Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၃.၇.၂၀၁၁

ဘာသာပြန်သတင်းများ

ပုဂံဘုရားများ ထိန်းသိမ်းစောင့်ရှောက်ပုံ နည်းလမ်းမကျဟု ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

(Associated Press မှ 12 July 2011 ရက်စွဲပါ “Suu Kyi criticizes restoration of Shrines” ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံရှိ ရာစုနှစ်များစွာ ကြာနေပြီဖြစ်သော ပုဂံဘုရားပုထိုးများ ပြုပြင်ထိန်းသိမ်းသည့်လုပ်ငန်းများသည် နိုင်ငံတကာစံချိန်စံညွှန်းနှင့် မကိုက် ညီခြင်းကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တနင်္လာနေ့တွင် ထောက်ပြဝေဖန် ပြောဆိုလိုက်သည်။

ပုဂံဘုရားများကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် အဆင့်အတန်း သတ်မှတ်ရန်အတွက် မြန်မာနိုင်ငံက ၁၉၉၆ ခုနှစ်တွင် လျှောက်ထားခဲ့သော် လည်း ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းတွင် မူလဒီဇိုင်းပုံစံနှင့် မူလပစ္စည်းများ အသုံးပြုမှု မရှိခြင်းကြောင့် ကုလသမဂ္ဂယဉ်ကျေးမှုအဖွဲ့အစည်း UNESCO က ပယ်ချခဲ့သည်။

“ဘုရားတွေကို နည်းလမ်းတကျ ပြုပြင်ထိန်းသိမ်းမှု မရှိတာကို မြင်ရတာ သိပ်ကို ဝမ်းနည်းစရာကောင်းပါတယ်၊ ဘုရားပုထိုး ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းတွေက နိုင်ငံတကာစံညွှန်းတွေနဲ့ ကိုက်ညီခြင်းမရှိပါဘူး” ဟု တနင်္လာနေ့တွင် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့ သည်။

ယခင်အပတ်က ပုဂံသို့သွားခဲ့သည့်ခရီးစဉ်သည် နေအိမ်အကျယ်ချုပ်မှ မနှစ်က သူမလွတ်မြောက်လာပြီး နောက်ပိုင်း ရန်ကုန်မြို့တော် အပြင် ဖက်သို့ ပထမဆုံးထွက်သည့် ခရီးစဉ်ဖြစ်သည်။

မြန်မာနိုင်ငံမှ ပုဂံရှေးဟောင်းမြို့တွင် ၁၀ ရာစုနှင့် ၁၄ ရာစုအကြား တည်ဆောက်ခဲ့သော ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးပေါင်း ၂၈၀၀ ကျော် ရှိသည်ဟု သိရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံမြို့ကို ကမ္ဘောဒီးယားမှ အင်ကောဝပ်နှင့် အင်ဒိုနီးရှားမှ ဘောရောဗူဒေါတို့ကဲ့သို့သော အရှေ့တောင်အာရှဒေသ၏ အဓိက ရှေးဟောင်းသမိုင်းဝင်နေရာများထဲမှ တစ်ခုအဖြစ်သတ်မှတ်ထားကြသည်။ ယူနက်စကိုကမူ ယင်း၏ လေ့လာစိစစ်ဆဲ စာရင်းထဲတွင်သာ ပုဂံမြို့ကို ထည့်သွင်းထားဆဲ ဖြစ်သည်။

အဆိုပါ ပုဂံဘုရားပုထိုး အဆောက်အအုံများသည် ပင်ကိုမူရင်းစစ်မှန်၍ တီထွင်ဆန်းသစ်သော ဗုဒ္ဓဘာသာဝင် အနုပညာရှင်အုပ်စု၏ အကောင်း ဆုံး အနုပညာမြောက် နည်းပညာဆိုင်ရာအောင်မြင်မှုကို ကိုယ်စားပြုနေသည်ဟု ယူနက်စကိုအဖွဲ့က မှတ်ချက်ပြုထားသည်။ သို့သော်လည်း ၂၀၀၃ ခုနှစ် တွင် ၆၀ မီတာ အမြင့်ရှိသော မျှော်စင်ကို တည်ဆောက်ခဲ့ခြင်းကြောင့် ရှေးရိုးစွဲဝါဒီများကို အလွန်တရာဒေါသထွက်စေခဲ့သည်။ ယူနက်စကိုကလည်း ယင်းမျှော်စင်သည် အချိုးအစားမကျသည့်အပြင် သမိုင်းဝင်ရှေးဟောင်းဘုရားများနှင့် အမြင်သွေဖယ်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။

အစိုးရဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အာဏာပိုင်များကလည်း ယင်းတို့၏ မျှော်စင်သည် အတားအဆီးမဲ့မြင်ကွင်းများကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ခြင်းဖြစ်ပြီး ကျိုးပဲ့လွယ်သော ပုဂံဘုရားများပေါ်သို့ ကမ္ဘာလှည့်ခရီးသွားများ တက်ခြင်း ကြောင့် ထိခိုက်ပျက်စီးမှုကို တားဆီးပေးမည်ဖြစ်သည်ဟု တုန့်ပြန် ပြောကြားခဲ့သည်။

နီပေါနိုင်ငံခတ္တမန္တုတောင်ကြားရှိ ဟာနုမာန်အဆောက်အဦး ထိန်းသိမ်းစောင့်ရှောက်ပုံကို ကိုးကားပြောဆိုသည့် ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အဆောက်အဦးကို ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းမစမီ ပညာရှင်များက ၅ နှစ် အချိန်ယူကာ လေ့လာခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

******************************************************

မလေးရှားရဲများ ဖြိုခွဲပုံကြောင့် ကုလလူ့အခွင့်အရေးအဖွဲ့ စိတ်အနှောင့်အယှက်ဖြစ်

(AFP သတင်းမှ 12 July 2011 ရက်စွဲပါ “UN Rights disappointed by Malaysian police crackdown” ကို ဘာသာ ပြန်ဆိုသည်)

ငြိမ်းချမ်းစွာဆန္ဒပြသူများအား မလေးရှားအစိုးရက နှိမ်နင်းဖြိုခွဲသည့်အပေါ် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ ရုံးက အင်္ဂါနေ့တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့အနေဖြင့် သိသိသာသာ အလွန်အကျွံ အင်အားသုံးခဲ့သည်ဟု ဝေဖန်ပြောဆိုလိုက်သည်။

မလေးရှားမြို့တော်တွင် စနေနေ့က ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်း ပြုပြင်ပြောင်းလဲရေး တောင်းဆိုသည့် ဆန္ဒပြ ချီတက်ပွဲများကို လူစုခွဲရန် အတွက် အဓိကရုဏ်းနှိမ်နင်းရေး ရဲများက မျက်ရည်ယိုဗုံးများ၊ မီးသတ်ရေပိုက်များ အသုံးပြုခဲ့ပြီး လူပေါင်း ၆၀၀ ကျော်ကို ဖမ်းဆီးခဲ့ခြင်းကြောင့် လူ့အခွင့် အရေး အုပ်စုများ၏ ပြင်းထန်စွာ ဝေဖန်ခြင်းကို ခံခဲ့ရသည်။

“မလေးရှားမှာ အစိုးရက ငြိမ်းချမ်းစွာဆန္ဒြုပသူတွေကို လတ်တလော ဖြိုခွဲခဲ့ပုံကြောင့် ကျွန်တော်တို့ အလွန်ပဲ စိုးရိမ်မကင်းဖြစ်နေရပါတယ်” ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ Rupert Colville က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံလို ဒီမိုကရေစီ အသားကျပြီးသား နိုင်ငံမှာ ဒီလောက်များပြားတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အလွန်အကျွံ အင်အားသုံး ဖြိုခွဲခဲ့တာကို မြင်ရတာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ဟု ယင်းက ဆက်လက်ပြောသည်။

မလေးရှားရဲတပ်ဖွဲ့မူ စနေနေ့က ဖမ်းဆီးခဲ့သူများကို လွှတ်ပေးလိုက်ပြီဟု ပြောကြားလျက်ရှိသော်လည်း စနေနေ့ ချီတက်ပွဲတွင် အဖမ်းခံရသော အဆိုပါ ပုဂ္ဂိုလ်များနှင့်အခြား ပတ်သက်သူများအပေါ် အာဏာပိုင်များက လက်တုန့်ပြန်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့က စိုးရိမ်ပူပန် နေဆဲဖြစ်သည်။

မလေးရှားပြည်သူတွေ လွတ်လပ်စွာ ပြောဆို၊ ငြိမ်းချမ်းစွာ စုဝေးနိုင်ဖို့ အခွင့်အရေးအတွက် စည်းရုံးလှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာမျိုးရှိနိုင်တယ်လို့ သတိပေး နှိုးဆော်မှုကို ကျွန်တော်တို့ လက်ခံရရှိထားပါတယ် ဟု Mr.Colville က ပြောကြားသည်။

****************************************************

ဘင်္ဂလားဒေ့ရှ်ရေနက်ပိုင်းတွင် Conco Phillips ဓာတ်ငွေ့ရှာတော့မည်

(Petroleum Economist မှ 12 July 2011 ရက်စွဲပါ “Conco Phillips primes for Bangladesh Deepwater” ကို ဘာသာပြန်ဆိုသည်)

ရေနံ၊ ဓာတ်ငွေ့ကုမ္ပဏီကြီး Conco Phillips သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် Petrobangla နှင့်ပူးတွဲထုတ်လုပ်ရေး ကန်ထရိုက် (PSC) လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်ရေနက်ပိုင်းတွင် ရှာဖွေရေးလုပ်ငန်းများ စတင် တော့မည်ဟု သိရှိရသည်။

အဆိုပါကန်ထရိုက်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဆုံးရေနက်ပိုင်းသယံဇာတရှာဖွေမှု လုပ်ငန်းတစ်ခုဖြစ်သည့် အပြင် ၂၀၀၁ ခုနှစ်နောက်ပိုင်း နိုင်ငံတကာရေနံကုမ္ပဏီတစ်ခုနှင့် ပထမဆုံး PSC လက်မှတ်ရေးထိုးခြင်းဖြစ်သည်။

အမေရိကန်ကုမ္ပဏီက DS-08-10 နှင့် DS-08-11 ဓာတ်ငွေ့လုပ်ကွက်များတွင် ၁၀၀% လုပ်ကိုင်ခွင့်ကို ရယူမည် ဖြစ်သည်။ စစ်တကောင်းနှင့် ၂၈၀ ကီလိုမီတာအကွာရှိ ခွင့်ပြုနေရာသည် ၅၁၅၈ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး ရေအနက် ၁၀၀၀ မီတာမှ ၁၅၀၀ မီတာအထိရှိသည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လုပ်ငန်းစတင်မှုပြုလုပ်လျက်ရှိသည့် Conco Phillips ကုမ္ပဏီသည် အကယ်၍သာ အိမ်နီးချင်းမြန်မာ၊ အိန္ဒိယတို့နှင့် အငြင်းပွားနေသည့် ရေပြင်ပြဿနာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အသာစီးဖြင့် ဖြေရှင်းနိုင်ခဲ့ပါက နောက်ထပ် ၁၆၀၅ စတုရန်းကီလိုမီတာ ထပ်မံ ရရှိဦးမည် ဖြစ်သည်။

Conco Phillips သည် ပြည်တွင်းဈေးကွက်အတွက် ဓာတ်ငွေ့ထုတ်လုပ်နိုင်သော်လည်း ပြည်ပသို့တင်ပို့ရန်ကိုမူ Petrobangla နှင့် တိုင်ပင် ညှိနှိုင်းပြီးမှသာလျှင် သဘာဝဓာတ်ငွေ့ရည်အဖြစ် တင်ပို့ခွင့်ရရှိနိုင်မည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ်အတိုက်အခံအုပ်စုများက နိုင်ငံပိုင်ရှာဖွေရေး လုပ်ငန်း Bapex ကို လုပ်ပိုင်ခွင့် ရစေလိုသော်ငြားလည်း နိုင်ငံပိုင်ကုမ္ပဏီသည် ရေနက်ပိုင်းလုပ်ငန်းများ ကျွမ်းကျင်မှုမရှိဟု သိရသည်။ လက်ရှိထုတ်လုပ်နေသော ဓာတ်ငွေ့သိုက်များမှာ ၂၀၁၅ ခုနှစ်တွင် ကုန်ဆုံးသွားလိမ့်မည်ဟု မျှော်လင့် ရပြီး ဘင်္ဂလားဒေ့ရှ်၏ ဓာတ်ငွေ့ လိုအပ်ချက်မှာ တစ်ရက်လျှင် ကုဗပေ သန်း ၅၀၀ ကျော်အထိ မြင့်တက်လျက်ရှိသည်။

*****************************************************

ကမ္ဘာ့ပါဝါနိုင်ငံအဆင့်သို့ တရုတ်ရောက်ရှိပြီဖြစ်ကြောင်း အမေရိကန်ထုတ်ဖော်

(CNN သတင်းကိုဘာသာပြန်ဆိုသည်)

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ယခုအခါ ကမ္ဘာ့ပါဝါ အဆင့်သို့ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု၏ ထိပ်တန်းစစ်ဘက် အရာရှိကြီးတစ်ဦးက ကြေညာလိုက်ကြောင်း CNN သတင်းဌာနက ရေးသား ဖော်ပြသည်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံအား တက်သစ်စ ပါဝါနိုင်ငံ အဖြစ်သတ်မှတ်ဖော်ပြခဲ့မှုမှာ ယခုအခါ အတိတ်ကာလက အကြောင်းအရာတစ်ခု ဖြစ်သွားကြောင်း တရုတ်နိုင်ငံ၊ ဘေဂျင်းရှိ Renmin တက္ကသိုလ် တွင် အမေရိကန် ပြည်ထောင်စု ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးများ၏ ဥက္ကဌ (US Chairman of Joint Chiefs of Staff) ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်က မှတ်ချက်ပေးပြောဆိုသည်။

"ယနေ့တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ကွဲပြားခြားနားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ နောင် ၁၀ နှစ်တာကာလမှာလည်း တရုတ်ပြည် ဟာ သေချာပေါက်ဆက်လက်ပြောင်းလဲသွားမှာဖြစ်ပါတယ်" ဟု မိုက်မူလန်က ပရိသတ်များကိုပြောဆိုသည်။ "တရုတ်နိုင်ငံဟာ ထွန်းသစ်စပါဝါနိုင်ငံမဟုတ် တော့ပါဘူး။ သူဟာ ကမ္ဘာ့ပါဝါ အဆင့်ကို အမှန်တကယ်ရောက်ရှိသွားပါပြီ" ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က တရုတ်နိုင်ငံအား 'တက်သစ်စပါဝါ' အဖြစ်သတ်မှတ်ဖော်ပြ ပြောဆိုခဲ့သည်။ "အမေရိကန်ပြည်ထောင်စုလည်းပဲ ပြောင်းလဲနေတာပါပဲ။ နှစ်နိုင်ငံ စလုံးက အကောင်အထည်ဖော်လုပ်ကိုင်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်နဲ့ အခြေအနေပါပြောင်းလဲနေတာပါ။ တရုတ်ပြည်နဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဒိုင်ယာလော့ခ်ဟာလည်း အဲဒီအပြောင်းအလဲတွေနဲ့အတူ ဆက်လက် လျှောက်လှမ်းသွားဖို့ လိုမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ နောက်ပြီးကျွန်တော်တို့အနေနဲ့ အရေးကိစ္စတစ်ခုချင်းစီနဲ့ နှစ်နိုင်ငံအပြန်အလှန် ဆက်ဆံရေး အခြေအနေအရပ်ရပ်တွေအပေါ် ဒိုင်ယာလော့ခ်လုပ်ရာကနေ တူညီတဲ့ပန်းတိုင်တွေဆီ ရောက်ရှိဖို့ အတူလက်တွဲလုပ်ဆောင်သွားဖို့ လိုမယ်လို့ ထင်ပါတယ်” ဟု မိုက်မူလန်ကဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ပေါကြွယ်ဝသည့် တောင်တရုတ်ပင်လယ်ပြင်အတွင်း ရေပိုင်နက်ရရှိရေးအတွက် အငြင်းပွားမှုများနှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်မိကြောင်းလည်း ၎င်းကထုတ်ဖော်ပြောဆိုသည်။ “အဲဒီရေပိုင်နက်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတွေအနေနဲ့ တာဝန်ရှိစွာ လုပ်ကိုင် ဖြေရှင်းလိမ့်မယ်လို့ အမေရိကန် ပြည်ထောင်စုမျှော်လင့်မိပါတယ်။ အဲဒါမှ တောင်တရုတ်ပင်လယ်ပြင်အတွင်းဖြစ်တဲ့ ဖြစ်ရပ်အသီးသီးဟာ ထိန်းချုပ်လို့ မရတဲ့အနေအထားမျိုး၊ အန္တရာယ်ရှိတဲ့ အဆင့်မျိုးကိုမရောက်ရှိမှာဖြစ်ပါတယ်” ဟု ၎င်းက မှတ်ချက်ပြု ပြောဆိုသည်။

တောင်တရုတ်ပင်လယ်ပြင် ရေပိုင်နက်ရရှိရေးတောင်းဆိုထားသောနိုင်ငံများမှာ တရုတ်၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်း နှင့် ထိုင်ဝမ် တို့ဖြစ်သည်။ မကြာသေးခင်ကာလက တရုတ်ကင်းလှည့်သင်္ဘောနှင့် ဗီယက်နမ် ရေနံလေ့လာရေးသင်္ဘောတို့ တောင်တရုတ်ပင်လယ်ပြင်တွင် ထိပ်တိုက် ပဋိပက္ခတစ်ရပ်ဖြစ်ပွားခဲ့ရာ နှစ်နိုင်ငံကွန်မြူနစ် အစိုးရတို့အကြား ဆက်ဆံရေးလည်းတင်းမာသွားခဲ့ရုံသာမက ဗီယက်နမ်အနေဖြင့် တစ်ချိန်က ရန်သူဖြစ်ခဲ့ သော အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများပိုမိုလုပ်ကိုင်ရန် ဖန်တီးပေးလိုက်သကဲ့သို့ဖြစ်သွားသည်။

“အင်အား ကြီးမားတဲ့ စစ်ရေးပါဝါဆိုတာ တာဝန်ယူမှုလည်း ပိုမိုကြီးမားမှဖြစ်မှာပါ။ ပူးပေါင်းဆောင်ရွက်မှုလည်း ကြီးမားရမှာဖြစ်သလို ပွင့်လင်း မြင်သာမှုလည်း အများဆုံးရှိထားဖို့ အရေးကြီးပါတယ်။ အဲဒီလို မဟုတ်ခဲ့ဘူးဆိုရင် ဒေသတွင်းပိုမိုလုံခြုံမှုရရှိရေးနဲ့ တည်ငြိမ်မှုဖြစ်ပေါ်ရေးအတွက် တရုတ် နိုင်ငံရဲ့စစ်ရေးအင်အားတိုးချဲ့တွေဟာ ဆန့်ကျင်ဘက် တုံ့ပြန်မှုတွေနဲ့ကြုံတွေ့ရပါလိမ့်မယ်” မိုက်မူလန်က တရုတ်နိုင်ငံ၏ စစ်ရေးအင်အားကြီးထွားလာမှုကို ယခုကဲ့သို့ မှတ်ချက်ပြုပြောဆိုလိုက်သည်။ ။

ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန် တရုတ်နိုင်ငံသို့အလည်အပတ်သွားရောက်သည့် ခရီးစဉ်သည် နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု တိုးမြှင့်နိုင်ရန် နှစ်ဖက်စလုံး၏ကြိုးပမ်းမှုတစ်ရပ်ဖြစ်သည်။ တရုတ်နှင့် အမေရိကန်ပြည်ထောင်စု တို့သည် ထိုင်ဝမ်သို့ အမေရိကန်လက်နက်ရောင်းချမှု၊ ဝါရှင်တန်သို့ တိဘက်အတိုက်အခံခေါင်းဆောင် ဒလိုင်းလားမား သွားရောက်လည်ပတ်မှု အပါအဝင် အာရှဒေသတွင်း အမေရိကန်စစ်ရေး လေ့ကျင့်မှုများ ကြောင့် သဘောထားကွဲလွဲမှုများ ရှိနေသည့်ကြားက မိုက်မူလန်၏ခရီးစဉ်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

တရုတ်နိုင်ငံက ၎င်းပိုင်ဆိုင်သည်ဟု တောင်းဆိုထားသော တောင်တရုတ်ပင်လယ်ပြင်တွင်းမှ ရေပိုင်နက်တွင်းသို့ အခြားနိုင်ငံများမှ ရေတပ် စစ်ရေး လေ့ကျင့်မှုများပြုလုပ်ခြင်းကို ကန့်ကွက်ထားသည်။ လတ်တလောအနေအထားတွင် ဗီယက်နမ်နိုင်ငံက အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေး လေ့ကျင့်မှု သစ်များ ထပ်မံပြုလုပ်မည်ဟု ထုတ်ဖော် ကြေညာထားသည်။ ဖိလစ်ပိုင်နိုင်ငံသည်လည်း မကြာသေးခင်ကာလက အမေရိကန်ပြည်ထောင်စုနှင့် စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ဗိုလ်ချုပ်ကြီးမိုက်မူလန်က မိန့်ခွန်းပြောကြားရာတွင် အမေရိကန်-တရုတ်ဆက်ဆံရေးတည်ဆောက်ရာ၌ ရေရှည်တည်တံ့မှု ရှိမည့် ကြိုးပမ်း အားထုတ်မှု တစ်ရပ်လိုအပ်သည်ဟု တိုက်တွန်းပြောဆိုကာ နှစ်ဖက်စလုံးက အပြန်အလှန် လေးစားမှုရှိသည့် ပုံစံမျိုးဖြင့်လုပ်ကိုင်ရန် လိုအပ်ကြောင်း ဆို သည်။

***********************************************

မနီလာက အငြင်းပွားသော ကျွန်းများ ကိစ္စ ကုလသမဂ္ဂ တရားရုံးသို့ တင်ပြရန် စီစဉ်နေဟု တရုတ်သို့ပြော

(11 July 2011 ရက်စွဲပါ AP မှ Monila tells China it’s taking spats to UN court ကို ဘာသာပြန်ဆိုသည် )

မနီလာသည် တရုတ်နှင့် နှစ်နိုင်ငံ အငြင်းပွားနေသော Spratly ကျွန်းများကိစ္စကို ကုလသမဂ္ဂ ခုံရုံးသို့ တင်ပြရန် စီစဉ်နေကြောင်း ဖိလစ်ပိုင် ထိပ်တန်း သံတမန်က တရုတ် သံတမန်အား ပြောကြားခဲ့သည်ဟု ယင်းက ဆိုသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ၀န်ကြီး Albert del Rosario က တနင်္လာနေ့က ပြောကြားရာတွင် ယင်းက နယ်မြေ အငြင်းပွားမှုအား ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ နိုင်ငံ တရားရုံးသို့ တင်ပြရန် စီစဉ်နေသည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီး Yang Jiechi အား ပြောကြားသော်လည်း တုန့်ပြန်ခဲ့ခြင်း မရှိဟု ဆိုသည်။

Rosario က ပြောကြားရာတွင် တရုတ် နိုင်ငံခြားရေးဝန်ကြီးသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော တောင်တရုတ် ပင်လယ်တစ်ခုလုံးကို ပိုင်ဆိုင်ရန်သာ ထပ်တလဲလဲ ပြောကြားခဲ့ပြီး အခြား တောင်းဆိုသူများနှင့်လည်း နှစ်နိုင်ငံချင်း ဆွေးနွေးလိုသည်ဟု ဆိုသည်။

Rosario က ပြောကြားရာတွင် ယင်းက Yang အား ဖိလစ်ပိုင် အနေဖြင့် အငြင်းပွားမှုအား ညှိနှိုင်းရန် ကုလသမဂ္ဂကဲ့သို့သော နိုင်ငံစုံ ဆွေးနွေးပွဲ ကို ပိုမိုနှစ်သက်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

*****************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment