Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၆-၅-၂၀၁၁

ဘာသာပြန်သတင်းများ - ၂

လူ့အခွင့်အရေးနှင့် ပတ်သက်၍ ဝေဖန်သည့် ကလင်တန်ကို တရုတ် တုန့်ပြန်

(AFP သတင်းမှ 14th May 2011 ရက်စွဲပါ “China hits out at Clinton over rights criticism” သတင်းကို ဘာသာပြန်ဆိုသည်။)

တရုတ်နိုင်ငံက ၎င်း၏ လူ့အခွင့်အရေး မှတ်တမ်းအပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ ပြင်းပြင်းထန်ထန် ဝေဖန်မှု သည် လျော်ကန်ခြင်း မရှိဟု တုန့်ပြန် ပြောဆိုလိုက်သည်။ အာရပ်ကမ္ဘာမှ လတ်တလော နိုင်ငံရေး အကျပ်အတည်းကို အဓိက ဦးတည် ဆွေးနွေးထား သည့် ယခု သီတင်းပတ် အစောပိုင်းက အင်တာဗျူး တစ်ခုတွင် မစ္စစ်ကလင်တန်က တရုတ်ပြည်မှ ဒီမိုကရေစီ နှိမ်နင်းမှုကို ရူးနမ်းသော လုပ်ရပ်ဟု ကန့်ကွက် ပြစ်တင်ခဲ့ပြီး ဘီဂျင်းသည် သမိုင်းရေစီးကြောင်းကို ရပ်အောင် ကြိုးစားနေသည်ဟု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုနှစ် အစောပိုင်း တရုတ်နိုင်ငံက ဒီမိုကရေစီ လှုပ်ရှားမှုများကို အလေးထား နှိမ်နင်းခဲ့ပြီးနောက်ပိုင်း အမေရိကန် အစိုးရ ထိပ်ပိုင်း တာဝန်ရှိသူ တစ်ဦး၏ အပြင်းထန်ဆုံး ဝေဖန်မှုဖြစ်သော အထက်ပါ မှတ်ချက်များကို နှစ်နိုင်ငံ နှစ်စဉ်ပြုလုပ်နေကျ ဆွေးနွေးပွဲများတွင် ဘီဂျင်းထိပ်တန်း တာဝန်ရှိသူ များနှင့် တွေ့ဆုံရန် ဝန်ကြီး ကလင်တန်က ပြောကြားခဲ့သည်။ “ပြဿနာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အနောက်အာရှနိုင်ငံတွေ၊ မြောက်အာဖရိက နိုင်ငံတွေနဲ့ တန်းတူထားပြီး တရုတ်နိုင်ငံကို မည်သူကပဲ ဝေဖန်သည်ဖြစ်စေ၊ ဒါဟာ မလျော်ကန်တဲ့ လုပ်ရပ်ပါ။” ဟု ကလင်တန်၏ မှတ်ချက်ကို တိုက်ရိုက် တုန့်ပြန်သည့် အနေဖြင့် ထုတ်ပြန်သော ကြေညာချက်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ယုက ပြောကြားသည်။

“အရှေ့အလယ်ပိုင်းက ဒီမိုကရေစီ ပြဿနာကို တရုတ်နိုင်ငံဆီ ဦးတည်အောင် ကြိုးပမ်းတာတွေ၊ တရုတ်ပြည်သူတွေ လွတ်လပ်စွာ ရွေးချယ် ထားတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ပြောင်းလဲဖို့ ကြိုးစားတာတွေဟာ အရာမရောက်တဲ့ အချည်းနှီး လုပ်ရပ်တွေပါ” ဟု သူမက ဆက်လက် ပြောကြားသည်။

အတ္တလန်တစ် မဂ္ဂဇင်းနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် မစ္စစ်ကလင်တန်က တရုတ် တာဝန်ရှိသူများအား “သူတို့စိုးရိမ်နေကြပါပြီ။ သမိုင်းရေစီးကို ရပ်တန့်ပစ်ဖို့ ကြိုးစားနေတာဟာ ရူးနမ်းတဲ့ လုပ်ရပ်ပါ။ သူတို့ လုပ်နိုင်မှာ မဟုတ်ပေမယ့် တတ်နိုင်သလောက် အချိန်ကို ဆွဲဆန့်ထားကြ ဦးမှာပေါ့” ဟု ဝေဖန် သုံးသပ်ခဲ့သည်။

 **************************************************************************************

အငြင်းပွား ကျွန်းပေါ်မှ ရွေးကောက်ပွဲ အပေါ် တရုတ်က မှတ်ချက်ပေးခြင်းကို ဟနွိုင်းက တင်းမာစွာ တုန့်ပြန်

(AFP သတင်းမှ 12th May 2011 ရက်စွဲပါ “Hanoi rebuffs china comments on island vote” သတင်းကို ဘာသာပြန်ဆိုသည်။)

ဗီယက်နမ် နိုင်ငံက တောင်တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွား ကျွန်းစုများပေါ်တွင် ကျင်းပလျက်ရှိသော မဲပေးပွဲကို ဘီဂျင်းက ကန့်ကွက် ခဲ့ပြီးနောက် ဗီယက်နမ် အစိုးရက ကြာသပတေးနေ့တွင် “ဗီယက်နမ်၏ လွှတ်တော် ရွေးကောက်ပွဲများသည် ပြည်တွင်းရေး ကိစ္စသာဖြစ်သည်” ဟု ပြောကြားလိုက်သည်။

အဆိုပါ နှစ်နိုင်ငံသည် ပါရာဆဲလ် ကျွန်းစု တောင်ဖက် ပို၍ကျသော စပရက်လီ ကျွန်းစုများနှင့် ပတ်သက်၍ ကာလရှည်ကြာ အငြင်းပွားလျက် ရှိပြီး အဆိုပါ ကျွန်းစု နှစ်ခုစလုံးသည် စွမ်းအင်ရင်းမြစ် ကြွယ်ဝမည့် အလားအလာရှိသော ဒေသများဖြစ်သည့်အပြင် မဟာဗျူဟာမြောက် ပင်လယ်ရေ ကြောင်းလမ်းများကို ခွ၍ တည်ရှိနေသည်။ “စပရက်လီကျွန်းပေါ်မှာ ရွေးကောက်ပွဲတွေ ကျင်းပတာဟာ ဗီယက်နမ်ရဲ့ ပြည်တွင်းရေး ကိစ္စပါ။ ဒီလို လုပ်ခဲ့တဲ့ နှစ်ပေါင်းလည်း မနည်းတော့ပါဘူး” ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ငုယင်ဖြောင်ငါ့က သတင်းထောက်များအား ပြောကြား ခဲ့သည်။

ဗီယက်နမ်နိုင်ငံက ၎င်း၏ ကွန်မြူနစ်ပါတီ လွှမ်းမိုးသော အမျိုးသားလွှတ်တော် အတွက် ပြည်လုံးကျွတ် ရွေးကောက်ပွဲများကို မေ ၂၂ ရက်တွင် ကျင်းပမည် ဖြစ်သော်လည်း ထောက်ပံ့ ပို့ဆောင်ရေး အခက်အခဲများကြောင့် အထက်ပါ အငြင်းပွား ကျွန်းစုများကဲ့သို့သော ဝေးလံခက်ခဲ့သည့် ဒေသ များတွင် ရွေးကောက်ပွဲများကို အချိန်စော၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများသည် တရုတ်နိုင်ငံ၏ အချုပ်အချာ အာဏာပိုင်နက်ကို ချိုးဖောက်ခြင်း ဖြစ်သည်ဟု ဘီဂျင်းကအင်္ဂါနေ့တွင် ကန့်ကွက် ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ယူက “နန်ရှာ ကျွန်းစုတွေပေါ်မှာ ဘယ်နိုင်ငံကမဆို တစ်ဖက်သတ် ပြုလုပ်တဲ့ ဆောင်ရွက်ချက်တွေဟာ တရားမဝင်သလို၊ လက်ခံနိုင်စရာလည်း မရှိပါဘူး” ဟု ပြောကြားခဲ့ကြောင်းကို နိုင်ငံပိုင် Xinhua သတင်းဌာနက ထုတ်ပြန် ကြေညာရာတွင် စပရက်လီကျွန်းစုများကို တရုတ်လို ခေါ်သည့် နာမည်ကို အသုံးပြုခဲ့သည်။

စပရက်လီကျွန်းများ အားလုံး (သို့) တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှားနှင့် ထိုင်ဝမ်နိုင်ငံများကလည်း အခိုင်အမာ စောဒက တက်လျက်ရှိကြပြီး တရုတ်နိုင်ငံက အတူတူခြင်း အီးတစ်မူး ပိုရှူရန် ပိုမို ကြိုးစားလာခြင်းကြောင့် အမေရိကန် ပြည်ထောင်စု အပါ အဝင် သက်ဆိုင်ရာ နိုင်ငံများနှင့် တင်းမာမှုများ ကြီးထွားလျက် ရှိသည်။

*************************************************************************************************

ထိုင်းအစိုးရက တရားမဝင် လုပ်သားများကို မနှိမ်နင်းခင် နောက်ဆုံးအကြိမ် မှတ်ပုံတင်ရန် အခွင့်အရေးပေး

(Bangkok Post မှ 14th May 2011 ရက်စွဲပါ “Govt gives illegals last chance to register before crackdown” သတင်းကို ဘာသာပြန်ဆိုသည်။)

ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့မှ တရားမဝင် အလုပ်သမားများအား ထိုင်းအစိုးရထံ သတင်းပို့ရန် နောက်ဆုံးအကြိမ် အခွင့်အရေး ပေးမည် ဖြစ်ပြီး၊ အကယ်၍ ခွင့်ပြုချက် မရှိပဲ ဆက်၍ အလုပ်လုပ်ပါက ပြင်းထန်သော နှိမ်နင်းမှုနှင့် ရင်ဆိုင်ကြရမည်ဟု သိရှိရသည်။

အထက်ပါ ၃ နိုင်ငံမှ ခန့်မှန်းခြေ အလုပ်သမား ၂ သန်းခန့်မှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့ကြခြင်းဖြစ်၍ တင်းတင်းကြပ်ကြပ် စောင့်ကြည့် စစ်ဆေးခြင်း ခံရလိမ့်မည်ဟု အလုပ်သမား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဆုမ်ကစ် ချာယာဆရီဝန်က ပြောကြားခဲ့သည်။

ယင်း အလုပ်သမားများ အနေဖြင့် ထိုင်းနိုင်ငံတွင် တစ်နှစ် နေထိုင်ခွင့် ရရှိရေးအတွက် အလုပ်အကိုင်ဌာန ရုံးခွဲများတွင် ဇွန်လ ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ မှတ်ပုံတင် စာရင်းသွင်းကြရန် အသိပေး ကြေညာထာားပြီး အလုပ်သမားများ နှင့်အတူ လိုက်ပါလာကြသော ၁၅နှစ်အောက် ကလေး များမှာလည်း ၎င်းတို့နှင့်အတူ နေထိုင်ခွင့် ရရှိမည်ဟု ဆိုသည်။

တရားမဝင် အလုပ်သမားများ မှတ်ပုံတင်ရေးကိစ္စမှာ အသစ်အဆန်း မဟုတ်ပါ။ အိမ်နီးချင်း တိုင်းပြည်များမှ အလုပ်သမားများ၏ အဆင့် အတန်း တရားဝင် ဖြစ်စေရန် ထိုင်းအစိုးရက ယခင်ကပင် ကြိုးစားခဲ့သော်လည်း အလုပ်သမား အများစုမှာ အလုပ်လုပ်ခွင့် ပါမစ်အတွက် မှတ်ပုံတင်ရန် ပျက်ကွက်ခဲ့ကြသည်။ တရားမဝင် လုပ်သားများကို တင်းတင်းကြပ်ကြပ် စောင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်ရန် ဧပြီလ ၂၆ ရက်တွင် ထိုင်းအစိုးရ ကက်ဘိနက်က သဘောတူညီခဲ့ပြီးနောက် ယခုကဲ့သို့  နောက်ဆုံးအကြိမ် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်သည်။

ယခု အစီအစဉ်ကို “ပြတင်းပေါက်များ ပိတ်၍ တံခါးဖွင့်ခြင်း” ဟု တင်းစားလိုက်သည့် အလုပ်သမားရေးရာ အတွင်းဝန် မစ္စတာ ဆုံချိတ်က “တရားမဝင် လုပ်ဆောင်မှုများကို တားမြစ် ပိတ်ပင်ကာ ထိုင်းနိုင်ငံတွင် ပြည်ပလုပ်သားများ တရားဝင် အလုပ်လုပ်နိုင်မည့် အခွင့်အလမ်းကို ပေးအပ် မည်” ဟု ဆိုသည်။

ထိုင်းနိုင်ငံသို့ တရားဝင် လာရောက်သူများနှင့် မှတ်ပုံတင်ထားသော လုပ်သားများကို အဆင်ပြေ ချောမွေ့အောင် ထိုင်းအာဏာပိုင်များက ဆောင်ရွက်ပေးနေသော်လည်း ဥပဒေများကို လိုက်နာရန် ပျက်ကွက်ပါက ဒဏ်ငွေ ချမှတ်ခြင်း၊ အကျဉ်းချခြင်း၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်စေခြင်း အပါအဝင် အရေးယူမှုများကို ရင်ဆိုင်ရလိမ့်မည်ဟု ဆိုသည်။ အချို့အလုပ်သမားများ အနေဖြင့် မှတ်ပုံတင်ရန် ဆန္ဒရှိသော်လည်း သတ်မှတ်ရက်အမှီ ပြီးစီးအောင် မလုပ်ဆောင်နိုင်ပါက နောက်ထပ် ရက် ၃၀ တိုးပေးရန် တောင်းဆိုနိုင်ကြောင်းနှင့် အဆိုပါ အုပ်စုတွင် ပါဝင်သူများမှာ ငါးဖမ်း စက်လှေများ ပေါ်တွင် လုပ်ကိုင်နေခြင်းကြောင့် ဇွန်၊ ဇူလိုင် သတ်မှတ်ကာလ အတွင်း သတင်းမပို့နိုင်သူများ ဖြစ်သည်ဟု အတွင်းဝန် မစ္စတာ ဆုမ်ချတ်က ပြောကြားသည်။

အလုပ်သမားတစ်ဦးတိုင်း မှတ်ပုံတင်ရန်အတွက် စုစုပေါင်း ၃၈၈၀ ဘတ် ပေးသွင်းရမည် ဖြစ်ပြီး၊ ကျန်းမာရေး စစ်ဆေးမှုအတွက် ဘတ် ၆၀၀ ကျန်းမာရေး အာမခံအတွက် ဘတ် ၁၃၀၀၊ အလုပ်လုပ်ခွင့် ပါမစ်အတွက် ဘတ် ၁၉၀၀ နှင့် မှတ်ပုံတင်ကြေး ဘတ် ၈၀ အသီးသီး သတ်မှတ်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

 ****************************************************************************************************

နယ်စပ်ပြဿနာကို မလေးရှား နားမလည်ဟု ထိုင်းဝန်ကြီးချုပ်ပြော

(Bangkok Post မှ “PM: Malaysia doesn’t understand the border conflict” သတင်းကို ဘာသာပြန်ဆိုသည်။)

မလေးရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး Richard Riol Jaem သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ် အနေအထားကို နားလည် သဘော ပေါက်ခြင်း မရှိကြောင်းနှင့် ၎င်း၏ ဝေဖန်မှုသည် မှားယွင်းနေကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဗဲ့ဂျာဂျီဗားက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

ရှေးဟောင်း ပရာမီဟာ ဘုရားကျောင်းအနီး နယ်စပ်တလျှောက်မှ ထိုင်းနှင့် ကမ္ဘောဒီးယား တပ်ဖွဲ့များ အကြား ပဋိပက္ခ ထပ်မံ ဖြစ်ပွားခြင်း အတွက် Mr. Riot က ဘန်ကောက် အစိုးရကို အပြစ်တင်ခဲ့ပြီး နယ်မြေ အေးချမ်းရေး သဘောတူညီချက်ကို ထိုင်းနိုင်ငံက လိုက်နာခြင်း မရှိဟု ပြောဆို ခဲ့သည်။

“မလေးရှား ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးက ကျွန်တော်တို့ နယ်စပ် အနေအထားကို နားမလည်နိုင်ပါဘူး။ မေလ ၉ ရက်နေ့ ညပိုင်းမှာ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ၃ နိုင်ငံ အစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စက ပြေလည်သွားပါပြီ” ဟု အဘီဆစ်က ဆိုသည်။ ထိုင်းဝန်ကြီးချုပ်က ဆက်လက်၍ “ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရှိမြ ဒီနေ့ည ပြန်လာပါလိမ့်မယ်။ ဒီအစည်းအဝေးရဲ့ ရလာဒ်တွေကို လာမယ့်အပတ် ကက်ဘိနက် အစည်းအဝေးမှာ အစီရင်ခံမှာပါ။ ထိုင်းနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ အရင်အတိုင်းပါပဲ။ အငြင်းပွားနယ်စပ်ကနေ ကမ္ဘောဒီးယားတပ်တွေ ပြန်မဆုတ်ဘူးဆိုရင် အင်ဒိုနီးရှား အကဲခတ် စောင့်ကြည့်သူတွေကို လွှတ်လို့ မရပါဘူး” ဟု ပြောကြားသည်။

ထိုအတောအတွင်း ထိုင်းတပ်မတော်က အကောက်ခွန် ဌာနအား လောင်စာဆီနှင့် မဟာဗျူဟာ ထွက်ကုန်များ ကမ္ဘောဒီးယားသို့ တင်ပို့ခြင်းကို ရပ်ဆိုင်းထားရမည် ဖြစ်ကြောင်း ကမ္ဘောဒီးယား စစ်တပ်က နယ်စပ်မှ ထိုင်းတပ်ဖွဲ့များကို တိုက်ခိုက်နေသည့် ၎င်းတို့ တပ်ဖွဲ့များအား ထောက်ပံ့ရန် အသုံးပြုနိုင်သောကြောင့် ဖြစ်ကြောင်း ညွှန်ကြားတောင်းဆိုထားသည်။ ထိုအစီအစဉ်ကို နယ်စပ် အနေအထား ပုံမှန်ပြန်ဖြစ်သည်အထိ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုအမိန့်ကို Surin’s Cap Choeng ခရိုင် အတွင်းမှ ချောင်ချွမ် လူဝင်မှု စစ်ဆေးရေးဂိတ်ရှိ အကောက်ခွန်ရုံးသို့ ပေးပို့ထားခြင်း ဖြစ်သည်။ ထိုင်းတပ်ဖွဲ့များကို ရင်ဆိုင်နေသည့် ကမ္ဘောဒီးယား စစ်တပ်က အသုံးပြုနိုင်သောာ လောင်စာဆီ၊ သဘာဝဓာတ်ငွေ့နှင့် အခြား ထွက်ကုန်များ တင်ပို့ ရောင်းချခြင်းကို ဟန့်တားရာတွင် ကုန်သည်များ ပူးပေါင်း ပါဝင်မှုရှိအောင် တောင်းဆိုရန် အကောက်ခွန်ရုံးကို ညွှန်ကြားထားသည်ဟု သိရှိရသည်။

ယနေ့ မနက်ခင်း ချောင်ချွမ် စစ်ဆေးရေးဂိတ်အနီးမှ လတ်ဆတ်သော စားသောက်ကုန်များ ရောင်းသည့် ထိုင်းဈေးသို့ စားနပ်ရိက္ခာ ဝယ်ယူရန် နယ်စပ်ဖြတ်ကူး ဝင်ရောက်လာသည့် ကမ္ဘောဒီးယား ဒေသခံ အရေအတွက် ပုံမှန်ထက် လျော့သွားသည်ဟု ဆိုသည်။ ဆူရင်နှင့် ဘူရီယမ် ခရိုင်တွင် နယ်စပ် တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ပိတ်ထားခဲ့သော အဆိုပါ ဈေးကို ပြန်ဖွင့်သည်မှာ မကြာသေးပေ။ ယခုအခါ နယ်စပ်ကို ဖြတ်၍ ကမ္ဘောဒီးယားဖက်သို့ သွားသော ထိုင်းခရီးသွား အရေအတွက် အတော်အသင့် များပြားလာပြီး အများစုမှာ သိပ်မဝေးလှသော “ကာစီနို” သို့ သွားကြ ခြင်း ဖြစ်သည်။ နယ်စပ် ဂိတ်အနီးရှိ အခြားဈေးမှ ဆိုင်အများစု ပြန်လည် ဖွင့်လှစ်ပြီ ဖြစ်သော်လည်း ထိုင်းနှင့် ကမ္ဘောဒီးယား ဈေးဝယ်သူ အရေအတွက်မှာ ယခင်ကကဲ့သို့ မများလှသေးပေ။

 ********************************************************************************************

အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အလားအလာရှိဟု ကုလကိုယ်စားလှယ်ကို မြန်မာပြော

(Monsters and Critics မှ 15th May 2011 ရက်စွဲပါ “Myanmar tells UN envoy amnesty for prisoners likely” သတင်းကို ဘာသာပြန်ဆိုသည်။)

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ၏ ယခင်အပတ်က တရားဝင် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာအာဏာပိုင်များက အကျဉ်း သားများကို အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အလားအလာရှိကြောင်း ပြောကြားခဲ့သည်ဟု တနင်္ဂနွေနေ့ သတင်းတစ်ရပ်က ဆိုသည်။

မစ္စတာ နမ်ဘီယာသည် ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ သွားရောက်ခဲ့သော ခရီးစဉ်အတွင်း အစိုးရသစ် အဖွဲ့ဝင်များနှင့်လည်းကောင်း၊ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။ မစ္စတာ နမ်ဘီယာ အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခွင့် မရခဲ့သော်လည်း အစိုးရ အကြံပေး ကော်မတီက ၎င်းအား မြန်မာနိုင်ငံအား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စိတ်ရှည်သည်းခံရန် ရှင်းလင်း ပြောကြား ခဲ့သည်ဟု အစည်းအဝေး တရားဝင်မှတ်တမ်းကို ကိုးကား၍ ပြည်တွင်းမြန်မာတိုင်း မီဒီယာက သတင်းဖော်ပြသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ် ရွေးကောက်ပွဲများကို နိုဝင်ဘာလက ကျင်းပခဲ့ပြီး ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် ဦးဆောင် သည့် ပြည်ခိုင်ဖြိုးပါတီကို အာဏာရရှိစေခဲ့သည်။ မြန်မာ အစိုးရ အဖွဲ့သစ်အား နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အတွက် စစ်မှန်သော တာဝန်ယူမှု ကို ထုတ်ဖော် ပြသလာသည်အထိ ဆက်လက် “ရှောင်ဖယ်” ထားကြရန် လူ့အခွင့်အရေး အုပ်စုများနှင့် ဒီမိုကရေစီ လှုပ်ရှားသူများက နိုင်ငံတကာ အသိုင်း အဝိုင်းကို တိုက်တွန်းလျက် ရှိသည်။ Human Rights Watch အုပ်စုက မြန်မာ အစိုးရအား နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် တောင်းဆိုထားသည်။

အကြံပေး အဖွဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်က မစ္စတာနမ်ဘီယာအား “သမ္မတ ဦးသိန်းစိန် အနေဖြင့် သင့်တော်သည်ဟု ယူဆသော အချိန်တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာရန် အလားအလာရှိကြောင်း” ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ ရှိသည် ဆို သည်ကို ဝန်ခံရန် ငြင်းဆိုခဲ့သည်ဟု မြန်မာတိုင်း ဂျာနယ်က ဆိုသည်။

အခြား ကြံပေး အဖွဲ့ဝင်များကလည်း “မြန်မာနိုင်ငံကို တပ်မတော်က နှစ်ပေါင်း ၅၀ ခန့် အုပ်ချုပ်ခဲ့ခြင်းကြောင့် ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ် ကို အချိန်ယူရမည် ဖြစ်ကြောင်း” အလေးထား ပြောကြားခဲ့ကြသည်ဟု သိရှိရသည်။ “သမ္မတကြီးက Good Governance နဲ့ clean government ဆိုတဲ့ စကားလုံးတွေကို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ အတွင်း ကျွန်တော်တို့ တစ်ခါမှ မကြားဘူးတဲ့ ပြောဆိုမှုပါ” ဟု နိုင်ငံရေးရာ အကြံ ပေး ကော်မတီဝင် ဦးနေဇင်လတ်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ပြောကြားခဲ့သည်။

ကြာသပတေးနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် မစ္စတာနမ်ဘီယာက သူ၏ ခရီးစဉ်သည် အားတက်စရာကောင်းကြောင်း သုံးသပ် ပြောဆိုခဲ့သော်လည်း မြန်မာ အစိုးရ၏ တုန့်ပြန် ဆောင်ရွက်မှုများပေါ်တွင် အရာရာ မူတည်နေသည်ဟု သတိပေး ပြောကြားသည်။ လွန်ခဲ့သော ၂၁ နှစ်အတွင်း ၁၅နှစ်ခန့် အကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့က လွတ်မြောက်လာခဲ့သော ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ နမ်ဘီယာတို့၏ ယခု တွေ့ဆုံမှုသည် ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခြင်း ဖြစ်သည်။

ကုလအထူး ကိုယ်စားလှယ်သည် ယခု ခရီးစဉ် မတိုင်မှီ လွန်ခဲ့သော ၅ လခန့်က နိုဝင်ဘာ ရွေးကောက်ပွဲများ အပြီးတွင် မြန်မာနိုင်ငံသို့ နောက်ဆုံး တစ်ကြိမ် လာရောက်ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီ မပါဝင်နိုင်အောင် ဖယ်ထုတ် ထားခဲ့ခြင်းကြောင့် အနောက် ဒီမိုကရေစီ နိုင်ငံများက ဝိုင်းဝန်း ဝေဖန် ပြစ်တင်ခဲ့ကြသည်။

၁၉၆၂ ကစ၍ တပ်မတော်က အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့သော်လည်း အနိုင်ရရှိသော NLD ပါတီကို တပ်မတော် အစိုးရက အာဏာ လွှဲပြောင်းမပေးဘဲ ပိတ်ပင် ဟန့်တားခဲ့သည်။ ပြီးခဲ့သော ရွေးကောက်ပွဲတွင်မူ ပါဝင် ယှဉ်ပြိုင်မည် ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် ဖိအားပေး အကျပ်ကိုင်သည့် စည်းမျဉ်း စည်းကမ်းများက တပ်မတော် အစိုးရက ထုတ်ပြန်ခဲ့ခြင်းကြောင့် NLD ပါတီက ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

************************************************************************************************

လူသားချင်း စာနာရေး ပြဿနာ ဖြေရှင်းရန် မြန်မာနိုင်ငံ အရှေ့ပိုင်း အတွက် ကူညီလှုပ်ရှားကြရန် CSW တောင်းဆို

(Asian Tribune မှ 13th May 2011 ရက်စွဲပါ “CSW calls for aid and action for eastern Burma to adress growing huminitarian Crisis” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

ကရင်ပြည်နယ်တွင် စားနပ်ရိက္ခာ ပြတ်လပ်ခြင်းနှင့် ရှမ်းပြည်နယ်တွင် အရပ်သားများကို တိုက်ခိုက်ခြင်းတို့ ဆက်လက် ဖြစ်ပွားနေသော မြန်မာ နိုင်ငံ အရှေ့ပိုင်းမှ လူသားချင်း စာနာမှုဆိုင်ရာ ပြဿနာများ အဆုံးသတ်အောင် နိုင်ငံတကာက ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ကြရန် Christian Solidarity Worldwide (CSW) အုပ်စုက တောင်းဆိုလိုက်သည်။

ကုသမဂ္ဂ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ မြန်မာနိုင်ငံသို့ ယခု သီတင်းပတ် သွားရောက်လျက် ရှိခြင်း ကြောင့် ၎င်းအား မြန်မာအစိုးရနှင့် ဆွေးနွေးရာတွင် ထိုပြဿနာကို တိုက်ရိုက် ဖြေရှင်းရန် CSW က တောင်းဆို တိုက်တွန်းထားသည်။ ထို့အပြင် ဘေးသင့်နေသော တောင်တန်းပြည်သူ များအား အရေးပေါ် ကူညီထောက်ပံ့မှု ပြုလုပ်ရန်နှင့် ထိုင်းမြန်မာနယ်စပ်မှ ဒုက္ခသည်စခန်းများ အတွက် ရန်ပုံငွေ တိုးမြှင့်ပေးရန် နိုင်ငံတကာ အသိုင်း အဝိုင်းကို CSW က တောင်းဆိုထားသည်။

ကရင် လူ့အခွင့်အရေးအုပ်စု KHRG ၏ အဆိုအရ ကရင်ပြည်နယ်မြောက်ပိုင်း ကျေးရွာ ၁၁၈ ရွာမှ အနည်းဆုံး ရွာသား ၈၈၈၅ ဦးခန့်မှာ စားနပ် ရိက္ခာ ယာယီပြတ်လပ်မှုနှင့် ရင်ဆိုငနေရသည်ဟု သိရှိရသည်။ ယခုနှစ် အောက်တိုဘာလ ကောက်ရိတ်သိမ်းမှု မတိုင်မှီ စားနပ်ရိက္ခာ ပြတ်လပ်သွားမည် ကို စိုးရိမ်နေကြောင်း ရွာသားများက ပန်ကြား ပြောဆိုထားသည်။ ငွေကြေး ရန်ပုံငွေ ရင်းမြစ်များကို ကန့်သတ်ထားမှုကြောင့် ဒေသခံ လူသားခြင်း စာနာ သော အဖွဲ့အစည်းများ အနေဖြင့် အရေးပေါ် အကူအညီ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိကြဟု ဆိုသည်။

မပြီးပြတ်နိုင်သော လူသားခြင်း စာနာရေး ပြဿနာများမှာ မြန်မာ့ တပ်မတော်က ရွာသားများကို လတ်တလော တိုက်ခိုက်ခဲ့ခြင်း၏ ရလာဒ် ဖြစ်ပြီး ဗူးလေးရာ ဖရုံဆင့်သည့် လတ်တလော မိုးခေါင်မှုကြောင့် နေစရာမရှိခြင်းနှင့် စားစရာ ပြတ်လပ်မှုများ ဖြစ်ပွားလျက် ရှိသည်။ ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် လူသော်မြို့နယ်မှ အရပ်သား ထောင်ပေါင်းများစွာသည် တိုက်ပွဲများကို ရှောင်ရှား ပုန်းအောင်းနေကြရပြီး၊ အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။

ရှမ်းပြည်နယ်တွင်လည်း မြန်မာ့တပ်မတော်က ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N ကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကြောင့် ဒေသခံ အရပ်သား ၃၀၀၀ ကျော်ခန့်မှာ နေအိမ်များမှ စွန့်ခွာထွက်ပြေးကာ တောထဲ၌ ပုန်းအောင်း နေထိုင်နေကြရသည်။ မြန်မာအစိုးရ တပ်ဖွဲ့များ၏ လက်ရှိ ထိုးစစ် ကြောင့် SSA-N နှင့် ၂၂ နှစ်ကြာ အပတ်အခတ် ရပ်စဲထားမှု ပျက်ပြားသွားခဲ့ပြီ ဖြစ်သည်။

CSW ၏ အရှေ့အာရှဆိုင်ရာ အဖွဲ့ခေါင်းဆောင် Benedict Rogers က “မြန်မာနိုင်ငံ အရှေ့ပိုင်းက အရပ်သား ပြည်သူတွေ အပေါ် မြန်မာ အစိုးရရဲ့ ထိုးစစ်ဆင်မှုဟာ လူသားထုအပေါ် ရာဇဝတ် ကျူးလွန်မှုနဲ့ ငြိစွန်းနေတဲ့အပြင် အလွန် ကြီးမားတဲ့ လူသားခြင်း စာနာရေး ပြဿနာကို ဖြစ်ပွား စေပါတယ်” ဟု ပြောကြားသည်။ “ထောင်ပေါင်းများစွာသော ပြည်သူတွေ နေစရာမရှိအောင် ထွက်ပြေး ပုန်းအောင်းနေရတာ၊ စားစရာနဲ့ ဆေးကုစရာ မရှိတာ၊ တပ်မတော်က ဆက်လက် ပစ်ခတ်၊ ညှဉ်းပန်း၊ ပေါ်တာဆွဲ၊ နှိပ်စက်၊ မုဒိန်းကျင့်၊ သတ်ဖြတ်နေတာတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက အရေး ယူ ဆောင်ရွက်ဖို့ အချိန်တန်နေပါပြီ။ ဒါ့ကြောင့် လူသားခြင်း စာနာတဲ့ အရေးပေါ် အကူအညီတွေ ဖြည့်ဆည်းပေးဖို့နဲ့ ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည် အတွက် များစွာလိုအပ်နေတဲ့ အထောက်အပံ့တွေ ဆက်လက် ဖြည့်ဆည်းပေးဖို့ ဗြိတိန်နိုင်ငံ၊ ဥရောပသမဂ္ဂနဲ့ အခြားအဓိက အလှူရှင်နိုင်ငံတွေ အားလုံးကို ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟု Benedict Rogers က ရှင်းလင်း ပြောကြားသည်။

“အခု သီတင်းပတ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အနေနဲ့ မြန်မာ အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့အခါ ဒီအနေ အထားတွေကို ထုတ်ဖော် တင်ပြဖို့နဲ့ မြန်မာအစိုးရက တိုက်ခိုက်မှု ရပ်ဆိုင်းပြီး အပစ်အခတ် ရပ်စဲကြောင်း ကြေညာအောင် တိုက်တွန်းဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ကုလသမဂ္ဂ အနေနဲ့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ အကြံပြုချက်ကို အကောင်အထည် ဖော်ဖို့၊ မြန်မာနိုင်ငံက လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးနိုင်အောင် စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းဖို့ ကျွန်တော်တို့ တိုက်တွန်းပါ တယ်။ မြန်မာ အစိုးရက ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ကျူးလွန်ရင်း၊ သူ့ရဲ့ ပြည်သူတွေအပေါ် ဆိုးဝါးတဲ့ ဒုက္ခ သုက္ခတွေ ဆက်ပေး ရင်း၊ နိုင်ငံတကာ ဥပဒေကို ဆက်လက် ချိုးဖောက်နေရင်းနဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲနပါပြီလို့ ခပ်ပြောင်ပြောင် ပြောဆိုနေတာကို တစ်ကမ္ဘာလုံးက မဆိုင်သလို ရပ်ကြည့် မနေနိုင်တော့ပါဘူး” ဟု CSW ၏ အရှေ့အာရှ အဖွဲ့ခေါင်းဆောင် Benedict Rogers က ဆက်လက် ပြောဆိုခဲ့သည်။

***********************************************************************************************

မြန်မာ၏ ဒီမိုကရေစီ ရည်မှန်းချက်များအပေါ် မေးခွန်းထုတ်စရာများရှိ

(Radio Australia News မှ “Questions over Burma’s democratic intentions” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် လွန်ခဲ့သော ရက်ပေါင်း ၁၀၀ ခန့်က ပါလီမန်လွှတ်တော်သစ်ကို စတင်ခေါ်ယူ စည်းဝေးခဲ့သည်ဟု ဆိုသော်လည်း ဒီမို ကရေစီ နှင့် နီးစပ်ခြင်း မရှိသေးပါဟု အာဆီယံ နိုင်ငံများ၏ လွှတ်တော်များအကြား ပူးပေါင်း ဆောင်ရွက်မှု ဦးစီးကော်မတီ ဥက္ကဌက ပြောကြားလိုက်သည်။

မြန်မာနိုင်ငံက နှစ်ပေါင်း နှစ်ဆယ်အတွင်း ၎င်း၏ ပထမဆုံး အထွေထွေ ရွေးကောက်ပွဲများကို ပြီးခဲ့သော နိုဝင်ဘာလက ကျင်းပခဲ့ပြီး ၁၉၆၂ ခုနှစ်က စ၍ အုပ်ချုပ်လာခဲ့သော တပ်မတော် အစိုးရကို မတ်လအတွင်း၌ တရားဝင် ဖျက်သိမ်းလိုက်ပြီ ဖြစ်သည်။ သို့သော်လည်း အာဆီယံ လွှတ်တော် များ အကြား ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ ဥက္ကဌ အီဗာ ဆန်ဒါရီက Connect Asia သို့ ပြောကြားရာ၌ “အကယ်၍ မြန်မာနိုင်ငံက ဒီမိုကရေစီ စနစ်သို့ ဦးတည် ဆောင်ရွက်နေခြင်းကို သက်သေ မပြပါက မြန်မာနိုင်ငံကို ၂၀၁၄ အတွက် အာဆီယံ ဥက္ကဌ တာဝန်ယူခွင့်ပြုခြင်းသည် အာဆီယံ အဖွဲ့ အစည်း၏ နိုင်ငံတကာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သည်” ဟု ထည့်သွင်း ပြောဆိုသွားခဲ့သည်။

“တကယ်လို့ အငြင်းပွားစရာ ပုဂ္ဂိုလ်တွေက အာဆီယံကို ဦးဆောင်မယ်ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းက အာဆီယံနဲ့ ပူး ပေါင်း ဆောင်ရွက်ရေးကို ငြင်းပယ်ကြလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။ “ဒါဟာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ တာဝန်ယူချင်တဲ့ ကိစ္စကို ထောက်ခံဖို့နဲ့ ပတ်သက်ပြီး ကျွန်မတို့ အရေးတကြီး ဆွေးနွေးနေရတဲ့ အကြောင်းရင်းပါပဲ” ဟု သူမက ဆက်လက် ပြောဆိုသည်။

အင်ဒိုနီးရှား လွှတ်တော် အမတ် တစ်ဦးဖြစ်သူ မစ္စ ဆန်ဒါရီက ဆက်လက်၍ “အာဆီယံ အဖွဲ့ဝင်တွေက မြန်မာနိုင်ငံကို ပြစ်တင် ဝေဖန်ဖို့ တုန့်နှေးနေ ရတဲ့ အကြောင်းကတော့ မြန်မာနိုင်ငံဟာ ဒေသတွင်း စွမ်းအင် ဖြည့်ဆည်းရေးမှာ အရေးကြီးတဲ့ ကဏ္ဍက ရပ်တည်နေလို့ ဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို ဆက်ပြီး ပုံသွင်းနေတုန်းပါပဲ။ လွှတ်တော်ကို တပ်မတော်ကသာ လွှမ်းမိုးထားပါတယ်။ လွှတ်တော် ကိုယ်စားလှယ် နေရာ ၈၀ ရာခိုင်နှုန်းဟာ တပ်မတော်နဲ့ ဆက်နွယ်နေတယ်လို့ လတ်တလော တွက်ချက် စစ်ဆေးမှုအရ သိရှိရပါတယ်။” “ဒီလကစပြီး ၂၀၁၄ ဥက္ကဌ နေရာကို စဉ်းစားဖို့ အစည်းအဝေး ထိုင်ကြမယ့် အောက်တိုဘာလ အကြားမှာ ဒီမိုကရေစီကို ဦးတည်တဲ့ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ အနေနဲ့ ပြသဖို့ လိုအပ်ပါတယ်။ ရည်ရွယ်ချက်ကောင်း၊ စေတနာကောင်းတွေကို သူတို့ ပြသနိုင်ရဲ့လား ဆိုတာကို အောက်တိုဘာလအထိ ကျွန်မတို့ စောင့်ကြည့်ကြမယ်။ တကယ်လို့ သက်သေပြနိုင်တယ် ဆိုရင်တော့ ကျွန်မတို့ သဘောတူနိုင်မှာပါ။” “ဒါပေမယ့်လည်း ဘယ်လို သက်သေမှ သူတို့ မပြနိုင်ခဲ့ဘူးဆိုရင်တော့ ဒီအကြံဥာဏ်ကို ကျွန်မတို့ ကန့်ကွက်ရပါလိမ့်မယ်။ ဒီကိစ္စဟာ အာဆီယံအတွက် ကောင်းကျိုး လုံးဝ မရှိနိုင်ပါဘူး” ဟု သုံးသပ် ပြောကြားခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment