Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၆.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေ တိုးတက်ရန် များစွာလုပ်ဆောင်ရန်လိုအပ်ဟု ကုလပညာရှင်ပြော

(25 August 2011 ရက်စွဲပါ UN News Centre မှ “Myanmar needs to do more to improve human rights situation, says UN expert” ကို ဘာသာပြန်ဆိုသည်)

  1. နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရ

(New York Times မှ 25 August, 2011 ရက်စွဲပါ "Burmese wary of democracy after decades of oppression" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

  1. မြန်မာနိုင်ငံတွင် ကုန်းတွင်း ရေနံလုပ်ကွက်များအတွက် နိုင်ငံခြားကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ် လုပ်ရန်လို

(25 August 2011 ရက်စွဲပါ Reuters ၏ Myanmar wants foreign/local ventures for oil blocks ကို ဘာသာ ပြန်ဆိုသည်)

****************************************************************************************************************************************

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးအခြေအနေ တိုးတက်ရန် များစွာလုပ်ဆောင်ရန်လိုအပ်ဟု ကုလပညာရှင်ပြော

(25 August 2011 ရက်စွဲပါ UN News Centre မှ “Myanmar needs to do more to improve human rights situation, says UN expert” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသစ်သည် နိုင်ငံတွင်း လူ့အခွင့်အရေးအခြေအနေများ တိုးတက်အောင် ခြေလှမ်းများ လှမ်းလျက်ရှိရာ များပြားလှသော နိုင်ငံရေး အကျဉ်းသားများ ထိန်းသိမ်းထားခြင်းမျိုးကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များကို ပိုမို အားထည့်ဖြေရှင်းရန်လိုအပ်ကြောင်း ကုလသမဂ္ဂပညာရှင်က မနေ့က ပြောကြားလိုက်သည်။

ယခုနှစ်အစောပိုင်းက လွှတ်တော်အသစ်သည် သမ္မတအသစ်တစ်ဦးနှင့် ဒုတိယသမ္မတနှစ်ဦးကို ရွေးချယ်ပေးခဲ့ရာ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုခဲ့သည်။ ထိုစဉ်က ယင်းအနေဖြင့် ပါတီအားလုံး ကိုယ်စားပြုသော အားလုံးပါဝင်သည့် အရပ်သားအစိုးရဖွဲ့စည်းရန် မျှော်လင့်ကြောင်းနှင့် ပြည်သူတို့၏ လိုလားချက်များကို ပိုမိုတုန့်ပြန်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

“အခုအချိန်ဟာ မြန်မာ့သမိုင်းအတွက် အဓိကကျတဲ့ အချိန်ကို ရောက်နေပါပြီ။ လူ့အခွင့်အရေးအခြေအနေ တိုးတက်ဖို့နဲ့ ဒီမိုကရေစီအတွက် စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးကာလဖြစ်ဖို့ အပေါင်းလက္ခဏာဆောင်ပြီး အဓိပ္ပာယ်ရှိတဲ့ တိုးတက်မှုတွေအတွက် တကယ့်အခွင့်အလမ်းတွေ ရှိနေပါ တယ်” ဟု သောမတ်အိုဟေးကွင်တားနား (Tomas Ojea Quintana) က ယင်း၏ မြန်မာနိုင်ငံသို့ ငါးရက်တာ ခရီးစဉ်အပြီးတွင် ပြောကြားခဲ့သည်။

“အစိုးရသစ်ဟာ ဒီအချက်တွေအတွက် ခြေလှမ်းတော်တော် လှမ်းပြီးပါပြီ။ ဒါပေမဲ့ အရေးတကြီး လုပ်ဆောင်ရမယ့် လူ့အခွင့်အရေးကိစ္စတွေ ရှိနေပါသေးတယ်။ ဒါတွေကို ကိုင်တွယ်ဖို့ လိုအပ်ပါတယ်” ဟု ကွင်တားနားက ပြောသည်။ ယင်းသည် ၂၀၀၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံ လူ့အခွင့် အရေးအခြေအနေအတွက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖြစ် ထမ်းဆောင်ခဲ့သူဖြစ်သည်။

“ဒီကိစ္စတွေအနက် ကျွန်တော်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အဓိကကျတဲ့ကိစ္စလို့ မှတ်ယူထားတဲ့ အချက်ကတော့ နိုင်ငံရေး အကျဉ်းသား များစွာကို ဆက်လက် ထိန်းသိမ်းထားတယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်” ဟု ယင်းက ရန်ကုန်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

၎င်းက အစိုးရနှင့်တွေ့ဆုံရာတွင် ယုံကြည်ချက်ကို ဖော်ပြခဲ့ရာ၌ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးသည် အမျိုးသားပြန်လည် ပေါင်းစည်း ရေး အတွက် လိုအပ်ပြီး ဗဟိုချက်ဖြစ်ကြောင်း၊ ထိုသို့ လွှတ်ပေးခြင်းသည် ဒီမိုကရေစီသို့ မြန်မာ၏ ကြိုးပမ်းမှုတွင် အကျိုးများစွာရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ကွင်တားနားသည် မြန်မာအစိုးရအား နိုင်ငံရေးအကျဉ်းသား (၂၂၀၂) ဦးအား လွှတ်ပေးရန် တိုက်တွန်းခဲ့ပြီး အများစု သည် ထောင်တွင်း ဆိုးရွားသော အခြေအနေကြောင့် ကျန်းမာရေး အကြီးအကျယ် ချွတ်ယွင်းနေကြသည်ဟု ပြောကြားခဲ့သည်။

ယခုခရီးစဉ်တွင် ယင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်လည်း ရခဲ့သည်။ ထို့အပြင် အစိုးရဝန်ကြီးများ၊ အခြားသက်ဆိုင်ရာများ နှင့်လည်း တွေ့ဆုံခဲ့သည့်အပြင် နေပြည်တော်ရှိ လွှတ်တော်အစည်းအဝေးကို မြင်တွေ့ခဲ့ရပြီး အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသားများ (Prisoners of Conscience) နှင့် တွေ့ဆုံခဲ့သည်။

ခရီးစဉ်အပြီး သတင်းထုတ်ပြန်ချက်တွင် အထူးကိုယ်စားလှယ်က စစ်ဆေးမေးမြန်းသည့်အခါ နှိပ်စက်မှုများ၊ ထောင်သားများကို စစ်တပ်တွင် ပေါ်တာအဖြစ် အသုံးပြုမှုများ၊ ထောင်သားများကို ဝေးလံသောဒေသရှိ ထောင်များသို့ ရွှေ့ပြောင်းခြင်းကြောင့် မိသားစုများ လိုက်လံမတွေ့ဆုံနိုင်ခြင်း၊ ဆေးဝါးနှင့် လိုအပ်သော အစာများ မပို့နိုင်ခြင်းများကို ဖော်ပြခဲ့သည်။

သတင်းထုတ်ြပန်ချက်တွင် မီးမောင်းထိုးပြထားသော အခြားစိုးရိမ်ဖွယ်ရာများမှာ နယ်စပ်တွင် တိုင်းရင်းသားများ နှင့် အခြေအနေ တင်းမာမှု များကြောင့် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်လက် ရှိနေစေသည်ဟု ဖော်ပြထားသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အရပ်သားများအား တိုက်ခိုက်ခြင်း၊ တရားဥပဒေ ပြင်ပ သတ်ဖြတ်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများ၊ မတရားဖမ်းဆီးခြင်း များ၊ ရွှေ့ပြောင်းစေမှုများ၊ မြေသိမ်းယူမှုများ၊ ကလေးစစ်သား စုဆောင်းမှုများ၊ အဓမ္မလုပ်အားပေးစေခိုင်းမှုများ၊ ပေါ်တာဆွဲခြင်းများ ပါဝင်သည်ဟု ဖော်ပြ ထားသည်။

“အာဏာပိုင်တွေနဲ့ လက်နက်ကိုင်အဖွဲ့တွေကို တောင်းဆိုလိုတာက စစ်ပွဲဖြစ်တဲ့ ဒေသက အရပ်သားတွေကို အကာအကွယ်ပေးဖို့နဲ့ ပဋိပက္ခ တွေကို နိုင်ငံရေးအရ အဖြေရှာရေး အရှိန်မြှင့်ဖို့ပဲဖြစ်ပါတယ်” ဟု ယင်းက ဖော်ပြထားသည်။

ကွင်တားနားက အစိုးရအား လူ့အခွင့်အရေးချိုးဖောက်မှုများအား လွတ်လပ်စွာ စစ်ဆေးခွင့်ပေးရန် ပြုလုပ်သင့် ကြောင်း အကြံပြုခဲ့သည်။ ကွင်တားနား အပါအဝင် ကုလသမဂ္ဂမှ လွတ်လပ်သော ပညာရှင်များသည် ဂျနီဗာ အခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ အစီရင်ခံစာ တင်ပြ ကြရသည်။ ယင်းတို့သည် လွတ်လပ်စွာနှင့် အခကြေးငွေ မယူဘဲ လုပ်ဆောင်ပေးခြင်းဖြစ်သည်။

*********************************************************************************************************

နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီကို နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရ

(New York Times မှ 25August 26, 2011 ရက်စွဲပါ "Burmese wary of democracy after decades of oppression" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။)

                မြန်မာနိုင်ငံတွင် နာမည်ခံအရပ်ဖက်အစိုးရ အာဏာရလာပြီးနောက် ၅ လခန့်အကြာတွင် မည်သူက အမှန်တကယ် အုပ်ချုပ်နေသည်ဆိုသည် နှင့် ပတ်သက်၍ တွေးစရာ၊ မေးမြန်းစရာများ ပေါ်ထွက်လာသည်။

                အလုပ်သမားများသည် ဆယ်စုနှစ် ၂ စုနီးနီး မြန်မာနိုင်ငံကို အုပ်ချုပ်သွားခဲ့သော အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တစ်ချိန်က အလွန် ပေါများလှသော ဓါတ်ပုံများကို အစိုးရရုံးများ၏ နံရံပေါ်မှ ဖြုတ်ချလိုက်ကြပြီးဖြစ်သည်။ သို့သော်လည်း မတ်လအတွင်းက နေရာဖယ်ပေးခဲ့သည့် ယခင် အာဏာရှင်သည် အရေးအကြီးဆုံး ဆုံးဖြတ်ချက်များကို နောက်ဆုံး အပြီးသတ် ဆုံးဖြတ်သူ ဖြစ်နေဆဲဟူသော ယူဆပြောဆိုမှုများ နိုင်ငံအတွင်း၌ ပျံ့နှံ့လျက် ရှိသည်။

                နှစ်ပေါင်း ၅၀ စစ်အုပ်ချုပ်ရေး၏ ဖိနှိပ်မှုကို ခံခဲ့ရပြီးသော မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးနေသည့် ပြည်သူများက အစိုးရအဖွဲ့သစ်၏ ခက်ခက်ခဲခဲ စတင် ဆောင်ရွက်မှုများကို နိုင်ငံပိုင်သတင်းစာများက ရေးသည့်အတိုင်း စစ်အုပ်ချုပ်ရေး စနစ်မှ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်သို့ အသွင် ကူးပြောင်းခြင်းသည် အမှန်တကယ်လားဆိုသည်ကို နားလည် သဘောပေါက်နိုင်ဖို့ ကြိုးစားလျှက်ရှိသည်။

                အချို့သူများကမူ ယခုထိ ပိုမိုသိသာ ထင်ရှားစွာ ပြောင်းလဲရန် လိုလားနေကြသည်။ အငြိမ်းစား အစိုးရဝန်ထမ်း ဦးစံရွှေ၏ "အခုအချိန်ထိ ကျွန်တော် မြင်သလောက်တော့ ဘာမှမပြောင်းလဲပါဘူး" ဟူသောမှတ်ချက်သည် မြန်မာနိုင်ငံတွင် အမြဲတစေ ကြားသိနေရသည့် မယုံကြည်မှုသံသယ၏ သာဓက တစ်ခုပင်ဖြစ်သည်။ "လက်ရှိအစိုးရသစ်မှာက အပြောင်း အလဲ မလုပ်နိုင်ဘူးလို့ အရိုးစွဲနေတဲ့ အရင်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ပါဝင်ဖွဲ့စည်းထား တာပါ။ သူတို့က တန်စိုး လက်ဆောင်ယူ၊ လာဘ်စားတာ၊ ပြည်သူတွေကို လူလိုမဆက်ဆံတာ၊ ရာထူးအာဏာအလွဲသုံးပြီးငွေရှာတာ စတဲ့ ကိစ္စတွေ ကို ကျင့်သားရနေကြပါပြီ၊ အရာရာကို သူတို့သိမ်းကြုံးယူနေကြတာကို ဘယ်သူကမှ မပြောနိုင်ကြပါဘူး" ဟု ၄င်းက သုံးသပ် ပြောကြားသည်။

                အဆိုပါနိုင်ငံ၏ လမ်းကြောင်းကို မှန်းဆရန် ကြိုးစားခြင်းသည် ယခင်ကမူ အရူးတစ်ယောက် ခြေဦးတည့်ရာ သွားသလိုသာ ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံသည် စစ်အုပ်ချုပ်ရေးလက်အောက်ရှိ အိမ်တွင်းပုန်းဘဝမှ ပွင့်လင်းမှုများဖြင့် လှုပ်ခါနေသော ပုံစံသို့ ကွေ့ကွေ့ကောက်ကောက် ရွေ့နေခြင်းဖြစ် သည်။ တပ်မတော်အတွင်းရှိ ရှေးရိုးစွဲ ကွန်ဆာဗေးတစ် များနှင့် ပြုပြင်ပြောင်းလဲရေး ရီဖော်မာများ အကြား အားပြိုင်မှုများက တွန်းထိုးလှုံ့ဆော်ပေးလျက် ရှိသည်ဟု ယူဆရသည်။

လတ်တလော သီတင်းပတ်များအတွင်း၌မူ ဖေဖော်ဝါရီလက ရွေးကောက်ခံ သမ္မတဖြစ်လာခဲ့သော ဗိုလ်ချုပ်ကြီးဟောင်းသိန်းစိန် ခေါင်းဆောင် သော ပြုပြင်ပြောင်းလဲရေး ရီဖော်မာများ အသာစီးရလာသည့် လက္ခဏာများ ထွက်ပေါ်လာသည်။

ဒေသတွင်း သယံဇာတများ ထိန်းချုပ်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေးအတွက် တပ်မတော်နှင့် စစ်ပွဲ ဆင်နွှဲနေသည့် တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း ယခုအစိုးရသစ်က ငြိမ်းချမ်းရေးဆွေးနွေးရန် အဆိုပြုလိုက်ပြီ ဖြစ်သည်။ ထို့အပြင် နိုဝင်ဘာလက လွတ်မြောက်လာခဲ့သော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အစိုးရတာဝန်ရှိပုဂ္ဂိုလ်များက ယခင်လအတွင်း ၃ ကြိမ်းတိုင်တိုင် တွေ့ဆုံခဲ့ကြသည်။

အခြားပြောင်းလဲမှုများမှာ ပို၍ထင်ရှားသည့် “ဆူပူမှုဖြင့် ဒီမိုကရေစီမရနိုင်” စသော ဝါဒဖြန့်စကားလုံးများကိုလည်း နိုင်ငံပိုင်သတင်းစာများမှ ဖယ်ရှားပေးလိုက်သည်။ ထို့အပြင် နိုင်ငံရေး (သို့) သမိုင်းကြောင်းနှင့် မပတ်သက်သည့် စာစောင် ထုတ်ဝေမှုများကို ကြိုတင်ဆင်ဆာတင်ရန် မလိုဘဲ ထုတ်ခွင့်ပြုထားသည်။ (နိုင်ငံရေးကို တို့ထိထားသည့် သတင်းဆောင်းပါးများကိုမူ ဆင်ဆာဘုတ်သို့ တင်ပြရဆဲဖြစ်သည်)

သတင်းထောက်များသည်လည်း တနင်္လာနေ့က ကျင်းပနေသော လက်ရှိလွှတ်တော် အစည်းအဝေးများသို့ ဝင်ရောက် သတင်းယူခွင့်ပြု ကြောင်း ကြေညာခဲ့ချိန်တွင် ပျော်ရွှင်သွားကြပေရာ၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် ကန့်သတ်သည့်ကိစ္စမှာလည်း လျှော့ပေါ့ပေးသည်ဟု ဆိုနိုင်ပေ သည်။

ရှုတ်ထွေးသော အသွင်ကူးပြောင်းမှုကာလအတွင်း အချို့သော စီးပွားရေးပြောင်းလဲမှုများမှာ လွန်စွာ အရေးပါ သော်လည်း သာမန်ပြည်သူများ အတွက် အကျိုးရှိသလား ဆိုသည်မှာမူ မသဲကွဲသေးပါ။ မနှစ်က စတင်ခဲ့သော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအစီအစဉ်သည် ယခင်က နိုင်ငံတော်က ကြီးမား စွာ ထိန်းချုပ်ထားခဲ့သည့် စီးပွားရေးကဏ္ဍကို အသွင်ပြောင်းလဲ နေခြင်းပင် ဖြစ်သည်။

ယင်းအစီအစဉ်အရ နိုင်ငံပိုင်စက်ရုံများ၊ အစိုးရအဆောက်အဦးများ၊ ကုမ္ပဏီများ အများအပြားကို ရောင်းချခဲ့ပြီး ဖြစ်သည်။ အမေရိကန် တစ်ဒေါ်လာနှင့် ညီမျှသည့် ပြည်တွင်းသုံး ကျပ်ငွေသည်လည်း အလွန်အကျွံ တန်ဖိုးမြင့်တက်လာခဲ့ သည်ကို တွေ့ရှိရပေရာ အစိုးရက အပြောင်ရှင်း ရောင်းချသည့် နိုင်ငံပိုင်လုပ်ငန်း၊ ပစ္စည်းများအတွက် ပေးချေရန် ပိုက်ဆံများ လောင်းထည့်နေရခြင်းကြောင့်ဟု အကဲခတ် လေ့လာသူများက ယုံကြည် ထားသည်။

အထက်ပါ နိုင်ငံပိုင်လုပ်ငန်းများ လက်လွှဲရောင်းချမှုကို လူသိရှင်ကြား တင်ဒါခေါ်ယူခြင်းမရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းအများစုမှာ အစိုးရ ရောင်းရင်း လက်တစ်ဆုပ်စာလူစု လက်ထဲသို့သာ ရောက်ရှိသွားခဲ့သည်။

“အခွင့်အလမ်းတွေကတော့ အများကြီးပါ။ ဒါပေမဲ့ သူတို့ ရောင်းရင်းလူစုအတွက်သာ ဖြစ်ပါတယ်။ ရုရှားမှာလို ပေါ့။” ဟု တရုတ်လုပ်မိုဘိုင်းဖုန်း နှင့် ဒစ်ဂျစ်တယ်ပစ္စည်းများ တင်သွင်းရောင်းချသည့် ဆိုင်ရှင်ဖြစ်သူ ဦးစိုးသန်းက ပြောကြားသည်။ ယင်းသည် အစိုးရသစ်နှင့် တိုက်ရိုက်ဆက်ဆံသည့် အတွေ့ အကြုံ ရှိထားသူတစ်ဦး ဖြစ်သည်။

အစိုးရက ရောင်းချသော ရန်ကုန်မှ နိုင်ငံပိုင် ကုန်တိုက် အဆောက်အဦးတစ်ခုကို ဝယ်ယူသည့် လုပ်ငန်းရှင်သူဋ္ဌေးက ဦးစိုးသန်းအပါအဝင် ငှားရမ်းဖွင့်လှစ်ထားသူများကို တစ်ပတ်အတွင်း ဖယ်ပေးကြရန် ဆင့်ဆိုခဲ့ရာ ဆိုင်ရှင်များက နစ်နာမှုအတွက် အသနားခံစာ ၁၈ စောင်ခန့် တာဝန်ရှိသူများ ထံ တင်ပြခဲ့သော်လည်း လုံးဝ ပြန်လည် အကြောင်းပြန်ခြင်းမရှိဟု သိရှိရသည်။ သို့သော်လည်း ထိုင်းနှင့် အိန္ဒိယအခြေစိုက် ပြည်ပရောက် မြန်မာမီဒီယာ တစ်ခုတွင် ယင်းကိစ္စကို ဖော်ပြခဲ့ရာမှ နေပြည်တော်ရှိ တာဝန်ရှိသူများ၏နားသို့ ထိုသတင်း ရောက်ရှိသွားခဲ့သည်ဟု ဆိုသည်။

“အခုတော့ ဆိုင်ရှင်တွေ နစ်နာကြေးရလိမ့်မယ်လို့ မျှော်လင့်ချက်လေး ပိုပြီး ရှိလာပါတယ်။ ကိစ္စတွေမှာ နည်းနည်းလောက်တော့ တိုးတက်လာ တာပေါ့။” ဟု ဦးစိုးသန်းက ပြောကြားသည်။ စီးပွားရေးကို အစိုးရရောင်းရင်း အပေါင်းအသင်းများက ထိန်းချုပ်ထားခြင်းသည် နိုင်ငံပိုင်စနစ်ထက် ပို၍ ကောင်းမွန်သလား ဆိုသည့်အချက်ကို နိုင်ငံတွင်း လေ့လာသူ ပညာရှင်များက အဓိက ငြင်းခုံလျက် ရှိကြသည်။ အရှေ့ အလယ်ပိုင်းမှ အလားတူ အစွန်း အထင်း မကင်းသော ပုဂ္ဂလိကပိုင် ပြုလုပ်ရေးအစီအစဉ်များသည် ပြည်သူလူထု၏ မကျေနပ်မှု နက်ရှိုင်းအောင် ဖန်တီးသလို ဖြစ်ခဲ့ပြီး ထို့နောက်ပိုင်း ယခုနှစ်အတွင်း တူနီးရှား၊ အီဂျစ်နှင့် ဆီးရီးယားတို့တွင် လူထုအုံကြွ တော်လှန်မှုကို ကူညီမီးထိုးပေးသလိုဖြစ်ခဲ့ရသည်။ ယခုအချိန်အထိ မရှိသလောက် နည်းလွန်းသော စီးပွားရေး အလားအလာများသည် နိုင်ငံရေးချုပ်ချယ်မှုလောက် မဟုတ်သော်ငြားလည်း မြန်မာပြည်သူများကို နစ်နာဆုံးရှုံးစေလျက် ရှိသည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် ပထမနှစ်ဝက်တွင် ကမ္ဘာလှည့်ခရီးသွား ၂၃% သို့ တိုးလာခြင်း၊ ရန်ကုန်မြို့ဟိုတယ် များတွင် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့မှ အများဆုံးလာကြသော လုပ်ငန်းရှင် ဧည့်သည်များဖြင့် ပြည့်နေခြင်း စသော စီးပွားရေးပြန်လည် နိုးထမှုလက္ခဏာ အချို့ကိုမူ တွေ့ရှိနေရသည်။

ယခင်အပတ်က အစိုးရသတင်းစာဖြစ်သော New Light of Myanmar သတင်းစာတွင် မြန်မာအစိုးရတာဝန်ရှိသူ များနှင့် အမေရိကန် အခြေစိုက် ဆောက်လုပ်ရေးနှင့် သတ္တုတွင်း အကြီးစား စက်ယန္တရားများ ထုတ်လုပ်သော ကုမ္ပဏီကြီး Caterpillar မှ အမှုဆောင်အရာရှိများ တွေ့ဆုံ သည့် သတင်းကို သတင်းထူးအဖြစ် ဖော်ပြခဲ့သည်။

နိုင်ငံတကာကုမ္ပဏီများ မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ရခက်အောင် အမေရိကန်နှင့် ဥရောပ အရေးယူပိတ်ဆို့မှုများက ပြုလုပ်ထား သော် လည်း ယခုအခါ ယင်းပိတ်ဆို့မှုများ ဖယ်ရှားပေးအောင် စိတ်ဝင်တစားလုပ်ကိုင်မည့် လက္ခဏာများ မြန်မာအစိုးရက သိသိသာသာ ပြသလာသည်။ ထို့အပြင် စီးပွားရေး ပြောင်းလဲပြုပြင်မှု ဆက်လက်ဆောင်ရွက်ရေးကို ဆွေးနွေးရန်အတွက် အောက်တိုဘာလတွင် အစည်းအဝေးပြုလုပ်ရန် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ တာဝန်ရှိသူများကိုလည်း ဖိတ်ခေါ်ထားသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံအပေါ် အရေးယူသည့်အစီအစဉ်ကို ကြီးမားစွာ တွန်းအားပေးနေသူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာအစိုးရက နွေးထွေးစွာ လက်ကမ်းလိုက်ပြီဖြစ်သည်။ ပြီးခဲ့သော သီတင်းပတ်က အစိုးရက သူမအား နေပြည်တော်သို့ ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ရာ သူမနှင့် သမ္မတ ဦးသိန်းစိန် တို့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

မြန်မာ့လွတ်လပ်ရေးသူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ ၁၉၉၁ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ အောက်စဖို့ ကျောင်းဆင်း ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံနှင့် ပြင်ပကမ္ဘာကြီး အကြား အဓိက ဆက်သွယ်စေ့စပ် ပေါင်းကူး ပေးသူဖြစ်လာဖွယ်ရှိနေသည်။

သူမသည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက်ပိုင်း သူမ၏ ရည်မှန်းချက် ပန်းတိုင်များကို အပြည့်အဝ ဦးတည်နိုင်ခြင်း မရှိဘဲ ဖြစ်နေသော်လည်း အရိပ်လက္ခဏာမျှသာ ရှိနေသော အမျိုးသားပေါင်းစည်းမှုကို ကျော်လွန်ကာ ဆန္ဒပြင်းပြ ထက်သန်နေသည်ဟု သူမကို အနီးကပ် စောင့်ကြည့်နေသူများက ယုံကြည်နေကြသည်။ နယူးဂျာစီပြည်နယ် Rutgers University မှ မြန်မာ့ရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဂျိုးဇက် ဆေးလဗား စတိန်း (Josef Silverstein) က “ကျွန်တော် အမြဲတမ်း ယူဆထားတဲ့ အချက်ကတော့ သူမရဲ့ ရည်မှန်းချက်တွေဟာ မူလအနေအထား ပုံစံထက် ပိုပြီး မြင့်နေတယ် ဆိုတာပါပဲ” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ယခင်စစ်ဗိုလ်ချုပ်ဟောင်းများအကြား ပြန်လည် သင့်မြတ်မှု ရှိ/မရှိ ကိစ္စသည် မြန်မာ နိုင်ငံ၏ အနာဂတ်နှင့် ပတ်သက် သည့် မေးခွန်းတစ်ခုအဖြစ် ဆက်လက်၍ တည်ရှိနေနိုင်သည်။

နိုင်ငံရေးအခြေအနေသည် ယခုအချိန်အထိ မြန်မာပြည်သူ ၅၅ သန်း ရင်ဆိုင်နေရသော စိန်ခေါ်မှုပေါင်းများစွာ ထဲမှ တစ်ခုသာလျှင် ဖြစ်သည်။

ဆယ်စုနှစ်ချီ စစ်တပ်အုပ်ချုပ်ရေးနှင့် တပ်မတော်ခေါင်းဆောင်များ၏ အစွန်းရောက် လွှမ်းမိုးကာ နိုင်ငံရေးအရ ရှင်သန်လိုမှုတို့က နိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးစနစ်များကို ပျက်စီးစေခဲ့ပြီ ဖြစ်သည်။

“ကျောင်းသားမျိုးဆက်ဆိုတာကို မေ့လျော့ထားတတ်ကြတယ်” ဟု ရန်ကုန်မြို့တွင် ကွန်ပျူတာသင်တန်းကျောင်း ဖွင့်ထားသူ ဦးသီဟက ပြောကြား လိုက်သည်။ “ကျွန်တော့်ကျောင်းသားတွေဟာ တက္ကသိုလ်မှာ ပညာကောင်းကောင်း မသင်ခဲ့ရပါဘူး၊ လုံလောက်တဲ့ဗဟုသုတ မရှိသလို ပညာကို မွတ်သိပ်မှုလည်း မရှိကြဘူး၊ ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ သူတို့ကို စမ်းသပ်မယ့်၊ စိန်ခေါ်မယ့် ဖြစ်ရပ်တွေ၊ လှုပ်ရှားမှုတွေ မရှိခဲ့ဘူးလေ” ဟု ယင်းက ဆက်လက် မှတ်ချက်ပေးသည်။

*****************************************************************************************************************************

မြန်မာနိုင်ငံတွင် ကုန်းတွင်း ရေနံလုပ်ကွက်များအတွက် နိုင်ငံခြားကုမ္ပဏီများ ပြည်တွင်းကုမ္ပဏီနှင့် ဖက်စပ် လုပ်ရန်လို

(25 August 2011 ရက်စွဲပါ Reuters ၏ Myanmar wants foreign/local ventures for oil blocks ကို ဘာသာ ပြန်သည်)

                မြန်မာနိုင်ငံတွင် ကုန်းတွင်းရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် (၁၈)ခုတွင် တင်ဒါ အောင်မြင်ကြသော နိုင်ငံခြား ကုမ္ပဏီများသည် မြန်မာ ကုမ္ပဏီများနှင့် ဖက်စပ်ကုမ္ပဏီ ထူထောင်ရန် လိုအပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန အကြီးတန်း တာဝန်ရှိသူတစ်ဦးက ကြာသပတေးနေ့က ပြောကြားခဲ့ သည်။

                နိုင်ငံခြားကုမ္ပဏီများအတွက် အဆိုပါ (၁၈)ကွက် တူးဖော်ရန် ချိတ်ပိတ် တင်ဒါ တင်သွင်းရန် နောက်ဆုံးရက်မှာ သြဂုတ်လ (၂၃)ရက် ဖြစ်ကြောင်း အမည်မဖော်လိုသူ အဆိုပါ ပုဂ္ဂိုလ်က Reuters သို့ ပြောသည်။

                “ကျွန်တော်တို့ အခုတင်သွင်းထားတဲ့ တင်ဒါတွေကို ဖောက်ပြီးစစ်နေပါပြီ။ တင်ဒါမှ အိမ်နီးချင်း အာဆီယံ တိုင်းပြည်က ကုမ္ပဏီတွေ ပါသလို အာဆီယံ ပြင်ပက ကုမ္ပဏီတွေလည်း ပါပါတယ်” ဟု ယင်းက ပြောသည်။

                ရွေးချယ်ခံရသော နိုင်ငံခြား ကုမ္ပဏီများအား ဘူမိဗေဒဆိုင်ရာ အချက်အလက်များ ပေးပြီး အဆိုပြုလွှာ တင်သွင်းခိုင်းမည် ဖြစ်သည်။

                “ရွေးခံရသော နိုင်ငံခြား ကုမ္ပဏီများသည် ပြင်တွင်း ကုမဏီများနှင့် ရှယ်ယာအချို့ ခွဲဝေရေးများ အတွက် သဘောတူညီချက် သို့မဟုတ် MOU ထိုးရမှာ ဖြစ်ပါတယ်” ဟု ယင်းက ပြောသည်။

                ယင်းက ပြောကြားရာတွင် ယခုမူဝါဒမှာ ပြည်တွင်းကုမ္ပဏီများ နိုင်ငံတကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများနှင့် ပေါင်း၍ လုပ်ခြင်းဖြင့် အတွေ့အကြုံနှင့်နည်းပညာများ ရရှိရန် စွမ်းအင်ဝန်ကြီးဌာန၏ မူဝါဒသစ် ဖြစ်သည်ဟု ဆိုသည်။

                “အဆိုပါ လုပ်ကွက် (၁၈)ခုမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေနဲ့ တွဲလုပ်မယ့် ပြည်တွင်း ကုမ္ပဏီတွေ မှတ်ပုံတင်ဖို့ နောက်ဆုံး ရက်ကို စက်တင်ဘာ (၉)ရက်နေ့ကို သတ်မှတ်ထားပါတယ်” ဟု ယင်းက ပြောသည်။

                နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော Sanction များကြောင့် အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။

                မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ရှာဖွေရေးအတွက် ကုန်းတွင်း လုပ်ကွက် (၄၉)ခုနှင့် ရခိုင်၊ တနင်္သာရီနှင့် မွန်ကမ်းလွန် ရေနံ လုပ်ကွက် (၂၆)ခုကို ၁၉၈၈ ခုနှစ်ကတည်းက နိုင်ငံခြား ကုမဏီများနှင့် ဖက်စပ် လုပ်ကိုင်လျက်ရှိသည်။

                အိမ်နီးချင်း ထိုင်း နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ကုမဏီများသည် မြန်မာနိုင်ငံ၏ စွမ်းအင် ကဏ္ဍတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားကြသည်။

                မြန်မာနိုင်ငံ၏ တည်ရှိနေသော သဘာဝဓာတ်ငွေ့ ပမာဏမှာ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း နှစ်ဆခန့် မြင့်တက်ခဲ့ပြီး (၅၇၀) ဘီလီယံ ကုဗမီတာ ရှိခဲ့ရာ သြစတြေးလျ၏ ၅ ပုံ ၁ပုံ ရှိကြောင်း BP Statistical Review အရ သိရှိရသည်။

                စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတွင် ရေနံစိမ်း စည်ပေါင်း (၃.၂) ဘီလီယံ တည်ရှိသည်ဟု ဆိုသည်။

                အစိုးရ၏ ဗဟို စာရင်းအင်းဌာန CSO ၏ ထုတ်ပြန်ချက်တွင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ရေနံစိမ်း စည် သန်းပေါင်း (၆.၇၉၁) ထုတ်ခဲ့သည်ဟု ဆိုသည်။

******************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment