Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၆.၂၀၁၁

ဘာသာပြန်သတင်းများ

အာရပ်ကမ္ဘာပုံစံတော်လှန်ရေးမျိုး မြန်မာတွင်ဖြစ်ပွားလာနိုင်ဟု ဆီနိတ်တာဂျွန်မက်ကိန်းသတိပေး

(AFP သတင်းကိုဘာသာပြန်ဆိုသည်)

စစ်တပ်ကျောထောက်နောက်ခံ အစိုးရသစ်အနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများနှင့် လူ့အခွင့်အရေး ဖော်ဆောင်မှုများကို တိုးမြှင့် လုပ်ဆောင် ပေးရန် ပျက်ကွက်ခဲ့ပါက မြန်မာနိုင်ငံအနေဖြင့် အရှေ့အလယ်ပိုင်း ဒေသပုံစံ တော်လှန်ရေးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ရလာနိုင် ကြောင်း အမေရိကန်ပြည်ထောင်စု ဆီနိတ်တာ ဂျွန်မက်ကိန်းက သတိပေး ပြောကြားလိုက်သည်။

"အပြောင်းအလဲဆိုတဲ့လေပွေဟာ အခုချိန်မှာတိုက်ခတ်နေပါပြီ။ အစိုးရတွေရဲ့ အတုအယောင် ဆင့်ကဲပြုပြင် ပြောင်းလဲမှုလုပ်ရပ်တွေဟာ နောက်ဆုံးမှာ တော်လှန်းရေးအပြောင်းအလဲနဲ့ ရင်ဆိုင်ကြုံတွေ့လာရစမြဲပါ" ဟု ဂျွန်မက်ကိန်းက မြန်မာနိုင်ငံသို့ သုံးရက်တာခရီးစဉ် ပြီးဆုံးသွားပြီးနောက် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။

ရီပတ်ဘလီကန်တစ်ဦးဖြစ်သူ အမေရိကန်ဆီနိတ်တာ ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးအကြိမ် ကျင်းပ သည့် ရွေးကောက်ပွဲပြီးဆုံးသွားပြီးနောက် အရပ်ဘက်အစိုးရသစ်လက်ထက် နိုင်ငံရေး အနေအထားကို သိရှိနိုင်ရန် မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သော ဒီမိုကရေစီရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပါတီသာ အနိုင်ရရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရအောင် ကန့်သတ်ခံခဲ့ရသည်။

ဂျွန်မက်ကိန်းသည် သုံးရက်တာခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏လုံခြုံရေးအတွက် အသေအချာ ပြုလုပ်ပေးရန် မြန်မာအစိုးရကို တိုက်တွန်းခဲ့သည်။ ဒေါ်အောင်ဆန်းစုကြသည် ယခုဇွန်လအတွင်း ရန်ကုန် နယ်နိမိတ် ပြင်ပသို့ ခရီးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆို ထားရာ အဆိုပါခရီးစဉ်သည် သူမ၏ လွတ်လပ်မှု မည်မျှ အတိုင်းအတာ အထိရှိသည် ဟူသောအချက်ကို ဖော်ကျူးမည်ဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် နောက် ဆုံး ထွက်ခဲ့သော ခရီးစဉ်တွင်ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများ အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရသည်။

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြီးခဲ့တဲ့ နောက်ဆုံးတစ်ကြိမ်ခရီးစဉ်ဟာ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် မအောင်မြင်ခဲ့ပါဘူး။ မြန်မာအစိုးရသစ် အနေနဲ့ သူတို့မှာ အပြောင်းအလဲအတွက်စိတ်ဆန္ဒတကယ်ရှိမရှိဆိုတဲ့အချက်ကို ယခုတစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်က စမ်းသပ်ပါ လိမ့်မယ်။ အရင်တစ်ကြိမ်ကလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေ မဖြစ်အောင် အစိုးရသစ်က အကာအကွယ်ပေးနိုင်တဲ့ အရည်အချင်းနဲ့ စိတ်ဓာတ်ကို တွေ့မြင်ရ ပါလိမ့်မယ်" ဟု ၎င်းကဆိုသည်။

ဂျွန်မက်ကိန်းသည် ခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခဲ့ပြီး သူမအား "ပုဂ္ဂိုလ်ရေးသူရဲကောင်း" အဖြစ် သတ်မှတ်ပြောဆိုခဲ့သလို ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ထောက်ပံ့မှုများ ပေးမည်ဟုလည်း ကတိကဝတ်ပြုခဲ့သည်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြန်မာနိုင်ငံနှင့် ကြီးမားသော စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားရန်ကြိုးပမ်းနေစဉ်ကာလအတွင်း ဂျွန်မက်ကိန်း မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခြင်း လည်းဖြစ်သည်။ နေပြည်တော်အစိုးရမှ အရေးကြီးသောခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့သူ ဆီနိတ်တာ မက်ကိန်းက မြန်မာနိုင်ငံသည် အမေရိကန်ပြည်ထောင်စုနှင့် ကောင်းမွန်သောဆက်ဆံရေး ထူထောင်ရန်ဆန္ဒရှိနေသည်မှာ ရှင်းရှင်းလင်းလင်းပင် ဖြစ်ကြောင်းပြောဆိုသည်။

သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုများဖယ်ရှားပေးရေးမှာ အလွန်အမင်း စောနေသေးကြောင်း ပြောဆိုပြီး ကျန်ရှိနေသေး သော နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကိုလွှတ်ပေးရန် တောင်းဆိုသည်။ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသားများ မရှိဟု ဂျွန်မက်ကိန်းကို ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာ၏ ရေးသားချက်အရသိရသည်။

"မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဉ်းသားတွေဟာ တည်ဆဲဥပဒေ ချိုးဖောက်သူတွေပါ" ဟု ဝဏ္ဏမောင်လွင်၏ ပြောဆိုချက် ကို ကိုးကားပြီး နိုင်ငံပိုင်မီဒီယာကဖော်ပြသည်။ ဂျွန်မက်ကိန်းသည် မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ အားလုံးကို ရပ်တန့်ရန် လည်း တိုက်တွန်းခဲ့သည်။ နာမည်ကျော်မီဒီယာသစ်တစ်ခုဖြစ်သော ဝီကီလိခ်ကရရှိခဲ့သည့် အမေရိကန် လျှို့ဝှက်သံတမန်ကြေးနန်း တစ်ခုအရ မြန်မာ အစိုးရသည် မြောက်ကိုရီးယားနှင့်ပူးပေါင်းကာ နျူကလီးယားအစီအစဉ် အကောင်အထည်ဖော်နေသည်ဟု ဝါရှင်တန်က သံသယဖြစ်နေသည်။

သို့သော် နိုင်ငံပိုင် New Light of Myanmar သတင်းစာဖော်ပြချက်အရ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက မြန်မာနိုင်ငံတွင် နျူကလီးယားလက်နက် တီထွင်ထုတ်လုပ်ရန် စီးပွားရေးကောင်းမွန်မှု အလုံအလောက်မရှိပါကြောင်း ဂျွန်မက်ကိန်းအား ပြောဆိုခဲ့ သည်။ ငြိမ်းချမ်းရေး ကို ဦးတည်သည့် နျူကလီးယား သုတေသန အစီအစဉ်တစ်ရပ်ကို ရုရှားနိုင်ငံ၏အကူအညီဖြင့် အကောင်အထည်ဖော်ခဲ့မှုအား နားလည်မှု လွဲမှားခြင်း သာ ဖြစ်ကြောင်း ဒုတိယသမ္မတက ဆိုသည်။

*******************************************************************************

တရုတ်ကြောင့် ဒေသတွင်းတင်းမာမှုများ တိုးမြင့်လာဟု ဗီယက်နမ်စွပ်စွဲ

(BBC သတင်းကိုဘာသာပြန်ဆိုသည်။)

တရုတ်နိုင်ငံသည် နယ်နိမိတ်ပိုင်ဆိုင်မှုဆိုင်ရာအငြင်းပွားမှုများကိုအကြောင်းပြုပြီး ဒေသတွင်းတင်းမာမှု များ မြင့်တက်လာအောင် လုပ်ဆောင် နေကြောင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက စွပ်စွဲပြောဆိုလိုက်သည်။ မကြာသေးခင်က တောင်တရုတ်ပင်လယ်ပြင်အတွင်း ဗီယက်နမ်ပိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လေ့လာရေး သင်္ဘာနှင့် တရုတ်ကင်းလှည့်သင်္ဘောတို့ ထိပ်တိုက်ရင်ဆိုင်တွေ့ကြုံမှုဖြစ်ပွားပြီးနောက် ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ယင်းသို့ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။

တရုတ်၊ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်နှင့် ထိုင်ဝမ်တို့သည် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေနယ်နိမိတ်ပိုင်ဆိုင်မှုနှင့် ပတ်သက် ၍ အငြင်းပွားလျက်ရှိသည်။ အဆိုပါ ပင်လယ်သည် ရေကြောင်းသွားလာရေးအတွက် လွန်စွာ အရေးကြီးပြီး ရေနံနှင့် သဘောဝဓာတ်ငွေ့သိုက်များ ရှိသည်ဟုလည်း ယူဆရသည်။ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စွပ်စွဲပြောဆိုမှုသည် စင်ကာပူနိုင်ငံ၌ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကွန်ဖရင့် မကျင်းပမီ ရက်အနည်းငယ် အလိုတွင်ပေါ်ထွက်လာခြင်း ဖြစ်သည်။

ဘေဂျင်းအစိုးရကမူ မိမိတို့၏ ကာကွယ်ရေးဝန်ကြီးသည် အာရှပစိဖိတ်ဒေသတွင်း လုံခြုံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးကိုမြှင့်တင်ရန်အလို့ငှာ International Institute of Strategic Studies သို့ တက်ရောက်မည် ဖြစ်ကြောင်းပြောကြားသည်။ နောက်ဆုံးဖြစ်ပွားခဲ့သော တရုတ် ကင်းလှည့်သင်္ဘောနှင့် ဗီယက်နမ်သင်္ဘောတို့ ထိပ်တိုက် တွေ့ဆုံမှုမှာ ဗီယက်နမ်တောင်ပိုင်းဗဟိုကမ်းခြေမှ ကီလိုမီတာ ၁၂၀(မိုင် ၈၀)အကွာနှင့် တရုတ် ဟိုင်နန်ကျွန်းတောင်ဘက် ကီလိုမီတာ ၆၀၀ အကွာအဝေးတွင်ဖြစ်သည်။

"ဗီယက်နမ်ရေတပ်အနေနဲ့ ဗီယက်နမ် အချုပ်အခြာအာဏာပိုင်နယ်နိမိတ်တည်တံ့ရေး၊ ငြိမ်းချမ်းရေးနဲ့ လွတ်လပ် ရေးကို ကာကွယ် စောင့်ရှောက်ဖို့ဆိုရင် ဘာမဆိုလုပ်ကိုင်သွားမှာဖြစ်ပါတယ်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Nguyen Phuong Nga က ပြောကြား သည်။ တရုတ် ကင်းလှည့်သင်္ဘောများအနက်မှ သင်္ဘောတစ်စီးသည် ရေပြင်တွင်တစ်ဝက်တစ်ပျက် ပေါ်ထွက်နေသော ကေဘယ်လ်ကြိုးကို တမင်တကာဖြတ်တောက်ပစ်ခဲ့သည်ကို အခင်းဖြစ်ပွားသည့်နေရာ၌ တွေ့မြင်ခဲ့ရကြောင်း Petro Vietnam ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးအဖွဲ့မှ Do Van Hau ကပြောကြားသည်။

"တရုတ်သင်္ဘောတွေက အရှိန်မြင့်တဲ့ နှုန်းနဲ့မောင်းနှင်နေကြပြီး ကျွန်တော်တို့သင်္ဘောရဲ့သတိပေးချက်ကို တစ်စုံတရာ တုံ့ပြန်မှုမပြုခဲ့ပါဘူး။ နောက်ပြီးတော့ ကေဘယ်လ်ကြိုးတွေကိုလည်းဖြတ်တောက်ပစ်ခဲ့ကြပါတယ်" ဟု ၎င်းကဆိုသည်။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက် ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗီယက်နမ်နိုင်ငံကို ပြစ်တင်ရှုတ်ချသည်။ ဗီယက်နမ်၏ ရေနံနှင့်သဘာဝဓာတ်ငွေ့တူးဖော်ရေးဆိုင်ရာလုပ်ငန်း များသည် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေသည်ဟု လည်းဆိုသည်။

တရုတ်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်ထဲမှ ဧရိယာအတော်များများကို မိမိသာပိုင်ဆိုင်ကြောင်း တောင်းဆို ထား သည်။ တရုတ်က တောင်းဆိုထားသည့်နေရာများတွင် Sparatly နှင့် Paracel ကျွန်းစုများလည်း ပါဝင်သည်။ လတ်တလောအနေအထားတွင် ထိုင်ဝမ်က လည်း တောင်တရုတ် ပင်လယ်ပြင်တွင်းမှ နယ်နိမိတ်ဆိုင်ရာ အငြင်းပွားနေသည့် ဒေသများတွင် ကမ်းခြေစောင့်တပ်ဖွဲ့များ ၁၀၀ အထိ တိုးမြှင့်ချထား ပြီး ကာကွယ်ရေးအစီအမံများကို တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်မည်ဖြစ်ကြောင်းပြောဆိုသည်။

ဖိလစ်ပိုင်နိုင်ငံက တရုတ်နိုင်ငံ၏တောင်တရုတ်ပင်လယ်ပြင် နယ်နိမိတ်ပိုင်ဆိုင်မှုဆိုင်ရာ တောင်းဆိုမှုကို ဆန့်ကျင်သည့် အနေဖြင့် ကုလ သမဂ္ဂတွင် ဆန္ဒပြမှုများပြုလုပ်ခဲ့သည်။ ဖိလစ်ပိုင်က ယင်းသို့ဆန္ဒပြမှုများပြုလုပ်ပြီး မကြာမီကာလတွင် ထိုင်ဝမ်က လုံခြုံရေး အစီအမံများ တိုးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

*****************************************************************

ပစိဖိတ်ဒေသတွင် စစ်အင်အား တိုးမြှင့်ချထားမည်ဟု အမေရိကန်ထုတ်ဖော်

(BBC သတင်းကိုဘာသာပြန်ဆိုသည်)

အီရတ်နှင့် အာဖဂန်နစ္စတန်တွင် အကောင်အထည်ဖော်နေသော စစ်ဆင်ရေးများကြောင့် ဘတ်ဂျက်ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ရှိနေသော်ငြား ပစိဖိတ် ဒေသတစ်လျှောက် စစ်အင်အားတိုးချဲ့ချထားမည်ဖြစ်ကြောင်း အမေရိကန် အစိုးရက ထုတ်ဖော်ပြောဆိုသည်။ အမေရိကန်ပြည်ထောင်စု အနေဖြင့် သြစတြေးလျနှင့် စင်ကာပူနိုင်ငံတို့နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ဝန်ကြီး ရောဘတ်ဂိတ်စ်က စင်ကာပူတွင်ပြောကြားသည်။ ဒေသတွင်းရေကြောင်း သွားလာရေးလမ်းကြောင်းများတွင် မဟာမိတ်တို့ကို ကာကွယ်ရန် အလို့ငှာ အမေရိကန် စစ်သင်္ဘောနှင့် နည်းပညာသစ်များ တိုးမြှင့်ချထားမည်ဖြစ်သည်ဟု ဆိုသည်။

လက်ရှိခေတ်ကာလတွင် အာရှနိုင်ငံအတော်များများသည် တရုတ်စစ်အင်အားတိုးချဲ့လာမှုအပေါ် စိုးရိမ်ထိတ်လန့် နေကြ သည်။ အမေရိကန် အစိုးရက စစ်ရေးအသုံးစရိတ်လျှော့ချရန် စီစဉ်နေသည့်တိုင် ကာကွယ်ရေး ဝန်ကြီးက ပစိဖိတ်ဒေသ စစ်အင်အား တိုးချဲ့ချထားရန် ကတိ ကဝတ်ပြု ပြောဆိုခြင်းဖြစ်သည်။ မစ္စတာရောဘတ်ဂိတ်စ်သည် လာမည့် ဇွန်လကုန်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးရာထူးမှ အငြိမ်းစားယူရမည် ဖြစ် ပြီး လက်ရှိစီအိုင်အေအဖွဲ့၏ ဒါရိုက်တာ Leon Panetta က၎င်းနေရာသို့ဝင်ရောက်မည်ဖြစ်သည်။

အီရတ်နှင့် အာဖဂန်နစ္စတန်စစ်ပွဲများကြောင့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် အများပြည်သူများ အနေဖြင့် စစ်ရေးဖြင့် ဝင်ရောက်စွက်ဖက်မှုကို ပိုမိုအာသီသတွေ့လာသည်ဟု ဝန်ကြီးရောဘတ်ဂိတ်က အသိအမှတ်ပြု နားလည်ထားသည်။ အမေရိကန်ပြည်ထောင်စုသည် ယခုအခါ အီရတ်နိုင်ငံမှ တပ်ဖွဲ့ဝင်အင်အားများကို လျှော့ချလိုက်ပြီ ဖြစ်သလို အာဖဂန်နစ္စတန်တွင်လည်း ထိုနည်းအတိုင်း လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိသည်။

"ကမ္ဘာကြီးရဲ့ဒေသတစ်ခုဖြစ်တဲ့ ဒီပစိဖိတ်ဒေသနဲ့ပတ်သက်လာရင် အမေရိကန်ပြည်ထောင်စုဟာ အပြော သက်သက် မဟုတ် အလုပ်နဲ့ သက်သေပြတဲ့နိုင်ငံတစ်ခုပါ။ နောင်အနာဂတ်မှာလည်းအဲဒီအတိုင်းပဲ ဆက်လက်လုပ်ကိုင် သွားမှာပါ" ဟု Shangri La Dialogue အမည်ရ ဒေသတွင်းလုံခြုံရေးဖိုရမ်၌ ပြောကြားသည်။ "၂၁ ရာစုမှာ အမေရိကန်ပြည်ထောင်စုနဲ့ အာရှဟာ ခွဲခြားလို့မရနိုင်အောင် ပူးပေါင်း ချိတ်ဆက်မှုရှိလာမှာဖြစ်ပါတယ်။ အဲဒီလို ပကတိတရားတွေကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ စစ်ရေးအရစေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လက် ထိန်းသိမ်း ပြီး ပစိဖိတ်ဒေသမှာ စစ်ရေးဟန့်တားမှုအစီအမံတွေ တိုးမြှင့်ချထားဖို့ဖြစ်လာပါတယ်" ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

"နောင်လာမယ့်နှစ်တွေထဲမှာ အမေရိကန်စစ်ဘက်အနေနဲ့ ဆိပ်ကမ်းဒေသတွေမှာ အင်အားတိုးချဲ့မှု၊ ရေကြောင်း လုံခြုံမှု အတွက် ရေတပ် ပူးပေါင်းဆောင်ရွက်မှု၊ စစ်ရေးလေ့ကျင့်သင်ကြားမှုတို့ကို ပစိဖိတ်ဒေသကနိုင်ငံတွေနဲ့ ပူးတွဲ လုပ်ဆောင်သွားမှာဖြစ်ပါတယ်" ဟုလည်း ဆက်လက် ပြောသည်။ အမေရိကန်ပြည်ထောင်စု၏ မူလမဟာမိတ်များ ဖြစ်ကြသော ဂျပန်၊ တောင်ကိုရီးယားတို့နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုမှာ ပိုမို ခေတ်မီဆန်းသစ်လာမည်ဖြစ်သလို စင်ကာပူ၊ သြစတြေးလျနိုင်ငံတို့နှင့်လည်း စစ်ဘက်ပူးပေါင်းမှုများ တိုးမြှင့် သွားမည်ဖြစ်သည်ဟု ဆိုသည်။

************************************************************************

တရုတ်စစ်ဘက် ကုမ္ပဏီနှင့် ပင်တဂွန် ကန်ထရိုက်ချုပ်မည့်ကိစ္စ အမေရိကန်လွှတ်တော်ပိတ်ပင်

(BBC သတင်းကိုဘာသာပြန်ဆိုသည်။)

အမေရိကန်ပင်တဂွန်နှင့် တရုတ်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ ကန်ထရိုက်စာချုပ်ချုပ်ဆိုမည့်ကိစ္စအား လွှတ်တော်မှ ဥပေဒ ရေးဆွဲသူ များက ကန့်ကွက်ပိတ်ပင်ခဲ့ကြ ကြောင်း BBC သတင်းဌာနကရေးသားဖော်ပြသည်။ အမေရိကန်လွှတ်တော်က ခွင့်ပြုထား သော ကာကွယ် ရေး အသုံးစရိတ်ဆိုင်ရာ ဥပေဒတွင် အမေရိကန်ပင်တဂွန်နှင့် တရုတ်အစိုးရနှင့်ဆက်စပ်သော ကုမ္ပဏီများနှင့် အရောင်းအဝယ် ပြုလုပ်မည့် အရေးကိစ္စများကို ဥပဒေပြုသမားများက မဲခွဲဆုံးဖြတ်ကာ ပြင်ဆင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။

သို့သော် အဆိုပါဥပေဒမူကြမ်းအား သမ္မတအိုဘားမားကအတည်မပြုမီ ဆီးနိတ်အနေဖြင့်လည်း အတည်ပြုပေး ရမည် ဖြစ်သည်။ ယခုလို ဥပဒေ ပြုပြင်ရေးဆွဲမှုကို ဦးဆောင်ပြုလုပ်ခဲ့သူ လွှတ်တော်အမျိုးသမီးအမတ် Rose DeLauro က "ဒီလိုလုပ်တဲ့ အတွက်ကြောင့် အမေရိကန် ပြည်ထောင်စုရဲ့လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်နိုင်မှာဖြစ်ပါတယ်" ဟု ဆိုသည်။

"တရုတ်နိုင်ငံဟာ ကာကွယ်ရေးအခန်းကဏ္ဍမှာ သိသာထင်ရှားတဲ့တိုးတက်ဖြစ်ထွန်းမှုတွေ ဖြစ်လာအောင် လုပ်နေတာ တွေ့ ရပါတယ်။ စစ်ရေးနဲ့ အာကာသဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေပေါ့။ အခုဆိုရင် နောက်အသစ် တီထွင်မယ့် အမေရိကန်သမ္မတစီးမယ့် ရဟတ်ယာဉ် အတွက် တရုတ်အစိုးရထိန်းချုပ်မှုအောက်မှာရှိတဲ့ ကုမ္ပဏီကြီးတွေက ကန်ထရိုက်ရဖို့ကြိုးစားနေပါတယ်။ တကယ်ဆိုရင် ဒီလို အဆင့်မြင့် နည်းပညာတွေ နဲ့ ပတ်သက်တဲ့အလုပ်မျိုးဆိုတာ ပြည်ပနိုင်ငံတွေကို Outsourcing လုပ်မပေးသင့်ပါဘူး။ အခုကိစ္စကို ပိတ်ပင်လိုက်တဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးဆိုင်ရာအကျိုးစီးပွားသာမက နည်းပညာတီထွင်ဆန်းသစ်မှု၊ အလုပ်အကိုင်ဖန်တီးမှု အပါအဝင် ရေရှည် စီးပွားရေးတိုးတက်မှု ကိုပါ ကာကွယ်ပေးလိုက်ရာရောက်ပါတယ်" ဟု သူမကဆိုသည်။

Wall Street Journal အပါအဝင် သတင်းမီဒီယာများရေးသားချက်အရ တရုတ်နိုင်ငံပိုင် လေကြောင်း လုပ်ငန်းဆိုင်ရာကော်ပိုရေးရှင်း(AVIC) သည် အမေရိကန်သမ္မတ စီးနင်းမည့် ရဟတ်ယာဉ်တည်ဆောက်ရာတွင် နည်းပညာနှင့် ပစ္စည်းများထောက်ပံ့ခွင့်ရမည့် ကန်ထရိုက် ချုပ်ဆိုရန် ကြိုးပမ်းနေသည်ဟု ယူဆရကြောင်း သိရသည်။

မေလ ဒုတိယပတ်ခန့်တွင် တရုတ်စစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီး Chen Bingde က တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စစ်ရေးပါဝါနှင့်တူညီနိုင်ရေးအတွက် ကြိုးပမ်းလုပ်ကိုင်ရန် ဦးတည်ချက် မရှိကြောင်း ဝါရှင်တန်မြို့တွင် ပြောကြားသည်။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment