Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၀.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ကုလနိုင်ငံတကာခုံရုံးက မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် ပြဿနာကို စက်တင်ဘာ ၈ ရက်တွင် စတင် ကြားနာမည်

(Daily Star မှ 29 August 2011 ရက်စွဲပါ “UN hearing starts Sept.8” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. Norinco Internatinonal  က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း(700)တန် စာချုပ်ရရှိ

(29 August 2011 ရက်စွဲပါ Capitallue မှ Norinco International wins $ 700 m contract in Myanmar ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယအရှေ့မြောက်တွင် လက်နက်မှောင်ခိုရောင်းဝယ်မှုသည် စိုးရိမ်ဖွယ်ဖြစ်

(28 August 2011 ရက်စွဲပါ New Kerala မှ Arms Smuglengs Still a wncern for security forces ကို ဘာသာပြန်ဆိုသည်။)

  1. ဖိလစ်ပိုင်သမ္မတ ရင်းနှီးမြှုပ်နှံမှုရှာရန် တရုတ်သို့သွား

(30 August 2011 ရက်စွဲပါ AP မှ Hrvoje Hranjski ရေးသားသော Philippine Lader visits China to seek investments ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************************************************

ကုလ နိုင်ငံတကာ ခုံရုံးက မြန်မာ - ဘင်္ဂလားဒေ့ရှ် ရေပြင်ပိုင်နက် ပြဿနာကို စက်တင်ဘာ ၈ ရက်တွင် စတင် ကြားနာမည်

(Daily Star မှ 29 August 2011 ရက်စွဲပါ “UN hearing starts Sept.8” သတင်းကို ဘာသာ ပြန်ဆိုသည်)

              ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြား ဘင်္ဂလားပင်လယ်အော် ရေပြင်ပိုင်နက် သူပိုင်ငါပိုင် အငြင်းပွားမှုနှင့် စပ်လျဉ်းသည့် ပြဿနာအပေါ် လူသိရှင်ကြား စစ်ဆေး ကြားနာမှုကို ဂျာမနီနိုင်ငံ ဟမ်းဘတ် မြို့တွင် စက်တင်ဘာ ၈ ရက်၌ စတင်တော့မည် ဖြစ်သည်။

                ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့၏ ပိုင်ဆိုင်ကြောင်း စောဒက တက်မှုများအပေါ် ကန့်ကွက်လွှာများကို 2009 အောက်တိုဘာ 8 ရက်တွင် ကုလသမဂ္ဂသို့ တင်သွင်းခဲ့ပြီး ဖြစ်ကာ တိုက်ကြီးများ ကုန်းမြေနှင့် ရေပြင်ဆိုင်ရာ သဘာဝအလျောက် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အဆိုပါ ၂ နိုင်ငံ စလုံးနှင့် မူလကပင် အငြင်းပွားမှုများ ရှိနေခဲ့သည်။

                ပင်လယ်အော်အတွင်းရှိ ဘင်္ဂလားဒေ့ရှ် ရေပြင်နယ်နိမိတ် နယ်ပယ်၏ အရေးကြီးသော အစိတ်အပိုင်းကို အိန္ဒိယနှင့် မြန်မာနိုင်ငံတို့က မမျှမတ ဖြတ်တောက် ယူထားကြခြင်း ဖြစ်သည်။ အဆိုပါ ၂ နိုင်ငံစလုံးသည် ဘင်္ဂလားပင်လယ်အော် အတွင်း၌ ဘင်္ဂလားဒေ့ရှ်ကို သိသိသာသာ ကြားညပ် သွားစေမည့် နယ်နိမိတ်စည်းကို ဥပဒေနှင့် မညီညွတ်သည့် နည်းလမ်းဖြင့် ရေးဆွဲထားကြသည်ဟု ဒက္ကားမှ တာဝန်ရှိသူများက ပြောဆိုလိုက်သည်။

                ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကန့်ကွက်လွှာကို ဂျာမနီနိုင်ငံ ဟမ်းဘတ်တွင် ရုံးစိုက်သည့် ကုလသမဂ္ဂပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် ပတ်သက်သည့် ကန့်ကွက်လွှာကိုမူ နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ရှိ ကုလ သမဂ္ဂ အမြဲတမ်း နိုင်ငံတကာခုံရုံးသို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

                လာမည့် စက်တင်ဘာ ၅ ရက်တွင် ကုလသမဂ္ဂတရားရုံးသည် ဘင်္ဂလားဒေ့ရှ်က ရွေးချယ်သော ခုံသမာဓိ တရားသူကြီး Thomas Mensah နှင့် မြန်မာနိုင်ငံက ရွေးချယ်သော ခုံတရားသူကြီး Professor Bernarel H Oxman တို့ နှစ်ဦးဖြင့် လူသိရှင်ကြား ရုံးထိုင်စစ်ဆေးမည် ဖြစ်ပြီး တရားရုံး၏ စည်းမျဉ်းအခန်း 9 အရ သတ်မှတ်ထားသည့် ထုံးတမ်းစဉ်လာ ကျမ်းကျိန်ခြင်း ပြုလုပ်ကြမည်ဟု သိရှိရသည်။

                စက်တင်ဘာ ၈ ရက်တွင် ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး၌ စတင်ရန် စီစဉ်ထားသည့် စစ်ဆေး ကြားနာမှုသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒစ်ပူးမိုနီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မည် ဖြစ်၍ သူမနှင့်အတူ လိုက်ပါကြမည့် နိုင်ငံခြားရေး အတွင်းဝန် ရေတပ် ဗိုလ်ချုပ်ကြီး အငြိမ်းစား ခါရှစ်အလပ် အပါအ၀င် ကျွမ်းကျင် ပညာရှင်များ စက်တင်ဘာ ၇ ရက်တွင် ဒက္ကားမှ ထွက်ခွာကြမည်ဟု သိရှိရသည်။

                ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး ITLOS သည် လွတ်လပ်သော တရားရေး အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ပင်လယ်ပြင် ဥပဒေ ဆိုင်ရာ ကုလသမဂ္ဂ ညီလာခံက ညီလာခံ၏ စည်းမျဉ်း စည်းကမ်း ဖွင့်ဆိုမှုများထက် ဘောင်ကျော်နေသော ပြဿနာများကို ဆုံးဖြတ် ပေးရန်အတွက် ဖွဲ့စည်း ထူထောင်ထားခြင်း ဖြစ်၍ နိုင်ငံများအကြား ယခုကဲ့သို့ အငြင်းပွားမှုများကို ဖြေရှင်းပေးရန် အာဏာ လွှဲအပ်ထားသည်။

                ပထမအချီ ကြားနာမှု အနေဖြင့် ဘင်္ဂလားဒေ့ရှ်၏ ထွက်ဆိုမှုများကို စက်တင်ဘာ ၈၊ ၉၊ ၁၂၊ ၁၃ ရက်များတွင် လည်းကောင်း၊ မြန်မာနိုင်ငံ၏ ထွက်ဆိုမှုများကို စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉၊ ၂၀ ရက်များတွင် လည်းကောင်း ကြားနာ စစ်ဆေးမည်ဟု သိရှိရသည်။

                ဒုတိယအချီ အနေဖြင့် ဘင်္ဂလားဒေ့ရှ်က စက်တင်ဘာ ၂၁၊ ၂၂ တွင်လည်းကောင်း၊ မြန်မာက စက်တင်ဘာ ၂၄ တွင် လည်းကောင်း အသီးသီး ထွက်ဆိုကြမည် ဖြစ်သည်။

                TILOS တရားရုံး၏ သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်များအရ တရားရုံး၏ ပင်မ တရားခွင်တွင် ကြားနာ စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပြီး အများ ပြည်သူ နားထောင်နိုင်ရန် ဖွင့်လှစ်ထားမည်ဟု ဆိုသည်။

                မြန်မာနိုင်ငံနှင့် အမှုကိစ္စအပေါ် လာမည့် နှစ် မတ်လခန့်တွင် နောက်ဆုံးပိတ် ဆုံးဖြတ်ချက် ရရှိ လိမ့်မည်ဟု ဒက္ကားက မျှော်လင့်ထားကြောင်း နိုင်ငံခြားရေး ဌာန တာဝန်ရှိသူများက ပြောကြားသည်။

                ပိုမိုကြီးမားသော ရေပြင်ပိုင်နက် ရရှိရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဥပဒေကြောင်းအရ တရား မျှတမှုအပေါ် အခြေခံသည့် equity စည်းမျဉ်းကို သဘောကျပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ကမူ equidistance ညီတူညီမျှ အကွာအဝေးစနစ်ကို နှစ်သက်ကြသည်ဟု ဆိုသည်။

                ကုလသမဂ္ဂ ချာတာသတ်မှတ်ချက်အရ equity စည်းမျဉ်းတွင် နိုင်ငံ၏ လူဦးရေ၊ စီးပွားရေး အနေအထားနှင့် မပြည့်စုံမှုများ၊ ဂျီဒီပီနှုန်း၊ အခြား လူသားထုဆိုင်ရာ ကိစ္စများကို ထည့်သွင်း စဉ်းစား၍ equidistance စနစ်ကမူ ပထ၀ီ ဘူမိဗေဒ တွက်ချက်မှုများဖြင့် နယ်နိမိတ် သတ်မှတ်ခြင်း ဖြစ် သည်ဟု သိရှိရသည်။

                UNCLOS ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ညီလာခံဆုံးဖြတ်ချက်အရ မည်သည့် အငြင်းပွားမှုကို မဆို equity စည်းမျဉ်းကို အခြေခံ ကာ မှန်ကန်သည့် စိတ်ချရသည့် ဖြစ်ရပ်အနေအထားများဖြင့် ချိန်ထိုး ဖြေရှင်းရမည်ဟု ဆိုထားသည်။ ထိုအချက်ကြောင့် ဘင်္ဂလားဒေ့ရှ်က equity စည်းမျဉ်း အခြေပြုကာ နယ်နိမိတ်သတ်မှတ်ရန် တောင်းဆိုထားခြင်း ဖြစ်သည်။

                ထိုအတောအတွင်း သြဂုတ်လ ၂၄ ရက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံက နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်တွင် ရုံးစိုက်သည့် တိုက်ကြီးများ ကုန်းမြေထု ကန့်သတ်ချက် ဆိုင်ရာ ကုလသမဂ္ဂ ကော်မရှင်သို့ ဘင်္ဂလား ပင်လယ်အော်တွင်း ကုန်းမြေနှင့် ဆိုင်သည့် စောဒကတက်မှုကို တင်သွင်းခဲ့ သည် ဟု သိရှိရသည်။

                ဒက္ကား၏ ရေအောက် ကုန်းမြေဆိုင်ရာ ပိုင်ဆိုင်ကြောင်း စောဒကတက်မှုတွင် နိုင်ငံ ကမ်းရိုးတမ်း၏ တောင်စူးစူးသို့ ရေမိုင် ၄၀၀ မှ ၄၆၀ အထိ တိုးချဲ့ထားပြီး ယင်းဧရိယာ အတွင်းရှိ ပင်လယ် ရေအောက် သယံဇာတများအပေါ် အပြည့်အ၀ ပိုင်ဆိုင်ခွင့် ရှိသည်ဟု ပြောကြားထားသည်။

                ဘင်္ဂလားဒေ့ရှ် နှင့်  မြန်မာအကြား ဘင်္ဂလားပင်လယ်အော် ရေပြင်ပိုင်နက် သူပိုင် ငါပိုင်၊ သူလျှော့ ငါတိုး၊ ပြဿနာကို နှစ်နိုင်ငံအကြား အထူး သဘောတူညီချက်ဖြင့် ၂၀၀၉ ဒီဇင်ဘာ ၁၄ ရက်တွင် နိုင်ငံတကာ ခုံရုံးသို့ တင်သွင်းလိုက်ကြခြင်း ဖြစ်သည်။

                ဒက္ကားနှင့် နေပြည်တော်သည် ယင်းတို့၏ စာဖြင့် ရေးသား လျှောက်လဲမှု အသီးသီးကို သတ်မှတ် ကာလအတွင်း တင်ပြထားခဲ့ကြပြီး ဖြစ်သည့် ဒက္ကားက မနှစ်က ဂျူလိုင် ၁၇ ရက်တွင် စတင် တင်သွင်းခဲ့ပြီး မြန်မာက ဒီဇင်ဘာ ၁ရက်တွင် တန်ပြန် လျှောက်လဲမှု တင်သွင်းသည်။ ဒက္ကား၏ ထပ်မံ လျှောက်လဲမှုကို ယခုနှစ် မတ်လ ၁ ရက်တွင် ပေးအပ်ခဲ့ပြီး နေပြည်တော်က ဂျူလိုင်လ ၁ ရက်တွင် ပြန်လည် ပေးပို့ခဲ့သည်။

                မြန်မာ၊ အိန္ဒိယတို့နှင့် ဥပေဒကြောင်း တိုက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက နိုင်ငံတကာ ၀တ်လုံတော်ရ ရှေ့နေ ၂၁ ဦးခန့်ကို ငှားရမ်းကာ တာဝန် ပေးအပ်ထားသည်။

********************************************************

Norinco Internatinonal  က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း(700)တန် စာချုပ်ရရှိ

(29 August 2011 ရက်စွဲပါ Capitallue မှ Norinco International wins $ 700 m contract in Myanmar ကို ဘာသာ ပြန်ဆိုသည်)

                နိုရင်းကိုး နိုင်ငံတကာကော်ပိုရေးရှင်း(Norinco International Corporation)သည် China Securition Journal တွင် သတင်းထုတ်ပြန်ရာ၌ ၎င်းသည် Shandong Wanbao အုပ်စု၏ လက်အောက်ခံ ဖြစ်သော Wanbao Burma Copper ထံနှင့် ဒေါ်လာသန်း ၇၀၀ တန် စာချုပ် ချုပ်နိုင် ခဲ့ကြောင်းဆိုသည်။

                နိုရင်းကိုးသည် Wanbao Burma Copper ကပိုင်ဆိုင်သော မုံရွာ Leipzig Tong Copper ပရော့ဂျက်တွင် ဝယ်ယူရေးနှင့် ဆောက်လုပ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ဆောင်မည်ဖြစ်သည်။

                နိုရင်းကိုး၏ ရှယ်ယာများ ပိုင်ဆိုင်သော China North Industries နှင့် China Wanbao Engineering တို့သည်  Wanbao Burma Group တွင် ၆၀% နှင့် ၄၀% အသီးသီးပါဝင်သည်။

                Wanbao Burma Copper ကို ၂၀၁၀ စက်တင်ဘာ(၁၀)ရက်တွင် စတင်တည်ထောင်ခဲ့ပြီး မတည် ရင်းနှီးငွေယွမ်သန်း(၆၀၀)ဖြင့် စတင်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံမုံရွာရှိ လက်ပံတန်းတောင်တွင် ကြေးနီရှာဖွေခွင့် လိုင်စင်ရရှိထားသည်။

*******************************************************

အိန္ဒိယအရှေ့မြောက်တွင် လက်နက်မှောင်ခိုရောင်းဝယ်မှုသည် စိုးရိမ်ဖွယ်ဖြစ်

(28 August 2011 ရက်စွဲပါ New Kerala မှ Arms Smuglengs Still a wncern for security forces ကို ဘာသာပြန်ဆိုသည်။)

                အိန္ဒိယအရှေ့မြောက်ရှိ သူပုန်အုပ်စုများသည် စစ်ရေးအရ လှုပ်ရှားမှုများ လျော့ကျသွားသော်လည်း ၎င်းတို့သည် တရုတ်နှင့် မြန်မာနိုင်ငံတွင် လက်နက်မှောင်ခို ရောင်းဝယ်မှုများပြုလုပ်နေခြင်းကြောင့် လုံခြုံရေး တပ်ဖွဲ့များ အတွက် စိုးရိမ်ဖွယ်ဖြစ်နေဆဲဖြစ်သည်။

                “လက်နက်မှောင်ခိုရောင်းဝယ်မှုက အဓိကစိုးရိမ်ပူပန်ဖွယ်ကိစ္စဖြစ်နေပါသေးတယ်။ ကျွန်တော်တို့ နှိမ်နှင်းနိုင်ဖို့ ကြိုးစားနေပါတယ်”ဟု အသံရိုင်ဖယ်မှ ညွှန်ကြားရေးမှူးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Rameshwar Roy က UNI သို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါသည်။

                “ယူနန်ပြည်နယ်မှာ တင်းကြပ်တဲ့ ဥပဒေတွေမရှိတော့ လက်နက်ရောင်းတာအရမ်းချောင်ပါတယ်။ လက်နက် ဘယ်ကလုပ်တယ်ဆိုတာလဲ ရေးမထားတော့ သူပုန်တွေဟာ လက်နက်တွေကို လွတ်လွတ်လပ်လပ် ရောင်းဝယ်ပြီး အိန္ဒိယနိုင်ငံထဲကို ခိုးသွင်းလာကြတယ်” ဟု Roy က ပြောသည်။

                အိန္ဒိယသည် မြန်မာနိုင်ငံနှင့် (1643)ကီလိုမီတာရှည်သော နယ်စပ်ချင်းထိစပ်နေသော အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်သည်။

                Lt General Roy က ပြောကြားရာတွင် ၎င်း၏ တပ်ဖွဲ့များ လက်နက်မှောင်ခိုရောင်းဝယ်မှုအား နားလည် သဘောပေါက်အောင် ပြုလုပ်ရန် လုပ်ထားကြောင်းဆိုသည်။

                “ကျွန်တော်တို့ အိန္ဒိယ-မြန်မာနယ်စပ်မှာ စောင့်ကြပ်ဖို့တပ်ရင်း ၁၅ ခုထပ်ချထားပါတယ်။ မြန်မာ နယ်စပ်မှာ သူပုန်တွေဟာ ၀င်လိုက် ထွက်လိုက် နဲ့ မှောင်ခိုတွေလုပ်နေတော့ နယ်စပ်လုံခြုံရေးပိုမိုရှိဖို့လိုအပ် နေပါတယ်” ဟု ၎င်းက ပြောသည်။

                သြဂုတ်လ(၂၃)ရက်နေ့တွင် Lok Sabha မှ ပါလီမန်အမတ်များဖြစ်ကြသော Murli Manohar Joshi နှင့် Thangso Baite တို့၏ မေးမြန်း ချက်ကို ဗဟိုအစိုးရက ဖြေကြားရာတွင် အရှေ့မြောက်မှ သူပုန် အုပ်စု ထိပ်တန်း ခေါင်းဆောင်များသည် တရုတ်နိုင်ငံ၊ မြန်မာနိုင်ငံတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ထားနိုင်သည်ဟု ဝန်ခံပြောဆိုခဲ့သည်။

                သို့သော် အစိုးရက တရုတ်စစ်တပ်ထောက်လှမ်းရေးသည် အရှေ့မြောက်သူပုန်အုပ်စုများနှင့် ပုံမှန် ဆက်ဆံရေးရှိပြီး၊ လက်နက်များ ရရှိအောင် ကူညီနေသည်ဟု ဖော်ပြခြင်းမပြုခဲ့ပေ။

                အိန္ဒိယအရှေ့မြောက်ဒေသတွင် လက်နက်ငယ်များအမြောက်အများဝင်ရောက်လျက်ရှိသည်။ ထို လက်နက်ငယ်များသည် မြန်မာနိုင်ငံရှိ သူပုန်အုပ်စုများ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနှင့် သီရိလင်္ကာ၊ ကမ္ဘောဒီယားနှင့် တရုတ်မှောင်ခိုဈေးကွက်များမှဖြစ်သည်။

*******************************************************

ဖိလစ်ပိုင်သမ္မတ ရင်းနှီးမြှုပ်နှံမှုရှာရန် တရုတ်သို့သွား

(30 August 2011 ရက်စွဲပါ AP မှ Hrvoje Hranjski ရေးသားသော Philippine Lader visits China to seek investments ကို ဘာသာ ပြန်ဆိုသည်)

                ဖိလစ်ပိုင်နှင့် တရုတ်တို့သည် တောင်တရုတ်ပင်လယ်တွင် ကျွန်းများ အငြင်းပွားပြီး သဘောမတူညီမှုများကို ဘေးချိတ်ထားပြီး ဖိလစ်ပိုင် သမ္မတသည် Beijing နှင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ရည်ရွယ်၍ အင်္ဂါနေ့တွင် တရုတ်နိုင်ငံသို့ တစ်ပတ်ကြာ ခရီးသွားရောက်မည် ဖြစ်သည်။

                သမ္မတ Benigno Aquino III သည် စီးပွားရေးလုပ်ငန်းရှင် (300) နှင့်အတူ သွားရောက်မည် ဖြစ်ပြီး၊ ဖိလစ်ပိုင်နှင့် တရုတ်တို့သည် ဒေါ်လာ ဘီလီယံ (60) တန်ဖိုးရှိ ငါးနှစ်စီးပွားရေး တိုးတက်မှုစီမံကိန်းကို သဘောတူရန် မျှော်လင့်နေသည်။

                အများစုမှာ မီးရထား၊ သင်္ဘောကျင်း၊ သတ္တုတူးဖေါ်ရေးနှင့် ခရီးသွားကဏ္ဍတို့တွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မည် ဖြစ်သည်။ သို့မှသာ ဖိလစ်ပိုင်၏ စီးပွားရေးသည် ဆက်လက်တိုးတက်မည် ဖြစ်ပြီး၊ Aquino ၏ အစိုးရသည် ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် လူမှုရေး လုပ်ငန်း များတွင် ပိုမိုသုံးစွဲမည် ဖြစ်သည်။ ၎င်းမှာ ၎င်း၏ ရွေးကောက်ပွဲတွင် ကတိပေးထားသော အဓိကလုပ်ငန်း ဖြစ်သည်။

                (94) သန်းရှိ ဖိလစ်ပိုင်လူဦးရေ၏သုံးပုံတစ်ပုံသည် တစ်ရက်လုပ်ခ (2) ဒေါ်လာထက် နည်းပါးသည်။ တိုင်းပြည်၏ စီးပွားရေးသည် နိုင်ငံခြားသို့ ထွက်၍ အလုပ်လုပ်နေသော 10% ရှိ လူဦးရေမှ ပြန်လွှဲသော ငွေပေါ်တွင် မှီခိုနေရသည်။

                တရုတ်နိုင်ငံသည် အမေရိကန်နှင့် ဂျပန်တို့နောက်တွင် ဖိလစ်ပိုင်၏ တတိယ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်သည်။ Beijing သည် ယခင် အမေရိကန် ကိုလိုနီဟောင်း ဖိလစ်ပိုင်တွင် စီးပွားရေးအရ၊ နိုင်ငံရေးအရ အားကောင်းစွာ ရပ်တည်နိုင်ရေးအတွက် ပြီးခဲ့သည့် ဆယ်စုနှစ်မှစ၍ ကြိုးပမ်းခဲ့ သည်။ သို့သော် Aquino အား ဆက်ခံသူ Gloria Macapagal Arroyo သည် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်သော စီမံကိန်းများတွင် ကုန်ကျငွေများ များပြားပြီး လာဘ်စားမှုများ ရှိကြောင်း စွပ်စွဲမှုများကြောင့် ရှေ့မတိုးနောက်မဆုတ် ရှိနေခဲ့သည်။

                Arroyo သည် 2007 ခုနှစ်တွင် ဖိလစ်ပိုင်အစိုးရနှင့် တရုတ်၏ ZTE ကော်ပိုရေးရှင်းတို့ ဒေါ်လာသန်း(330) တန် Broadband အင်တာနက် လုပ်ငန်းအတွက် သဘောတူညီမှုကို ပြည်သူများ၏ ဖိအားကြောင့် ပယ်ဖျက်ခဲ့ရသည်။ သူမ၏ အမျိုးသားရွေးကောက်ပွဲ အကြီးအကဲဟောင်းက ZTE ထံမှ လာဒ်ငွေများယူကြောင်း စွပ်စွဲချက်ကို ငြင်းဆိုခဲ့သည်။

                Aquino ၏ အစိုးရသည် တရုတ်အစိုးရပြုလုပ်မည့် ရထားလမ်းစီမံကိန်းကို ပြန်လည်သုံးသပ်လျက်ရှိသည်။ အဆိုပါစီမံကိန်းသည် အစက ဒေါ်လာ (503) သန်းသာ တန်သော်လည်း၊ နောက်ပိုင်းတွင် တန်ဖိုး ဒေါ်လာ (2) ဘီလီယံထိ တက်သွားခြင်းကြောင့် ဖြစ်သည်။

                နှစ်နိုင်ငံဆက်ဆံရေးတွင် အကြီးဆုံး အစာမကြေသောကိစ္စရပ်မှာ တောင်တရုတ်ပင်လယ်ရှိ Spratly ကျွန်းများကိစ္စဖြစ်သည်။ Beijing က ၎င်း၏နယ်မြေဟု တောင်းဆိုနေသောဒေသတွင် ဖိလစ်ပိုင်က ရေနံနှင့် သဘာဝဓါတ်ငွေ့များ ရှာဖွေလျက်ရှိသည်။ ယခုနှစ်အစောပိုင်းက မနီလာက တရုတ်သည် ၎င်း၏ ရေနံရှာဖွေရေး သင်္ဘောကို နှောင့်ယှက်ကြောင်း စွပ်စွဲခဲ့ပြီး၊ တရုတ်ကလည်း အငြင်းပွားနေသောကျွန်းများတွင် ဖိလစ်ပိုင်က တည်ဆောက်ရေး လုပ်ငန်းများ လုပ်နေခြင်းသည် ယခင် သဘောတူညီမှုများကို ချိုးဖောက်ကြောင်း ပြောသည်။

                ယခု ခရီးစဉ်မတိုင်မှီတွင် Aquino က နှစ်နိုင်ငံစလုံးသည် အငြင်းပွားမှုကိုငြိမ်းချမ်းစွာ ဖြေရှင်းလိုသည်ဟု ပြောကြားခဲ့သည်။ “နှစ်နိုင်ငံဟာ နှစ်ပေါင်း (50) လောက် ဆက်ဆံရေး ရှိခဲ့ပြီး တစ်ဦးကိုတစ်ဦး သိဖို့ ကြိုးစားနေဆဲပါပဲ၊ ဒီတော့ ဒီပဋိပက္ခဟာ နှစ်ဦးနှစ်ဖက် ပိုမိုအားကောင်းစွာ ဆက်ဆံ ရေး ရှိလာဖို့ အခွင့်အလမ်း ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက တရုတ်မီဒီယာသို့ ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။

**********************************************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment