလဲမှုများ မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ဖိအားပေးခြင်းက ပိုမိုသင့်လျော်ပါလိမ့်မည်။ ဖိအားပေးမှု မအောင်မြင်ခဲ့လျှင် အခြားနည်းလမ်း တစ်ခု အရန်သင့် စဉ်းစားထား သင့်သည်။ အတိုက်အခံ၏ ဖိအားပေးမှုကို လျစ်လျူရှုရာတွင် အကျင့်ပါနေသည့် အစိုးရတစ်ရပ်ကို မည်သို့မည်ပုံ လမ်းကြောင်းပေါ် တင်မည်နည်း ဆိုသည့် ကိစ္စရပ်သည် အလွန်အရေးကြီးပါသည်။

မိမိ အဖွဲ့အစည်း အောင်ပွဲအတွက် မြန်မာအစိုးရ၏ အမြီးကို ဖြတ်နိုင်ပြီဆိုလျှင် မိမိသည် မည်သည့်နိုင်ငံသား မည်သည့်ပြည်သူ ဖြစ်သည်ကိုဦးစွာ စဉ်းစားစေလိုပါသည်။ မြန်မာနိုင်ငံ၏ အမြီးကို မိမိအမြီးဟု မယူဆဘဲ ဖြတ်နိုင်ရန်သာ ကြိုးစား၍ အောင်မြင်မှု ရပြီဟု ဆိုပါလျှင် မိမိအဖွဲ့အစည်းကောင်းစားရေး နာမည်ကြီးရေး အတွက် မိမိပြည်သူကို ပြန်သတ်သည့် သမိုင်း၏ တရားခံများသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပြည်သူလူထု အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းပြီး အစိုးရကိုလည်း အပြုသဘောဖြင့်ပါဝင်လာစေမည့် ဖိအားပေးခြင်းမျိုး ပြုလုပ်နိုင်ရန် စဉ်းစား သုံးသပ် သင့်နေပြီဖြစ်သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment