Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၁.၅.၂၀၁၁

ဘာသာပြန်သတင်းများ

အာဆီယံ အဓိက အကြောင်းအရာ နှစ်ခု မဖြေရှင်းနိုင်ခဲ့

(8th May 2011 ရက်စွဲပါ The New York Times မှ Aubrey Belford ရေးသားသော Southeast Aisa leave two key issues unsolved ကို ဘာသာ ပြန်ဆိုသည်။)

အရှေ့တောင် အာရှခေါင်းဆောင်များ၏ အစည်းအဝေးသည် အရေးကြီးသော အရေးကိစ္စ နှစ်ခုကို အဖြေ မရှာနိုင်ပဲ တနင်္ဂနွေနေ့က ပြီးဆုံး သွားခဲ့ရာ၊ ဝေဖန် သုံးသပ်သူများက အမြစ်တွယ်နေသော ပြဿနာများ အပေါ် ခေါင်းဆောင်များ၏ ကိုင်တွယ်နိုင်စွမ်းကို မေးခွန်းထုတ်ဖွယ် ဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် မြန်မာအား အဖွဲ့ကြီး၏ အလှည့်ကျ ဥက္ကဌ အဖြစ် ခွင့်ပြုမပြု အဖြေမထုတ်နိုင်ပဲ ပြီးဆုံးခဲ့သည်။ ယင်းအစည်းအဝေး၌ ၂၀၁၄ ခုနှစ်တွင် ဥက္ကဌ တာဝန်ယူရန် မြန်မာနိုင်ငံက တောင်းဆိုခဲ့သည်။ ၎င်းသည်  အာဏာရှင် အစိုးရနှင့် လူ့အခွင့်အရေး အခြေအနေများ ဆိုးရွားနေမှုကြောင့် ဥက္ကဌ တာဝန်ယူရန် ငြင်းဆန်ခဲ့ဘူးသည်။

လူထု အဖွဲ့အစည်းများနှင့် ဒေသတွင်း အချို့တာဝန်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံ၏ အဆိုပြုမှုကို ဝေဖန်ခဲ့ကြသည်။ Human Rights Watch က ပြီးခဲ့သည့် အပတ်က ပြောကြားရာတွင် မြန်မာနိုင်ငံအား ဥက္ကဌ အဖြစ် လက်ခံမိပါက နိုင်ငံတကာ ဖိုရမ်များတွင် အာဆီယံကို ရယ်စရာ လုပ်ရပ်အဖြစ် သတ်မှတ်၍ သိက္ခာကျဖွယ် ရှိကြောင်း ဆိုခဲ့သည်။

အင်ဒိုနီးရှား ကာကွယ်ရေး တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေး ပါမောက္ခ Bantarto Badoro က ပြောကြားရာတွင် အဆိုပါ ကိစ္စနှစ်ခု ရှေ့မတိုးနိုင်ခြင်းမှာ အာဆီယံ အဖွဲ့ဝင်များက အငြင်းပွားနိုင်သော ကိစ္စရပ်များကို မကိုင်တွယ်လို ဆိုသည့် သဘောကို ပြဆိုခြင်း ဖြစ်ကြောင်း ဆိုသည်။ အဆိုပါ ဖြစ်ရပ်သည် ၂၀၁၅ တွင် လွတ်လပ်သော ကုန်သွယ်မှု ကိစ္စ အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး အဖွဲ့ကြီးအဖြစ် ထူထောင်ရန် ရည်ရွယ်ချက်မှာ ထက်မြက်မှု မရှိကြောင်း ပြဆိုနေသည်ဟု ၎င်းက ပြောသည်။

“အာဆီယံမှာ သူတပါး ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရလို့ စည်းမျဉ်းရှိနေတော့ အဖွဲ့ဝင်တွေမှာ ပြဿနာ ဖြေရှင်းတဲ့အခါ အကန့်အသတ် တွေ ရှိနေပါတယ်” ဟု Bantarto က ပြောသည်။ “အာဆီယံအနေနဲ့ ဒီအရေးကြီးတဲ့ ဝင်ရောက် မစွက်ဖက်ရေးမူကို ဆက်လက် ကိုင်စွဲထားမယ် ဆိုရင် တော့ အနာဂတ်မှာ အာဆီယံက ပြဿနာတွေကို ဖြေရှင်းနိုင်မယ် ဆိုတဲ့ ကိစ္စကို ကျွန်တော်ကတော့ အဆိုးမြင်ဝါဒနဲ့ပဲ ကြည့်ရတော့မှာပဲ” ဟု ၎င်းက ပြောသည်။

အလားတူပင် အစည်းအဝေး၌ နယ်စပ် အငြင်းပွားမှုကို ဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ် အဘီဆစ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်တို့သည် အင်ဒိုနီးရှား သမ္မတ Yudhoyono ၏ ကြီးကြပ်မှုဖြင့် တွေ့ဆုံခဲ့ကြသည်။

ညှိနှိုင်းမှုတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ဂျာကာတာတွင် တစ်ရက် နှစ်ရက်ခန့် ပိုမိုနေထိုင်၍ ဆွေးနွေးရန် သဘောတူညီချက်သာ ရရှိခဲ့ သည်။ အငြင်းပွားမှု ဖြစ်ရခြင်း အဓိကအကြောင်းမှာ ရှေးဟောင်း Preah Vihear ဘုရားကျောင်းအနီးမှ မြေကို တောင်းနေကြခြင်း ဖြစ်ပြီး ထိုသို့သော အငြင်းပွားမှုများကြောင့် နိုင်ငံရေး၊ စီးပွားရေးအရ စုစည်းမှုများ ပြုလုပ်ရန် ကြိုးပမ်းမှုများ အတွက် သံသယဖြစ်စရာပင် ဖြစ်သည်။

မကြာသေးမီက ဖြစ်ပွားသော ထိုင်းနှင့် ကမ္ဘောဒီးယား တပ်များ၏ ပစ်ခတ်မှုများကြောင့် လူ ၂၀ ဦး သေဆုံးပြီး လူတစ်သိန်းခန့် အိမ်များကို စွန့်ခွာ ထွက်ပြေးကြရသည်။ ကာလကြာရှည် ဖြစ်နေသော အဆိုပါ အငြင်းပွားမှုတွင် ယခုတစ်ကြိမ်မှာ ထိခိုက်မှု အများဆုံး ဖြစ်သည်။ အစည်းအဝေး ပြီးနောက် ဝန်ကြီးချုပ် နှစ်ဦးသည် တစ်ဦးကို တစ်ဦး အဖြေမထွက်ရန် ရှေ့မှ ပိတ်ထားကြသည်ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။

အဆိုပါနှစ်နိုင်ငံ၏ တင်းမာမှုသည် နှစ်ရက်ကြာကျင်းပသော ဒေသတွင်းအဖွဲ့ကြီး၏ အစည်းအဝေးတွင် အရိပ်မည်းထိုးခဲ့သည်။ စားနပ်ရိက္ခာ ဖူလုံရေး၊ တောင်တရုတ် ပင်လယ်ရှိ နယ်မြေ အငြင်းပွားမှုနှင့် အရှေ့တီမောအား အဖွဲ့ဝင်အဖြစ် လက်ခံရေးကိစ္စများလည်း အစည်းအဝေး အစီအစဉ်များ တွင် ပါဝင်သည်။

Yudhoyono ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Teuku Faizasyah က ပြောကြားရာတွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ အကြား နောက်ထပ် စကားပြောရန် ရက်များ သတ်မှတ်ခြင်းအတွက် သဘောတူညီချက်က အာဆီယံသည် ဖိုရမ် တစ်ခု အသွင် ဖြစ်ကြောင်း ပြသနေသည်ဟု ဆိုသည်။ “သူတို့ နှစ်နိုင်ငံဟာ အဖြေ အစစ်အမှန် မဟုတ်ပေမယ့် အချို့ဖြစ်နိုင်မယ့် သဘောတူညီချက်တွေ ထွက်အောင် ဆွေးနွေးရပါလိမ့်မယ်။ ကျွန်တော့် အမြင်တော့ သူတို့ နှစ်နိုင်ငံ ကြား လိပ်ခဲတည်းလည်း ဖြစ်နေတဲ့ အရာတွေ ဘယ်လို တိုးတက်အောင် လုပ်ရမယ် ဆိုတာလောက်တော့ အဖြေထွက်ပါလိမ့်မယ်” ဟု ၎င်းက ပြော သည်။

**************************************************************************************************

ပြည်တွင်းမြစ်ကြောင်း သွားလာရေး သဘောတူညီချက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ မကြာမီ လက်မှတ် ရေးထိုးမည်

(11th May 2011 ရက်စွဲပါ The Daily Star မှ Water Transport protocol with Myanmar soon ကို ဘာသာပြန်သည်။)

ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဒါကာ-ရန်ကုန် ကုန်သွယ်ရေး လမ်းကြောင်း တိုးမြှင့်ရန် မြန်မာ အစိုးရနှင့် ပြည်တွင်းရေကြောင်း သွားလာရေး စည်းမျဉ်း (Inland Water Transport Protocol IWTP) ကို လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း သင်္ဘောလိုင်း ဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့ သည်။ “ကျွန်တော်တို့ဟာ မြန်မာနဲ့ မြစ်ကြောင်း သွားလာရေး စည်းမျဉ်း သဘောတူညီချက် လက်မှတ်ထိုးဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပါပြီ။ အခု ဟာက အိန္ဒိယပြီးရင် ဒုတိယမြောက် မြစ်တွင်းသွားလာရေး အတွက် လက်မှတ် ရေးထိုးတာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန တွဲဖက် အတွင်းဝန် M Alauddin က ပြောသည်။

ရေကြောင်း ပို့ဆောင်ရေးသည် အခြားပို့ဆောင်ရေးများထက်စာလျှင် ကုန်ကျစရိတ် အနည်းဆုံး ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာဖြစ်သော Revival of Inland Water Transport: Option and strategies တွင် ဖော်ပြထားရာ၌ ကုန်းလမ်းမှ ပို့ဆောင်ရေးတွင် တစ်ကီလိုမီတာ အတွက်  ဘင်္ဂလားဒေ့ရှ် ငွေတက္ကာ ၄၅၀ ကျသင့်ချိန်တွင် ရေကြောင်းမှ ပို့ဆောင်ရေးတွင် တစ်ကီလိုမီတာလျှင် တက္ကာ ၀.၉၈ သာ ကျသင့်ကြောင်း ဖော်ပြထား သည်။

ယခု သဘောတူညီချက်အရ သမားရိုးကျ မဟုတ်သော ဘင်္ဂလားဒေ့ရှ် သင်္ဘောများသည် မြန်မာနိုင်ငံ မြစ်များအတွင်း သွားလာနိုင်ပြီး၊ မြန်မာ သင်္ဘောများလည်း ဘင်္ဂလားဒေ့ရှ် မြစ်များအတွင်း သွားလာနိုင်မည် ဖြစ်ကြောင်း Alauddin က ပြောကြားခဲ့သည်။

အဆိုပါ အစီအစဉ်အောက်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရသည် တစ်နိုင်ငံလျှင် ၁၁ ဦးစီး ပါဝင်သော ပူးတွဲ သင်္ဘောသွားလာရေး ကော်မတီကို ဖွဲ့စည်းပြီး ဖြစ်သည်။ ယင်းကော်မတီတွင် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် သင်္ဘောသွားလာရေး၊ အခွန်ဌာန၊ ဘင်္ဂလားဒေ့ရှ် ကုန်ပစ္စည်း တင်ပို့သူများအဖွဲ့၊ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း သင်္ဘောအဖွဲ့နှင့် ပုဂ္ဂလိက အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း အဆိုပါ အဖွဲ့တွင် ပါဝင်သူ Alauddin က ပြောသည်။

အထက်ပါကော်မတီသည် မြန်မာနိုင်ငံသို့ မေလ ၁၇ ရက်နေ့တွင် လာရောက်ပြီး၊ ဘင်္ဂလားဒေ့ရှ် သင်္ဘောများ ဆိုက်ကပ်နိုင်မည့် ဆိပ်ကမ်းများ ရှာဖွေ သတ်မှတ်နိုင်ရေး ကွင်းဆင်း လုပ်ဆောင်မည် ဖြစ်သည်။ နောက်ပိုင်းတွင် မြန်မာ ကိုယ်စားလှယ် အဖွဲ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွား ရောက်မည် ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် သင်္ဘောများက အဓိက ဘိလပ်မြေနှင့် ဆေးဝါးများ ပါဝင်လျက် ကုန်ပစ္စည်း အမျိုးမျိုး တင်ဆောင်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ သင်္ဘောများသည် ဆန်နှင့် သစ်ကို အဓိက တင်ဆောင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စည်းမျဉ်းများ၏ သက်တမ်းမှာ သုံးနှစ်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောသည်။ အဆိုပါ စည်းမျဉ်းကို ၂၀၀၂ က စတင် အဆိုပြုခဲ့သည်ဟု Alauddin က ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ ကုန်သွယ်ရေး စာချုပ် အပိုဒ် (၈)အရ ပြည်တွင်းရေကြောင်း သွားလာရေး စည်းမျဉ်းကို အိန္ဒိယနှင့် ၁၉၇၂ ခုနှစ်က လက်မှတ် ရေးထိုးခဲ့ပြီး နှစ်နှစ်တစ်ခါ အသစ် ချုပ်ဆိုခဲ့ကြသည်။ နိုင်ငံခြားရေးဝန်ကြီး Dr Dipu Moni က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်းတို့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး (BIMST-EC) ဝန်ကြီးအဆင့် ၁၃ ကြိမ်မြောက် အစည်းအဝေးတွင် အိမ်နီးချင်းနိုင်ငံများကြား ကုန်းလမ်း၊ ရေလမ်းနှင့် ရထားလမ်း တိုက်ရိုက် ဆက်သွယ်မှု၏ အရေးကြီးပုံကို ပြောကြားခဲ့သည်။

ယခု ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား ကုန်သွယ်ရေးနှင့် ပတ်သက်၍ အထွေထွေ ကူးသန်းရောင်းဝယ်ရေး သဘော တူညီချက်နှင့် နယ်စပ် ကုန်သွယ်ရေး သဘောတူညီချက်ကို ၁၉၇၃ နှင့် ၁၉၉၄ တို့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။

၂၀၀၈-၂၀၀၉ တွင် ဒါကာမှ ရန်ကုန်သို့ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉.၁၇ သန်း ရှိခဲ့ပြီး သွင်းကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၆.၆၅ သန်း ရှိခဲ့ကြောင်း ပို့ကုန် မြှင့်တင်ရေး ဗျူရို (EPB) ၏ ကိန်းဂဏန်းများအရ သိရှိရသည်။

*************************************************************************************************

တရုတ်မှ ဒီမိုကရေစီ နှိမ်နင်းမှုသည် ရူးနမ်းသော လုပ်ရပ်သာဖြစ်ဟု ဟီလာရီပြော

(BBC News မှ 10th May 2011 ရက်စွဲပါ Hillary Clinton: China crackdown “a fool’s arround” သတင်းကို ဘာသာပြန်ဆိုသည်။)

အစိုးရ ဆန့်ကျင်သူများ အပေါ် တရုတ်နိုင်ငံ၏ နှိမ်နင်း ဖြိုခွဲမှုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “ရူးနမ်းသော လုပ်ရပ်” ဟု ပြစ်တင် ဝေဖန်လိုက်ပြီး ဘေဂျင်းသည် သမိုင်း ရေစီးကြောင်းကို တားဆီးရန် ကြိုးစားနေသည်ဟု ပြောဆိုလိုက်သည်။ ထို့အပြင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းသည်လည်း ကန့်ကွက် ရှုတ်ချစရာပင် ဖြစ်သည်ဟု ဝန်ကြီး ကလင်တန်က The Atlantic နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

ထိုကဲ့သို့သော ဘေဂျင်းနှင့် အမေရိကန် ပြည်ထောင်စုက ဆက်ဆံနေခြင်းကို ကာကွယ်သည့် အနေဖြင့် သူမက “လက်တွေ့ကျတဲ့ ကမ္ဘာထဲမှာ ကျွန်မတို့ နေထိုင်ရတာပါ” ဟု ပြောဆိုသည်။

တရုတ်တို့၏ စနစ်သည် အလိုအလျောက် သူ့ဖာသာ ပြိုလဲမည်ဖြစ်၍ ဒီမိုကရေစီကို ရှောင်လွှဲ၍ မရဟု မစ္စကလင်တန်က ဆိုလိုပုံရကြောင်း ဝါရှင်တန်မှ BBC သတင်းထောက် Kinn Ghattas က ပြောကြားသည်။

အရှေ့အလယ်ပိုင်း တစ်ခွင်မှ ဒီမိုကရေစီ လိုလားတောင်းဆိုသော ဆန္ဒပြပွဲများ၏ လှိုင်းလုံးများ တရုတ်နိုင်ငံသို့ ပျံ့နှံ့လာမည်ကို တရုတ် ခေါင်းဆောင် များက စိုးရိမ် ကြောက်ရွံ့နေကြသည်ဟု မစ္စကလင်တန်က ယခင်လက ပြောကြားခဲ့ဖူးသည်။

“သူတို့က သမိုင်း ရေစီးကို တားဖို့ ကြိုးစားနေကြတာပါ။ ဒါဟာ ရူးနမ်းတဲ့လုပ်ရပ်ပါပဲ။ သူတို့ တားဆီးနိုင်မှာ မဟုတ်ပေမယ့် တတ်နိုင်သမျှတော့ ဆွဲဆန့်ထားကြဦးမှာပေါ့” ဟု သူမက ပြောကြားသည်။

တရုတ်-အမေရိကန် ဆွေးနွေးမှုများ

ဖေဖော်ဝါရီလမှစ၍ တရုတ်အစိုးရက ဒီမိုကရေစီ လိုလားသော လှုပ်ရှားသူများ၊ ရှေ့နေများ၊ စာရေးဆရာများ ရာနှင့်ချီကာ ဖမ်းဆီး ထိန်းသိမ်းခဲ့ ပြီး၊ အရှေ့အလယ်ပိုင်း ဆန္ဒပြပွဲများကို သတင်းဖော်ပြသည့် သတင်းမီဒီယာများကို ပိတ်ပင် တားမြစ်ခဲ့သည်။ အမေရိကန်နှင့် တရုတ် တာဝန်ရှိသူများက ဝါရှင်တန်တွင် အဆင့်မြင့် မဟာဗျူဟာမြောက် စီးပွားရေး ဆွေးနွေးပွဲများ ကျင်းပနေခြင်းကြောင့် မစ္စကလင်တန်၏ သဘောထား မှတ်ချက်များကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

တနင်္လာနေ့က ဆွေးနွေးပွဲများ၏ ဖွင့်ပွဲ အခမ်းအနားတွင် မစ္စ ကလင်တန်က မိန့်ခွန်း ပြောကြားရာ၌ အမေရိကန် ပြည်ထောင်စုသည် တရုတ် နိုင်ငံမှ လူ့အခွင့်အရေး အနေအထား အပေါ် စိုးရိမ် ပူပန်နေဆဲ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။

“ရှည်လျားတဲ့ သမိုင်းကြောင်း အပေါ်မှာ ကျွန်မတို့ သိရှိ နားလည်ထားတဲ့ အချက်ကတော့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားဖို့ ကြိုးစား တဲ့ လူ့အဖွဲ့အစည်းကသာ ပိုမို ဖွံ့ဖြိုး၊ တည်ငြိမ်၊ အောင်မြင်နိုင်တယ် ဆိုတာပါပဲ” ဟု သူမက တရုတ် တာဝန်ရှိသူများကို ပြောကြားခဲ့သည်။

         “ဒီကိစ္စကို ထပ်ကာထပ်ကာ တွေ့နေရတယ် ဆိုပေမယ့် ပြီးခဲ့တဲ့ လပိုင်းတွေမှာတော့ အထူးသဖြင့် အများဆုံးပါပဲ” ဟု သူမက ပြောဆိုသည်။ အိုဘားမား အစိုးရ အာဏာရကာစတွင် တရုတ်နိုင်ငံ၏ လူ့အခွင့်အရေး မှတ်တမ်းအပေါ် ဝေဖန်သံ တိတ်နေခဲ့သော်လည်း ယခုအခါ ပို၍ အသံကျယ် လာပြီဟု BBC သတင်းထောက်က ဆိုသည်။

သို့သော်လည်း မစ္စ ကလင်တန်က နောက်ပိုင်း ဆက်လက် ပြောကြားရာ၌ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံသည် ထိပ်ပိုင်းတာဝန်ရှိ သူများ အကြား ဆွေးနွေးပွဲများ ပုံမှန်ကျင်းပခြင်းအားဖြင့် ပိုမိုကြီးမားသော သဘောပေါက် နားလည်မှုကို ရရှိခဲ့ကြသည်ဟု အချိုသတ် ပြောဆိုလိုက် သည်။

နှစ်နိုင်ငံအကြား ကျင်းပသည့် တတိယအကြိမ် မဟာဗျူဟာနှင့် စီးပွားရေး ဒိုင်ယာလော့ ဆွေးနွေးပွဲများအပြီးတွင် သူမက “ပိုမိုကောင်းမွန်တဲ့ နားလည် သဘောပေါက်မှု အဆင့်ကို ကျွန်မတို့ ရောက်နေကြပြီလို့ ထင်ပါတယ်။ ဒါဟာ ဆွေးနွေးပွဲတွေရဲ့ အဓိက ရည်ရွယ်ချက်တွေထဲက တစ်ခု ဖြစ်တယ်လို့ ကျွန်မ ယူဆပါတယ်” ဟု ပြောကြားခဲ့သည်။

******************************************************************************************************

တရုတ်၏ ဧပြီလ ငွေကြေးဖောင်းပွမှု ၅.၃% ရှိ

(10th May 2011 ရက်စွဲပါ BBC News မှ China’s April inflation at 5.3% as it ups price battle ကို ဘာသာပြန်သည်။)

တရုတ်နိုင်ငံတွင် ဈေးနှုန်းများ ကြီးမြင့်လာမှု အန္တရာယ်ကို တိုက်ဖျက်နေသည့်ကြားမှ ဧပြီလတွင် ငွေကြေး ဖောင်းပွမှုမှာ မျှော်မှန်းသည်ထက် ပိုခဲ့သည်။ စားသုံးကုန်ပစ္စည်းများမှာ ဧပြီလတွင် လွန်ခဲ့သောနှစ် ဧပြီလကထက်စာလျှင် ၅.၃% တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ အဆိုအရ သိရှိရသည်။ သုတေသနပြုသူများက ဧပြီလအတွက် ၅.၂% တက်မည်ဟု မျှော်မှန်းခဲ့သည်။

ဈေးတက်ခြင်း၊ အထူးသဖြင့် စားသောက်ကုန်၊ လောင်စာဆီနှင့် အိမ်ဈေးတက်ခြင်းကို ကြီးမားသော လူမှုရေးနှင့် နိုင်ငံရေးပြဿနာအဖြစ် အစိုးရ က သတ်မှတ်ခဲ့သည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က မတ်လတွင် ပြောကြားခဲ့ရာ၌ ဈေးနှုန်းများ ထိန်းချုပ်ရေးသည် ၂၀၁၁ တွင် အစိုးရ၏ ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရုတ် အစိုးရအနေနှင့်မူ  နှစ်စဉ် ငွေကြေး ဖောင်းပွမှုကို ၄% သာရှိရန် ပစ်မှတ်ထားခဲ့သည်။

ယင်းသို့ ဈေးနှုန်းကြီးမြင့်လာမှုကို နှေးကွေးစေရန် ကြိုးစားသည့်အနေဖြင့် တရုတ်ဗဟိုဘဏ်သည် ငွေချေးရာတွင် စရိတ်များ တိုးမြှင့်ခဲ့ပြီး၊ ဘဏ်များကို အရန်ငွေများ ပိုမိုထားရှိရန် ညွှန်ကြားခဲ့သည်။ People’s Bank of China က တင်သွင်းသော ကုန်ပစ္စည်းများ တန်ဖိုးကျစေရန် ယွမ်ငွေကို တန်ဖိုး တိုးမြှင့်ရန် ခွင့်ပြုသည်ဟု စီးပွားရေး ပညာရှင် အချို့က ယုံကြည်လျက် ရှိသည်။ တရုတ်သည် စားသောက်ကုန်နှင့် လောင်စာဆီ အတော် များများကို နိုင်ငံခြားမှ တင်သွင်းရသော နိုင်ငံတစ်ခု ဖြစ်သည်။

သုံးသပ်သူများက ပြောကြားရာတွင် အစိုးရနှင့် ဗဟိုဘဏ်၏ လုပ်ဆောင်မှုများသည် ထိရောက်သည့် လက္ခဏာများ တွေ့ရသော်လည်း ဈေးနှုန်း တက်နေခြင်း၏ ဖိအားများမှ အရေးကြီး အဆင့်တွင် ရှိနေသေးသည်ဟု ဆိုသည်။

“ချုံကြည့်ပြီး သုံးသပ်ရရင်တော့ စီးပွားရေး အခြေအနေဟာ အရေးတကြီး အရေးယူ ဆောင်ရွက်ရမယ့် အခြေအနေမှာ ရှိပါတယ်” ဟု Hongyuan Securities မှ စီးပွားရေး ပညာရှင် Shao Yu က ပြောကြားခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment