Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၀.၈.၂၀၁၁

ဘာသာပြန်သတင်း-၂

ယန်းငွေတန်ဖိုးမြင့်တက်မှုကို အဆုံးသတ်နိုင်မည့် အစီအစဉ်သစ် ဂျပန်အစိုးရထုတ်ဖော်

(The Wall Street ဂျာနယ်မှ သတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

ဂျပန်ယန်းငွေတန်ဖိုး အဆမတန်မြင့်တက်နေမှုကို လျှော့ချရန် တိုကျိုအစိုးရက စီမံချက်သစ်များ၊ လုပ်ထုံးလုပ်နည်းသစ်များ ချမှတ်ကာစတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း The Wall Street Journal က ရေးသားဖော်ပြသည်။ ယင်းစီမံချက်တွင် ယန်းငွေမြင့်တက်မှုကြောင့် အရှုံးပေါ်နေသည့် ပို့ကုန်လုပ်ငန်းရှင်ကြီးများအား ကူညီထောက်ပံ့ရန်ရည်ရွယ်သည့် ပုံမှန်မဟုတ်သော အစိုးရကျောထောက်နောက်ခံ ရန်ပုံငွေစနစ်တစ်ခုဖန်တီးရေးလည်း ပါဝင်သည်။

သြဂုတ်လ ၂၄ ရက်နေ့ကထုတ်ပြန်ကြေညာလိုက်သော အဆိုပါ စီမံချက်သစ်များအရ အစိုးရသည် အရန်ငွေကြေးအဖြစ် ထားရှိသည့် ဒေါ်လာ များကို အသုံးပြုကာ ဂျပန်ကုမ္ပဏီများအတွက် ဒေါ်လာ ၁၀၀ ဘီလီယံတန်ဖိုးရှိချေးငွေပံ့ပိုးမှုစနစ်(Credit Facility) တစ်ခုဖြစ်ပေါ်လာအောင်လုပ်ဆောင် လိမ့်မည်ဖြစ်သည်။ ယင်းစနစ်သည် ရေမြေရပ်ခြား အက်ဆက်(Asset) များနှင့် ကုန်ကြမ်းပစ္စည်း(Raw Material)များဝယ်ယူမှုရာတွင် ငွေကြေးပံ့ပိုးမှုများ ပြုလုပ်ကာ ယန်းငွေတန်ဖိုးမြင့်တက်မှုမှ တစ်ဖန်ပြန်လည်အမြတ်ထွက်အောင်လုပ်ဆောင်မည်ဖြစ်သည်။ သို့သော် စွန့်စားရမလိုဖြစ်နေသည့်ကိစ္စမှာ ဂျပန် ကော်ပိုရိတ် လုပ်ငန်းကြီးများအနေဖြင့် ဈေးပိုပေးထားရသည့် အိမ်ယာ မြေအဆောက်အအုံများ သိုမှီးထားမှုများ အဆုံးသတ်သွားနိုင်ခြင်းပင်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်ကာလကလည်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ မန်ဟက်တန်ရပ်ကွက်ရှိ Rockefeller Center ရှိ စီးပွားရေး အဆောက်အအုံများကို ဂျပန်ကော်ပိုရိတ်ကြီးများက အဆမတန်ဝယ်ယူခဲ့ဖူးသည်။

ဂျပန်အစိုးရကမူ နိုင်ငံတွင်အဓိကကျသော ငွေကြေးလုပ်ငန်းကြီးများအကြားလုပ်ဆောင်လျက်ရှိသည့် ငွေကြေး ရောင်းဝယ်မှုများကို အနီးကပ် စောင့်ကြည့်လေ့လာနေမည်ဖြစ်ကြောင်း ကြေညာသည်။ ဂျပန်ဘဏ္ဍာရေးဝန်ကြီးက ၎င်းအနေဖြင့် ယန်းငွေတန်ဖိုးမြင့်တက်မှုနှင့်ပတ်သက်ပြီး ငွေကြေး ဈေးကွက်များအတွင်း ထပ်မံဝင်ရောက်စွက်ဖက်မှုများ မပြုဘဲ လက်ရှောင်နေမည်မဟုတ်ကြောင်း အရိပ်အမြွက်ပြ ပြောဆိုထားသည်။ သြဂုတ်လ ၁၉ ရက်နေ့၊ ဒေါ်လာနှင့် ယန်းငွေကြေး လဲလှယ်ရေးဈေးကွက်တွင် ဂျပန်ယန်းငွေမှာ စံချိန်တင်မြင့်တက်ခဲ့ပြီး ထိုနောက်ပိုင်းတွင် အတန်အသင့်မျှသာ ပြန်လည်ကျဆင်းခဲ့သည်။ ယင်းသို့ယန်းငွေအဆမတန်မြင့်တက်နေမှုကြောင့် နိုင်ငံတကာ ဈေးကွက်များသို့ ဂျပန်ကုန်ပစ္စည်းများတင်ပို့ရောင်းချသည့် စရိတ်စက များမြင့်တက်ကာ နိုင်ငံမှ ဧရာမ ပို့ကုန်လုပ်ငန်းကြီးများ အနေဖြင့် အရှုံးဖြင့်ရင်ဆိုင်နေရသည်။

"တကယ်လို့ လိုအပ်မယ်ဆိုရင် အစိုးရအနေနဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုဈေးကွက်မှာ ထိရောက်တဲ့ လုပ်ဆောင်ချက်တွေဝင်ရောက် လုပ်ကိုင် သွားမှာပါ" ဟု ဘဏ္ဍာရေးဝန်ကြီး Yoshihiko Noda ကပြောကြားသည်။

ဂျပန်အစိုးရ၏ ထုတ်ပြန်ကြေညာချက်များက ယန်းငွေတန်ဖိုးအပေါ် ရုတ်ချည်းလှုတ်ခတ်မှု အနည်းငယ်ရှိခဲ့သည်။ ဂျပန်ယန်းငွေကို ရင်းနှီးမြှုပ်နှံ သူများက လုံခြုံစိတ်ချရပြီး အကျိုးအမြတ်ဖြစ်ထွန်းမည့် ငွေကြေးစနစ်တစ်ခု ဖြစ်ရန် နည်းလမ်းရှာခဲ့ကြသည်။ အကြောင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပဇုန်တွင်းမှ ငွေကြေးများအပေါ် သံသယရှိခဲ့ကြ၍ဖြစ်သည်။ ယခုဂျပန်အစိုးရက လုပ်ဆောင်မည့်စီမံချက်များနှင့်ပတ်သက်၍ ငွေကြေးဈေးကွက် ဆိုင်ရာ မဟာဗျူဟာရေးဆွဲသူများက ရေရှည်သက်ရောက်မှုရှိနိုင်မည်ဟု မထင်ကြောင်းပြောဆိုကြသည်။

"ဒီကိစ္စကိုကြည့်ရင် အစိုးရဟာ ယန်းငွေတန်ဖိုးမြင့်တက်နေတာနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်နေတယ်ဆိုတာကို ထုတ်အသိပေး လိုက်တာပါပဲ" ဟု ကမ္ဘာကျော် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကြီး တစ်ခုဖြစ်သော UBS မှ မဟာဗျူဟာရေးဆွဲသူ Shahab Jalinoos ကပြောကြားသည်။ "တချို့ကတော့ ဒါဟာ သူတို့မှာ တခြားအိုင်ဒီယာတွေများများစားစားမရှိဘူးဆိုတဲ့အချက်ကို ပြလိုက်တာပဲလို့ရှုမြင်ကြပါလိမ့်မယ်" ဟု ၎င်းက ဆက်လက် ပြောဆိုပြီး ဈေးကွက်များ အပေါ် အကျိုးသက်ရောက်မှုမှာ စိတ်ဓာတ်ရေးရာနှင့်များစွာပတ်သက်နေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်သည်။

သြဂုတ်လ ၂၄ ရက်နေ့တွင် အမေရိကန်ဒေါ်လာတန်ဖိုးမှာ အတန်ငယ်မျှပြန်လည်မြင့်တက်ခဲ့သည်။ သြဂုတ်လ ၂၃ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာ လျှင် ၇၆ ဒဿမ ၆၇ ယန်းရှိခဲ့ရာမှ ထိုနေ့တွင် ၇၆ ဒဿမ ၉၉ ယန်း ဖြစ်လာသည်။ သို့သော် သြဂုတ်လ ၂၆ ရက်နေ့တွင် ၁ ဒေါ်လာလျှင် ၇၆ ယန်းအောက်သို့ ရောက်ရှိကာ ဒေါ်လာတန်ဖိုးမှာ စံချိန်တင်ကျဆင်းနေခဲ့သည်။

ဂျပန် ပေါ်လစီရေးဆွဲသူများကမူ ယန်းငွေတန်ဖိုးအဆမတန်မြင့်တက်နေမှုကြောင့် မတ်လ ၁၁ ရက် မြေငလျင်နှင့် ဆူနာမီဒဏ်သင့်ခံထားရမှု အား ပို့ကုန်အသားပေးစီးပွားရေးဖြင့် ပြန်လည်နာလန်ထူအောင်ကြိုးစားနေရသည့် ယိုင်နဲ့နဲ့ ဂျပန်ပြည်အား အသေသတ်ခံရသလိုဖြစ်လာမည်ကို စိုးရိမ် သောက ရောက်လျက်ရှိကြသည်။ ဂျပန်အစိုးရသည် သြဂုတ်လ ၄ ရက်နေ့တွင် ယန်းငွေတန်ဖိုးမြင့်တက်မှုအားရပ်ဆိုင်းနိုင်ရန် ယန်းငွေ ၄ ဒဿမ ၆ ထရီလီယံ (ဒေါ်လာ ၆၀ ဘီလီယံ) သုံးစွဲခဲ့သည်။ ထိုသို့သုံးစွဲမှုမှာ အနည်းငယ်မျှသာအလုပ်ဖြစ်ခဲ့သော်လည်း မကြာမီရက်အနည်းငယ်အတွင်းမှာပင် ယန်းငွေတန်ဖိုးများ ပြန်လည်ဦးမော့လာခဲ့ကာ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယနောက်ဆုံးပတ်ခန့်တွင် စံချိန်တင် မြင့်တက်သည့် အနေအထားသို့ ရောက်ရှိ သွားသည်။ ထိုဖြစ်ရပ်ကြောင့် ဂျပန်အစိုးရအာဏာပိုင်များအနေဖြင့် တစ်နေ့လျှင် ဒေါ်လာ ၄ ထရီလီယံမျှ လည်ပတ်နေသည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံခြား ငွေကြေး ဈေးကွက်အား လွှမ်းမိုးချုပ်ကိုင်နိုင်မည့် နည်းလမ်းသစ်များ ထပ်မံရှာဖွေနေရခြင်းဖြစ်သည်။

ဘဏ်လုပ်ငန်းကြီးများ၏ ငွေကြေးရောင်းဝယ်မှုများအား အနီးကပ်စောင့်ကြည့်လေ့လာမည့် အစိုးရအစီအစဉ်သစ် အရ ဘဏ်လုပ်ငန်းများ အနေဖြင့် ငွေကြေးအခြေအနေနှင့်ပတ်သက်၍ တစ်နေ့လျှင် နှစ်ကြိမ်တိတိ အစီရင်ခံ တင်ပြသွားရန် လိုအပ်မည်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Yashihiko Noda ကမူ ဘဏ်လုပ်ငန်းကြီးများအနေဖြင့် ထိုသို့ အစီရင်ခံတင်ပြမှုကို စက်တင်ဘာ လကုန်သည်အထိ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ် ကြောင်း ပြောကြားသည်။ ဂျပန်ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ငွေကြေးလုပ်ငန်းများလုပ်ဆောင်နေသည့် အင်စတီကျူးရှင်း ၃၀ ကျော်ခန့် အား အဆိုပါဥပဒေလုပ်ထုံးလုပ်နည်းဖြင့်ကျင့်သုံးသွားမည်ဖြစ်ကြောင်းပြောကြားသည်။ အခြားသော ဂျပန်အစိုးရ အရာရှိကြီးများကလည်း အဆိုပါ ဥပဒေသည် အရေးပါသည့် ဘဏ္ဍာရေးဆိုင်ရာအဖွဲ့အစည်းကြီးများအကြား တစ်မူထူးခြားမှုတစ်ခု ဖြစ်သည်ဟု ယုံကြည်ကြောင်း တူညီစွာပြောဆိုကြ သည်။

သို့သော် ကုန်သည်ကြီးများနှင့် မဟာဗျူဟာရေးဆွဲသူများက အဆိုပါအစီအစဉ်သည် ယန်းငွေတန်ဖိုး မြင့်တက်မှုအပေါ် အနည်းငယ်မျှသာ အကျိုး သက်ရောက်စေမည်ဖြစ်ကြောင်း ကန့်ကွက်ပြောဆိုကြသည်။ Nomura Japan မှ FX Strategy အကြီးအကဲ Yunosake Ikdea က အကယ်၍ နိုင်ငံခြားငွေကြေးအခြေအနေနှင့်ပတ်သက်၍ အစီရင်ခံတင်ပြမှုမပြုလုပ်သည့် ဘဏ်လုပ်ငန်းများအပေါ် အပြစ်ပေးမှုတစ်စုံတရာမပါဝင်ကြောင်း မှတ်ချက် ပြု ပြောဆိုသည်။

တောင်ကိုရီးယားနိုင်ငံသည် ၂၀၀၈ ခုနှစ် ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးအကျပ်အတည်းကာလအတွင်း အလားတူ ဆောင်ရွက်ချက်မျိုး လုပ်ဆောင်ခဲ့ဖူးသော်လည်း ကန့်သတ်မှုရှိသည့် အကျိုးသက်ရောက်မှုသာရရှိခဲ့ကြောင်း၊ ယင်းအကျိုးသက်ရောက်မှု ဟူသည်မှာလည်း လွန်စွာအရွယ် အစား သေးငယ်ပြီး နိုင်ငံတကာနှင့်ပတ်သက်မှုနည်းပါသော ဈေးကွက်တွင်သာ ဖြစ်ကြောင်း ဘဏ်လုပ်ငန်းရှင်ကြီးများက ပြောဆိုသည်။ "ဒီဘဏ် လုပ်ငန်းတွေမှာ သဘာဝကျကျ ကစားနေတဲ့ အင်အားတွေအများကြီးရှိနေပါတယ်။ ဂျပန်ယန်းငွေမြင့်တက်မှုကို ထိန်းချုပ်ဖို့ဆိုတာ အလွန်အမင်းကို ခက်ခဲပါလိမ့်မယ်" ဟု စင်ကာပူအခြေစိုက် Citigroup ၏ အာရှပစိဖတ်ဒေသဆိုင်ရာ နိုင်ငံခြားငွေကြေးလဲလှယ်ရေး အကြီးအကဲ Adam Gilmour က သုံးသပ် ပြောကြားသည်။

ဂျပန်အစိုးရ၏ ဒေါ်လာ ၁၀၀ ဘီလီယံသုံးစွဲမည့် ချေးငွေပံ့ပိုးမှုစနစ်သည် ဂျပန်ကုမ္ပဏီကြီးများအနေဖြင့် တန်ဖိုးမြင့်မားနေသည့် ယန်းငွေကို အသုံးပြုကာ နိုင်ငံခြားကုမ္ပဏီများဝယ်ယူရေး၊ စွမ်းအင်နှင့်ဆက်နွယ်သော အက်ဆက်များ အပါအဝင် ကုန်ကြမ်းပစ္စည်းများဝယ်ယူရေး အစရှိသည်တို့ကို လုပ်ကိုင်လာစေရန် ဦးတည်ထားခြင်း ဖြစ်သည်။ အဆိုပါ ရန်ပုံငွေစနစ်ကို အစိုးရနှင့်ပူးတွဲလုပ်ကိုင်လျက်ရှိပြီး ဂျပန်ကုမ္ပဏီများကို ချေးငွေထုတ်ပေးခြင်း၊

ငွေကြေးထောက်ပံ့ခြင်းများ လုပ်ကိုင်နေသည့်  Japan Bank for International Cooperation(JBIC) က စီမံခန့်ခွဲမှု ပြုလုပ်သွားမည်ဖြစ်သည်။ JIBC အနေဖြင့် ရန်ပုံငွေ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းကိုထောက်ပံ့သွားမည်ဖြစ်ကြောင်း၊ အကယ်၍ ရန်ပုံငွေကို အပြည့်အဝ အသုံးချမည်ဆိုပါက ပုဂ္ဂလိက ရန်ပုံငွေ များမှ ယန်းငွေ ၄ ထရီလီယံခန့်ကို နိုင်ငံခြားငွေကြေးအဖြစ် ပြောင်းလဲပစ်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်းသိရသည်။

အဆိုပါ ချေးငွေပံ့ပိုးမှုစနစ်သစ်ကို ဂျပန်အစိုးရတွင်ရှိနှင့်ပြီးသားဖြစ်သော အမေရိကန်ဒေါ်လာဖြင့် မတည် ပေးသွားမည် ဖြစ်သည်။ "ဂျပန် အစိုးရ က အသစ်ထူထောင်လိုက်သည့် ယင်းရန်ပုံငွေစနစ်သစ်ကို ကျွန်ုပ်တို့က အမှတ်ပြည့်ပေးပြီး ကြိုဆိုလိုက်ပါသည်" ဟု Mitsubishi ကော်ပိုရေးရှင်းက ကြေညာချက်ထုတ်ပြန်သည်။ သို့သော် စီးပွားရေးလေ့လာဆန်းစစ်သူများကမူ ယင်းစနစ်ကြောင့်ဖြစ်ပေါ်လာမည့် အကျိုး သက်ရောက် မှုများနှင့် ပတ်သက်၍ များစွာ သံသယဖြစ်လျက် ရှိသည်။

****************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment