Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၉.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာအစိုးရ၏အဆိုပြုချက်ကို အာဆီယံတွင် အေးတိအေးစက်တုန့်ပြန်

(7 May 2011 ရက်စွဲဖြင့် Ismira Lutifa နှင့် Ulma Haryanto တို့ ရေးသားသော “ Burmese Proposal Gets Cool Reception in Asean ” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

               စနေနေ့က စတင်သည့် ၂ ရက်ကြာ ထိပ်သီးညီလာခံအတွင်း ဂျကာတာတွင် စည်းဝေးနေကြသည့် အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များသည် စစ်ဖက်ဦးဆောင်အုပ်ချုပ်သော မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး ညှင်းပန်းနှိပ်စက်မှုများနှင့် ဒီမိုကရေစီအယောင်ဆောင်မှုတို့အပေါ် ကြီးမားစွာ စိုးရိမ်ပူပန်လျက်ရှိသော်လည်း ၂၀၁၆ အစား ၂၀၁၄ တွင် အဖွဲ့၏ အလှည့်ကျ ဥက္ကဌနေရာ တာဝန်ပေးရေးကိစ္စကို ဆွေးနွေးကြမည် ဖြစ်သည်။

               မြန်မာနိုင်ငံက ၎င်း၏ အလှည့်ကို လာအိုနိုင်ငံနှင့် လဲပေးရန်နှင့် ၂၀၁၄ တွင် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူခွင့်ပြုရန် တောင်းဆိုထားသည်။ အိမ်ရှင်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက “ယင်းကိစ္စကို ယခုနှစ်ထိပ်သီးညီလာခံတွင် ဆွေးကြမည်ဖြစ်သော်လည်း မြန်မာနိုင်ငံ၏ တောင်းဆိုမှုကို အဆောတလျှင် ဆုံးဖြတ်မည့် အလားအလာမရှိပါ”ဟု ပြောကြားသည်။

               “မြန်မာနိုင်ငံက ဥက္ကဋ္ဌ နေရာအတွက် လာအိုနိုင်ငံနဲ့ နေရာခြင်းလဲပေးဖို့ တရားဝင်တင်ပြထားတယ်လို့ ကျွန်တော်တို့သိရှိထားပါတယ်။ ဒီကိစ္စဟာ ကျွန်တော်တို့ခေါင်းဆောင်တွေ သေသေချာချာစစ်ဆေးကြည့်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာကိုတော့ သံသယရှိစရာမလိုပါဘူး”ဟု မာတီနာ တာလီဂါဝါက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကာဆစ်ပီရိုမြနှင့် ဆွေးနွေးပွဲအပြီးတွင် ပြောကြားခဲ့သည်။

               မာတီနာတာလီဂါဝါက ဆက်လက်၍ “လက်ရှိအာဆီယံ ဥက္ကဌ တာဝန်ယူထားသော အင်ဒိုနီးရှားနိုင်ငံ၏ သမ္မတ ဆူဆီလိုဘမ်ဘန်းယူဒိုယိုနိုနှင့် ဧည့်သည် မြန်မာသမ္မတ ဦးသိန်းစိန်တို့အကြား နှစ်ဖက်ဆွေးနွေးပွဲ ပြုလုပ်ကြမည့် ဗုဒ္ဓဟူးနေ့တွင်လည်း ယင်းကိစ္စကို ဆွေးနွေးကြမည်”ဟု ပြောကြား သည်။

               သို့သော်လည်း မာတီနာတာလီဂါဝါက ဆက်လက်ပြောကြားရာ၌ “ကျွန်တော့် ပုဂ္ဂလိက အမြင်ကတော့ ဒီကိစ္စဟာ လောလောဆယ် ဒီနေရာမှာ ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး ဒါပေမယ့် ၂၀၁၄ မှာ ဥက္ကဋ္ဌ ရာထူးကို လက်ခံဖို့ မြန်မာနိုင်ငံရဲ့ အဆင်သင့်ဖြစ်မှုကို စေ့စေ့စပ်စပ် စစ်ဆေးရမယ့် လုပ်ငန်းစဉ်တစ်ခုရှိလာဖို့တော့ အလား အလာရှိပါတယ်” ဟုဆိုသည်။

               အဖွဲ့ဝင် ၁၀ နိုင်ငံပါ ဒေသတွင်း အုပ်စု “အာဆီယံ”၏ ဥက္ကဌနေရာကို အက္ခရာစဉ်အတိုင်း အခြေခံ၍ နှစ်စဉ် အလှည့်ကျ တာဝန်ယူကြရသည်။ သို့ဖြစ်သော်လည်း အင်ဒိုနီးရှားနိုင်ငံက ၂၀၁၃ တွင် အာရှ-ပစ္စဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန်ရှိနေသဖြင့် ၂၀၁၁ အတွက် ဘရူနိုင်းနှင့် နေရာလဲပေးရန် မနှစ်က တောင်းဆိုခဲ့သည်။

               အခြေအနေပေါ်မူတည်ပြီး တစ်ကြိမ်သာ လဲခြင်းဖြစ်သောကြောင့် ဂျကာတာ၏ တောင်းဆိုမှုကို အာဆီယံ အဖွဲ့ဝင်များက သဘောတူခဲ့ကြ သည်။ မြန်မာနိုင်ငံက ၂၀၀၆ တွင် ဥက္ကဋ္ဌ တာဝန်ယူခွင့်ကို အလှည့်ကျော်လွှဲချော်ခဲ့ရခြင်းမှာ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ မရှိခြင်းအပေါ် နိုင်ငံ တကာက ဝိုင်းဝန်ဖိအားပေးခဲ့ကြသောကြောင့် ဖြစ်သည်။

               မြန်မာအစိုးရက လူ့အခွင့်အရေးတိုးတက်မှုရှိအောင် သိသိသာသာလုပ်ဆောင်မှုများရှိလာချိန်အထိ မြန်မာနိုင်ငံ၏ တောင်းဆိုမှုကို ငြင်းပယ် ထားရန် အမေရိကန်အခြေစိုက် Human Rights Watch က အာဆီယံအဖွဲ့ကို တောင်းဆိုထားသည်။

               “မြန်မာအစိုးရက ၂၀၁၀ နိုဝင်ဘာလတွင် ရွေးကောက်ပွဲအတုများ ပြုလုပ်ကျင်းပခဲ့ပြီး နိုင်ငံရေးအကျဉ်းသား အကျဉ်းသား ၂၀၀၀ ကျော်ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားချိန်မျိုးတွင် မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌနေရာ ချီးမြှင့်ခြင်းသည် အရှေ့တောင်အာရှဒေသအတွက် စိတ် အနှောင့် အယှက်ဖြစ်စရာ ကိစ္စဖြစ်လာလိမ့်မည်”ဟု Human Right Watch မှ အာရှဆိုင်ရာ ဒုတိယဒါရိုက်တာ E Laine Pearson က ထုတ်ဖော်ပြောကြားသည်။ နိုင်ငံတကာ အစိုးရတွေရဲ့ ဆွေးနွေးပွဲဖိုရမ်တွေမှာ အာဆီယံကို အများဟားစရာ ဖြစ်အောင်မြန်မာနိုင်ငံကို လုပ်ခွင့်ပေးမှာလားဆိုတဲ့ အချက်ကို အာဆီယံ ခေါင်းဆောင်တွေဆုံးဖြတ်ဖို့လိုနေ့ပါပြီ ဟု ၎င်းကမှတ်ချက်ပေးသည်။

               Commission for Missing Persons and Victims of Violence (kontras)၏ အမှုဆောင်ဒါရိုက်တာ Haris Azhar က မူ “မြန်မာနိုင်ငံရဲ့ တောင်းဆိုမှုကို ခွင့်ပြုပေးခြင်းဟာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို မြန်မာအစိုးရက သူ့အလိုအလျှောက် တာဝန်ယူလာအောင် ဖိအားပေးဖို့ အာဆီယံနိုင်ငံတွေအတွက် အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်ပါတယ်” ဟု Jakarta Post သို့ ပြောကြားသည်။

               ယင်းနိုင်ငံ ယခုထက်ပိုမိုပွင့်လင်းလာရန် အပြည့်အဝမျှော်လင့်ထားရာတွင် အခြားတိုင်းပြည်များမှ အရပ်ဖက် လူ့အဖွဲ့အစည်း၊ အသင်းအဖွဲ့ ကိုယ်စားလှယ်များ သွားရောက်ခွင့်အထိ ပါဝင်သည်ဟု ၎င်းကပြောကြားသည်။

               “အာဆီယံဥက္ကဌဖြစ်လာပြီဆိုရင် မြန်မာနိုင်ငံဟာ တခြားနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆက်ဆံမှု တွေရှိလာမှာဖြစ်လို့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို အလေးထားလုပ်ဆောင်လာမှာဖြစ်ပါတယ်။ ဒီလိုဆိုရင် မြန်မာအရပ်ဖက်လူအဖွဲ့အစည်းကို ကူညီချင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အတွက် အခွင့်အလမ်းတစ်ခုဖြစ်လာ နိုင်တဲ့အပြင် အရေးကြီးဆုံးကတော့ သူတို့ဟာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကရှင်းလင်းသုံးသပ်ပြပါသည်။

               National Commission on Human Rights (Komnas HAM) ၏ ဥက္ကဋ္ဌ Ifohal Kasim ကမူ “အာဆီယံ ဥက္ကဋ္ဌဖြစ်ချင်တဲ့ မြန်မာအစိုးရရဲ့ ကြိုးပမ်းမှုကို ထောက်ခံတာဟာ အန္တရာယ်များတဲ့ကိစ္စတစ်ခုပါ”ဟု မှတ်ချက်ပေးသည်။

*******************************************************************************************************************

အင်ဒိုနီးရှားက အာဆီယံကို စားနပ်ရိက္ခာနှင့် စွမ်းအင် ဖူလုံရေး အာရုံပြုရန် ပြော

(8th May 2011 ရက်စွဲပါ The Daily Star မှ Indonesia turns Asean focus to food, energy security ကို ဘာသာ ပြန်သည်)

အင်ဒိုနီးရှားသည် စနေနေ့က အရှေ့တောင်အာရှ နိုင်ငံများအား စားနပ်ရိက္ခာနှင့် စွမ်းအင် ဈေးနှုန်းများ မြင့်တက် လာခြင်းသည် လူအများစု အား ဆင်းရဲတွင်းသို့ ပို့ဆောင်နေပြီး၊ ငွေကြေး ဖောင်းပွနေမှုကို ညီညွတ်စွာ တိုက်ဖျက်ရန် သတိပေး ပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီး အစည်းအဝေး အဖွင့်တွင် အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono က မိန့်ခွန်း ပြောကြားရာတွင် အဖွဲ့ကြီး အနေဖြင့် စားသုံးကုန်ပစ္စည်းများ ရုတ်တရက် ဈေးတက်လာမှုကို ဖြေလျော့ရေး လုပ်ဆောင် ကြရမည်ဟု ပြောကြားခဲ့သည်။ “ကျွန်တော်တို့ အနေနဲ့ စားနပ်ရိက္ခာနဲ့ ကမ္ဘာ့စွမ်းအင် ဈေးနှုန်းတွေ မြင့်တက်လာမှုကို အထူး အလေးပေးပြီး ခိုင်မာတဲ့လုပ်ဆောင်မှုတွေ လုပ်ကြရပါမယ်။ ဒီကိစ္စဟာ ကျွန်တော် တို့ ပြည်သူတွေရဲ့ရှေ့အလားအလာမှာ အနုတ် လက္ခဏာ ဆောင်တဲ့ သက်ရောက်မှုတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့ သည်။

“စားနပ်ရိက္ခာနဲ့ စွမ်းအင် ဈေးနှုန်းတွေ တက်လာမှုကြောင့် ဆင်းရဲမွဲတေစွာ နေရတဲ့ လူဦးရေ တိုးပွားလာတယ် ဆိုတာ သမိုင်းက ပြဆိုပြီး ဖြစ်ပါ တယ်။ ဆင်းရဲမွဲတေမှု အဆင့်ကို လျော့ချတယ်ဆိုတဲ့ အလုပ်ဟာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး ဆိုတာ ကျွန်တော်တို့ ကောင်းကောင်း သိပါတယ်” ဟု ၎င်းက ဆိုသည်။

ရေနံ ထုတ်လုပ်သော အရှေ့အလယ်ပိုင်းနှင့် အာဖရိက မြောက်ပိုင်းတွင် နိုင်ငံရေးအရ အုံကြွမှုများကြောင့် ပြီးခဲ့သည့်လက ရေနံဈေးနှုန်းသည် နှစ်နှစ် အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ထိုသို့ ဈေးတက်မှုကြောင့် မီးပွားအဖြစ် ငွေကြေးဖောင်းပွမှုသည် ၂၀၀၈/၂၀၀၉ ခုနှစ်က ကမ္ဘာ့စီးပွားရေး ကပ်ကို ပြန်လည် နလံထရေး နှေးကွေးသွားစေမည်ကို စိုးရိမ်နေကြသည်။

အာဆီယံ အဖွဲ့ကြီးတွင် အဆင့်ခြင်း မတူသော နိုင်ငံ ဆယ်နိုင်ငံ ပါဝင်ရာ ရေနံသူဌေး ဘရူးနိုင်းနှင့် အဆင့်မြင့် နည်းပညာဖြင့် ချမ်းသာသော စင်္ကာပူ အပါအဝင် ဆင်းရဲသော ကမ္ဘောဒီးယား၊ လာအိုနှင့်မြန်မာ၊ ဆန် အဓိက ထုတ်လုပ်သော ထိုင်းနှင့် ဗီယက်နမ်၊ ဆန်တင်သွင်းသူ ဖိလစ်ပိုင် နိုင်ငံတို့ ပါဝင်ကြသည်။ အင်ဒိုနီးရှားနှင့် မလေးရှားတို့ လည်း အာဆီယံတွင် ပါဝင်ကြသည်။

ရေနံနှင့် ရွှေ အပါအဝင် လူသုံးကုန် ဈေးနှုန်းများသည် အမေရိကန် ဒေါ်လာ ဈေးတက်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အဖွဲ့များ၏ အန္တရာယ်များမှု များ ကြောင့် ကြာသပတေးနေ့က အမေရိကန် ဈေးကွက်တွင် လူများ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ဖြစ်စေခဲ့သည်။ သို့သော် သုံးသပ်သူများကမူ ဈေးတက် နေသော ကိစ္စသည် မကြာမီ ပြောင်းလဲသွားမည်ဟု မျှော်လင့်နေကြသည်။

ထိုနေ့ကပင် ကုလသမဂ္ဂက စားသောက်ကုန်နှင့် ရေနံ ဈေးနှုန်းများ မြင့်တက်လာမှုသည် အာရှ-ပစိဖိတ်ဒေသတွင် လူဦးရေ ၄၂ သန်းကို ဆင်းရဲ မွဲတေမှု ဖြစ်စေမည် ဖြစ်ပြီး စီးပွားရေး တိုးတက် ကြီးထွားမှုကို ခြိမ်းခြောက် လာနိုင်သည်ဟု ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လက နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ အစီရင်ခံစာတွင် သတိပေး ဖော်ပြထားရာတွင် စားနပ်ရိက္ခာနှင့် စွမ်းအင် ဈေးနှုန်း များ ကြီးမြင့်လာမှုသည် ကွင်းဆက် ဈေးနှုန်း ကြီးမြင့်မှုများ စတင် ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

စီးပွားရေး တိုးတက်ပြီးသော နိုင်ငံများထက် စာလျှင် ဝင်ငွေ၏ အစိတ်အပိုင်း အတော်များများကို အစားအသောက်နှင့် စွမ်းအင် ကိစ္စများတွင် အသုံးပြုရသော ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် သက်ရောက်မှုမှာ အတော် ဆိုးရွားမည် ဖြစ်သည်။

အချို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို နှောင့်နှေးစေမည် မှန်သော်လည်း ငွေကြေး ဖောင်းပွမှုကို တိုက်ဖျက် သည့် အနေဖြင့် အတိုးနှုန်းများကို မြှင့်ထားကြပြီး ဖြစ်သည်။

Yudhoyono က ၎င်း၏ မိန့်ခွန်းတွင် အာဆီယံအဖွဲ့ အနေဖြင့် စုစည်းသော ရိက္ခာ ဖူလုံရေး စီမံချက် ရေးဆွဲ ထူထောင်ရန် တောင်းဆိုထား သည်။ “ပိုပြီး တိတိပပ ပြောရလျှင်၊ အာဆီယံမှာ ရိက္ခာ အရန်စနစ်တစ်ခု ရေးဆွဲ ဖွဲ့စည်းထားရပါမယ်။ လယ်သမားတွေကိုလည်း ဆင်းရဲတွင်းကနေ လွတ်မြောက်အောင် ကူညီရပါမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ စွမ်းအင် ဖူလုံရေးနှင့် ပတ်သက်၍ အဖွဲ့ဝင်များသည် အာဆီယံတွင် ပေါများသော ရေအား လျှပ်စစ်နှင့် မြေတွင်းမှ ကျောက်အပူ (geothermal) များ ဖော်ထုတ်ရေးကို ရှေးရှုရန် ၎င်းက ပြောကြားခဲ့သည်။ “ဒီအချက် အောင်မြင်ဖို့ကတော့ သုတေသန ဗဟိုဌာနများ တည်ထောင်ရေးနဲ့ ဒေသတွင်း စွမ်းအင် ဖော်ထုတ်ရေးများပဲ ဖြစ်ပါတယ်” ဟု ယင်းက ဖြည့်စွက် ပြောကြားခဲ့သည်။

အင်ဒိုနီးရှား ခေါင်းဆောင်က သဘာဝဘေးဒဏ် စီမံခန့်ခွဲမှုနှင့် ပတ်သက်၍လည်း ပိုမို ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုခဲ့ရာ ပြီးခဲ့သည့်လ ဂျပန် နိုင်ငံ ငလျင်နှင့် ဆူနာမီကြောင့် နျူကလီယာ စက်ရုံ ထိခိုက်ပြီး၊ ဒုက္ခရောက်ရပုံကို ပြောကြားခဲ့သည်။

************************************************************************************************************

ထိုင်းနှင့်ကမ္ဘောဒီးယား နယ်စပ် အငြင်းပွားမှု ဖြေရှင်းရေး မအောင်မြင်

(8th May 2011 ရက်စွဲပါ CNN မှ Kathy Quiano ရေးသားသော Thailand, Cambodia fail to resolve border dispute ကို ဘာသာပြန်သည်။)

ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှ ခေါင်းဆောင်များသည် တနင်္ဂနွေနေ့က တွေ့ဆုံရာတွင် အချိန် ကြာမြင့်စွာကပင် ပဋိပက္ခ ဖြစ်ပွားလျက် ရှိ သော ရှေးဟောင်း ဟိန္ဒူဘုရားကျောင်း ကိစ္စကို ညှိနှိုင်းရန် ရည်ရွယ်သော်လည်း သဘောတူညီမှု မရရှိခဲ့ပေ။

အာဆီယံထိပ်သီး အစည်းအဝေး၏ အရန်ဆွေးနွေးမှုအဖြစ် အိမ်နီးချင်းနှစ်နိုင်ငံ တွေ့ဆုံရာတွင် အင်ဒိုနီးရှား သမ္မတက ဦးဆောင်ခဲ့သော်လည်း ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ခြင်း မရှိဘဲ အင်ဒိုနီးရှား၏ စီစဉ်ပေးမှုဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် နောက်ထပ်တစ်ရက် ထပ်မံနေထိုင်၍ ဆွေးနွေး ကြရန် နှစ်နိုင်ငံခေါင်းဆောင်များက သဘောတူကြသည်။

ယင်းနှစ်နိုင်ငံနယ်စပ်တွင် ပြီးခဲ့သည့် လမှစ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ Preah Vihear ဘုရားကျောင်းအနီး ပတ်ဝန်းကျင်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် နှစ်ဖက်စလုံးမှ ထောင်ပေါင်းများစွာသော လူများ ထွက်ပြေးကြရပြီး လူ ၂၀ ခန့် သေဆုံးခဲ့သည်။

အင်ဒိုနီးရှားသည် ယခုနှစ်ထိပ်သီး အစည်းအဝေး၏ သဘာပတိဖြစ်ပြီး၊ ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံကြားတွင် ကြားဝင် ဆောင်ရွက်ပေး လျက် ရှိသည်။

အင်ဒိုနီးရှား လေ့လာရေး အဖွဲ့ကို အငြင်းပွားသည့် နယ်မြေသို့ စေလွှတ်၍ အဆိုပြုချက်ကို ထိုင်းနိုင်ငံက သဘောတူရန် ငြင်းဆန်လျက် ရှိပြီး၊ ထိုဒေသမှ ကမ္ဘောဒီးယား တပ်များ ဆုတ်ပေးရေးကိုသာ ပြောကြားလျက် ရှိသည်။ ကမ္ဘောဒီးယားကလည်း ထိုင်းနိုင်ငံ၏ တောင်းဆိုမှုကို ပယ်ချခဲ့ပြီး၊ အင်ဒိုနီးရှား လေ့လာသူများ အဖွဲ့ကို စေလွှတ်ရန်သာ ပြောကြားနေသည်။

အထက်ပါ အချက်နှစ်ခုစလုံးသည် အရေးကြီးသောကြောင့် နှစ်ခုလုံးအကောင်အထည်ဖော်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ်က သတင်းထောက် များသို့ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ရည်မှန်း လုပ်ဆောင်ချက်တွေဟာ နိုင်ငံရေးအရ အမှတ်ရဖို့ မဖြစ်သင့်ပါဘူး။ နောက်ဆုံး ရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေး အဓွန့်ရှည်ဖို့ပါပဲ” ဟု ၎င်းက ပြောသည်။

အင်ဒိုနီးရှား သမ္မတ Yudhoyono က ပြောကြားရာတွင် နှစ်နိုင်ငံလုံးအနေဖြင့် အားလုံးနှင့် ဆိုင်သော အဖြေထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ ထို့ကြောင့်လည်း အာဆီယံက ထောက်ခံကူညီနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့သော လုံခြုံရေးနှင့် နယ်မြေဆိုင်ရာ ပဋိပက္ခများသည် ယခုနှစ် ထိပ်သီး အစည်းအဝေး အပေါ် အရိပ်မိုး ထိုးခဲ့သည်။ ယခုအချိန်သည် ၂၀၁၅ ခုနှစ်တွင် စီးပွားရေးအရ စုစည်းမှုရရှိအောင် အာရှခေါင်းဆောင်များ အလေးပေးနေချိန် ဖြစ်ပြီး၊ အဖွဲ့ဝင် ဆယ်နိုင်ငံရှိ လူဦးရေ သန်း ၅၀၀ နှင့် ပို၍ သက်ဆိုင်သည်။

အာဆီယံ အဖွဲ့ကြီးသည် စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံလုံခြုံရေးကို ပထမဆုံး ဦးစားပေးအဖြစ် သတ်မှတ်ထားသည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ မကြာသေးမီက အစီရင်ခံစာတွင် နိုင်ငံတကာစားသောက်ကုန် ဈေးနှုန်းတက်လာမှုသည် လူဦးရေ ၆၄.၄ သန်းကို ဆင်းရဲမွဲတေစေသည်ဟု ဖော်ပြထား သည်။

“ကျွန်တော်တို့ အားလုံးက စားနပ်ရိက္ခာ မလုံလောက်မှုနဲ့ စွမ်းအင်ဆိုင်ရာ လုံခြုံမှုရဲ့ ခြိမ်းခြောက်မှုကို အတူတကွ ပူးပေါင်းရင်ဆိုင် ဖြေရှင်းဖို့ သဘောတူ ထားပါတယ်” ဟု Yudhoyono က ပြောသည်။

*************************************************************************************************************

စင်ကာပူတွင် အာဏာရ ပါတီ အနိုင်ရ

(7th May 2011 ရက်စွဲပါ CNN News မှ Ruling party returned to power in Singapore ကို ဘာသာပြန်သည်။)

စင်ကာပူနိုင်ငံတွင် စနေနေ့က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် အတိုက်အခံမှ အားကောင်းစွာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော်လည်း လက်ရှိ အာဏာရ ပါတီကသာ အနိုင်ရရှိခဲ့သည်။

၁၉၅၉ ကတည်းက အာဏာရရှိခဲ့သော People’s Action Party သည် အမတ်နေရာ ၈၁ နေရာ အနိုင်ရခဲ့ပြီး၊ အတိုက်အခံ Worker’s Party က ခြောက်နေရာ အနိုင်ရရှိကြောင်း ရွေးကောက်ပွဲ ဌာန၏ အဆိုအရ သိရှိရသည်။

စနေနေ့က ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၂ နေရာသာ ရွေးခဲ့ရပြီး၊ ၅ နေရာမှ ဒေသတစ်ခုတွင် အတိုက်အခံ မရှိ ၍ ရွေးချယ်ရန် မလိုခဲ့ပေ။

စင်ကာပူနိုင်ငံ ရွေးကောက်ပွဲတွင် စီးပွားရေးကိုသာ အဓိက အာရုံပြု၍ ရွေးချယ်ခဲ့ကြသည်။ မဲပေးသူ အများစုက လူနေမှု စရိတ်မြင့်တက်လာမှု ကို စိုးရိမ်ကြပြီး၊ လစာ အနည်းငယ်သာ ပေးရသော အလုပ်သမားများ နိုင်ငံခြားမှ ဝင်ရောက်လာမှု မြင့်တက်လာမှုကိုလည်း စိုးရိမ်ကြသည်။

စင်ကာပူသည် ချမ်းသာသောနိုင်ငံတစ်ခု ဖြစ်သော်လည်း လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်နှင့် ဖော်ထုတ်ခွင့် တို့ကို ကန့်သတ်ထားသော အာဏာရှင်နိုင်ငံတစ်ခုအဖြစ် ရှိနေဆဲ ဖြစ်သည်။ နိုင်ငံရေး လှုပ်ရှားမှုများကို အစိုးရက တင်းကြပ်စွာ ထိန်းချုပ်ထားကြောင်း လူ့အခွင့်အရေး စောင့်ကြည့် ရေး အဖွဲ့များ၏ အဆိုအရ သိရှိရသည်။

အစိုးရ နောက်ခံပြုသော The Straits Times သတင်းစာတွင် သတင်း ဖော်ပြချက်အရ လူဦးရေ ၂.၂ သန်းသည် မဲပေးခွင့်ရပြီး၊ အဆိုပါ ဦးရေ သည် စံချိန်တင် ဦးရေဖြစ်ပြီး အများစုမှာ ပထမဆုံးအကြိမ် မဲပေးခွင့်ရကြသူများ ဖြစ်သည်ဟု သိရှိရသည်။ ၂၀၀၆ ခုနှစ်က ရွေးကောက်ပွဲတွင် လူဦးရေ ၁.၂၂ သန်းက ၈၄ နေရာအတွက် မဲပေးခဲ့ရာ အာဏာရ ပါတီက ၄၇ နေရာ အနိုင်ရခဲ့သည်ဟု သတင်းစာက ဖော်ပြခဲ့သည်။

******************************************************************************************************

ဝါရှင်တန်တွင် တရုတ်နှင့် အမေရိကန်တို့ ပြဿနာများ ကိုင်တွယ်မည်

(8 May 2011 ရက်စွဲပါ BBC News မှ Caroline Hepker ရေးသားသော US to Meet China in washingtan to tackle thorny issues ကို ဘာသာပြန်သည်)

               အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ထိပ်တန်းအစိုးရတာဝန်ရှိသူများသည် ယခု တနင်္လာနေ့မှစ၍ ဝါရှင်တန်တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေး ကြမည်ဖြစ်သည်။

               အမေရိကန်အစိုးရအေဂျင်စီ(၁၆)ခုမှ ခေါင်းဆောင်များနှင့် တရုတ်အစိုးရဌာန(၂၀)မှ ကိုယ်စားလှယ်များ သည် နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ရှိနေသည့် အခက်ခဲဆုံးကိစ္စရပ်များကိုဆွေးနွေးကြမည်ဖြစ်သည်။

               ယခုနှစ်ပတ်လည် မဟာဗျူဟာနှင့် စီးပွားရေးတွေ့ဆုံဆွေးနွေးမှုသည် သမ္မတ Obama နှင့် သမ္မတ ဟူကျင့်တောင်တို့ နှစ်နိုင်ငံဆွေးနွေးပွဲအပြီး လေးလအကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

               ယခုဆွေးနွေးပွဲမှ ခိုင်မာသော ရလဒ်များထွက်ပေါ်လာမည်မဟုတ်ဟု ခန့်မှန်းရပြီး၊ နှစ်ဖက်စလုံးသည် တစ်ဦး၏ အမြင်ကို လွှမ်းမိုးရန်ကြိုးစား နေမည်ဟု ယူဆရသည်။

               ဆိုလိုသည်မှာ မိမိကိုယ်ကိုကာကွယ်မှုအရ ယွမ်ငွေလဲလှယ်မှုနှုန်း၊ အမေရိကန်ဘတ်ဂျက်လိုငွေပြမှုနှင့် တရုတ်လူ့အခွင့်အရေး မှတ်တမ်းများနှင့် ပတ်သက်၍ နှစ်နိုင်ငံခေါင်းဆောင်များ အမြင်များတွင် ကျေညာချက်များ၊ လမ်းညွှန်မှုများ တသီတတန်းကြီး ထွက်လာမည်ဟုဆိုလိုသည်။

               အမေရိကန်တွင် သြဇာရှိသော စီးပွားရေးအဖွဲ့ဖြစ်သည့် အမေရိကန်ကုန်သည်ကြီးများအသင်းက ပြောကြားရာတွင် ၎င်းအနေဖြင့် အစိုးရိမ်ဆုံး မှာ တရုတ်၏ကြီးမားသော ဈေးကွက်နှင့် အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များ ထိတွေ့လျော့ချလာခြင်း ဖြစ်သည်ဟု ဆိုသည်။

               နိုင်ငံတကာရေးရာအကြီးတန်း ဒုတိယဥက္ကဌ Myron Brilliant က ပြောကြားရာတွင် “လွန်ခဲ့တဲ့ ငါးနှစ်ကထက် စာရင်၊ အခု တရုတ်ပြည်မှာ စီးပွားရေးလုပ်ငန်း ပိုမိုခက်ခဲလာနေပါတယ်” ဟု ဆိုသည်။

               ကုန်သည်ကြီးများအသင်းက အတိအကျရှင်းပြရာတွင် တရုတ်နိုင်ငံ၏ တိုင်းရင်းသား ဦးစားပေး မူဝါဒသည် တရုတ်ကုမ္ပဏီကို အသာရစေပြီး၊ အမေရိကန်စီးပွားရေးလုပ်ငန်းများကို ထိခိုက်သည် ဟု ပြောသည်။

               အမေရိကန်ကုန်သည်ကြီးများအသင်းအတွင်းရေးမှူး Gary Locke က အမေရိကန်-တရုတ် အစည်းအဝေး မတိုင်မီ ပြောကြားရာတွင် တရုတ် နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများသည် အချို့အစိတ်အပိုင်းများ အပိတ်ခံရခြင်း၊ ဈေးကွက်ဝေစု ရရှိလိုပါက နည်းပညာကို အတင်းအဓမ္မပေးရန် ပြုလုပ်ခံရ ခြင်းများရှိသည်ဟု ဆိုပါသည်။

တရုတ်တံတိုင်းလော

               သို့သော် တရုတ်ကလည်း ၎င်း၏ မမျှတသော လုပ်ဆောင်မှုများအတွက် ဖြေရှင်းချက်များပေးထားသည်။ အမေရိကန်နိုင်ငံသည် အမေရိကန်၌ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများအပေါ် အမျိုးသားလုံခြုံရေး အရေးကိစ္စများကို အကြောင်းပြ၍ ကန့်သတ်မှုများ ပြုလုပ်ကြောင်း Beijing က ငြင်းချက် ထုတ် သည်။

               နယူးယောက်ရှိ ကိုလံဘီယာတက္ကသိုလ်မှ တရုတ်ကျွမ်းကျင်မှုပါမောက္ခ Shang-Jin Wei က ပြောကြားရာတွင် ကမ္ဘာပေါ်ရှိ အခြားနိုင်ငံများနှင့် စာလျှင် နှစ်နိုင်ငံစလုံးသည် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမို၍ လမ်းဖွင့်ပေးထား ကြောင်း ပြောသည်။ သို့သော် အရေးကြီးသော ကိစ္စများတွင် သိသာ ထင်ရှားသော သဘောတူညီမှုမရရှိခြင်းများ ကျန်ရှိနေသေးသည်။

               အမေရိကန် ဘဏ္ဍာရေးဌာန အတွင်းဝန် Timothy Geithner နှင့် တရုတ်ဒုတိယဝန်ကြီးချုပ် Wang Qishan တို့သည် စီးပွားရေးဆွေးနွေးပွဲ တွင် ပူးတွဲသဘာပတိ ပြုလုပ်ကြမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ကောင်စစ်ဝန် Dai Bingguo တို့က မဟာဗျူဟာ ဆွေးနွေးပွဲကို ဦးဆောင်ကြမည်ဖြစ်သည်။

               Mr. Geithner က ပြောကြားရာတွင် ၎င်းသည် တရုတ်အပေါ် ၎င်း၏ ငွေကြေးမူဝါဒအပေါ် ဖိအားပေး မည်ဖြစ်ကြောင်း ဆိုသည်။ အဆိုပါကိစ္စ သည် ကမ္ဘာ့အကြီးဆုံးစီးပွားရေးနှစ်နိုင်ငံကြား အဆက်မပြတ်ပဋိပက္ခ ဖြစ်နေသော အရာလည်း ဖြစ်သည်။

               တရုတ်တို့ကလည်း ၎င်း၏ မူဝါဒကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ ယွမ်တန်ဖိုးမြှင့်ရန် တောင်းဆိုခြင်းမှာ အသုံးမဝင်လှကြောင်း ဆိုသည်။

               ယခု ဆွေးနွေးပွဲများ မတိုင်မီ တရုတ်ဘဏ္ဍာရေး ဒုတိယဝန်ကြီး Zhu Guangyao က ပြောကြားရာတွင် ယွမ်ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ကို နှစ်နိုင်ငံစလုံးက သဘောတူပြီးဖြစ်ကြောင်း၊ ပြောင်းလဲမှုအချိန်အပိုင်း အခြားတွင်သာ သဘောတူညီမှုမရခြင်း ဖြစ်ကြောင်းဆိုသည်။

               တရုတ်သည် ၎င်း၏ တရုတ်ကုန်ပစ္စည်းတင်ပို့သူများအသာရစေရန် ယွမ်တန်ဖိုးကိုချထားသည်ဟု အမေရိကန်က နှစ်များစွာကပင် စောဒက တက်ခဲ့သည်။

               အမေရိကန်အမတ်အများစုက ယွမ်တန်ဖိုးသည် ရှိသင့်သည်ထက် ၁၅% မှ ၄၀% ခန့်လျော့နည်းနေသည်ဟု ယုံကြည်နေကြသည်။ ယွမ်ငွေ တန်ဖိုးမှာ ပြီးခဲ့သည့် ဇွန်လကတည်းက  ၅% သာ တက်ခဲ့သည်။

ကုန်သွယ်မှု

               နှစ်နိုင်ငံကြားကုန်သွယ်မှုတွင် ကွာဟမှုကြီးမားမည်ကို စိုးရိမ်သဖြင့် အမေရိကန်တို့က ယွမ်ငွေကို ထိုထက် မြှင့်တင်ရန် ဆန္ဒရှိနေကြသည်။ တဖက် တွင်လည်း တရုတ်သည် အမေရိကန်၏ အကြီးအကျယ်ဘတ်ဂျက်ကိုငွေပြမှုကို မျက်ခြေမပြတ် စောင့်ကြည့်လျက် ရှိသည်။

               တရုတ်သည် အမေရိကန်၏အကြီးဆုံးငွေထုတ်ချေးသူဖြစ်ပြီး၊ Beijing က ဝါရှင်တန်အား အစိုးရကြွေးမြီအဆင့်ကို အာမခံချက်ပေးရန်နှင့် ဒေါ်လာအား ကောင်းစေရန် တောင်းဆိုခဲ့သည်။

               အမေရိကန်၏ ဖက်ဒရယ်ဘတ်ဂျက်လိုငွေသည် ယခုနှစ်တွင် အံ့အားသင့်ဖွယ် ဒေါ်လာ(၁.၄)ထရီလီယံ ရောက်ရှိခဲ့ရာ ထိုအချက်သည် အမေရိကန် ငွေတိုက်စာချုပ်များနှင့် အခြားတရုတ်အတွက် ကြီးစွာ စိုးရိမ်မှုဖြစ်စေခဲ့သည်။ နောက်ဆုံးတွင် ယခုဆွေးနွေးမှုများသည် စီးပွားရေးကိစ္စသာ ဆွေးနွေးမည်မဟုတ်ဟု ယူဆရသည်။

               Obama အစိုးရက ပြောကြားရာတွင် ၎င်းသည် တရုတ်၏ လူ့အခွင့်အရေးကိစ္စများကိုလည်း အရေးဆိုမည် ဖြစ်ကြောင်း၊ မကြာသေးမီက ဆွေးနွေးမှု များတွင် မြင်သာထင်သာရလဒ်များမရရှိခဲ့ခြင်းကြောင့်ဟု ဆိုသည်။

               ဝေဖန်သုံးသပ်သူများကမူ တရုတ်၏ အစိုးရဆန့်ကျင်သူများအပေါ် နှိပ်စက်မှုများနှင့် တစ်ဦးချင်းရပိုင်ခွင့် ကိစ္စများ သည် ကုန်သွယ်မှုနှင့် စီးပွားရေး စကားပြောရင်း ဆွေးနွေးဖြစ်လိမ့်မည်မဟုတ်ဟု ဆိုကြသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment