Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၁.၇.၂၀၁၁

ဘာသာပြန်သတင်းများ

မြန်မာ အစိုးရသစ်တွင် မူဝါဒသစ် လိုအပ်

(10 July 2011 ရက်စွဲပါ Bangkok Post မှ ခေါင်းကြီးဖြစ်သော New government needs new policy on Burma ကို ဘာသာပြန်ဆိုသည်)

အရှေ့တောင်အာရှတွင် ဒေသတွင်း အမျိုးသမီးနိုင်ငံရေး ပုဂ္ဂိုလ်အဖြစ် လေးစားအားကျဖွယ် ထွက်ပေါ်လာသည်။ ပြီးခဲ့သည့် အပတ်က ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် Pheu Thai ပါတီက ပြတ်ပြတ်သားသား အနိုင်ရရှိပြီးနောက် ထွက်ပေါ်လာသော ထိုင်းနိုင်ငံ ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် Yingluck Shinawatra အား ဂုဏ်ပြုချီးကျူးစကားဆိုခဲ့သည်။ ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ ရှေးဟောင်းမြို့တော် ပုဂံသို့ ရောက်ရှိနေပြီး Yingluck သည် တရားမျှတသော ဒီမိုကရေစီ ရွေးကောက်ပွဲမှ တိုင်းပြည်ခေါင်းဆောင် အဖြစ် ရွေးချယ်ခံ ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ၁၉၉၀ ခုနှစ်က သူမ၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီသည် ပြတ်ပြတ်သားသား နိုင်ခဲ့သဖြင့် အတူတူ ဖြစ်သည်ဟု ပြောရမည်ဖြစ်သော်လည်း စစ်တပ်က အာဏာရယူခွင့်မပေးခဲ့ပေ။

အမျိုးသမီးနှစ်ဦးအား နောက်ထပ် နှိုင်းယှဉ်ရန်မူ ယခုအချိန်တွင် မဖြစ်နိုင်။ မျှတမှုမရှိ ဟုဆိုရမည် ဖြစ်သည်။ သို့သော် Yingluck အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ ကိုယ်ရေးကိုယ်တာများအား ကြီးမားစွာ စွန့်လွှတ်၍ သူမ၏ ပြည်သူများအတွက် တရားမျှတမှုနှင့် ဒီမိုကရေစီ အတွက် ကာလကြာရှည် အနစ်နာခံမှုများကို အတုယူလိမ့်မည်ဟု မျှော်လင့်ရပေသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သူမအနေဖြင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ပိုမိုကောင်းမွန်သော နှစ်နိုင်ငံ ဆက်ဆံရေးကို မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ သူမက ဆက်လက်ပြောကြားရာတွင် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေးရသော မြန်မာဒုက္ခသည် များ အပေါ် အစိုးရသစ်အနေဖြင့် သနားညှာတာမှုများ ပြသရန် မျှော်လင့်ကြောင်း ဆိုသည်။

သူမ၏ မှတ်ချက်များသည် အစိုးရသစ်၏ မြန်မာနိုင်ငံအပေါ် မူဝါဒသည် မည်သို့ ရှိမည်ဆိုသည်ကို မီးမောင်း ထိုးပြလိုက်ခြင်း ဖြစ်သည်။ အခြေခံ ကျသော အရေးကိစ္စမှာ ကမ္ဘာပေါ်တွင် အဖိနှိပ်ဆုံးဟု အများကလက်ခံထားသော အစိုးရ၏ တိုင်းပြည်အပေါ် ဆက်ဆံရေးလုပ် မလုပ် ဆိုသည့်ကိစ္စ ဖြစ်သည်။ အခြားတစ်ဖက်စွန်းတွင် မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများနှင့် လူသားချင်းမစာနာသော ရာဇဝတ်မှုများအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomas Ojea Quintana ၏ တင်ပြချက်ကို ထိုင်းနိုင်ငံက ထောက်ခံလိမ့်မည်ဆိုသည်မှာ ဖြစ်နိုင်ချေ မရှိသော အချက်ကိုတွေ့ရမည် ဖြစ်သည်။ ထိုသို့သော ကော်မရှင်သည် အမှန်တရားသို့ရောက်ရှိရန် အကျိုးရှိစေသည်။ သို့သော် ကော်မရှင် ဖြစ်လာဖို့မှာ မလွယ်သလောက် ဖြစ်သည်။

Thaksin Shinawatra သည် ၎င်းဝန်ကြီးချုပ်ဖြစ်စဉ်က မြန်မာနိုင်ငံသို့ မကြာခဏသွားရောက်ခဲ့သည်။ ၎င်းမိသားစုပိုင် telecom ကုမ္ပဏီ ဖြစ်သော Shin Corp သည် ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်၏ သားဖြစ်သူ ပိုင်သော အင်တာနက်လုပ်ငန်းနှင့် သဘောတူညီမှုတစ်ခု လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါကိစ္စအား ထိုင်းတရားရုံးချုပ်က သက်ဆင်သည် အာဏာ အလွဲသုံးစားပြုသည်ဟု ဆုံးဖြတ်ကာ ၎င်းပိုင် ဘတ်(၄၆)ဘီလီယံအား ထိန်းချုပ်ခဲ့သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း Samak Sundaravej ကလည်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် နှိပ်ကွပ်မှုများ အပြီး သိပ်မကြာမီတွင် စစ်အစိုးရ၏ ဗုဒ္ဓဘာသာ အတွက် လုပ်ဆောင်ချက်များအား ချီးကျူးမှုပြုခဲ့သည်။ ၂၀၀၈ ဒီဇင်ဘာလ ဒီမိုကရက်များ အာဏာရလာစဉ်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ရပ်တည်လိမ့်မည်ဟု ကြီးကြီးမားမား မျှော်မှန်းခဲ့သည်။ ဝန်ကြီးချုပ် အဘီဆစ်သည် ဒေသတွင်း ထိပ်သီး အစည်း အဝေး တွင် အခြား အာဆီယံ ခေါင်းဆောင်များ နည်းတူ မြန်မာနိုင်ငံတွင် လွတ်လပ်ခွင့်မရှိမှုအား ဝေဖန်ရာတွင် ပျော့ပြောင်းသော စကားလုံးများကိုသာ အသုံးပြုခဲ့သည်။ ထိုင်းကုမ္ပဏီများ ကိုယ်စား စီးပွားရေးနှင့် သယံဇာတ ကိစ္စများကိုသာ ရည်မှန်း လုပ်ဆောင်ခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်လက် ဆက်ဆံရေးပြုလုပ်နေမည်မှာ မလွဲမသွေ ဖြစ်သည်။ သို့သော် မေးရမည့် မေးခွန်းမှာ “မြန်မာ နိုင်ငံတွင် အားနည်းနေသော ဒီမိုကရေစီအတွက် လုပ်ငန်းစဉ်များကို ကူညီနိုင်ရန် ယခင်နှင့် မတူ ခြားနားစွာ ဘာတွေ လုပ်ပေးနိုင်မည်နည်း” ဟူသော မေးခွန်းပင် ဖြစ်သည်။

အဖြေကတော့ ရှင်းပါသည်။ မြန်မာနိုင်ငံတွင်း ပါဝင်ပတ်သက်သော ထိုင်းကုမ္ပဏီများသည် ၎င်းတို့၏ စီမံချက်များတွင် လူ့အခွင့်အရေး၊ အလုပ်သမားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စံများကို လေးစား လိုက်နာရေးပင် ဖြစ်သည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ ထားဝယ်တွင်ရှိသော ရေနက်ဆိပ်ကမ်း ပရောဂျက်တွင် ထိုင်းနိုင်ငံက ငွေကြေး ရင်းနှီးမြှုပ်နှံ လျက် ရှိရာ ကချာနာဘူရီပြည်နယ်နှင့် ရထားလမ်း၊ ကားလမ်း ဆက်သွယ်လျက်ရှိသည်။ ထို့အပြင် ဆိပ်ကမ်းပတ်လည်ရှိ စက်မှုဇုံများတွင် ထိုင်းကုမ္ပဏီများ ပါဝင် ပတ်သက်လျက်ရှိရာ၊ နည်းမှန်လမ်းမှန် လုပ်ဆောင်ပါက ထိုင်းနှင့် မြန်မာစီးပွားရေး အတွက် များစွာ အကျိုးဖြစ်ထွန်းမည် ဖြစ်သော်လည်း၊ သမိုင်းကြောင်းအရ မြန်မာနိုင်ငံတွင်း အဓိက စီမံကိန်းမှန်သမျှသည် ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စကို ကြီးမားစွာ ထိခိုက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ယခုပရောဂျက်တွင်လည်း ထိခိုက်မည့် ကိစ္စများသည် အတော်ကြီးမားလှသည်။ ထို့ကြောင့် ထိုသို့သော ပရောဂျက်များကို လုပ်ဆောင်မည့် ထိုင်းကုမ္ပဏီများသည် ထိုင်းအစိုးရလုပ်သည့် အမှားများ အပါအဝင် တာဝန်ယူရမည့် တာဝန် ရှိလာသည်။

အစိုးရသစ်သည် မြန်မာနိုင်ငံတွင်း ထိုင်းကုမ္ပဏီများ လက်ရှိ လုပ်ကိုင်နေသော အလုပ်များနှင့် အဆိုပြုဆဲ ပရောဂျက်များကို ပြန်လည် သုံးသပ် သင့်လှသည်။ အတိအကျဆိုရသော် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ်တွင် အဆိုပြုထားသော ၃၆၀ မဂ္ဂါဝပ် ထက်ကြီးသော ရေလှောင်တမံ ကိစ္စတွင် မြန်မာစစ်တပ် လက်ထဲမှာပင် ထိုဒေသ၌ တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ အကြီးအကျယ်ရှိခဲ့သည်။ ထိုင်းနိုင်ငံသည် ၎င်း၏ စီးပွားရေးအရ သြဇာ လွှမ်းမိုးမှုကို အသုံးပြု၍ မြန်မာနိုင်ငံတွင် ပြောင်းလဲမှု အတွက်သက်ရောက်မှုများ ဖြစ်အောင်လုပ်နိုင်သည်။ လုပ်လည်း လုပ်သင့်သည်။ ကမ္ဘာတစ်ဝှမ်းတွင် စီးပွားရေးသည် နိုင်ငံရေးအပေါ် ကြီးမားသော သက်ရောက်မှုများ ရှိသည် ဖြစ်ရာ၊  မြန်မာနိုင်ငံတွင်ကျမှသာ ချွင်းချက် ဟူ၍ မရှိနိုင်ပေ။

 ************************************************

ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေး ကန့်သတ်မှုများ ချမှတ်ထားဆဲ

(Herald Sun မှ 8th July, 2011 ရက်စွဲပါ “Politics still off limits for democracy icon Aung San Suu Kyi after tour of rural Burma” သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်။)

                ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ လွပ်လပ်ခွင့်ကို စမ်းသပ်ကြည့်သည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဘုရားဖူး ခရီးစဉ်တွင် ကြီးမားသောလူထု ပရိတ်သတ်ကို ယနေ့ ဆွဲဆောင်နိုင်ခဲ့သော်လည်း သူမ၏ လှုပ်ရှားမှုများကို မြန်မာအစိုးရက အတိုင်းအတာတစ်ခု အထိ သာ သည်းခံလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြသည်။

                ကမ္ဘာကျော် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်သည် ရှေးဟောင်းမြို့တော် ပုဂံနှင့် အနီးအနား ကျေးရွာများသို့ ပေါ့ပေါ့ပါးပါး ၄ ရက်ခရီးစဉ် လည်ပတ် လေ့လာလျှက် ရှိရာတွင် စည်းရုံးဟောပြောမှုများ မပြုလုပ်ပဲ ရှောင်ရှားခဲ့သော ကြောင့် အရပ်ဝတ်ရဲနှင့် ထောက်လှမ်းရေးများက နောက်ယောင်ခံ လိုက်ပါ ခဲ့ကြသော်လည်း အနှောင့်အယှက်ပေးခဲ့ခြင်း မရှိပါ။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံရေးစည်းရုံးမှု ခရီးစဉ်ကို အပြည့် အ၀ ရှေ့တိုးဆောင်ရွက်ပါက သူမအား နိုင်ငံရေးနှင့် ကင်းကင်းနေရန် သတိပေးချက် ထုတ်ပြန်ထားသည့် “တပ်မတော် နောက်ခံ မြန်မာ အစိုးရသစ်” နှင့် ထိပ်တိုက်တွေ့မှုကို အစ ပျိုးဖွယ် ရှိသည် ဟု သတိပေးထားသည်။

                အစိုးရက ဒီတစ်ကြိမ်သူမကို ကောင်းကောင်းဆက်ဆံတာကို ကြည့်ပြီး၊ သူမ နောက်တစ်ကြိမ် နိုင်ငံရေး စည်းရုံးဖို့ ခရီးထွက်တဲ့အခါ အစိုးရက မနှောင့်ယှက်ပဲ လိုက်ပိုက်ပြီး ကြည့်နေမယ်လို့ စဉ်းစားရင်တော့ မိုက်မဲရူးသွပ်ရာ ရောက်ပါလိမ့်မယ် ဟု London School of Economic မှ ဒီမိုကရေစီ လှုပ်ရှားသူ မောင်ဇာနည်က ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း တပ်မတော်အစိုးရက သူမကို လွှတ်ပေးပြီး နောက်ပိုင်း ရန်ကုန် မြို့တော် အပြင်ဖက်သို့ ပထမဆုံး ထွက်လာသည့် ခရီးစဉ်အတွင်း အစိုးရကို ဆန့်ကျင်ဝေဖန်သည့် ဗြောင်ကျကျ နိုင်ငံရေး လှုပ်ရှားမှုများကို မပြုလုပ်ပဲ ရှောင်ရှားခဲ့သည်။

                မြန်မာလူထု၏ ဒီမိုကရေစီ သူရဲကောင်းသည် ရန်ကုန်သို့ လေကြောင်းခရီးဖြင့်မပြန်မီ သူမ သွားလေရာသို့ တောက်လျှောက် လိုက်ပါ နေကြသော သတင်းထောက် တစ်အုပ်ကြီးကိုလည်း ယနေ့ မည်သည့်မှတ်ချက်မှ ပြောဆိုခဲ့ခြင်း မရှိပေ။

                ဘုရားဖူး ခရီးစဉ်တွင် လိုက်ပါလာသော သူမ၏ သားငယ် ဗြိတိသျှ နိုင်ငံသား Kim Aris က “ကျွန်တော်တို့ အတွက် အပြောင်းအလဲတစ်ခု ဖြစ်ပေမဲ့ အနားမရခဲ့ပါဘူး၊ ဘယ်ကိုပဲသွားသွား လူတွေက အများကြီးပါပဲ၊ ဒါကို ရှောင်ထွက်လို့လည်း မရနိုင်ပါဘူး” ဟုလည်း ပြောကြားသည်။

                မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာ ထိပ်တန်းနေရာတစ်ခု ဖြစ်သည့် ပုဂံမြို့နှင့် အနီးတ၀ိုက် ဒေသများရှိ ဂူဘုရားများ၊ ဈေးများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များသို့ လည်ပတ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်က ပရိတ်သတ်များကို လက်မှတ်ထိုးပေးခြင်း၊ ဓါတ်ပုံ တွဲရိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

                စကားပြော ညင်သာသော်လည်း စိတ်ဓါတ်ကြံ့ခိုင်သူဟု သတင်းမွှေးသော အတိုက်အခံ ခေါင်းဆောင်ကို မြင်တွေ့လိုသည့်အတွက် စုဝေး ၀ိုင်းအုံလာသည့် ရာဂဏန်းမျှ အရေအတွက်ရှိ ထောက်ခံသူများက “အမေစု နေကောင်းရဲ့လား” ဟု အော်ဟစ် နှုတ်ဆက်ကြသလို အချို့ ပျော်လွန်း၍ မျက်ရည်ကျသူများလည်း ရှိသည်။

                သူမ ဆွဲဆောင်ခဲ့သော ပရိတ်သတ်အစုအဝေးသည် ၂၀၀၂-၂၀၀၃ ခုနှစ် ခရီးစဉ်ကထက် များစွာ နည်းသွားသော် လည်း သူမအနေဖြင့် လူအများမြင်ကွင်းမှ ကာလများစွာ ပျောက်ကွယ်နေသည့် ကြားမှပင် မြန်မာပြည်သူများအကြား ရေပန်းစားနေဆဲဟူသော အချက်ကို ပြသနေသည်။

                ပုဂံမြို့တစ်နေရာမှ ယွန်းထည်ဆိုင်ရှေ့တွင် ဒီမိုကရေစီခေါင်းဆောင်ကို တွေ့ဆုံနိုင်ရန် စောင့်ဆိုင်းနေသော အသက် ၅၄ နှစ် အရွယ် အိမ်ရှင်မ ဒေါ်နွယ်နွယ်က “ဒေါ်စုလာတယ်လို့ ကြားတော့ အိမ်မှာလုပ်ကိုင်နေရင်း တန်းလန်းတွေကို အကုန်ပစ်ချထားခဲ့ပြီး လာစောင့်နေတာပါ။ ကျွန်မက သူနဲ့ လူချင်းတွေ့ချင်တာပါ” ဟု အားတက်သရော ပြောဆိုသည်။

                ယခု မေးစရာရှိသည်မှာ အတိုက်အခံ ခေါင်းဆောင်အနေဖြင့် ယခု ခရီးစဉ်အောင်မြင်မှုကြောင့် အစိုးရ၏ သတိပေးမှုကို လစ်လျူရှုကာ နိုင်ငံရေး သက်သက် စည်းရုံးရေးခရီးစဉ်ကို စတင်ရန် ယုံကြည်မှုရှိနေသလား ဟူသော မေးခွန်းပင် ဖြစ်သည်။

                မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား လူထု မိန့်ခွန်းပြောခြင်းကဲ့သို့သော ဗြောင်ကျကျ နိုင်ငံရေး လှုပ်ရှားမှုများ မပြုလုပ်ရန် ပေးစာ ပို့ကာ သတိပေးထားသည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ သြစတေးလျား သံအမတ်ဟောင်း Trevor Wilson က ပြောကြားသည်။

                Australion National University မှ ဧည့်ပါမောက္ခ Mr.Wilson က “ဒါပေမဲ့ သူမရဲ့ NLD ပါတီ အနေနဲ့ သူတို့လည်း နိုင်ငံရေးနဲ့ အကြုံးဝင်တယ် ဆိုတာကို ပြသဖို့ လိုအပ်နေတယ်ဆိုပေမဲ့လည်း သူတို့ရဲ့ စွန့်စားမှုဟာ အန္တရာယ်ကို သွားဆွသလို ဖြစ်နေတာကို စဉ်းစားသင့်ပါတယ်” ဟု ဆက်လက်ပြောဆိုသည်။

                “ဒါဟာ ကြောင်နဲ့ကြွက် ကစားပွဲလို ကိစ္စတစ်ခုဆိုပေမယ့် အေးအေးချမ်းချမ်းပြီးဆုံးသွားလိမ့်မယ်လို့ ယုံကြည်ဖို့ အလွန်ခက်ခဲပါတယ်၊ စီစဉ် ထားသလို မဖြစ်ဖို့က ပိုများပါတယ်၊ အသေးစား သာမာန် အကြမ်းဖက်မှု ပြဿနာလေးတွေ ဖြစ်လာနိုင်ပါတယ်” ဟု ၄င်းက ပြောကြားသည်။

                ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုက ချစ်ခင်လေးစားခြင်းကို မရှုစိမ့်နိုင်သော တပ်မတော် အစိုးရက ၂၀၀၃ ခုနှစ်တွင် သူမ၏ မော်တော်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ရန် စီစဉ်လုပ်ဆောင်ခဲ့ဖူးသည့် ဖြစ်ရပ်ကြောင့် သူမ၏ ဘေးကင်းလုံခြုံရေးကို အဓိက စိုးရိမ်နေကြခြင်း ဖြစ်သည်။

                မြန်မာ့လွပ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရက စပွန်ဆာပေးသော အထက်ပါ လုပ်ကြံ တိုက်ခိုက်မှုတွင် သူမ၏ နောက်လိုက်နောက်ပါများနှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး တတိယအကြိမ်မြောက် အကျယ်ချုပ် ထိန်းသိမ်းခြင်းခံခဲ့ရသည်။

                အတိုက်အခံခေါင်းဆောင်၏ NLD ပါတီသည် သူမအား အကာအကွယ်ပေးနိုင်ရန် အတွက် ပါတီ၏ ကိုယ်ပိုင်အဖွဲ့ဝင် များစွာကို ပုဂံသို့ ယခု သီတင်းပတ်အတွင်း စေလွှတ်ထားသည်ဟု အမည်မဖော်လိုသူ ပါတီ၏ လုံခြုံရေး တာဝန်ခံတစ်ဦးက ပြောကြားသည်။

                “အာဏာပိုင်တွေကလည်း လုံခြုံရေးကိစ္စကို တာဝန်ယူကြမယ်လို့ ကျွန်တော်ထင်ပါတယ်။ သူတို့ကတော့ ဒေသခံ ပြည်သူတွေကို ဟိုဟာ မလုပ်နဲ့၊ ဒီဟာမလုပ်နဲ့လို့ တားမြစ်တာပေါ့” ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

                ဒေါ်အောင်ဆန်းစုကြည်ကို မနှစ်က လွှတ်ပေးခဲ့ခြင်းသည် တပ်မတော်အစိုးရက သူတို့၏ ကိုယ်စားလှယ်များ အနိုင်ရအောင် ခြိမ်းခြောက်၊ လိမ်ညာ ကျင်းပခဲ့သည့် ရွေးကောက်ပွဲအပေါ် ကမ္ဘာက ၀ိုင်းဝန်းပြစ်တင်ဝေဖန်မှုကို ကာကွယ်ရန် အာရုံလွှဲရန် ကြိုးစားခြင်း ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့်ရှုမြင်ထားကြသည်။

                ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရသော်လည်း အစိုးရ၏ အသိအမှတ်ပြုခြင်းကို မခံရသော NLD ပါတီသည် ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် ဥပဒေများ မျှတမှုမရှိဟု ဆိုကာ သပိတ်မှောက်ခဲ့သဖြင့် အစိုးရ၏ ဖျက်သိမ်းမှုကို ခံခဲ့ရသည်။

                လက်ရှိ နာမည်ခံ အစိုးရသစ်သည်လည်း အကယ်၍သာ ဒေါ်အောင်ဆန်းစုကြည်ကို ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ် ရှုမြင်လာပါက သူမ၏ လွတ်လပ်ခွင့်ကို ထပ်မံကန့်သတ်ပိတ်ပင်ရန် လုံးဝ တွေဝေလိမ့်မည် မဟုတ်ဟု အချို့ အကဲခတ်လေ့လာသူများက ယူဆလျှက်ရှိသည်။

                “တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာအစိုးရ အကြောင်းပြစရာ တစ်ခုခုကို လုပ်လိုက်မိပြီဆိုတာနဲ့ သူတို့က (အစိုးရက) သူမရဲ့ လှုပ်ရှားမှုတွေကို အမြန်ဆုံး တားမြစ်ကန့်သတ်ကြမှာပါ” ဟု Dr.Wilson က သုံးသပ် ပြောကြားသည်။

**************************************************

မြစ်ဆုံဆည်အတွက် လမ်းဖောက်ရန် ကချင်ရွာသားများ အဓမ္မ ဖယ်ရှားခံရ

(Independent Catholic News  မှ 7 July 2011 ရက်စွဲပါ “Burma : villigers forcibily moved to make way for new dam” သတင်း ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ဒေသခံ တောသူတောင်သား ထောင်ပေါင်းများစွာတို့သည် ရေအားလျှပ်စစ် ရေလှောင်တမံသစ်အတွက် လမ်းဖောက်ရန် ၎င်းတို့၏ နေအိမ်များမှ အဓမ္မ ဖယ်ရှားခံနေရသည်ဟု သိရှိရသည်။ နယူးယောက် မြို့တော် ပမာဏခန့် ရှိသော စတုရန်းမိုင် ၃၀၀ ရေကန်ကို ဖန်တီးမည့် မြစ်ဆုံရေလှောင်တမံ တည်ဆောက်အပြီး ပေါ်ပေါက်လာမည့် ရေပြင်၏အောက်တွင် ကျေးရွာပေါင်း ၄၇ ရွာ ပျောက်ကွယ် သွားမည် ဖြစ်၍ လူပေါင်း ၁၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရမည် ဟု ဆိုသည်။

                ခရစ်ယာန်ဘာသာ ကိုးကွယ်သော ကချင်ပြည်နယ် ပိုမိုလွတ်လပ်ခွင့်အတွက် တောင်းဆိုမှုများ၏ နောက်ဆက်တွဲ အဖြစ် ပြီးခဲ့သော ဇွန်လ အတွင်းက မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားစေခဲ့သည့် အဓိကအကြောင်းရင်းမှာ ပြည်နယ် အတွင်း ရေလှောင်တမံသစ်များ တည်ဆောက်သည့် ကိစ္စပင် ဖြစ်သည်။

                ဒေသခံ တန်ဖွီ ရွာသားများ က “၎င်းတို့အား ပြည်နယ်အာဏာပိုင်များက ကျေးရွာမှ အဓမ္မ မောင်းထုတ်ခဲ့သည်” ဟု ခရစ်ယာန် စောင့်ရှောက် ကူညီမှု ရန်ပုံငွေ အဖွဲ့အစည်း Aid to the Church in Need သို့ ပြောကြားသည်။

                “မြစ်ကြီးနားက အစိုးရ အာဏာပိုင်တွေနဲ့ ရဲတွေ အများကြီး ထရပ်ကား ၁၈ စီး နဲ့ ရောက်လာကြပါတယ်” ဟု ရွာသားတစ်ဦးက ပြောကြား သည်။ “ကျွန်တော်တို့ရဲ့ အိမ်တွေကနေ ထွက်ပေးအောင် အတင်းအကြပ် မောင်းထုတ် ကြတာပါ” ဟု နောက်တစ်ဦးက ဆိုသည်။

                ကျေးရွာနေ မိသားစုပေါင်း ၁၃၀ ခန့် မှာ တောင်ဖက် ၁၀ ကီလိုမီတာခန့် အကွာတွင် အသစ်တည်ဆောက်သော အောင်မြင်သာ ကျေးရွာသို့ မတ်လအတွင်းက ပြောင်းရွှေ့အခြေစိုက်ခဲ့ကြရသည်ဟု သိရှိရသည်။

                တန်ဖွီရွာမှ ခရစ်ယာန် ကျမ်းစာသင်ဆရာတစ်ဦးက ကျွန်တော်တို့ဘိုးဘေးတွေရဲ့ အမွေဖြစ်တဲ့လယ်တွေ၊ အိမ်တွေကို ကျွန်တော်တို့ မထားခဲ့နိုင်ပါဘူးဟု ပြောကြားသည်။ တန်ဖွီရွာသည် Columban ခရစ်ယာန် သာသနာပြုများ မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်ရာ နေရာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်အပြီး ဘုရားကျောင်းနှင့် စာသင်ကျောင်းများ တည်ဆောက်ခဲ့သည့် ကျေးရွာ ဖြစ်သည်။

                နေရာဖယ်ပေးရသည့်အတွက် ဆည်တည်ဆောက်သူများထံမှ ရရှိသော လျော်ကြေးတွင် နေအိမ်တစ်လုံး၊ ရုပ်မြင်သံကြားစက် တစ်လုံး၊ အမေရိကန် ဒေါ်လာ ၁၀၀ နှင့် ညီမျှသော ငွေ၊ ၆ လစာဆန်တို့ ပါဝင်သည်ဟု ဆိုသည်။ သို့သော်လည်း အောင်မြင်သာရွာမှ အဆောက်အဦးများကို ကိုယ်တိုင်မြင်ခဲ့သူ တစ်ဦး၏ အဆိုအရ ယာယီတဲစခန်းများနှင့် တူသည်ဟု သိရှိရသည်။

                အဆိုပါ ရေအားလျှပ်စစ်တမံ တည်ဆောက်ခြင်းကို မြန်မာ နှင့်တရုတ် ကုမ္ပဏီများ အသင်း၏ နောက်ခံပံ့ပိုးမှုဖြင့် အကောင်အထည်ဖေါ်နေခြင်း ဖြစ်ပြီး တစ်နှစ်လျင် ၆၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ကာ တရုတ်နိုင်ငံသို့ အများစု တင်ပို့မည် ဟု မျှော်လင့်ရသည်။

                ဆည်တည်ဆောက်မှုကြောင့် ထိခိုက်နစ်နာသူများထဲတွင် မာလီဇပ် ယက္ကန်း သမဝါယမအသင်းလည်း ပါဝင်သည်။ ကက်သိုလစ် သီလရှင် တစ်ဦး ဖွဲ့စည်း တည်ထောင်ပေးထားသော အဆိုပါ အုပ်စုတွင် ဂျိန်းဖော မျိုးနွယ် သက်ကြီးပိုင်း အမျိုးသမီးများ အတူတကွ လုပ်ကိုင်လျက်ရှိပြီး ၂၀၀၈ ဖေဖော်ဝါရီလက စတင်ခဲ့ခြင်း ဖြစ်သည်။ ဂျိန်းဖော မျိုးနွယ်များ သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။

                ယက္ကန်းလုပ်ငန်းသည် ရိုးရာလက်မှုလုပ်ငန်း တစ်ခုဖြစ်ပြီး အထက်ပါ သမဝါယမအသင်း၏ အောင်မြင်မှုကြောင့် ဂျိန်းဖောတို့အတွက် မိမိကိုယ်မိမိ လေးစားသည့် ခံစားမှု အမြင်သစ်ကို ရရှိစေသည်။ အဆိုပါ သမဝါယမအသင်းက သူတို့၏ ထုတ်ကုန်များကို ရောင်းရလွယ်ကူအောင် ပြုလုပ်ပေးပြီး သူတို့မျိုးနွယ်စု၏ သီးသန့်ယဉ်ကျေးမှုကို ပိုမို အထင်ကြီး လေးစားစရာ ဖြစ်အောင် ပြုလုပ်ပေးသည်ဟု ဒေသခံများက ပြောကြားသည်။ ယခုအခါ နေအိမ်များမှ စွန့်ခွါရန် အဓမ္မ မောင်းထုတ်ခံနေရခြင်းကြောင့် ဖေါ်ပြပါအောင်မြင်မှု အသီးအပွင့်များ ထိခိုက်ဆုံးရှုံးမည်ကို စိုးရိမ်ပူပန်လျက် ရှိကြသည်။

                ကချင်ပြည်နယ်အတွင်း ရေလှောင်တမံများ ပိတ်ဆို့တည်ဆောက်နေသည့် အစီအစဉ်များကို စွန့်လွှတ်ရန် ဒေသခံ ခရစ်ယာန် ဘာသာရေး အုပ်စုအားလုံးက တောင်းဆိုကြခြင်းကို မြန်မာအစိုးရက လစ်လျူရှုခဲ့သည်။ ဒေသခံ ပြည်သူများ နှင့် ဘာသာရေး အသင်းအဖွဲ့များက မြန်မာအစိုးရအား မြစ်ဆုံတည်ဆောက်မှု ရပ်ဆိုင်းရန် ဖေဖော်ဝါရီလအတွင်းက တစ်ကြိမ် တောင်းဆို ဆန္ဒပြခဲ့ကြသေးသည်။ အဆိုပါ ရေလှောင်တမံကို မေ ( မေခ ) နှင့် မေလိ ( မလိခ ) မြစ်နှစ်စင်း ပေါင်းဆုံကာ ဧရာဝတီမြစ် ဖြစ်ပေါ်လာသည့် မြစ်ဆုံနေရာ၏ အောက်ဖက်နားတွင် တည်ဆောက်နေခြင်း ဖြစ်သည်။

 ***************************************************

တော်ဝင်မိသားစုနှင့် ပတ်သက်သည့် ဥပဒေများကို တရားသဖြင့် အသုံးပြုကြရန် ထိုင်းဝန်ကြီးချုပ်သစ် တိုက်တွန်း

(AFP သတင်း မှ 8 July 2011 ရက်စွဲပါ “Thai PM- in- waiting urges fair use of royal rules ” သတင်း ကို ဘာသာ ပြန်ဆိုသည်)

                ထိုင်းနိုင်ငံတွင် ရာထူးမှ နှုတ်ထွက်တော့မည့်အစိုးရအား ဝေဖန်သူများကို အရေးယူခဲ့သည့် လူသိရှင်ကြား အမှုကိစ္စများစွာ ဖြစ်ပွားခဲ့ပြီး နောက်တွင် ဘုရင်စနစ်ကို စော်ကားသည့် အပြုအမူများကို အရေးယူသည့် တင်းကြပ်လွန်းသော ဥပဒေများကို အလွဲသုံးစား မပြုလုပ်သင့်ကြောင်း အာဏာ လွှဲပြောင်းယူရန် စောင့်ဆိုင်းနေသည့် ဝန်ကြီးချုပ်က သောကြာနေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။

                ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ၏ ညီမဖြစ်ပြီး နိုင်ငံရေးလောကသို့ အသစ် ဝင်ရောက်လာသူ အသက် ၄၄ နှစ် အရွယ် ယင်လပ် ရှင်နာဝပ်ထရာက “ဘုရင့်နိုင်ငံအပေါ် သစ္စာဖောက်မှုနဲ့ ဆိုင်တဲ့ ဒီ ဥပဒေကို တစ်လွှဲ အသုံးချနေတာမျိုးကိုတော့ ကျွန်မ မမြင်ချင်ပါဘူး” ဟု ပြောကြားခဲ့သည်။

                ဘုရင်၊ မိဖုရားနှင့် တော်ဝင်မျိုးနွယ်များကို စော်ကားသည့်အပြုအမူ ပြုလုပ်သော မည်သူကိုမဆို ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည့် အဆိုပါ ဥပဒေကို ပြန်လည်လေ့လာသုံးသပ်ရန် သူမက တောင်းဆိုထားသည်။

                ဒီကြောင်းအရာဟာ အထိမခံ ရွှေပန်းကန်ဖြစ်နေတဲ့အတွက် ဥပဒေပညာရှင်တွေရဲ့ ဆွေးနွေးမှုကို လိုအပ်ပါတယ်။ ဒီဥပဒေကို ပြန်လည် သုံးသပ်ဖို့ အတွက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ သက်ဆိုင်သူတွေ အားလုံးကို ကျွန်မ တောင်းဆိုမှာပါ ဟု သူမက ပြောကြားသည်။

                ကမ္ဘာ့သက်တမ်းရှည် ဘုရင်တစ်ပါးဖြစ်ပြီး ထိုင်းပြည်သူပြည်သားအများစုက ဘုရားတစ်ဆူ ကဲ့သို့ ကိုးကွယ်ကြ သော ထိုင်းဘုရင် ဘူမိဘော အဒူလယာဒက် ( ၈၃ နှစ် ) သည် ၂၀၀၉ စက်တင်ဘာလမှ စ၍ ဆေးရုံတက် နေရသူ ဖြစ်သည်။

                နိုင်ငံရေးအရ သွေးကွဲနေသည့် ထိုင်းနိုင်ငံတွင် ဘုရင်စနစ်၏ ကဏ္ဍကို ဆွေးနွေးခြင်းအား ရှေးယခင်ကပင် တားမြစ်ခဲ့သည့် ထုံးတမ်းစဉ်လာ ရှိသည်။ ရာထူးမှ နှုတ်ထွက်တော့မည့် အစိုးရလက်ထက်တွင် လွပ်လပ်စွာ ပြောဆိုခွင့်ကို ချုပ်ချယ်ရန်အတွက် ဘုရင့်မိသားစုကို အသုံးချခြင်းကို စိုးရိမ်ပူပန်ကြောင်း လူ့အခွင့်အရေးအုပ်စုများက ထုတ်ဖေါ် ပြောဆိုထားသည်။

 ************************************************

တရုတ်သွင်းကုန် တိုးတက်မှု ကျဆင်း

( 10 July 2011 ရက်စွဲပါ BBC News မှ China’s imports slow down as domestic demand dips ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်အစိုးရ၏ ကြီးထွားလာမှုများကို ထိန်းချုပ်ရန် ကြိုးစားရာ ပြည်တွင်းလိုအပ်ချက်များတွင်ပါ သက်ရောက်မှု  ရှိခြင်းကြောင့် ပြီးခဲ့သည့် ဇွန်လက တရုတ်နိုင်ငံ၏ သွင်းကုန်များ တိုးမြှင့်လာမှုနှုန်းများ လျော့ကျခဲ့သည်။

                နောက်ဆုံး ရရှိသော အစိုးရ၏ ကိန်းဂဏန်းများအရ ပြီးခဲ့သည့်နှစ်ကထက်စာလျှင် မေလ၌ သွင်းကုန် 28.4% တိုးတက်ခဲ့သော်လည်း ဇွန်လတွင် 19.3% သာ တိုးခဲ့သည်။ တချိန်တည်းမှာပင် ပို့ကုန်များမှာ ပြီးခဲ့သည့် မေလက 19.4% တက်ခဲ့သော်လည်း၊ ဇွန်လ တွင် 17.9% သာ တက်ခဲ့ပြီး အတက်နှေးခဲ့သည်။

                တရုတ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးရှိပြီး၊ ကမ္ဘာပေါ်တွင် အကြီးဆုံးပို့ကုန်တင်ပို့သူ ဖြစ်သည်။ ဇွန်လတွင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ 22.3 ဘီလီယံ (ပေါင်စတာလင် 13.8 ဘီလီယံ) ရှိပြီး မျှော်မှန်းသည်ထက်  နည်းခဲ့သည်။ “သွင်းကုန် ကလည်း မျှော်မှန်းထားတာရဲ့ အောက်မှာပဲ ရှိပါတယ်” ဟု စင်္ကာပူ ရှိ Action Economics မှ David Cohen က ပြောသည်။

                “တရုတ်ပြည်မှာ တိုးတက် ကြီးထွားမှုအတွက် ဟန်ချက်ပျက်သွားတာရဲ့ ရောင်ပြန်ဟပ်မှုကို ကျွန်တော်တို့ တွေ့နေရပါတယ်” ဟု ၎င်းက ပြောသည်။ Cohen က ပြောကြားရာတွင် မကြာသေးမီက တရုတ်ပြည်သည် ၎င်း၏ ငွေကြေး မူဝါဒကို တင်းကြပ်သည့် လုပ်ဆောင်မှုများကို ပြုလုပ်ခဲ့ရာ တိုင်းပြည်၏ ကြီးထွားမှုနှုန်းတွင် သက်ရောက်မှုများ ရှိကြောင်း ဆိုသည်။ “ကိန်းဂဏန်းများအရ ကြီးထွားမှု ဆုတ်ယုတ်သွားတယ်ဆိုတာ ပြနေပါတယ် ” ဟု ၎င်းက ပြောသည်။

                လူသုံးကုန်ပစ္စည်းဈေးနှုန်းများ တက်လာခြင်းကြောင့် ပြည်တွင်းစားသုံးမှု လိုအပ်ချက်အတွက် ဝေဖန် သုံးသပ်သူများက စိုးရိမ် ပူပန်လျက် ရှိသည်။ စနေနေ့ တွင် ထုတ်ပြန်သော ကိန်းဂဏန်းများ အရ တရုတ်နိုင်ငံ ၏ ငွေကြေး ဖောင်းပွမှုသည် ဇွန်လ တွင် လွန်ခဲ့သော နှစ်ကထက်စာလျှင် အမြင့်ဆုံးသို့ ရောက်ရှိပြီး 6.4% ထိ တက်ခဲ့သည်။

**************************************************

မြန်မာနိုင်ငံတွင်း ဆည်တမံတည်ဆောက်မှုများ ရပ်ဆိုင်းရန် အစိုးရအတိုက်အခံများ တရုတ်အစိုးရကိုတိုက်တွန်း

(China Digital Times မှ သတင်းကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံမြောက်ပိုင်းဒေသတွင် ပဋိပက္ခများဖြစ်ပေါ်အောင် ဖန်တီးလျက်ရှိသည့် ရေလှောင်တမံ စီမံကိန်း လုပ်ငန်းစဉ်များကို ရပ်ဆိုင်းရန် မြန်မာအစိုးရ အတိုက်အခံအုပ်စုများက တရုတ်နိုင်ငံအား ဇူလိုင်လ ၇ ရက်နေ့တွင် တိုက်တွန်းပြောဆိုလိုက်သည်။ The Wall Street Journal အဆိုအရ မြန်မာနိုင်ငံတွင်း တရုတ်နိုင်ငံရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်သော အစိုးရဆန့်ကျင်ရေးအုပ်စုများက မကျေနပ်မှုများနှင့် တိုင်တန်းမှုများ ပိုမို များပြား လာသလို တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု များမှာလည်း ပိုမိုကြီးထွားလာသည်။ ပြီးခဲ့သည့် မတ်လတွင် အဆုံးသတ်ခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း တရုတ် နိုင်ငံမှ လာသော မြန်မာပြည်တွင်းတိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၈ ဒဿမ ၂၇ ဘီလီယံရှိသည်။ အဆိုပါပမာဏသည် မြန်မာ နိုင်ငံ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၄၁ ရာခိုင်နှုန်းဖြစ်ကြောင်း AFP သတင်းဌာနနှင့် ပြည်တွင်းမီဒီယာများ၏ ရေးသားသတင်း ပေးပို့ချက်များအရ သိရသည်။

မြန်မာနိုင်ငံတစ်ဝန်း တရုတ်ရင်းနှီးမြှုပ်နှံသူများက ဒေါ်လာဘီလီယံနှင့်ချီသော တန်ဖိုးရှိသည့် သဘာဝ ဓာတ်ငွေနှင့် ရေနံပိုက်လိုင်းသွယ်တန်းမှု အပါအဝင် ဧရာမစီမံကိန်းကြီးများကို အကောင်အထည်ဖော်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု၊ ကာလီဖိုးနီးယားအခြေစိုက် International Rivers အဖွဲ့အဆိုအရ မြန်မာနိုင်ငံတွင်း တရုတ်ကုမ္ပဏီ ၄၅ ခုက ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေအားလျှပ်စစ်စီမံကိန်းစုစုပေါင်း ၆၀ ရှိသည်။

အစိုးရဆန့်ကျင်ရေးလှုံ့ဆော်သူများကမူ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံတွင်း သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုများကို ဖြစ်ပေါ်စေရုံသာမက အဓမ္မလုပ်သားစေခိုင်းမှု၊ မုဒိမ်းမှုများအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုမှုများ ကျူးလွန်နေသည်ဟု စွပ်စွဲခံထားရသည့် စစ်တပ် ကျောထောက် နောက်ခံ မြန်မာအစိုးရအား အထောက်အပံ့ပြုရာ ရောက်သည်ဟုဆိုသည်။ ထို့ပြင် အဆိုပါရင်းနှီးမြှုပ်နှံမှုများကြောင့် မြန်မာနိုင်ငံသား အများစု၏ လူမှုအဆင့်အတန်း မြှင့်တင်ရေး ဆောင်ရွက်ချက်များမပြုလုပ်နိုင်ကြောင်း ၎င်းတို့ကထောက်ပြပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်အစိုးရများကမူ ထိုကဲ့သို့သော ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်နိုင်မည့် စီးပွားရေးပိတ်ဆို့အရေးယူမှု များဖြင့် မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူထားသည်။ သို့သော် အစိုးရဆန့်ကျင်ရေးအုပ်စု အတော်များများက ယခုအခါ စီးပွားရေးပိတ်ဆို့မှုများ အပေါ် မေးခွန်းထုတ် ဆန်းစစ်လာကြသည်ကို တွေ့ရသည်။ အကြောင်းမှာ တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုများ စီးပွားရေးပိတ်ဆို့မှုမူဝါဒများ အကျိုး သက်ရောက်မှု မရှိအောင် ဖန်တီး ပေးနေသောကြောင့်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများမပြုလုပ်ရန် တရုတ်နိုင်ငံအား တိုက်တွန်းဆော်သြမှုများပါဝင်သည့် ကြေညာချက်ကို အမေရိကန်အခြေစိုက် US Campaign for Burma က ဦးဆောင်ပြီး အစိုးရဆန့်ကျင်ရေးအုပ်စု ခြောက်ခုကျော်က သဘောတူလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ယင်းအုပ်စုများ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ မဟာမိတ်အဖွဲ့ (All Burma Monks' Alliance) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့လည်း

ပါဝင်သည်။

တရုတ်အစိုးရသည် မြန်မာအစိုးရနှင့် ပူးပေါင်းကာ ကချင်ပြည်နယ်တွင်း ရေအားလျှပ်စစ်စီမံကိန်းများ လုပ်ဆောင်နေမှုကြောင့် ထိုဒေသရှိ မြစ်ကြောင်းများ စီးဆင်းမှုရပ်ဆိုင်းသွားကြောင်း၊ တရုတ်အစိုးရ၏ ဆောင်ရွက်ချက် များသည် မြန်မာပြည်သူလူထု၏လူမှုဘဝနှင့် ပြည်သူပိုင် အိုးအိမ် စည်းစိမ်များကို လုံးလုံးလျားလျား မထီမဲ့မြင်ပြုနေသကဲ့သို့ ရှိကြောင်း ကြေညာချက်တွင် စွပ်စွဲရေးသားထားသည်။

***********************************************

လာအိုဝန်ကြီးချုပ် မြန်မာသို့လာမည်

(8 July, 2011 ရက်စွဲပါ People’s Daily Online မှ Lao PM to visit Myanmar ကို ဘာသာပြန်ဆိုသည်။)

                လာအိုဝန်ကြီးချုပ် Thongsing Thammavong သည် မြန်မာနိုင်ငံသို့ မကြာမီ လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သောကြာနေ့က နေပြည်တော်မှ သတင်းထုတ်ပြန်ခဲ့ကာ လာရောက်လည်ပတ်မည့် နေ့ရက်ကိုမူ အတိအကျ ပြောကြားခြင်း မရှိပေ။

                သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ Thongsing သည် အစိုးရသစ်တက်ပြီးနောက် လာရောက် လည်ပတ်ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလက မြန်မာခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးကောက်ပွဲမတိုင်ခင် ဗီယင်ကျင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပြီး လာအိုခေါင်းဆောင်များနှင့် နှစ်နိုင်ငံချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။

                နှစ်နိုင်ငံသည် စီးပွားရေးနှင့်လူမှုရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ရာ မြန်မာ-လာအို-ဗီယက်နမ် လမ်းဖောက်လုပ်ရေး၊ မြန်မာ-လာအို မဲခေါင်မြစ် ချစ်ကြည်ရေးတံတား တည်ဆောက်ရေး၊ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းများ၊ နယ်စပ်ကိစ္စများ ကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန် မြန်မာ-လာအို နယ်စပ် ကော်မတီ ဖွဲ့စည်းရေး ကိစ္စရပ်များ ပါဝင်သည်။

                မြန်မာနှင့်လာအိုသည် ကီလိုမီတာ (၂၃၀) ရှည်သော နယ်စပ်ကို ပိုင်ဆိုင်ကြပြီး၊ ၁၉၅၅ ခုနှစ်မှ စ၍ သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့သည်။

***************************************************

အာရှရေနံဈေးနှုန်း တစ်ပေပါလျှင် ၉၇ ဒေါ်လာအထက်သို့ရောက်ရှိမည်

(AP သတင်းကို ဘာသာ ပြန်ဆိုသည်)

အာရှဒေသ ရေနံဈေးနှုန်းမှာ ဇူလိုင်လ ပထမပတ်ခန့်တွင် မြင့်တက်လာပြီး တစ်ပေပါလျှင် ၉၇ ဒေါ်လာ အထက်သို့ ရောက်ရှိနေမည် ဖြစ်ကြောင်း စင်ကာပူမှလာသော စွမ်းအင် သတင်းအချက်အလက်များအရသိရသည်။ အမေရိကန်ရေနံစိမ်း ကုန်ကြမ်းတင်ပို့မှု ဇူလိုင်လဆန်း ပထမနှင့် ဒုတိယ ရက်သတ္တပတ်ခန့်၌ ကျဆင်းလာသည်ဟု သတင်းပေးပို့ချက်များ ထွက်ပေါ်လာပြီးနောက် အာရှဒေသ ရေနံဈေးနှုန်းများမြင့်တက်လာခြင်း ဖြစ်သည်။

ဇူလိုင်လ ၇ ရက်နေ့ စင်ကာပူအခြေစိုက် New York Mercantile Exchange ၏ အီလက်ထရွန်နစ် ကုန်သွယ်ရေး ဈေးကွက်တွင် သြဂုတ်လ ရေနံတင်ပို့မှု အတွက်ပေါက်ဈေး မှာ ၇၈ ဆင့်ခန့်မြင့်တက်ကာ တစ်ပေပါလျှင် ၉၇ ဒဿမ ၄၃ ဒေါ်လာသို့ ရောက်ရှိသွားကြောင်း AP သတင်းဌာနက ရေးသားသည်။

လန်ဒန်အခြေစိုက် Brent Crude ၏ရေနံစိမ်းဈေးနှုန်းမှာ ၁ ဒဿမ ၁၁ ဆင့် မြင့်တက်လာပြီး တစ်ပေပါလျှင် ၁၁၄ ဒဿမ ၇၂ ဒေါ်လာ ဖြစ်ကြောင်း သိရသည်။ American Petroleum Institute ကထုတ်ပြန်သော အသေးစိတ် စာရင်းအင်းများအရ ဇွန်လနောက်ဆုံးရက်သတ္တပတ်တွင် ရေနံစိမ်း ထုတ်လုပ်မှုမှာ ကျဆင်းလာပြီး ပေပါပေါင်း ၃ ဒဿမ ၂ သန်းသာရှိကြောင်းသိရသည်။ စွမ်းအင်သတင်းအချက်အလက် စုဆောင်းသည့် အဖွဲ့ဖြစ်သော McGraw-Hill Cos ကမူ ရေနံစိမ်းထုတ်လုပ်မှု ပေပါပေါင်း ၂ ဒဿမ ၅ သန်းသာရှိမည်ဟု ဟောကိန်းထုတ်ထားသည်။ ထို့ပြင် ဓာတ်ဆီ ထုတ်လုပ်မှု မှာလည်း ပေပါ ၁ ဒဿမ ၉ သန်းထိကျဆင်းသွားသည်ဟု ဆိုသည်။

အချို့သောလောင်စာဈေးကွက်လေ့လာဆန်းစစ်သူများက အမေရိကန်ရေနံစိမ်းတင်ပို့မှုကျဆင်းခြင်းကြောင့် ရေနံစိမ်း ထုတ်လုပ်သူများအဖြင့် ကုန်ကြမ်းထွက်ရှိရေးကို တိုးမြှင့်လာဖွယ်ရှိကြောင်း၊ လောင်စာဈေးနှုန်းများလည်း မြင့်တက်လာနိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

"ယခုလိုဖြစ်ရပ်များကြောင့် OPEC (အိုပက်အဖွဲ့) အနေဖြင့် ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်လုပ်ဆောင်ရမည်ဟု ကျွန်ုပ်တို့ထင်မြင်သည်" ဟု နာမည်ကျော် Morgan Stanley  ၏ အစီရင်ခံစာကဆိုသည်။ Goldman Sachs ကမူ ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားမှာ ထုတ်လုပ်မှုထက် ကျော်လွန်လျက် ရှိသောကြောင့် လောင်စာအခန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ၂၀၁၂ ခုနှစ်တွင် Brent Crude မှ ရေနံစိမ်းဝယ်ယူကြရန် တိုက်တွန်းပြောဆိုသည်။

"လောင်စာဈေးကွက်သည် လာမည့် ၂၀၁၂ ခုနှစ်အရောက်တွင် ဘေးကျပ်နံကျပ်ဖြစ်မည့် အနေအထားသို့ ရောက်ရှိသွားမည်ဟု ကျွန်ုပ်တို့က မျှော်မှန်း ထားသည်။ ရေနံဈေးနှုန်းများသည်လည်း စဉ်ဆက်မပြတ် မြင့်တက်နေမည့် သဘောတွင်ရှိသည်" ဟု Goldman Sachs ကဆိုသည်။ လောင်စာ စွမ်းအင် ကုန်သည်ကြီးများက မကြာမီကာလတွင် ထုတ်ပြန်မည့် အမေရိကန်ပြည်ထောင်စု အလုပ်အကိုင် ဆိုင်ရာ ကိန်းဂဏန်းများကို  အနီးကပ် စောင့်ကြည့်လေ့လာကြလိမ့်မည် ဖြစ်သည်ဟု ဆိုသည်။

************************************************

မလေးရှား တွင် ဆန္ဒပြသူ ၁၆၀၀ ကျော်ကို ဖမ်းဆီး

(AFP သတင်း မှ 9 July 2011 ရက်စွဲပါ “Malaysia arrests 1600 protesters” သတင်း ကို ဘာသာ ပြန်ဆိုသည်)

                မြို့တော် ကွာလာလမ်ပူတွင် ရွေးကောက်ပွဲဥပဒေ ပြောင်းလဲရေး ဆန္ဒပြချီတက်ပွဲများ မပြုလုပ်ရန် တားမြစ်ထားသော အစိုးရ၏ သတိပေးမှုကို အာခံခဲ့ကြသည့် ဆန္ဒပြသူများနှင့် လုံခြုံရေးများအကြား စနေနေ့က ပဋိပက္ခ များ ဖြစ်ပွားခဲ့ရာ မလေးရှားရဲများက မျက်ရည်ယိုဗုံးနှင့် မီးသတ်ပိုက်များ အသုံးပြုခဲ့ပြီး လူပေါင်း ၁၆၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။

                စနေနေ့က လုံခြုံရေး အကြောင်းပြ နှိမ်နှင်းဖြိုခွဲမှု အတွင်း ဖမ်းဆီးခဲ့သူများထဲတွင် အတိုက်အခံပါတီများ၏ ခေါင်းဆောင်များ ပါဝင်ခဲ့သော်လည်း ကွာလာလမ်ပူလမ်းများပေါ်တွင် လူငါးသောင်းခန့် ချီတက်ခဲ့သည့် ဆန္ဒပြပွဲကို တားဆီးနိုင်ခြင်း မရှိခဲ့ဟု လှုပ်ရှားစည်းရုံးသူများက ဆိုသည်။

                မလေးရှားတွင် လာမည့်နှစ်အစောပိုင်း၌ ရွေးကောက်ပွဲကျင်းပမည်ဟု မျှော်လင့်ရသောကြောင့် ဆန္ဒမဲဝယ်ယူမှုကို ဖယ်ရှားခြင်း၊ ယခင် ရွေးကောက်ပွဲများကို နာမည်ပျက်စေသည့် မသမာမှုများကို တားဆီးခြင်းတို့ အပါအဝင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြောင်းလဲမှုများ လုပ်ဆောင်ရန် ဆန္ဒပြသူများက တောင်းဆိုနေကြခြင်း ဖြစ်သည်။

                လိင်တူ ဆက်ဆံမှု စွပ်စွဲချက်ဖြင့် လတ်တလော တရား ရင်ဆိုင်နေရသော အတိုက်အခံ ခေါင်းဆောင် အန်ဝါ အီဘရာဟင်က “ရဲများက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ချိန်၌ ဝရုန်းသုံးကား ထွက်ပြေးကြသူများ ကြားထဲတွင် ၎င်းလဲကျ သွားခဲ့ပြီးနောက် ဦးခေါင်းတွင် ဖူးရောင်သည့် ဒဏ်ရာနှင့် ခြေထောက်တွင် ပြတ်ရှဒဏ်ရာတို့ ရရှိခဲ့ကြောင်း AFP သို့ ပြောကြားသည်။

                ရှားရှားပါးပါး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် Bersih စုပေါင်း သမဂ္ဂအဖွဲ့က မြင်တွေ့လိုသည့် အချက်များမှာ အကြိမ်ကြိမ် မဲပေးခြင်းကို တားဆီးရန် ဖျက်မရသည့်မှင်ကို အသုံးပြုခြင်း၊ ပါတီအားလုံးအတွက် မျှတသော မီဒီယာ အသုံးပြုခွင့်၊ ရွေးကောက်ပွဲ အမတ်လောင်းစာရင်းဝင်များ ပြစ်မှုကင်းရှင်းရေး စသည်တို့ဖြစ်သည်ဟု သိရှိရသည်။

                ၂၀၀၇ ခုနှစ်က အတိုက်အခံများ ဦးဆောင်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့် ဆန္ဒပြပွဲ နောက်ပိုင်းတွင် စနေနေ့က ချီတက်ပွဲမှာ မလေးရှား၏ အကြီးဆုံးလမ်းပေါ်ဆန္ဒပြပွဲပင်ဖြစ်သည်။ ယခု နောက်ဆုံးဆန္ဒပြပွဲသည် မိုးများသည်းထန်စွာ ရွာနေစဉ်အတွင်း အရှိန်မြင့်လာခဲ့ပြီး နံပါတ်တုတ်ကိုင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲများနှင့် ရင်ဆိုင်ရသော ဆန္ဒပြသူများက ကြောင်နှင့်ကြွက်ကစားပွဲပမာ ရှေ့တိုး နောက်ဆုတ် ပြေးလွှား လှုပ်ရှားကြရင်းဖြင့် တန်းစီ ပိတ်ထားသော ရဲများ နောက်ဆုတ်အောင် အကြိမ်ကြိမ် ကြိုးစားခဲ့ကြသည်ဟု သိရှိရသည်။

                ဆန္ဒပြသူများက ဘုရားသခင်သာလျှင် အကြီးမြတ်ဆုံး ဖြစ်သည်၊ ပြည်သူများအသက်ရှည်ပါစေ၊ ပြုပြင် ပြောင်းလဲရေး ဒို့အရေး စသည်ဖြင့် ကြွေးကြော်ခဲ့ကြပြီး အချို့သော ဆန္ဒပြသူများက မျက်ရည်ယို ဓါတ်ငွေ့ဗူးများကို ကောက်ယူ၍ ရဲများကို ပြန်လည်ပစ်ပေါက်ခဲ့ကြသည် ဟု AFP သတင်းထောက်များက ပြောကြားသည်။

 ****************************************************

ဆန္ဒပြသူတစ်ဦး သေဆုံး၊ ဆန္ဒပြသူ ၁၆၀၀ ကျော်ကို မလေးရှားရဲက ပြန်လွှတ်ပေး

(AFP သတင်းမှ 10 July 2011 ရက်စွဲပါ “Protester dies, Malaysia frees 1600 demonstrators”  သတင်းကို ဘာသာ ပြန်ဆိုသည်)

မလေးရှားနိုင်ငံ၌ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ အငှားယာဉ်မောင်းသူတစ်ဦးသည် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်စဉ် ထွက်ပြေးရင်း လဲကျခဲ့ပြီးနောက် သေဆုံးသွားခဲ့သည်ဟု အတိုက်အခံအုပ်စုများနှင့် ၎င်း၏မိသားစုက တနင်္ဂနွေနေ့တွင် ပြောကြားသည်။

စနေနေ့တွင် ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များဖြင့် လူစုခွဲခဲ့သည့်ဖြစ်စဉ်တွင် ဖမ်းဆီးခဲ့သည့် ပြည်သူ ရာပေါင်း များစွာကို လွှတ်ပေးလိုက်ပြီဟု အာဏာပိုင်များက ပြောကြားခဲ့ပြီးနောက် အဆိုပါ သေဆုံးမှုသတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ယခင် စစ်သားဟောင်း တစ်ဦးဖြစ်သူ ဘဟာရူဒင် အာမက် (၅၉)နှစ်သည် ရဲများက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်စဉ် ထွက်ပြေးရင်း လဲကျခဲ့ပြီးနောက် ဆေးရုံသို့ အရောက်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ အကို မိုဟာမက်ရှာရင်က AFP သို့ပြောကြားသည်။

အတိုက်အခံ Pan Malaysia Islamic ပါတီဝင် တစ်ဦးဖြစ်သူ ဘဟာရူဒင်ကို တနင်္ဂနွေနေ့က မြှုပ်နှံသည့် အသုဘအခမ်းအနားသို့ လူပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့ကြသည်။ ၎င်း၏ သမီးဖြစ်သူ ဆရာဝန် ဒေါက်တာ အူမီ မီယာဇာက “တရားမျှတမှုအတွက် ဆန္ဒပြရင်း ကျဆုံးသွားတဲ့ အဖေ့ အတွက် ကျွန်မတို့ ဂုဏ်ယူပါတယ်” ဟု ကွာလာလမ်ပူ မြောက်ပိုင်း ဆင်ခြေဖုံးနေအိမ်တွင် AFP သို့ ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရာမလီမိုဟာမက် ယူဆွတ်က အဆိုပါသေဆုံးမှုကို အတည်ပြု ပြောကြား သော်လည်း ၎င်းပုဂ္ဂိုလ်မှာ ဘေးမှ ရပ်ကြည့်သူ တစ်ဦးသာ ဖြစ်ပြီး နှလုံးရောဂါဖြင့် ကွယ်လွန်သွားခြင်းသာဖြစ်သည် ဟု ပြောဆိုခဲ့သည်။ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲသည် တရားမဝင်ကြောင်း၊ ဆန္ဒမပြမီကပင် မြို့တော်အတွင်း လုံခြုံရေး ကြီးမားစွာ တင်းကြပ်ထားပြီး ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဒီသေဆုံးမှုဟာ ဆန္ဒပြပွဲနဲ့ မဆိုင်ပါဘူး၊ နှလုံးရောဂါကြောင့်သာ သေဆုံးသွားတာပါ။ အတွင်းဒဏ်ရာ အပြင်ဒဏ်ရာတွေလည်း မတွေ့ရပါဘူးဟု ရာမလီကပြောကြားသည်။

မစ္စတာ ရာမလီက ဆက်လက်၍ “ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၆၆၇ ဦးကို ဖမ်းဆီးခဲ့ရာတွင် ထင်ရှားသော လွှတ်တော်အမတ်များနှင့် ဆန္ဒပြ ခေါင်းဆောင်များ ပါဝင်ကြောင်း၊ ဆန္ဒပြသူများ လူစုခွဲပြီးနောက် စနေနေ့ည သန်းခေါင်တွင် အားလုံးကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ တရားမဝင် ဆန္ဒပြသည့် အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း AFP သို့ ပြောကြားခဲ့သော်လည်း တရားစွဲဆိုမည့် အစီအစဉ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပါ။


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment