Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၈.၈.၂၀၁၁

ဘာသာပြန်သတင်းများ

၈၈ ဒီမိုကရေစီ အရေးတော်ပုံကို ဒေါ်အောင်ဆန်းစုကြည် အောက်မေ့သတိရ

(AFP သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၈ ရက်နေ့ကကျင်းပသော ၁၉၈၈ ခုနှစ် (၈၈) ဒီမိုကရေစီ အရေးတော်ပုံ ၂၃ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဒီမိုကရေစီအရေးတော်ပုံမှာ အောင်မြင်မှု မရရှိခဲ့သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားရေး သူရဲကောင်းတစ်ဦးအဖြစ် ပြောင်းလဲစေနိုင်ခဲ့သည်။

ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာကျောင်းသားများဦးဆောင်ပြီး စစ်အစိုးရ ခေါင်းဆောင်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ မြန်မာပြည်သူထောင်ပေါင်းများစွာလည်း ပူးပေါင်းပါဝင်ခဲ့သည်။ ယင်း ၈၈ အရေးအခင်းတွင် ပါဝင်ဆန္ဒပြသူများအား စစ်တပ်က ဖြိုခွင်းနှိမ်နင်းမှုကြောင့် လူပေါင်း ၃၀၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။

"ဘာတွေဖြစ်ခဲ့ပြီး ဘာတွေမေ့ဖျောက်လို့ မရအောင်ဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်တို့အားလုံးကို စဉ်းစားစေချင်ပါတယ်" ဟု ၈၈ အရေး အခင်း ၂၃ နှစ်မြောက်အခမ်း အနားကျင်းပသည့် ရန်ကုန်မြို့မှ သာဓု ဘုန်းကြီးကျောင်းမှ ဧည့်မှတ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ကရေးသားခဲ့သည်။ ယင်းအခမ်းအနားသို့ လူပေါင်း ၄၀၀ ခန့်တက် ရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၈၈ အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်၍ နေခဲ့ပြီးနောက် ရဟန်းတော်များကို သင်္ကန်းများလှူဒါန်းသွားခဲ့ကြောင်း ရန်ကုန်အခြေစိုက် AFP သတင်းထောက်ကမျက်မြင်တွေ့ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် နှစ်အတန်ကြာနေထိုင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်၌နေထိုင်သော မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန်ရောက်ရှိခဲ့သည်။ ထို့နောက်မကြာမီအချိန်တွင်းမှာပင် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ရသည်။ မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်ခဲ့သည့် အချိန်မှစ၍ မြန်မာပြည်သူ အမြောက်အမြား၏ ထောက်ပံ့မှုကိုရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရခေါင်းဆောင်များက အာဏာ လွှဲပြောင်း ပေးခြင်း မပြုခဲ့ပေ။ ထို့နောက် သူမအား နှစ်ပေါင်း ၂၀ တွင်း ၁၅ နှစ်တာမျှနေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ယခု သြဂုတ်လ ၈ ရက် ၂၃ နှစ်မြောက် ၈၈ အရေးအခင်းနှစ်ပတ်လည်အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဗိုလ်မှူးဟောင်း ဦးဝင်းထိန်လည်းတက်ရောက်ခဲ့သည်။ ဦးဝင်းထိန်သည်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ "၁၉၈၈ ခုနှစ် တစ်နှစ်ထဲမှာသာမကပါဘူး။ ဒီမိုကရေစီရေးအတွက် အသက်ပေးသွားကြတဲ့ ပြည်သူတွေနဲ့ကျောင်းသားတွေအားလုံးကို ကျွန်တော် ဒီနေ့သတိရမိနေပါ တယ်။ ၈၈ အရေးအခင်ကိုစတင်ဦးဆောင်ခဲ့တဲ့ကျောင်းသားတွေရော၊ လက်ရှိထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားနေရဆဲဖြစ်တဲ့ ကျောင်းသားတွေ ကိုပါ သတိရအောက်မေ့မိတာပါ" ဟု ၎င်းက AFP သို့ ပြောကြားသည်။

********************************************

မြန်မာသို့ မြေအောက်ရထားစနစ် တင်ပို့ခွင့် မော်စကိုရရှိ

(The Moscow News မှ 4 August 2011 ရက်စွဲပါ “Moscow exports the Metro to Myanmar” ကို ဘာသာ ပြန်ဆိုသည်)

ရုရှားနိုင်ငံက မြို့ပတ် မြေအောက်ရထားလမ်းတစ်ခု တည်ဆောက်ရန် စီစဉ်နေပြီး ယင်းစီမံကိန်းမှာ မော်စကိုတွင် မဟုတ်ဘဲ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိနှိပ်ချုပ်ချယ်မှုကြောင့် နာမည်ဆိုးဖြင့် လူသိများသော အရှေ့တောင်အာရှ အာဏာရှင် နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် တည်ဆောက်မည်ဖြစ်သည်။

ရုရှားကုမ္ပဏီတစ်ခုက ကန်ထရိုက်ရသွားသည်ဟု ကြားသိရသော ကီလိုမီတာ ၅၀ အရှည်မြေအောက်ရထားလိုင်း ကို မြို့တော်သစ် နေပြည်တော်၏ မြေအောက်တွင် တည်ဆောက်မည်ဟု ဆိုသည်။

အမည်မဖော်လိုသော စီမံကိန်းဗိသုကာ တစ်ဦးကို ကိုးကား၍ သတင်းထုတ်ပြန်လိုက်သော Voice of Russia ရေဒီယိုက ရထားလမ်း တိုင်းထွာခြင်း၊ ဒီဇိုင်းထုတ်ခြင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် မော်စကိုမြို့ပတ်လိုင်းထက် ၃ ဆ ပို၍ ရှည်လျားကြောင်း ပြောကြားခဲ့သည်။

ရုရှားပြည်တွင်း စီမံကိန်းများ ရပ်ဆိုင်း

မော်စကို Transport Infrastructure Institute မှ အကြီးအကဲ Svetlana Vorontsova က “ရုရှားမြေအောက် ရထား စီမံကိန်းများ (အထူး သဖြင့် မော်စကို) အကောင်အထည်ဖော်မှု နှေးကွေးနေကြောင်း၊ မြန်မာမြေအောက် ရထားလမ်း တည်ဆောက်ရန် ရုရှားကျွမ်းကျင်သူများ၊ အလုပ် သမားများ အလွယ်တကူ ရနိုင်မည်ဖြစ်ကြောင်း၊ ရုရှားတွင် စိန့်ပီတာစဘတ်၊ ကာဇန်နှင့် နိုဗိုဆီဘတ်မြို့အားလုံးသည် တည်ဆောက်ဆဲ ရထားလမ်း များကို စောင့်ဆိုင်းနေရကြောင်း” ပြောကြားခဲ့သည်။

“ဒီမြို့တွေအားလုံးမှာ ရထားလမ်းသစ်တွေ အရေးပေါ်လိုအပ်နေပေမဲ့ မြို့တော်အာဏာပိုင်တွေက ရန်ပုံငွေ လုံလောက်အောင် မပေးနိုင်ကြပါ ဘူး။ ပြည်ထောင်စုဘတ်ဂျက် အကြီးအကျယ်လိုငွေပြမှု ပြဿနာကို ဖြေရှင်နိုင်ခြင်း မရှိသေးပါဘူး” ဟု သူမက ဆိုသည်။

ပထဝီနိုင်ငံရေးအကြောင်းရင်းများ

လွတ်လပ်သော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ကမူ မြေအောက်ရထားလမ်းစီမံကိန်းကို ပထဝီနိုင်ငံရေး ရှုဒေါင့်မှ ရှုမြင်သည်။ “ဒီလို အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းတွေကို တရုတ်နိုင်ငံက ခြေမြန်လက်မြန် လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာနိုင်ငံမှာ အဓိက အခြေခံအဆောက်အဦး စီမံကိန်း မှန်သမျှကို ရုရှားက ခုထိ မလုပ်ဖူးသေးပါဘူး” ဟု DVB က မှတ်ချက်ပေးသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ က ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲ အောင်ပွဲကို ငြင်းပယ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှ အာဏာရှင် တပ်မတော်အစိုးရကို နိုင်ငံတကာက အရေးယူပိတ်ဆို့ ဒဏ်ခတ်ခဲ့ခြင်းကြောင့် အိမ်နီးချင်း အင်အာကြီးတရုတ်နိုင်ငံကို အလွန်အမင်း မှီခိုနေရသည့် မြန်မာ အစိုးရအတွက် ရွေးချယ်စရာ နည်းပါးလျက် ရှိသည်။

တရုတ်ကို ဟန်ချက်ထိန်း

မြန်မာနိုင်ငံသည် ရုရှား၏ အကူအညီကို ယူကာ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို ဟန်ချက်ထိန်းရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု Russian Academy of Sciences ၏ Institute of Oriental Studies အရှေ့တောင်ပိုင်း ဌာနမှူး Dimitry Mosyakov က ပြောကြားသည်။

၂၀၀၇ ခုနှစ်တွင် မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ခဲ့ကြသည့် နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ အီးယူနိုင်ငံများ၊ ကနေဒါနှင့် ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်တို့ ပါဝင်သော ပစိဖိတ်နိုင်ငံများ အုပ်စုတို့ဖြစ်ပြီး ကုလသမဂ္ဂ အဖွဲ့အစည်းကလည်း မြန်မာနိုင်ငံမှ အာဏာသိမ်းထားသော တပ်မတော် အစိုးရအား ပြစ်တင်ရှုတ်ချခဲ့သည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းပြီး နောက်ပိုင်း ၂၀၀၇ ခုနှစ်တွင် ဆန္ဒပြပွဲများ ဖြစ်ပွားကာ အစိုးရက ဖိနှိပ်ဖြိုခွဲခဲ့ပြီး နောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် အခြေခံဥပဒေကို ဆန္ဒခံယူပွဲဖြင့် အတည်ပြု၍ ၂၀၁၀ တွင် ရွေးကောက်ပွဲကျင်းပခဲ့သည်။ သို့သော်လည်း သစ္စာခံ အာဏာရ ပါတီမှတစ်ဆင့် တပ်မတော်(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ) ကသာ အာဏာကို ထိန်းချုပ်နေဆဲဖြစ်သည်။

အနောက်နိုင်ငံအရေးယူဒဏ်ခတ်မှုများ

မြန်မာနိုင်ငံတွင် စစ်တပ်က အုပ်ချုပ်နေဆဲ လူ့အခွင့်အရေး ညှဉ်းပန်းနှိပ်စက်မှုများမှာလည်း လျှံထွက်နေဆဲ ဖြစ်ကြောင်းကို မြင်တွေ့ နေကြသည့် အနောက်နိုင်ငံများက အရေးယူဒဏ်ခတ်သည့် Sanctions များကို ဆက်လက် ချမှတ်ထားကြသည်။

အတိုက်အခံဆန္ဒပြသူများ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဖြစ်ပွားနေသော ပဋိပက္ခပြဿနာများက မြန်မာအစိုးရ လုံးဝမတည်ငြိမ်ကြောင်း ညွှန်ပြနေသည်ဟု Mosyakov က ဆိုသည်။ မြေအောက်ရထားလမ်း ကန်ထရိုက်ကို အခွင့်အရေး ရခဲ့သည့်တိုင်အောင် လုံခြုံရေးပြဿနာကို များစွာ ထည့်သွင်းစဉ်းစားရမည်ဟု ယင်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် အစိုးရစစ်တပ်၊ ဒီမိုကရေစီလိုလားသော အတိုက်အခံများ၊ လက်နက်ကိုင် ခွဲထွက်လိုသူများအကြား ပဋိပက္ခများ ပြင်းထန် လာခြင်းကြောင့် ဒီမိုကရေစီစနစ် အပြည့်အဝ ကူးပြောင်းရန် မြန်မာနိုင်ငံ အဆင်သင့်ဖြစ်နေပြီ ဆိုသည်ကို မိမိ သံသယ ဖြစ်မိကြောင်း Mosyakov က သုံးသပ် ပြောကြားသည်။

အလွန်အမင်းစိုးရိမ်စရာများ

ထို့အပြင် နေပြည်တော် မြေအောက်ရထားလမ်း မည်မျှ ခက်ခဲနက်နဲမည် ဆိုသည့်ကိစ္စလည်း ရှိနေပေသည်။ ဒုတိယကမ္ဘာစစ်က ဗုံးခိုကျင်း သဖွယ် ခပ်နက်နက် တည်ဆောက်ထားသည့် မော်စကိုမြေအောက်ရထားစနစ်ပုံစံနှင့် ပုန်းခိုစရာမြို့တော်ဟု နာမည်ပြောင်ပေးထားသော နေပြည်တော်မှ သံသယကြီးသည့် တပ်မတော်ခေါင်းဆောင်များ လိုချင်သည့်ပုံစံအကြား တူညီမှုများ ရှိနေသောကြောင့် ရုရှားတို့ အရွေးခံရခြင်းဖြစ်သည်ဟု Vorontsova က ပြောကြားသည်။

စီစဉ်နေသော မြေအောက်ရထားစနစ်သည် နေပြည်တော်ဆင်ခြေဖုံးမှ မြေအောင် ကွပ်ကဲမှုဌာနချုပ် ဖြစ်လာရန် နီးစပ်သည်ဟု DVB က ဝေဖန် ပြောကြားလိုက်သည်။ “ရုရှားရဲ့ အတွေ့အကြုံက တရုတ်တွေရဲ့ တည်ဆောက်မှုအမြန်နှုန်းနဲ့ မတူပါဘူး၊ ဒါဟာ အရေးကြီးပါတယ်” ဟု Vorontsova က ဆိုသည်။ (တရုတ်တို့သည် လက်ရှိ တစ်နှစ်လျှင် ရထားလမ်းသစ် ကီလိုမီတာ ၆၀၀၀ ခန့် တည်ဆောက်လျက်ရှိသည်)

“လက်တွေ့သုတေသန လုပ်ငန်းတွေ အားလုံး ပြီးစီးသွားတဲ့အချိန် ၂ နှစ်လောက်အတွင်းမှာ စတင်နိုင်မယ့် ရှုပ်ထွေးတဲ့စီမံကိန်းအကြောင်းကို ကျွန်မတို့ ဆွေးနွေးနေကြပါတယ်” ဟု သူမက ဆက်လက် ပြောကြားသည်။

သမိုင်းကြောင်းဆက်နွယ်မှုများ

“မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မဟာမိတ်ဖြစ်လို့ ရုရှားကို ယုံကြည်တာဟာလည်း အကြောင်းရင်းတစ်ခုပါ” ဟု Mosyakov က ဆိုသည်။ “ဆိုရှယ်လစ် လမ်းစဉ်ကို ဦးတည်နေတဲ့ အချိန်တုန်းက မြန်မာနိုင်ငံကို ပထမဆုံးလာလည်တဲ့ ခေါင်းဆောင်ဟာ ရုရှားက ကရူးရှက် ဖြစ်ပါတယ်” ဟုလည်း ယင်းက ပြောကြားခဲ့သည်။

**************************************************

ရေနံစိမ်းဝယ်လိုအား လျော့ကျ၍ ရေနံတစ်ပေပါလျှင် ၈၅ ဒေါ်လာအောက်သို့ထိုးကျ

(AP သတင်းကို ဘာသာပြန်ဆိုသည်)

အာရှဒေသ ရေနံဈေးနှုန်းမှာ သြဂုတ်လ ၅ ရက်နေ့အရောက်တွင် တစ်ပေပါလျှင် ၈၅ ဒေါ်လာအောက်သို့ ရောက်ရှိသွားရာ ကမ္ဘာ့စီးပွားရေး နှေးကွေးမှုကြောင့် ရေနံစိမ်းဝယ်လိုအားလျော့နည်းသွားစေလိမ့်မည်ဟူသော ခန့်မှန်းချက်များ မှန်ကန်လာကြောင်း စင်ကာပူမှလာသော သတင်းများအရ သိရသည်။

သြဂုတ် ၄ ရက် နေ့လယ်ပိုင်း(စင်ကာပူစံတော်ချိန်) New York Mercantile Exchange အီလက်ထရောနစ် ဈေးကွက်တွင် ရေနံဈေးနှုန်းမှာ ၁ ဒဿမ ၃၁ ဒေါ်လာကျဆင်းသွားပြီး တစ်ပေပါလျှင် ၈၅ ဒဿမ ၃၂ ဒေါ်လာပေါက်ဈေး ရှိသည်။ လန်ဒန်အခြေစိုက် Brent Crude ၏ ICE Futures Exchange အတွက် ဈေးကွက်ပေါက်ဈေးမှာ ရေနံစိမ်းတစ်ပေပါလျှင် ၁၀၅ ဒဿမ ၆၉ ဒေါ်လာဖြစ်သည်။ AP သတင်းအဆိုအရ ကုန်သည်များက အမေရိကန် စီးပွားရေး တိုးတက်မှုအပေါ် ယုံကြည်စိတ်ချမှုမရှိတော့သောကြောင့် ကမ္ဘာလုံးဆိုင်ရာစတော့ဈေးကွက်များတွင် ရေနံနှင့်အခြားသော ကုန်ပစ္စည်း ဈေးနှုန်းများမှာ အဆမတန်ထိုးကျသွားကြောင်းသိရသည်။

သြဂုတ်လ ၆ ရက်နေ့ အာရှစတော့ဈေးကွက် အဖွင့်နှုန်းထားများမှာ လွန်စွာနိမ့်ကျနေသည်ကိုတွေ့ရသည်။ ရင်းနှီးမြှုပ်နှံသူများက ရေနံ ဈေးနှုန်းများ ပိုမိုဆိုးရွားစွာကျဆင်းစေသော အမေရိကန်ဒေါ်လာကဲ့သို့ အရှုံးပေါ်ရန်ခဲယဉ်းသည့် အက်ဆက်(Assets) များသို့ပြောင်းရွှေ့ ရင်းနှီး မြှုပ်နှံလာကြသည်။

ဈေးကွက်အစဉ်အလာကိုကြည့်လျှင် ခိုင်မာသောအမေရိကန်ဒေါ်လာတန်ဖိုးက အခြားငွေကြေးဖြင့် ရင်းနှီး မြှုပ်နှံသူများ အတွက် ကုန်ပစ္စည်း ဈေးနှုန်းများ ပိုမိုမြင့်မားစေခဲ့ သည့်အချိန်မှစ၍ အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်သည့် အခါတိုင်း ရေနံစိမ်းဈေးနှုန်းပုံမှန်ကျဆင်းလေ့ ရှိသည်ကို တွေ့ရသည်။

လက်ရှိအနေအထားတွင် အမေရိကန်စီးပွားရေးအင်အားကောင်းမွန်လာခြင်း ရှိ၊မရှိဟူသောအချက်ကို အကဲဖြတ်ကြရန် မကြာမီထုတ်ပြန်မည့် အမေရိကန်အလုပ်အကိုင်ဆိုင်ရာအစီရင်ခံချက်ကို ရင်းနှီးမြှုပ်နှံသူအားလုံးက စောင့်ဆိုင်းလျက် ရှိသည်။ စီးပွားရေးပညာရှင်များကမူ ပြီးခဲ့သည့် ဇူလိုင်လ အတွင်း အမေရိကန်ပြည်ထောင်စုတွင် အလုပ်အကိုင်ပေါင်း ၉၀၀၀၀ ခန့်ဖန်တီးနိုင်ခဲ့လိမ့်မည်ဟု ခန့်မှန်းထားကြသည်။ အမေရိကန်ပြည်ထောင်စု၏ လက်ရှိ အလုပ်လက်မဲ့ နှုန်းထားမှာ ၉ ဒဿမ ၂ ရာခိုင်နှုန်းတွင်ရှိရာ အဆိုပါ အလုပ်အကိုင်ဖန်တီးနိုင်သည့်ပမာဏမျှဖြင့် အလုပ်လက်မဲ့ဖြစ်မှုနှုန်းထားကို လျော့ကျသွားစေနိုင်မည်မဟုတ်ပေ။

"အမေရိကန်ဦးဆောင်သည့် စီးပွားရေးက ရေနံဝယ်လိုအားကို သိသိသာသာလျော့ပါးလာစေလိမ့်မည်ဟူသော စိုးရိမ်မှုများကိုဖြစ်ပေါ်စေသည်" ဟု စွမ်းအင် အတိုင်ပင်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သော Cameron Hanover က ထုတ်ပြန်သော အစီရင်ခံစာတွင်ဖော်ပြထားသည်။ "အကယ်၍ အမေရိကန် အလုပ်အကိုင်ဆိုင်ရာ အစီရင်ခံချက်တွင် အလုပ်အကိုင်ဖန်တီးနိုင်မှုကိန်းဂဏန်းများ အံ့အားသင့်လောက်အောင် အားရစရာကောင်းမည် သို့မဟုတ် မြင့်တက်မည်ဆိုပါက အက်ဆက်နှုန်းထားများအားလုံးအပြိုင်အဆိုင် ထောင်မတ်လာသည်ကို ကျွန်ုပ်တို့တွေ့မြင်နိုင်သည်" ဟု ဆက်လက် ဖော်ပြသည်။

အချို့သောစီးပွားရေးလေ့လာဆန်းစစ်သူများက ရေနံစိမ်းသုံးစွဲမှုမြင့်တက်လာမှုနှင့် ထွန်းသစ်စနိုင်ငံဈေးကွက် များတွင် စီးပွားရေးအဆမတန် တိုးတက်ကြီးထွားလာမှုတို့ကိုကြည့်လျှင် လွန်ခဲ့သည့် နှစ်ပတ်အတွင်း ရေနံဈေးနှုန်းများတစ်ပေပါလျှင် ဒေါ်လာ ၁၀၀ အောက်သို့ ကျဆင်းရောက်ရှိသွား သည့်ကိစ္စတွင် ဝယ်လိုအားနှင့် ရောင်းလိုအား အခြေခံသဘောတရားက ထိန်းညှိပေးနိုင်ခြင်းမရှိဟူသောအချက်ကို ညွှန်ပြနေရာရောက်ကြောင်း ပြောကြား သည်။

"ကုန်ပစ္စည်းဈေးကွက်တွင်ပါဝင်သော ရင်းနှီးမြှုပ်နှံသူများသည် အားရစရာမရှိသော မက်ခရိုစီးပွားရေး ပတ်ဝန်းကျင် ကြောင့် တစ်ပတ်ရိုက်ခံ ရမည့် အန္တရာယ်ရှိသော လမ်းစဉ်ကိုလိုက်နေကြရသည်" ဟု Barclays Capital က ထုတ်ပြန်သောအစီရင်ခံစာကဆိုသည်။

***********************************************

ရင်းလတ်ရှင်နာဝပ်အား ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်

(BBC သတင်းကို ဘာသာပြန်ဆိုသည်)

ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ ရွေးကောက်ပွဲတွင် ဖူထိုင်းပါတီမှဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့သူ ရင်းလတ်ရှင်နာဝပ်ထရာအား ပါလီမန် လွှတ်တော်က ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်လိုက် ကြောင်း ဘန်ကောက်မှလာသောသတင်းများအရသိရသည်။

ရင်းလတ်ရှင်နာဝပ်ထရာ၏ ဖူထိုင်းပါတီသည် အခြားပါတီလေးခုနှစ် ညွှန့်ပေါင်းဖွဲ့စည်းထားပြီဖြစ်ရာ ၎င်းတို့အနေဖြင့် အမတ်နေရာ ၅၀၀ ရှိသော ပါလီမန်တွင်နေရာအများစုကို ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ ပါလီမန်တွင်း ဝန်ကြီးချုပ်သစ်ရွေးကောက်တင်မြှောက်မှုကို ရုပ်သံမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် ဘုရင်မင်းမြတ် ဘူမီဘောအဒူရာဂျတ်အနေဖြင့် ရင်းလတ်ရှင်နာဝပ်ထရာအား ထိုင်းဝန်ကြီးချုပ်အဖြစ် တရားဝင် အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် ဘီဘီစီသတင်းထောက်ကဆိုသည်။

ယခုအခါ ပြည်ပြေးဘဝဖြင့်နေထိုင်လျက်ရှိသူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သော ရင်းလတ်အား ပါလီမန်လွှတ်တော် အမတ် ၂၉၆ ဦးက မဲပေးကာ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်သည်။ ပါလီမန်အမတ် သုံးဦးက ကန့်ကွက်မဲပေးခဲ့ပြီး ၁၉၇ ဦးက မဲမပေးဘဲနေခဲ့ကြသည်။

ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာသော ရင်းလတ်(၄၄ နှစ်) သည် နှစ်ပေါင်း ၅ နှစ်တာမျှ နိုင်ငံရေး အလှုပ်အရမ်းများ ဖြစ်ခဲ့သော ထိုင်း ဘုရင့် နိုင်ငံတော်အား တည်ငြိမ်အေးချမ်းမှုများပေါ်ထွန်းရန် အမြန်ဆုံးလုပ်ကိုင်ရမည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရပြီဖြစ်သည်။ ကျေးလက်ပြည်သူ အများစု ၏ ထောက်ပံ့မှုကိုရယူနိုင်ခဲ့သည့် မူဝါဒများ ချမှတ်ခဲ့သော သက်ဆင်ရှင်နာဝပ်ထရာမှာ ၂၀၀၆ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပိုက်မှုကြောင့် ဝန်ကြီးချုပ် အဖြစ်မှ ဖြုတ်ချခံခဲ့ရသည်။ ၎င်းသည် ဒူဘိုင်းတွင်နေထိုင်လျက်ရှိပြီး ဖူထိုင်းပါတီ၏ တရားမဝင်ခေါင်းဆောင်တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ သူ၏ လူကြိုက်များသော မူဝါဒများသည် ညီမဖြစ်သူ ရင်းလတ်ရှင်နာဝပ်ထရာ ရွေးကောက်ပွဲ မဲဆွယ်စဉ်ကာလတစ်လျှောက်လုံး များစွာ အထောက်အပံ့ပေးခဲ့သည်။

ဖူထိုင်းပါတီက သက်ဆင်၏အခန်းကဏ္ဍသည် အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည် ဟုဆိုသည်။ သို့သော် ဘီဘီစီ သတင်းထောက်အဆိုအရ ရင်းလတ် အနေဖြင့် သူမသည် အကိုဖြစ်သူ၏လောင်းရိပ်အောက်မှ လွတ်သူမဟုတ် ဟူသော ပြစ်တင်ဝေဖန်သူများလက်ခံယုံကြည်အောင် ခဲရာခဲဆစ် လုပ်ကိုင်သွားလိမ့်မည်ဟုသိရသည်။ ထိုင်းနိုင်ငံသည် ၂၀၀၆ ခုနှစ်မှစ၍ ပြည်တွင်းနိုင်ငံရေးအကွဲအပြဲများ ဖြစ်ပေါ်ခဲ့သည်။ ယမန်နှစ်တွင်မူ သက်ဆင် ရှင်နာဝပ်ကိုထောက်ခံသော ရှပ်နီ ဆန္ဒပြအင်အားစုများက ဘန်ကောက်မြို့လယ်ခေါင်ဒေသကို ပိတ်ဆို့ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ လူထု ဆန္ဒပြမှုများကို စစ်တပ်က အင်အားသုံးနှိမ်နင်းခဲ့ရာ လူပေါင်း ၉၀ ကျော်သေဆုံးခဲ့ကာ ရာနှစ်ချီ၍ ဒဏ်ရာရရှိခဲ့သည်။

***************************************************

တရုတ်အရှေ့ပိုင်းမုန်တိုင်းကျမည့်အန္တရာယ်ကြောင့် ဒေသခံပြည်သူ နှစ်သိန်းကျော်ကို ကယ်တင်

(Xinhua မှသတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းပြည်နယ်တွင် နေထိုင်သူလူပေါင်း နှစ်သိန်းကျော်အား အင်အား အလွန် ပြင်းထန်သည့် တိုက်ဖွန်းမုန်တိုင်း ကျရောက်မည့် အန္တရာယ်ကြောင့် ကယ်ဆယ်ရေးနှင့် နေရာပြောင်းရွှေ့ရေးများ လုပ်ကိုင်ပေးခဲ့ကြောင်း ယင်းပြည်နယ်အစိုးရက သတင်းထုတ်ပြန်သည်။ ယင်းမုန်တိုင်းအမည်မှာ တိုက်ဖွန်းမူဖာဖြစ်ပြီး ယခုရက်သတ္တပတ်အတွင်း တရုတ်ပြည်အရှေ့ဖျားပိုင်း ပင်လယ်နှင့်ထိစပ်နေသောနေရာများသို့ ဝင်ရောက် တိုက်ခိုက်ရန် ရှိသောကြောင့် ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း၊ မုန်တိုင်းသည် တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းဖြင့် တိုက်ခိုက်မည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။

တိုက်ဖွန်းမုန်တိုင်းသတင်းကြောင့် ပင်လယ်ပြင်တွင်း ရေနံတူးဖော်ရေးလုပ်ငန်းများ၊ ကွန်တိန်နာဆိပ်ကမ်းများ ယာယီရပ်ဆိုင်းလိုက်ရသည်။ တရုတ်အစိုးရ၏ အင်တာနက် ဝက်ဘ်စာမျက်နှာတွင်ဖော်ပြထားချက်အရ မုန်တိုင်းသည် သြဂုတ်လ ၇ ရက်နေ့တွင်ကျရောက်ဖွယ်ရှိသည်ဟု ခန့်မှန်းရ သည်။ ဇီကျန်းပြည်နယ်မှ အာဏာပိုင်များက ကမ်းခြေဒေသတစ်လျှောက်မှ ပြည်သူ ၂၀၆၆၆၄ ဦးကို ကြိုတင်ကယ်တင်ကာ အခြားနေရာသို့ ရွှေ့ပြောင်းပေးနိုင်ခဲ့သည်။ ထို့ပြင် ရေယာဉ်နှင့် သင်္ဘော အစီး ၄၀၀၀ ခန့်အား နင်းဘို နှင့် တိုင်ကျူးဆိပ်ကမ်းများသို့ပြန်လည် ဆိုက်ကပ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့သည်။

တရုတ်မိုးလေဝသနှင့်ဇလဗေဒဌာနက ယင်းတိုက်ဖွန်းမူဖာကြောင့် ကမ်းခြေဒေသများတွင် မိုးသက်လေပြင်းများ ပြင်းထန်စွာ ကျရောက် လိမ့်မည် ဖြစ်ကြောင်း၊ သြဂုတ်လ ၇ ရက်နေ့မှ နောက်သုံးရက်အတွင်း မုန်တိုင်းအင်အား ဆက်လက်ကောင်းမွန်နေဆဲဖြစ်လိမ့်မည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

*********************************************

မြန်မာနိုင်ငံ ကိစ္စ အာဆီယံအတွက် သက်တောင့်သက်သာ အခြေအနေ ပေးရမည်

(5 August 2011 ရက်စွဲပါ Bangkok Post မှ Burma, ASEAN must leave their comfort zone ကို ဘာသာ ပြန်ဆိုသည်)

              မြန်မာအစိုးရသစ်သည် နိုင်ငံရေးပြုပြင် ပြောင်းလဲမှုများ (စစ်အစိုးရ က အရပ်သား မျက်နှာဖုံး စွပ်ထားသော အထောက်အထားများ ကလည်း တွေ့ရှိလျက် ရှိရာ) အတွက် ချဉ်းကပ်ခြင်း မပြုသည့် အတွက် ဝေဖန်မှုများ ခံနေရသော်လည်း၊ မြန်မာအစိုးရသည် 2014 တွင် အရှေ့တောင်အာရှ အသင်းကြီး၏ ဥက္ကဋ္ဌနေရာ အတွက် ရယူလိုလျက် ရှိသည်။

              ထိုအချက်သည် အာဆီယံအတွက် စိတ်အနှောက်အယှက် ဖြစ်စရာ ဖြစ်ခဲ့ရသော်လည်း ရှောင်လွှဲ၍ မရသော ကိစ္စ ဖြစ်လာသည်။ အမှန်အတိုင်း ပြောရလျှင် အာဆီယံ အဖွဲ့ဝင် အဖြစ် (14) နှစ် သက်တမ်း ရှိခဲ့ပြီ ဖြစ်သော မြန်မာနိုင်ငံသည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရန် ရပိုင်ခွင့် ရှိသည်။ 2006 ခုနှစ် က ဥက္ကဋ္ဌနေရာ အတွက် ငြင်းပယ်ခဲ့ပြီး ဖြစ်သည်။

              2006 ခုနှစ် ငြင်းဆိုပြီးကတည်း က 2007 တွင် ဘုန်းတော်ကြီး ဆန္ဒပြပွဲများ၊ 2008 တွင် နာဂစ်ဆိုက်ကလုံး နှင့် အတုအယောင် ဆန္ဒခံယူပွဲ၊ ယမန်နှစ်က သံသယဖြစ်ဖွယ် ရွေးကောက်ပွဲများနှင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးခြင်းစသည့် အဖြစ်အပျက်များ ဖြစ်ခဲ့သည်။ သို့သော် ထိုအထဲတွင် အမျိုးသား ပြန်လည်ပေါင်းစည်းရေး ကိစ္စကို ဆောင်ရွက်ခြင်း မရှိခဲ့ပေ။

              သို့သော် ပြီးခဲ့သည့်အပတ်က အစိုးရသစ်သည် ဝေဖန်မှုများ လျော့သွားစေရန် ရည်ရွယ်၍ လုပ်နေကျ တစ်ခုကို လုပ်ပြခဲ့ရာ ဒေါ်အောင်ဆန်း စုကြည်အား ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် နှင့် တွေ့ဆုံရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

              သို့သော် ထိုလုပ်ရပ်သည် မြန်မာနိုင်ငံ၏ ဥက္ကဋ္ဌနေရာ လျှောက်ထားမှုအတွက် အာဆီယံ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပေ။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (2000) ကျော် ရှိနေသေးခြင်း၊ တိုင်းရင်းသားဒေသများ တွင် စစ်ရာဇဝတ်မှု ကျူးလွန်မှုများအတွက် စွပ်စွဲချက်များ ရှိနေခြင်း တို့အပြင် အစိုးရသစ်သည် အမေရိကန် နှင့် ဥရောပ သမဂ္ဂတို့၏ အရေးယူမှုများ ခံနေရဆဲ ဖြစ်သည်။ အမေရိကန် နှင့် ဥရောပ သမဂ္ဂ သည် အာဆီယံ၏ အဓိက ကုန်သွယ်ဖက်များ ဖြစ်သည်။

              ပြီးခဲ့သည့် အပတ်က ဂျာကာတာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က နေပြည်တော်၏ ဒေါ်အောင်ဆန်းစုကြည်တည်း ဟူသော  ဝှက်ဖဲကို ကိုင်၍ တိုင်းပြည်အား လမ်းကြောင်းမှန်ပေါ် သွားနေကြောင်း ဟန်ဆောင်နေမှုနှင့် ပတ်သက်၍ စိတ်အနှောက်အယှက် ဖြစ်ရကြောင်း ပြောခဲ့သည်။

              “ကျွန်မတို့အနေနဲ့ ထောင်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသား (2000) ကျော်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ ဖြစ်စေလိုပါတယ်” ဟု သူမက ပြောခဲ့ပြီး၊ နိုင်ငံရေး အတိုက်အခံ၊ တိုင်းရင်းသား တို့ဖြင့် အားလုံးပါဝင်ပြီး အဓိပ္ပါယ်ရှိသော တွေ့ဆုံဆွေးနွေးမှု လုပ်သင့်ကြောင်း ပြောဆိုခဲ့သည်။

              “ရွေးရမယ့်လမ်းက ရှင်းနေပါတယ်။ အဲဒီခြေလှမ်းတွေ လှမ်းပြီး၊ ပြည်သူတွေရဲ့ ယုံကြည်မှုတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုတွေကို ပြန်ရအောင် ယူရပါမယ်။ ဒါမှမဟုတ် သူတို့ အခု လျှောက်နေတဲ့ လမ်းဟောင်းပေါ်ပဲ ဆက်လျှောက်မလားပေါ့” ဟု သူမ က ပြောသည်။

              ကလင်တန်က စစ်တပ်နောက်ခံပြု အရပ်သားအစိုးရအား စိုးရိမ်ပူပန်မှုများ ကြီးထွားလာသော လက်နက်ပြန့်ပွားရေး ကိစ္စကို ကိုင်တွယ်ရန် တောင်းဆိုခဲ့သည်။ ဝါရှင်တန်က မြန်မာစစ်တပ်နှင့် မြောက်ကိုးရီးယားတို့၏ ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်မှုများအတွက် မကြာခဏ ပြောဆိုခဲ့သည်။

              သို့သော် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Natalegawa ကမူ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ၏ ယုံကြည်မှုနှင့် လေးစားမှုရရန် ကြိုးစားရေးကိစ္စကို တိုက်ရိုက် လေးလေးနက်နက် ပြောဆိုမှုများ မရှိခဲ့ပေ။

              မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး တို့နှင့် ပတ်သက်နေသော ၎င်း၏အမြင်ကို မေးမြန်းသောအခါ ၎င်းအနေဖြင့် ရှင်းရှင်းလင်းလင်းပြောရန် ခက်ခဲနေသည်ကို တွေ့ရသည်။ “ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမှာ ရှင်းရှင်းလေး သိနိုင်တာကတော့ လုပ်နေတယ် ဆိုတာပါပဲ။ ဒီထက်ပိုပြောရမယ်ဆိုရင် လုပ်ငန်းတိုးတက်မှု ရနေပြီလို့တော့ မသုံးနှုန်းလိုသေးပါဘူး” ဟု ၎င်းက ပြောသည်။

              မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေး အခြေအနေ နှင့် ပတ်သက်၍ အပေါင်းလက္ခဏာ ဆောင်သော ကြည့်ကောင်းအောင် ပြောရန် မှာ ကြီးမားသော စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီး၊ ရင့်ကျက်သော ဒေသတွင်း ခေါင်းဆောင်ပင်  အာစေးမိနေသော အကြောင်း ဖြစ်သည်။

              မြန်မာနိုင်ငံသည် အာဆီယံကို ဦးဆောင်ရန် အမှန်တကယ် အရည်အချင်း ရှိ မရှိ မေးခွန်း နှင့် ပတ်သက်၍ Mr Marty သည် ပုံပျက်ပန်းပျက် ဖြစ်မသွားအောင် ဝေဝေဝါးဝါး ဘာသာစကားကို ရွေး၍ ပြောကြားခဲ့သည်။ “ကျွန်တော် အနေနဲ့ မြန်မာနိုင်ငံ ဟာ 2014 မှာ အာဆီယံ ဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်ပြီး အသင့်ဖြစ်ပြီလား ဆိုတာ စောင့်ကြည့်ရပါမယ်။ သက်တောင့်သက်သာ အဆင့်မှာထားပြီး ကြည့်ရပါမယ်။ အာဆီယံ ဥက္ကဋ္ဌ နေရာယူမယ့် နိုင်ငံ မှာ တာဝန်ယူရမှုတွေ မျှော်လင့်ချက်တွေ ရှိတယ်ဆိုတာ အားလုံးသိနေကြပါတယ်” ဟု ၎င်းက ပြောသည်။

              Mr Marty သည် အာဆီယံက ဆုံးဖြတ်ချက် မပြုမီ အာဆီယံ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံ သို့ သွားရောက်မည် ဖြစ်သည်။ ထိုကိစ္စ မဆုံးဖြတ်ရသေးမီ၊ အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် ဤမျှအချိန်ကြာ လမ်းဖွင့်ပေးထားသည်။ အဓိပ္ပါယ်မှာ မြန်မာနိုင်ငံအား မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုနေသော ကိစ္စများကို လုပ်ဆောင်ပေးရန် အဆင်သင့် ဖြစ်နေပုံကို ချက်ခြင်းပြသရန် အချိန်ပေးထားခြင်း ဖြစ်သည်။

              အချို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူများ က မြန်မာနိုင်ငံ အား ဥက္ကဋ္ဌ နေရာပေးရန် ဆုံးဖြတ်ပြီး ဖြစ်လောက်ကြောင်း၊ အချိန်စောင့်ပြီးမှ ကြေညာမည်ဟု ယူဆရကြောင်း ခန့်မှန်းနေကြသည်။ သို့သော် အချို့ အာဆီယံသံတမန်များက Mr Marty အနေဖြင့် မြန်မာနိုင်ငံ သို့ သွားရောက်ရန် အချိန်ဆွဲနေသည်နှင့်အမျှ မြန်မာနိုင်ငံ ဥက္ကဋ္ဌနေရာ ရယူရေးအတွက် မသေချာမှုများ ဖြစ်လာနိုင်ကြောင်း ငြင်းချက်ထုတ်ကြသည်။ မြန်မာနိုင်ငံတွင်းနှင့် ပြည်ပ မှ လှုပ်ရှားသူများကလည်း အကယ်၍ အာဆီယံသည် မြန်မာနိုင်ငံအား ဥက္ကဋ္ဌနေရာ အတွက် ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါက၊ အာဆီယံ အား အတိုက်အခံအုပ်စုများ နှင့် တိုင်းရင်းသားအုပ်စုများ၏ ကြီးမားသော ဆန့်ကျင်မှုကို ကြုံတွေ့ရမည်ဟု ဆိုကြသည်။

              ထိုအဆင့်တွင် မြန်မာအစိုးရသည် ၎င်းလုပ်ရမည့် ကိစ္စပြီးမြောက်မှု အတွက် စိတ်သက်သာရာ ရပေလိမ့်မည်။ တချိန်တည်းမှာပင် မြန်မာနိုင်ငံ အဖို့ ဥက္ကဋ္ဌ နေရာအတွက် လျှောက်ထားမှုကို ပယ်ဖျက်ရန်လည်း ခက်ခဲလှသည်။ ယခင်တခါ ငြင်းပယ်ထားပြီး ဖြစ်၍ ထပ်မံ၍ မျက်နှာပူရမည့် အရေး ဖြစ်သောကြောင့် ဖြစ်သည်။

              တစ်မျိုးပြောရလျှင် အာဆီယံအတွက်ရော၊ မြန်မာနိုင်ငံ အတွက်ပါ လွယ်ကူလှသော ကိစ္စရပ်တော့ မဟုတ်လှပေ။ ထို့ကြောင့် နှစ်ဖက်စလုံးသည် ရှေ့ဆက်သွားမည်ဆိုလျှင် ထိုအတွက် နှစ်ဖက်စလုံးက တစ်ခုခုတော့ ပေးဆပ်ကြရပါလိမ့်မည်။

********************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment