Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

 

၁၈.၅.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာ့ နိုင်ငံရေး အခြေအနေ တိုးတက်ရန်လို

(The Nation သတင်းမှ 15th May 2011 ရက်စွဲပါ “Political situation in Burma needs to improve” သတင်းကို ဘာသာပြန်ဆိုသည်။)

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကာဆစ်ပီရိုမြ နှင့် သြစတြေးလျား နိုင်ငံခြားရေး ဝန်ကြီး ကီဗင်ဝုဒ်တို့ ယမန်နေ့က ဆွေးနွေးကြသော ကိစ္စရပ် အကြောင်းအရာများထဲတွင် မြန်မာနိုင်ငံ၏ ၂၀၁၄ အာဆီယံ ဥက္ကဌ အလားအလာနှင့် မြန်မာနိုင်ငံ အရှေ့ပိုင်းမှ နေစရာ မရှိသော ပြည်သူ သိန်းဂဏန်း အပေါ် လူသားခြင်း စာနာသော စိုးရိမ် ပူပန်မှု ကိစ္စများ ပါဝင်သည်။

ကာဆစ် ပီရိုမြနှင့် ကီဗင်ဝုဒ်တို့ နှစ်ဦးသည် ဘန်ကောက် သြစတြေးလျား သံရုံး၌ နေ့လည်စာ စားပြီးနောက် သတင်းထောက်များကို စကား ပြောဆိုခဲ့သည်။ ယခင်က သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ဖြစ်ခဲ့သူ ယခု နိုင်ငံခြားရေး ဝန်ကြီးသည် ထိုင်းနိုင်ငံသို့ မနေ့က အစောပိုင်း လေကြောင်း ခရီးဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။

၂၀၁၄ တွင် အာဆီယံ ဥက္ကဌ တာဝန်ယူရန် မြန်မာနိုင်ငံက ကြိုးပမ်းနေခြင်းကို လုံးစေ့ပတ်စေ့ အပြန်ပြန် အလှန်လှန် စဉ်းစား သုံးသပ်ရန် အာဆီယံ၌ တာဝန်ရှိသည်ဟု ကာဆစ်က ဆိုသည်။ အာဆီယံ၏ ဂုဏ်သိက္ခာနှင့် လူရိုသေ၊ ရှင်ရိုသေ အနေအထား အပေါ် စဉ်းစားစရာ ဖြစ်လာလိမ့် မည်ဟု ၎င်းက ပြောကြားသည်။

အခြား ထည့်သွင်း စဉ်းစားရမည့် ကိစ္စများတွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် အလားအလာ၊ နိုင်ငံရေး လုပ်ငန်းစဉ် လစ်ဘရယ် ပြု လုပ်မှု၊ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှု စသည်တို့ ပါဝင်သည်ဟု ကာဆစ် ပီရိုမြက ဆက်လက် ပြောကြား သည်။ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဌ နေရာ တောင်းဆိုမှုကို ယခင် သီတင်းပတ် အာဆီယံ ထိပ်သီး ညီလာခံတွင် ဆွေးနွေးခဲ့ကြသော်လည်း ယခု နှစ်ကုန်ပိုင်း အထိ ဆုံးဖြတ်ချက် ချနိုင်မည် မဟုတ်ဟု မျှော်လင့်ရသည်။

“သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး ကီဗင်ဝုဒ်က “မြန်မာနိုင်ငံမှာ ဆက်တိုက် အရှိန်မပျက် တိုးတက်နေတာမျိုးကို သြစတြေးလျက မြင်တွေ့ချင် ပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် ထိန်းသိမ်းထားမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အလွန်အမင်း စိုးရိမ် ပူပန်နေပါတယ်” ဟု ပြောကြားခဲ့ သည်။

“ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်း ပြောင်းလဲ တိုးတက်မှုတွေကို အကဲခတ်ဖို့ အတွက် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေ ကြီး (အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး) မာတီနာတာလီဂါဝါ မြန်မာနိုင်ငံကို မကြာခင် သွားရောက်မယ် ဆိုတာ ကြားသိရလို့ ကျွန်တော်တို့ အလွန် ဝမ်းသာနေပါတယ်” ဟု ကီဗင်ဝုဒ်က ဆိုသည်။

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးက ထိုင်းကမ္ဘောဒီးယား နယ်စပ်မှ လတ်တလော ပဋိပက္ခများ အပေါ် မှတ်ချက်ပေးရန် ရှောင်လွှဲခဲ့ပြီး ထိုအခြေအနေသည် နိုင်ငံ နှစ်ခုကြားမှ ကိစ္စသာဖြစ်သည်ဟု ပြောဆိုလိုက်သည်။ သို့ရာတွင် ၎င်းက ဆက်လက်၍ ထိုင်း မြန်မာ နယ်စပ် အနေအထား ကိုမူ အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်းနှင့် ထိုင်းမြန်မာ နယ်စပ် ဒုက္ခသည် စခန်း ၉ ခုရှိ ဒုက္ခသည် ၁၄၀၀၀၀ ကို ကူညီရန် သြစတြေးလျက လတ်တလော နှစ်များအတွင်း ထောက်ပံ့ ပေးကမ်းမှုသည် အမေရိကန် ဒေါ်လာ ၁၀ သန်း နီးနီး ရှိနေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသည်။ သို့ရာ တွင် အရေအတွက် အလွန် များပြားသော လူများကို ကူညီထောက်ပံ့ရာ၌ စိမ်ခေါ်မှုများ ရှိနေသည်ဟု ကီဗင်ဝုဒ်က ဆိုသည်။ မြန်မာနိုင်ငံ အရှေ့ပိုင်းတွင် နေစရာမရှိ၍ လူမနေသော ဒေသကြီးဖြစ်အောင် စွန့်ခွာ ပြေးလာကြသော လူများမှာ အရေအတွက် ထောင်ပေါင်း ရာဂဏန်း ရှိသည်ဟု ၎င်းက ရေတွက်ပြသည်။

“မြန်မာနိုင်ငံက အငြင်းပွားဖွယ်ရာ စစ်အစိုးရ အပေါ်က Sanctions တွေကို ရုတ်သိမ်းပေးဖို့နဲ့ ပတ်သက်လို့ ကျွန်တော်ကတော့ ပွင့်လင်းတဲ့ စိတ်မျိုးရှိပါတယ်” ဟု ကီဗင်ဝုဒ်က ပြောကြားသော်လည်း “အရာရာဟာ လမ်းကြောင်းမှန်မှာ ရှိမနေဘူး ဆိုရင်တော့ Sanctions တွေ ရုတ်သိမ်းဖို့ ကျွန်တော် တို့ ဆုံးဖြတ်မှာ မဟုတ်ပါဘူး” ဟု သတိပေး ပြောဆိုသည်။

ထို့အပြင် အမေရိကန်နှင့် ရုရှားတို့ ပါဝင်လာမှုကြောင့် အချိန်တိုအတွင်း အားပြည့်လာတော့မည့် အရှေ့အာရှ ထိပ်သီး ညီလာခံ၏ ပြောင်း လဲမှုများကိုလည်း နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦးက ဆွေးနွေးခဲ့ကြသည်။ ထိုင်းနှင့် သြစတြေးလျအကြား ကုန်သွယ်ရေးသည် ယခုအခါ စုစုပေါင်း ဒေါ်လာ ဘီလျံ ၂၀ ကျော်သွားပြီ ဖြစ်၍ ၂၀၀၅ ခုနှစ် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီချက် FTD လက်မှတ် ရေးထိုးပြီး နောက်ပိုင်း နှစ်စဉ် ဂဏန်း ၂ လုံး ကြီးထွားလာခဲ့ကြောင်း ထုတ်ဖော် ပြောကြားသည့် ကီဗင်ဝုဒ်က “ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ သံတမန် ဆက်ဆံမှု နှစ်ပေါင်း ၆၀ အတွင်းမှာ ခိုင်ခိုင်မာမာ ကြီးထွားခဲ့ပါတယ်” ဟု ပြောဆိုခဲ့သည်။

***************************************************************************************

မြန်မာက ထောင်ပြစ်ဒဏ်ကို ကန့်သတ်ချက်ဖြင့် လျှော့သည့် အမိန့်ထုတ်

(17th May 2011 ရက်စွဲပါ Bangkok Post မှ Burma announces limited cut to jail terms ကို ဘာသာပြန်သည်။)

မြန်မာနိုင်ငံမှ စစ်တပ်နောက်ခံပြုသော အစိုးရသည် တနင်္လာနေ့က ကန့်သတ်မှုများ ပါဝင်သော လွတ်ငြိမ်း ချမ်းသာခွင့်ကို ကြေညာခဲ့ရာ လက်ရှိ အကျဉ်းသားများ အားလုံး ပြစ်ဒဏ်မှ တစ်နှစ်စီ လျော့ပေါ့ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ သတင်းသည် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုသူများအဖို့ စိတ်ပျက်ဖွယ် ဖြစ်လိမ့်မည် ဖြစ်သည်။ ယခုလ အစောပိုင်းက တာဝန်ရှိသူ တစ်ဦးက အကျဉ်းသား အချို့အား လွတ်ငြိမ်း ချမ်းသာ ခွင့်ပေးရန် စီစဉ်လျက် ရှိသည်ဟု ပြောခဲ့သည်။

“အကျဉ်းသားများသည် လူလူချင်း စာနမှု အရလည်းကောင်း၊ ၎င်းတို့၏ မိသားစုများ အပေါ် သနားညှာတာမှုအရ လည်းကောင်း လွတ်ငြိမ်း ချမ်းသာခွင့် ရကြမည်” ဟု ကျေညာချက်က ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၂၀၀ ကျော် ရှိသည်ဟု လူ့အခွင့်အရေး အုပ်စုဖြစ်သော Amnesty International ၏ အဆိုအရ သိရှိရသည်။ အများစုမှာ ဂဏန်းနှစ်လုံး ရှိသော ပြစ်ဒဏ်များ ချမှတ်ခြင်း ခံထားရသည်။ မြန်မာနိုင်ငံတွင် သေဒဏ် စီရင်ချက်ချလျက် ရှိနေသေးသော် လည်း၊ လက်တွေ့တွင် သေဒဏ် မပေးတော့သော နိုင်ငံတစ်ခု ဖြစ်ကြောင်း Amnesty က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲများ အပြီးတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။ သူမ၏ လွတ်မြောက်မှုအား တကမ္ဘာလုံးက ကြိုဆိုခဲ့ကြသော်လည်း၊ မြန်မာနိုင်ငံ အပေါ် Sanction များ ချမှတ်ထားသော အနောက် နိုင်ငံ အစိုးရများက မြန်မာ အစိုးရအား အဝေဖန်ခံနေရဆုံး ဖြစ်သော လူ့အခွင့်အရေး အခြေအနေများ တိုးတက်အောင် ကတိအတိုင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Vijay Nambiar က မြန်မာနိုင်ငံ စစ်တပ် နောက်ခံ ပြု အစိုးရ၏ မကြာသေးမီက ပြသခဲ့သော လက္ခဏာများသည် အားတက်ဖွယ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် ၎င်းက အရေးကြီးသော အချက် မှာ လူ့အခွင့်အရေးကဲ့သို့ ကိစ္စရပ်များတွင် အမှန်တကယ် တိုးတက်မှု ရှိမရှိ စောင့်ကြည့်ရန်ဖြစ်ပြီး၊ အစိုးရသည် နိုင်ငံရေး အကျဉ်းသားများ လွှတ်မလွှတ် စောင့်ကြည့်ရမည်ဟု ဖြည့်စွက် ပြောကြားခဲ့သည်။

Nambiar ၏ လာရောက်မှုကို မြန်မာ ခေါင်းဆောင်များက အသုံးချလိမ့်မည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက သတိပေးခဲ့သည်။ ဗိုလ်ချုပ် မှူးကြီး သန်းရွှေ၏ စစ်အစိုးရ လက်ထက်က ဦးသိန်းစိန်သည် ဝန်ကြီးချုပ် လုပ်ခဲ့ပြီး၊ ယူနီဖောင်းချွတ်၍ ရွေးကောက်ပွဲဝင်သူ ဗိုလ်ချုပ်ကြီးများ အုပ်စုတွင် ပါဝင် ခဲ့သူ ဖြစ်သည်။

မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပြုလုပ်ခဲ့သော ရွေးကောက်ပွဲကို အတိုက်အခံနှင့် အနောက်နိုင်ငံများက လွတ်လပ်၍ တရားမျှတမှု မရှိ ဟု ဝေဖန်ခဲ့ကြပြီး၊ ဆင်းရဲသော အရှေ့တောင် အာရှနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် စစ်တပ်မှသာ အာဏာကို ကိုင်ထားဆဲဖြစ်ကြောင်း ပြောကြားခဲ့ သည်။

*********************************************************************************************

မြန်မာ အစိုးရ၏ ထောင်ဒဏ် လျော့ပေါ့မှုသည် ရယ်စရာကောင်း

(Monsters and Critics မှ 17th May 2011 ရက်စွဲပါ “Right group: Myanmar’s jail sentence reductions a (Joke)” သတင်းကို ဘာသာပြန်ဆိုသည်။)

လက်ရှိ အကျဉ်းကျ ပြစ်ဒဏ် အားလုံးကို တစ်နှစ် လျော့ပေးသည့် မြန်မာအစိုးရ၏ အပြုအမူသည် “စော်ကားမော်ကား အောက်ပိုင်း မျက်လုံး များ” ထက် အနည်းငယ်သာ ပို၍သာကြောင်း Human Rights Watch အုပ်စုက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ သေဒဏ် ချမှတ်မှုကို တစ်သက် တစ်ကျွန်း ထောင်ဒဏ်သို့ လျော့ပေါ့မှု အပါအဝင် တစိတ်တပိုင်း လွတ်ငြိမ်း ချမ်းသာခွင့် အစီအစဉ်ကို သမ္မတ ဦးသိန်းစိန်က ကြေညာကြောင်း နိုင်ငံပိုင် ရုပ်သံက တနင်္လာနေ့ညတွင် ထုတ်လွှင့်သွားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာ၏ ပြီးခဲ့သော သီတင်းပတ် ခရီးစဉ် အပြီးတွင် အထက်ပါ အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။ မြန်မာအစိုးရ အနေဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရန် ကတိပေးထားမှုကို ပြသသည့် အနေဖြင့် နိုင်ငံရေး အကျဉ်း သား ၂၀၀၀ ကျော်ကို လွှတ်ပေးရန် ဗီဂျေးနမ်ဘီယာက တောင်းဆိုခဲ့သည်ဟု သိရှိရသည်။

“မြန်မာ အစိုးရနဲ့ ဟန်ပြ စေတနာ ထုတ်ပြမှုကို မြန်မာနိုင်ငံက အကျဉ်းသား အများစုကတော့ ကြိုဆိုကြမှာပေါ့လေ။ ဒါပေမယ့် ထောင်ဒဏ် ၆၅ နှစ် အထိ မမျှမတ ပြစ်ဒဏ်ပေးခံရတဲ့ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ပြစ်ဒဏ် တစ်နှစ် လျော့ပေးတာကတော့ စိတ်ပျက်စရာကောင်းတဲ့ ပြက်လုံး တစ်ခုပါပဲ” ဟု နယူးယောက် အခြေစိုက် Human Rights Watch ၏ အရှေ့အာရှဆိုင်ရာ ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြား သည်။ “ဒါဟာ နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးဖို့ နိုင်ငံတကာက တောင်းဆိုနေတာကို ကပျက်ကချော် တုန့်ပြန်လိုက်တာပါပဲ” ဟု သူမက ဘန်ကောက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကို ၁၉၈၈ မှ ၂၀၁၀ အထိ အုပ်ချုပ်ခဲ့သော တပ်မတော် အစိုးရက မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား မရှိပါဟု အမြဲတမ်း ငြင်းဆို ခဲ့သော စကားကိုပင် ယခု အစိုးရသစ်က နမ်ဘီယာအား ထပ်ဖန်တလဲလဲ ပြောဆိုခဲ့သည်။ လက်ရှိ အစိုးရ အဖွဲ့သည် အရပ်သား နာမည်ခံ ထားရုံသာ ဖြစ်၍ ယခင် စစ်ဖက်အရာရှိများဖြင့် အဓိက ပါဝင် ဖွဲ့စည်းထားသည်။

မြန်မာနိုင်ငံ၏ အထင်ရှားဆုံး နိုင်ငံရေး အကျဉ်းသား ဖြစ်သော ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကိုမူ နေအိမ် အကျယ်ချုပ် ပြစ်ဒဏ် ၆ နှစ် နောက်ဆုံး ချမှတ်ထားခဲ့ရာမှ ရွေးကောက်ပွဲ အတုများ ကျင်းပအပြီး နိုဝင်ဘာ ၁၃ ရက်တွင် လွှတ်ပေးခဲ့သည်။ မြန်မာ နိုင်ငံတွင် ခွင့်ပြုချက် မရှိပဲ ဆန္ဒပွဲများ ကျင်းပမှု၊ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်မှု စသည့် လိုရာသုံး နိုင်ငံရေး တရားစွဲဆိုမှုများဖြင့် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၀၀ ကျော် ရှိသည်ဟု လူ့အခွင့်အရေး အုပ်စုများက စာရင်းပြုစု ထုတ်ပြန်ထားသည်။

မြန်မာအစိုးရအား စစ်မှန်သော နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများ ဖော်ထုတ် ပြသလာသည်အထိ ဆက်လက် “ရှောင်ဖယ်” ထားကြရန် လူ့အခွင့် အရေး အုပ်စုများက နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလျက် ရှိသည်။ ပြီးခဲ့သော နိုဝင်ဘာ ၇ ရက် အထွေထွေ ရွေးကောက်ပွဲတွင် ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် ဦးဆောင်သော စစ်တပ် လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အနိုင်ရရှိခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲတွင် ထိုစဉ်က အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ NLD ပါတီကို အစိုးရက သေချာစွာ အကွက်ချ စီစဉ် ဖယ်ထုတ်ခဲ့ခြင်းကြောင့် ၁၉၆၂ ကစ၍ စစ်အုပ်ချုပ်ရေး ကျင့်သုံးခဲ့သော မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်တွင် ဒီမိုကရေစီ ရွေးကောက်ပွဲ တစ်ကြိမ် ကျင်းပခဲ့သော်လည်း ထိုစဉ်က အနိုင်ရရှိသော NLD ပါတီကို စစ်ဖက် အုပ်ချုပ်သူများက အာဏာလွှဲပြောင်း ပေးခဲ့ခြင်း မရှိပါ။

ယခု တစ်ကြိမ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ထုတ်ပယ်ရန် လိုအပ်သော စည်းမျဉ်း စည်းကမ်းများကို တပ်မတော် အစိုးရက ရည်ရွယ် ထုတ်ပြန်ခဲ့သောကြောင့် အဆိုပါ နိုဝင်ဘာ ရွေးကောက်ပွဲများကို NLD ပါတီက သပိတ်မှောက်ခဲ့သည်။

 ***************************************************************************************************

မြန်မာနိုင်ငံ အပေါ် အမှန်တရားကိုသာ ရှုမြင်၍ လုပ်ဆောင်သင့်

(15th May 2011 ရက်စွဲပါ The New Yort Times သို့ ပေးပို့သော ဗြိတိန်နိုင်ငံ House of Lords မှ အဖွဲ့ဝင် Baroness Glenys Kinnocle ၏ ပေးစာ Back to Reality with Myanmar? ကို ဘာသာပြန်သည်။)

မြန်မာစစ်အစိုးရသည် ပြီးခဲ့သည့်နှစ်က ကစားပွဲတစ်ခုကို ကောင်းကောင်း ကစားပြခဲ့သည့်နယ် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်သောအခါ စစ်အစိုးရက ရွေးကောက်ပွဲတွင် မတရားမှုများ၊ မသမာမှုများကို ပြောင်ပြောင်တင်းတင်း လုပ်ကိုင်ခဲ့မှုများကို တကမ္ဘာလုံးက မေ့သွားခဲ့ကြသည်။ ရွေးကောက်ပွဲ ပြီးနောက် စောင့်ကြည့်သူ အတော်များများက ပြောင်းလဲမှုများသည် အကောင်းဖက်သို့ ဦးတည်ခဲ့သည်ဟု အမှတ် ပေးခဲ့ကြသည်။

သို့သော် မြန်မာ ခေါင်းဆောင်သစ် သမ္မတ ဦးသိန်းစိန်သည် မကြာသေးမီက မြန်မာနိုင်ငံကို တရားဝင် လက်ခံအောင် ကြိုးစားမှုများ၌ နှောင့်နှေးမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ မကြာသေးမီက ဂျကာတာတွင် အာဆီယံ ခေါင်းဆောင်များ တွေ့ဆုံခဲ့ရာတွင် ၂၀၁၄ တွင် မြန်မာနိုင်ငံအား အဖွဲ့ကြီး၏ ဥက္ကဌ နေရာပေးရန် ခွင့်ပြုမပြု ဆိုသည့် ကိစ္စကို ဆုံးဖြတ်ခြင်း မပြုနိုင်ခဲ့ပေ။ ထိုသို့ ဆုံးဖြတ်ချက် ချမှတ်ခြင်းမပြုနိုင်ခြင်းမှာ ဦးသိန်းစိန် အတွက် အဓိက ထိုးနှက်ခံရမှု တစ်ခု ဖြစ်သည်။

အာဆီယံသည် မြန်မာနိုင်ငံမှ အာဏာရှင်များကို နှစ်ပေါင်းများစွာကပင် အကာအကွယ် ပေးလာခဲ့ရာ နောက်ဆုံးတွင် အာဆီယံ ဥက္ကဌ နေရာ အတွက် အတည်ပြုပေးလာလိမ့်မည် ဖြစ်သည်။ သို့သော် ယခု နှောင့်နှေးနေခြင်းမှာ အီးယူကလည်း မြန်မာနိုင်ငံ အပေါ် စီးပွားရေးအရ အရေးယူမှုများ ဆက် လက် ထားရှိရန် ဆုံးဖြတ်ခဲ့ခြင်းနှင့် တိုက်ဆိုင်နေ၍ ဖြစ်ပြီး၊ မကြာမီ အာဆီယံ၏ သဘောတရားအမှန် ပြန်ပေါ်လာမည် ဖြစ်သည်။

မြန်မာအာဏာရှင်များနှင့် လွန်ခဲ့သော ၂၂ နှစ်ကပင် ဆက်ဆံခဲ့ကြရပြီး ဖြစ်ရာ၊ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ၎င်းတို့၏ အပြောထက် စာလျှင် ပြုမူလုပ်ဆောင်ပုံများကိုသာ ကြည့်၍ အကဲဖြတ်ရမည် ဖြစ်ကြောင်း သင်ခန်းစာ ရကြပြီး ဖြစ်သည်။ နိုင်ငံရေး အကျဉ်းသားများ ထောင်ထဲတွင်ပင် ရှိနေဆဲ ဖြစ်သည်။ တင်းကြပ်သော ဥပဒေများ ရှိနေသည်။ တိုင်းရင်းသား အရပ်သားများ အပေါ် ဖိနှိပ်မှုများ ရှိနေဆဲ ဖြစ်သည်။ ပြင်ပမှ သုံးသပ်သူ များကမူ ကောက်ရိုးမျှင် ဆွဲနေသည့် အချိန်ဖြစ်၍ ပြောင်းလဲမှုလေးများ လုပ်၍ သက်သာရာရစေရန် ပြုလုပ်ခြင်း ဖြစ်သည်ဟု ငြင်းချက် ထုတ်ခဲ့ကြသည်။

အာဆီယံကလည်း ယခု ပြောင်းလဲမှုများသည် အမှန်တကယ် ပြောင်းလဲမှုများ မဟုတ်ကြောင်း အချက်ပေး ပြောကြားခဲ့ပြီး ဖြစ်သည်။ ဟန်ပြပါလီမန်ဖြင့် ဗိုလ်ချုပ်များသည် ၎င်းတို့၏ လုပ်ရပ်များကို မဖုံးကွယ်နိုင်ခဲ့ပေ။ ယခုအချိန်သည် အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးသည် မြန်မာနိုင်ငံ တွင် အပြောင်းအလဲ လုံးဝ မရှိသေးဆိုသည့် အမှန်တားကို လက်ခံကြရမည့် အချိန်ဖြစ်ပြီး၊ ထိုအမှန်တရား အပေါ်တွင်သာ အခြေခံ၍ မူဝါဒများ ချမှတ် သင့်လှပေသည်။

 **********************************************************************************************

မြန်မာ အစိုးရနှင့် စကားပြောရန် အမေရိကန် သံတမန် သွားရောက်မည်

(18th May 2011 ရက်စွဲပါ Reuters သတင်းဌာန၏ US diplomat to hold talks with Myanmar government ကို ဘာသာပြန်သည်။)

အမေရိကန် ပြည်ထောင်စုသည် မြန်မာနိုင်ငံ၏ စစ်တပ် နောက်ခံပြု အစိုးရသစ်နှင့် လည်းကောင်း၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံရန် အကြီးတန်း အမေရိကန် သံတမန် တစ်ဦးအား ယခုအပတ်တွင် မြန်မာနိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူများက အင်္ဂါနေ့က ပြောကြားလိုက်သည်။ ယင်းပြောကြားချက်အရ ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Joseph Yun သည် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသို့ ထွက်ခွာမည် ဖြစ်သည်။

“အခု ခရီးစဉ်ဟာ လူထု အခြေပြု အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ ထပ်မံ တွေ့ဆုံဖို့ရယ်၊ ပြည်သူ့ ကိုယ်စားလှယ်တွေရယ်နဲ့ တွေ့ဆုံဖို့ တစိတ် တပိုင်း ပါဝင်ပါတယ်” ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mark Toner က ပြောကြားခဲ့သည်။ အကြီးတန်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြားရာတွင် Yun သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရန် ကြိုးစားမည် ဖြစ်သည်ဟု ပြောသည်။

အမေရိကန် ပြည်ထောင်စုသည် အခြား အနောက်နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံ၏ ပြီးခဲ့သည့် နိုဝင်ဘာ ရွေးကောက်ပွဲသည် စစ်တပ်မှ အာဏာ ဆက်လက် ချုပ်ကိုင်နိုင်ရန် ရေးဆွဲထားသော အတုအယောင်သာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံနှင့် လွန်ခဲ့သော နှစ်နှစ် ဆက်ဆံရေးမှာ တိုးတက်မှု အနည်းငယ်သာ ရှိသည်ဆိုသည့်တိုင် မြန်မာနှင့် မြောက်ကိုရီးယားကြား နျူကလီယာ ပူးပေါင်း ဆောင်ရွက်မှုများ ရှိသည်ဟု စွပ်စွဲချက်များ အပေါ် စိုးရိမ်မှုများ ရှိသော်လည်း မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးတက်ရန် ကြိုးစားသွားမည်ဟု သမ္မတ Obama အစိုးရက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ဆက်ဆံရေးမှာ လေးလေးနက်နက် စဉ်းစားရမယ့် စိန်ခေါ်မှုတွေ ရှိတယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ဖိအားပေးထားရော၊ မူတစ်ခုနဲ့ ဆက်ဆံရေးရော လမ်းနှစ်သွယ်ပါတဲ့ မူဝါဒကို ဆက်လက် ကျင့်သုံးသွားမှာပါ” ဟု Toner က ပြောသည်။ နိုင်ငံရေးအရ သုံးသပ်သူများက မြန်မာ နိုင်ငံ အပေါ် Sanction နှင့် ပတ်သက်သော ရပ်တည်ချက်ကို ပြန်လည် အကဲဖြတ်ရန် ဝါရှင်တန်အား အကြံပြုခဲ့သည်။ Sanction များသည် မအောင်မြင်ရုံမျှမက ဗိုလ်ချုပ်များ တရုတ်နှင့် နီးကပ်စွာ ဆက်ဆံရန် တွန်းအားပေးသလို ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမေရိကန်က Sanction များ ဆက်ထားသင့်သည်ဟု ထောက်ခံခဲ့ခြင်းကြောင့် မြန်မာ အစိုးရ မီဒီယာက ဒေါ်အောင်ဆန်းစုကြည်အား ကြေကွဲဖွယ် နိဂုံးချုပ်ရလိမ့်မည်ဟု ဖော်ပြခဲ့ကြသည်။

**********************************************************************************************

စားနပ်ရိက္ခာ ပြတ်လပ်မှု အကဲဖြတ်ရန် အမေရိကန်အဖွဲ့ မြောက်ကိုရီးယားသို့ သွားမည်

(17th May 2011 ရက်စွဲပါ AFP ၏ US Team to visit N.Korea on food shortage: report ကို ဘာသာပြန်သည်။)

အမေရိကန် ကိုယ်စားလှယ် အဖွဲ့တစ်ခုသည် ရှေ့လာမည့် အပတ်တွင် မြောက်ကိုရီးယားသို့ သွားရောက်၍ အစာရေစာ ပြတ်လတ်မှု အတိုင်း အတာကို အကဲဖြတ်မည်ဟု အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့ကို မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေအပေါ် အမေရိကန် အထူးကိုယ်စားလှယ် Robert King က ဦးဆောင် မည် ဖြစ်ပြီး၊ ပြုံယမ်းသို့ လာမည့် တနင်္လာနေ့တွင် ရောက်ရှိမည်ဟု မျှော်လင့်ရကြောင်း တောင်ကိုရီးယား အစိုးရ သတင်းကို ကိုးကား၍ Yonhap သတင်းဌာနက သတင်း ထုတ်ပြန်ခဲ့သည်။ “ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရေးကိစ္စ ပါဝင်မှာ မဟုတ်ပဲ ရိက္ခာ အကူအညီပေးဖို့ ဆွေးနွေး မှာ ဖြစ်ပါတယ်” ဟု ဖော်ပြခဲ့သည်။

အဆိုပါ အဖွဲ့သည် တိုင်းပြည်၏ လိုအပ်ချက် အတိအကျ သိရှိရန် လုပ်ဆောင်မည် ဖြစ်ပြီး အမှန်တကယ် လိုအပ်သူများထံ ရောက်ရှိရေး နည်းလမ်း များကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းက ဆိုသည်။ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Bosworth သည် ဆိုးလ်မြို့သို့ တနင်္လာနေ့က ရောက်ရှိခဲ့ပြီး အမေရိကန် စားနပ်ရိက္ခာ ပမာဏနှင့် အချိန်ကို တောင်ကိုရီးယား တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့သည် ဟု Yonhap က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်က အမေရိကန် ပြည်ထောင်စုသည် ဆန်တန်ချိန် ငါးသိန်းပေးရန် စီစဉ်ခဲ့သော်လည်း ဖြန့်ဝေရာတွင် ပွင့်လင်း မြင်သာမှု မရှိခြင်း ကြောင့် ထိုနှစ်တွင်ပင် တင်ပို့မှုကို ရပ်ဆိုင်းခဲ့သည်။ တောင်ကိုရီးယားကလည်း နှစ်စဉ် ဆန်တန်ချိန် လေးသိန်း တင်ပို့မှုကို ၂၀၀၈ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ သည်။ မြောက်ကိုရီးယား ပြည်သူများသည် စားနပ်ရိက္ခာ မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်နေရသည်ဟု ပုဂ္ဂလိက အကူအညီပေးရေး အဖွဲ့များနှင့် ကုလသမဂ္ဂ အဖွဲ့များက ပြောကြားခဲ့သည်။

ဖေဖော်ဝါရီလက မြောက်ကိုရီးယားသို့ သွားရောက်ခဲ့သော အမေရိကန်အုပ်စု ငါးခုအနက် တစ်ခုဖြစ်သော Samaritan’s Purse က ပြောကြား ရာ တွင် ကြမ်းတမ်းသော ဆောင်းရာသီကြောင့် သီးနှံထွက်နှုန်း တစ်ဝက်ခန့် လျော့နည်းခဲ့သဖြင့် အချို့လူများသည် အသက်ရှင်ရေးအတွက် မြက်များ၊ သစ်ရွက်များ၊ သစ်ခေါက်များကို စားနေကြရသည်ဟု ဆိုသည်။ သို့သော် မြောက်ကိုရီးယား အစိုးရသည် လာမည့်နှစ်တွင် ဖခင်ကြီး ကင်အီဆွန်း၏ နှစ်တစ်ရာပြည့် အခမ်းအနား မကျင်းပမှီ ရိက္ခာများ သိုလှောင်ထားမည်ကို သံသယရှိကြောင်း တောင်ကိုရီးယား တာဝန်ရှိသူ တစ်ချို့က ပြောသည်။

ပြီးခဲ့သည့်လက အမေရိကန် အစိုးရသည် မြောက်ကိုရီးယားသို့ စားနပ်ရိက္ခာများ ပို့သင့် မသင့် အခြေအတင် ငြင်းခုန်ခဲ့ကြောင်း၊ အမှန်တကယ် လိုအပ်သော လူများထံ ရောက်မရောက် စောင့်ကြည့် နည်းလမ်းများ လိုအပ်ကြောင်း King က ပြောကြားခဲ့သည်။ ၁၉၉၀ နှစ်များက မြောက်ကိုရီးယား ရာပေါင်း ထောင်ပေါင်း များစွာသည် အငတ်ဘေးကြောင့် သေဆုံးခဲ့ကြရသ်ာလည်း မြောက်ကိုရီးယားသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရေး ဝါဒကို တလွဲဆံပင်ကောင်းကာ အမေရိကန် အကူအညီပေးရေး အုပ်စုများကို ၂၀၀၉ ခုနှစ်က နှင်ထုတ်ခဲ့သည်။

 *************************************************************************************

ထိုင်းက မြန်မာနိုင်ငံနှင့် နယ်စပ်လမ်းကြောင်းသစ် အဆိုပြု

(16th May 2011 ရက်စွဲပါ Bernama မှ Thailand proposes new border routes with Myanmar ကို ဘာသာပြန်သည်။)

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ငါးလုပ်ငန်းနှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး တို့တွင် မြှင့်တင်နိုင် ရန် နယ်စပ် လမ်းကြောင်းသစ် ဖွင့်လှစ်ရန် တွန်းအားပေးလျက် ရှိကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က သတင်းထုတ်ပြန်သည်။

ကူးသန်းရောင်းဝယ်ရေးဌာန ဒုတိယဝန်ကြီး Alongkorn Ponlaboot က ပြောကြားရာတွင် ထိုင်းနိုင်ငံသည် Singkorn နယ်စပ် စစ်ဆေးရေး စခန်း ဖွင့်လှစ်ရန် အားပေးလျက် ရှိကြောင်း၊ ၎င်းသည် ထိုင်းပင်လယ်ကွေ့နှင့် အန်ဒမင် ပင်လယ်တို့အား မြိတ်ကိုဖြတ်၍ ဆက်သွယ်သော လမ်းကြောင်း ဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်း အပေါ် Prachuap Khiri Khan နယ်နှင့် ရနောင်းဆိပ်ကမ်း တို့ကိုလည်း ဖြတ်သန်းသွားရကြောင်း ပြောသည်။

Alongkorn က ပြောကြားရာတွင် အဆိုပါ အစီအစဉ်ကို ပြီးခဲ့သည့်နှစ် ဧပြီလက Prachuap Khiri Khan တွင် ပြုလုပ်သော ထိုင်းမြန်မာ ပူးတွဲ ကုန်သွယ်ရေး ကော်မတီ ၅ ကြိမ်မြောက် အစည်းအဝေးတွင် စတင် တင်သွင်းခဲ့ကြောင်း ပြောသည်။ ၎င်းသည် မကြာမီ ထိုင်းကိုယ်စားလှယ်အဖွဲ့အား ခေါင်းဆောင်၍ Singkorn နယ်စပ် စစ်ဆေးရေး စခန်းသို့ သွားရောက်ပြီး အမြဲတမ်း နယ်စပ် ဖြတ်ကျော် စခန်းတစ်ခု ဖြစ်ရေး ပြင်ဆင်ထားမှုကို စစ်ဆေး ရန် ရှိသည်ဟု ဆိုသည်။

ထိုင်း ဒုတိယဝန်ကြီးက ပြီးခဲ့သည့် ၄ ရက်မှ ၈ ရက်ထိ ဂျကာတာတွင် ပြုလုပ်သော အာဆီယံ ထိပ်သီး အစည်းအဝေးတွင် အရန် ဆွေးနွေးမှု အဖြစ် မြန်မာအာဏာပိုင်များနှင့် ကိုးလကြာ ပိတ်ထားသော မဲဆောက် တစ်ဖက်ရှိ မြဝတီ နယ်စပ် စစ်ဆေးရေး စခန်းကိစ္စကို ဆွေးနွေးခဲ့ကြောင်း၊ မြန်မာ ဘက်မှ ထိုကိစ္စအား ပြန်လည် စဉ်းစားရန် ကတိပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

*********************************************************************************************

ကုလသမဂ္ဂ၏ မြောက်ကိုရီးယား အီရန် ဒုံးကျည် နည်းပညာ ပြန့်ပွားမှု အစီရင်ခံစာကို တရုတ် အလေးမထား

(Reuters သတင်းမှ 17th May 2011 ရက်စွဲပါ “China playsdown UN report on N.Korea Iran proliferation” သတင်းကို ဘာသာပြန်ဆိုသည်။)

မြောက်ကိုရီးယားနှင့် အီရန်အကြား တားမြစ်ပိတ်ပင်ထားသော ဒုံးကျည် နည်းပညာကို တင်ပို့ခြင်းနှင့် အခြား တရားမဝင် ကုန်သွယ်မှုတို့ကို ထောက်ပြ ဖော်ထုတ်ထားသည့် ကုလသမဂ္ဂ အစီရင်ခံစာကို တရုတ်နိုင်ငံက အင်္ဂါနေ့တွင် “အရေးမကြီးသည့် သဘောမျိုး” မှတ်ချက်ပေးလိုက်သည်။

ပြီးခဲ့သော သီတင်းပတ်ကုန်တွင် Reuters သတင်းဌာနက ရရှိခဲ့သော ကုလသမဂ္ဂ အစီရင်ခံစာတွင် “မြောက်ကိုရီးယားသည် လုံခြုံရေး ကောင်စီ အရေးယူ ဒဏ်ခတ်မှု sanctions များကို ချိုးဖောက်သည့် အနေဖြင့် ပဲ့ထိန်း ဒုံးကျည်နည်းပညာနှင့် ကျွမ်းကျင်မှုတို့ကို လွှဲပြောင်းပေးပို့နေသည့် လက္ခဏာရှိကြောင်း” ဖော်ပြထားသည်။

ကုလသမဂ္ဂ အဖွဲ့၏ အစီရင်ခံစာကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပွင့်ပွင့်လင်းလင်း ငြင်းဆို ကန့်ကွက်ခြင်း မပြုပါ။ သို့သော်လည်း ယင်း အစီရင်ခံစာသည် ကုလ လုံခြုံရေးကောင်စီ၏ အခွင့်အာဏာ ပါဝင်သက်ဆိုင်ခြင်း မရှိကြောင်းနှင့် မြောက်ကိုရီးယား အပေါ် အရေးယူ ချမှတ်ထားသော ကုလသမဂ္ဂ အစီအစဉ်များကို ဘီဂျင်းက တိတိကျကျ လိုက်နာလျက်ရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အစီရင်ခံစာတွင် တရုတ်နိုင်ငံကို သတ်မှတ် ရည်ညွှန်းထားခြင်း မရှိသော်လည်း မြောက်ကိုရီးယား -အီရန် ဒုံးကျည် နည်းပညာ တင်ပို့မှုသည် မြောက်ကိုရီးယား အိမ်နီးချင်း တိုင်းပြည်တစ်ခုကို ဖြတ်သန်း လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဖော်ပြထားပြီး ကုလသမဂ္ဂမှ သံတမန်များက ထိုနိုင်ငံသည် တရုတ်နိုင်ငံပင် ဖြစ်ကြောင်း Reuters သတင်းဌာနသို့ ပြောကြားခဲ့ကြသည်။ “ဒီအစီရင်ခံစာဟာ လုံခြုံရေး ကောင်စီနဲ့ ကဏ္ဍကို ကိုယ်စားပြုခြင်း မရှိမလို သက်ဆိုင်ရာ လုံခြုံရေးကောင်စီ Sanctions ကော်မတီရဲ့ ကဏ္ဍကိုလည်း ကိုယ်စားပြုခြင်း မရှိပါဘူး” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ ဂျန်ယုက ဆိုသည်။

“ပိတ်ပင်ထားသော လက်နက် ကုန်သွယ်မှု ဖြတ်သန်းရာလမ်းကြောင်းမှာ တရုတ်နိုင်ငံ ဖြစ်သည်” ဟူသော ဖော်ပြမှုများမှာ လက်သည်မပေါ် သော စွပ်စွဲချက်များသာ ဖြစ်သည်ဟု မစ္စဂျန်ယုက ပြောကြားသည်။ “နာမည်မဖော်တဲ့ ရင်းမြစ်တွေရဲ့ ဒီလို စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တစုံတရာ မှတ်ချက် ပေးဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ကျွန်မ ပြောနိုင်တာ တစ်ခုကတော့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေကို ထိရောက်အောင်အကောင်အထည် ဖော်ရာမှာ တရုတ်နိုင်ငံဟာ တာဝန်သိတယ်၊ တာဝန်ယူတတ်တယ် ဆိုတာပါပဲ” ဟု သူမက ဆက်လက် ပြောဆိုသွားခဲ့သည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment