Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၀.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြ၀တီ သတင်းစာကို ကာကွယ်ရေးဦးစီးချုပ် လွှဲပြောင်းရယူ
  2. ထားဝယ်စီမံကိန်း ပထမအသုတ် ၅ ရွာပြောင်းရမည်
  3. မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေးဆွဲလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. မြစ်ဆုံရေကာတာကိစ္စကို တရားစွဲဆိုရန် ပြင်ဆင်
  2. ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံများ ပြန်ချိတ်ရန်ညွှန်ကြား
  3. ပြည်သူ့လွှတ်တော် ဒု-ပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့ ဆောင်ရွက်ချက်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. လာဘ်စားမှုလျော့ချရေး

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

မြ၀တီ သတင်းစာကို ကာကွယ်ရေးဦးစီးချုပ် လွှဲပြောင်းရယူ

ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ မြ၀တီသတင်းစာ၏ စီမံခန့်ခွဲမှုများကို ကာကွယ်ရေးဦးစီးချုပ် မင်အောင်လှိုင်က သြဂုတ်လတွင် လွှဲပြောင်း   ရယူထားကြောင်း မြ၀တီသတင်းစာ၏ ကော်လံစား သတင်းထောက်တစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်နှစ် မြ၀တီသတင်းစာထုတ်ဝေရန် ပြင်ဆင်စဉ်ကပင် စာတည်းမှုးများ၊ သတင်းထောက်များကို စစ်တပ်မှ ရာထူးများဖြစ်သည့် ဗိုလ်မှူးကြီး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီးစာရေး၊ တပ်ကြပ်ရာထူးများ ပေးအပ်ထားပြီး ယခု ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲမှုများကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ သဘောမကျသဖြင့် ၎င်းစိတ်တိုင်းကျ စီမံခန့်ခွဲရန် လွှဲပြောင်းရယူခြင်းဖြစ်သည်ဟု အထက်ပါသတင်းထောက်က ဆိုသည်။

“အခု ဦးစီးချုပ်က လူငယ်လည်းလူငယ် လုပ်ချင်ကိုင်ချင်စိတ်လည်း ရှိတယ်။ တက်လည်းတက်ကြွတယ် အရင်စာတည်းမှူးနှစ်ယောက် ကိုလည်း စိတ်တိုင်းမကျလို့ ထုတ်လိုက်တယ်” ၎င်းကဆိုသည်။

စစ်တပ်၏ တပ်မှူးကြီး တပ်မှူးငယ်တစ်ချို့သည် ပြန်ကြားဝန်ကြီး ဦးကျော်ဆန်း နေထိုင်ပြောဆိုမှုများကိုသဘော မကျကြောင်း စစ်တပ်၏  လှုပ်ရှားမှုများကို အချိန်ကိုက်ဖော်ပြနိုင်ခြင်း မရှိသလို အထူးသဖြင့် တိုက်စည်း(စိတ်ဓါတ်ဆင်ရေး) သဘောတရားများအရ ဦးကျော်ဆန်း၏ ၀ါဒဖြန့် ချိမှုသည် နာဇီ ဟစ်တလာလက်ထက် ဂျာမဏီ ပြန်ကြားရေးဝန်ကြီး ဂိုဘဲ(လ်)၏ လုပ်နည်းကိုင်နည်းများနှင့် ဆင်တူရိုးမှားဖြစ်နေပြီး ခေတ်မမှီတော့ကြောင်း မြ၀တီ သတင်းစာနှင့်နီးစပ်သူ သတင်း အယ်ဒီတာတစ်ဦး သုံးသပ်ပြောကြားသည်။

များမကြာမီကာလတွင် ပုဂ္ဂလိက နေစဉ်ထုတ် သတင်းစာများထုတ်ဝေခွင့်ပြုမည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စစ်တပ် အနေဖြင့် လက်ဦးမှုရှိသည့် မြ၀တီသတင်းစာကို သြဇာရှိရှိ ရပ်တည်လိုပုံရကြောင်း လှည်ကူးတပ်တွင်း ပုန်ကန်မှုသတင်းများ ပြည်ပရေဒီယိုများတွင် ကျယ်ကျယ် လောင်လောင် ပါလာစဉ်က မြ၀တီသတင်းစာ မျက်နှာဖုံးတွင် ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းသန်း ဘောလုံးပွဲ ဖွင့်လှစ်သော သတင်းကို ဓါတ်ပုံနှင့်တကွ ဖော်ပြခဲ့ကြောင်း မြ၀တီ သတင်းစာကို နေ့စဉ်ဖတ်ရှုသူတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ နေစဉ်ထုတ်သတင်းစာများနှင့် စစ်တပ်ကထုတ်ဝေသည့်မြ၀တီသတင်းစာတွင် မတူ ကွဲပြားမှုများ ရှိပြီး ယခုရက်ပိုင်း မြ၀တီ ရုပ်မြင်သံကြားအစီအစဉ်ကို ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ဖော်ပြခြင်း မရှိတော့ကြောင်း ကြေးမုံသတင်းစာကို နေ့စဉ် ဖတ်ရှုသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

“အခင်းအကျင်းက ဦးကျော်ဆန်းကို တပ်နဲ့ တချို့ဝန်ကြီးတွေ သဘောမကျတော့ဘူး ဆိုတဲ့ပုံစံပဲ”ဟု ၎င်းက ဆိုသည်။

မြ၀တီသတင်းစာကို ပြီးခဲ့သည့် ဧပြီလ ၁ရက်က ရောင်စုံစာမျက်နှာများဖြင့် ထုတ်ဝေခဲ့ပြီး တစ်လလုံး အခမဲ့ဖြန့်ချိခဲ့သလို နောက်ပိုင်းတွင် ရုပ်မြင် သံကြားတွင်ပါ ကြော်ငြာထည့်သွင်းခဲ့သည်။

မိဖြူ

--------------------------------------------------------------------------------------------------------------------------------

ထားဝယ်စီမံကိန်း ပထမအသုတ် ၅ ရွာပြောင်းရမည်

တနင်္သာရီတိုင်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးစီမံကိန်းနှင့် မလွတ်ကင်းသည့်အတွက်ကြောင့် ထားဝယ်မြို့နယ်တွင်းရှိ နဘူး လယ်ကျေး ရွာအုပ်စုရှိ ရွာ ၅ ရွာ ပထမဆုံးအသုတ်အနေနှင့် ပြောင်းရွှေ့ခံရတော့မည်ဟု ထားဝယ် ဒေသခံများက ပြောကြားချက်အရ သိရသည်။

ထားဝယ်ဆိပ်ကမ်း စီမံကိန်းနယ်မြေအတွင်း ကျရောက်နေသောကြောင့်ဟု ဆိုကာ ပြောင်းရွှေ့ရန် သြဂုတ်လအတွင်းက အစိုးရနှင့် ကုမ္ပဏီ တာဝန်ရှိသူတို့က အဆိုပါ ရွာများသို့ သွားရောက်အသိပေးခဲ့ကြောင်း၊ သို့သော် မည်သည့် ရက်လအတွင်း အပြီးအပိုင် ပြောင်းရွှေ့ရမည်ကိုမူ အချိန် ကန့်သတ်ထားခြင်း မရှိသေးကြောင်း ထားဝယ်ဒေသခံတဦးက ပြောကြားသည်။

နဘူးလယ်ကျေးရွာ အပါအ၀င် ပရဒတ်၊ ထိန်ကြီး၊ လွဲရှောင်နှင့် မူဒူးကျေးရွာများကို နဘူးလည်ကျေးရွာအုပ်စု နယ်မြေအတွင်းရှိ ဘာဝရွာနှင့် ဘာဝဆိပ်ကမ်းအကြားသို့ ပြောင်းရွှေ့ရမည်ဖြစ်ကြောင်း သိရသည်။

ထိုဒေသခံများသည် အများအားဖြင့် ဓနိ၊ ထန်း၊ ရာဘာ၊ နာနတ်နှင့် သီဟိုဠ် စသည့် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်လျှက် ရှိသည့်အပြင် ငါးဖမ်းလုပ်ငန်းလည်း လုပ်ကိုင်ကြသည်။

ယခုကဲ့သို့ အစောဆုံးအသုတ်အနေနှင့် ရွာ ၅ရွာကို ပြောင်းရွှေ့ရန် အစိုးရနှင့် ကုမ္ပဏီတို့ကစီစဉ်နေသော်လည်း ဒေသခံများ၏ ဆုံးရှုံးမှုများအား လျော်ကြေးပေးရေးနှင့် မည်သည့်လျော်ကြေးပမာဏ ပေးမည်ကို မသိရသေးပေ။

ထားဝယ်ရေနက်ဆိပ်ကမ်းကို ဘန်ကောက်အခြေစိုက် Italial-Thai Development က ထိုင်းဘတ်ငွေ ၄၀၀ ဘီ လျံကျော် ရင်းနှီးမြုပ်နှံထားပြီး စီမံကိန်းနေရာကို ထိုင်းနိုင်ငံမှ ပညာရှင်များက ၂၀၀၅ ခုနှစ်ကတည်းက လာရောက် လေ့လာခဲ့သည်။ ၂၀၀၈ခုနှစ်၊ မေလတွင် မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ အစိုးရတို့က နားလည်မှု စာချွန်လွှာ ရေးထိုးခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ ပြင်ဆင်ရေးဆွဲလျက်ရှိ

အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ တစ်ရှိန်ထိုး ဝင်ရောက်လာသည်နှင့်အညီ လက်ရှိအချိန်၌ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေ ကိုပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြင်ဆင်ရေးဆွဲရခြင်းမှာ ပြည်တွင်းရှိ လုပ်ငန်းရှင်များ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် ဥပဒေနှင့် အညီလုပ်ကိုင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာအဆင့်မီသည့် ထုတ်ကုန်များကိုသာ ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ၎င်း ဥပဒေအား ရေးဆွဲရခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၌ နိုင်ငံတကာ အဆင့်မီဆေးဝါး ထုတ်လုပ်မည်ဆိုပါက မည်သည့်နိုင်ငံသား လုပ်ငန်းရှင် မဆို ထုတ်လုပ်ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြင်ပနိုင်ငံများမှ ဆေးဝါးတင်သွင်းမှုများများမှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅၅ သန်းဖိုးခန့် ရှိသည့်အတွက် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ဆေးဝါးထုတ်လုပ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာနိုင်စေရန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည်ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ခေတ်နှင့်လျော်ညီခြင်းမရှိတော့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်အတွင်း သဘောတူညီချက် ရယူကာ ပြန်လည် ပြင်ဆင်ရေးဆွဲသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လကုန်ထိတိုင်အောင် ပြည်ပနိုင်ငံ ၃၁ နိုင်ငံမှ လုပ်ငန်းအမျိုးအစားပေါင်း ၄၅၄ မျိုးတွင် ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း ရင်းနှီး မြှုပ်နှံမှုတန်ဖိုး ဒေါ်လာသန်း ၃၆၀၇၀ ကျော်ရှိကြောင်း မြဝတီနေ့စဉ် သတင်းစာတွင် ပါရှိသည်။

Ref: မြဝတီ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ        

မြစ်ဆုံရေကာတာကိစ္စကို တရားစွဲဆိုရန် ပြင်ဆင်

ဧရာဝတီမြစ်ဆုံ ရေကာတာ တည်ဆောက်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း တရားလိုအဖြစ် ပြုလုပ်မည့် ဦးဝင်းချိုက ပြောကြားသည်။

ဒလမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံခဲ့သူ ဦးဝင်းချိုအပြင် အခြားမြို့နယ်များတွင် ဝင်ရောက် အရွေးချယ် ခံခဲ့သည့် ဒေါ်ဘောက်ဂျာ၊ ဦးမင်းအောင်၊ ဦးစိုးကြည်နှင့် ဦးအောင်မျိုးဦးတို့က ပူးပေါင်း၍ တရားလိုအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဧရာဝတီမြစ်ကို ကာကွယ်ဖို့ အဘက်ဘက်ကဝိုင်းလုပ်ကြတဲ့နေရာမှာ အန်ကယ်တို့က ဥပဒေဘက်ကနေ လှုပ်ရှားသွားမှာပါ"ဟု ဦးဝင်းချိုက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၈)၊ ပုဒ်မ(၃၇၇)အရ နိုင်ငံသားများ၏ မူလအခွင့်ရေးတစ်ရပ်ရပ်ကို ရယူလိုပါလျှင် သတ်မှတ်ချက်များနှင့် အညီ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လျှောက်ထားပိုင်ခွင့် ရှိသည်။

တစ်ဖက်၌လည်း မြစ်ဆုံဆည် ဆောက်လုပ်နေခြင်းကို အလွန်အန္တရာယ်များသည့်အတွက် အမြန်ဆုံးရပ်တန့်ရန် တောင်းဆိုသည့် စုပေါင်း လက်မှတ်ရေးထိုးမှုကို အရှိန်မြှင့် ဆောင်ရွက်နေကြောင်း ဧရာဝတီကို ထာဝရ ရှင်သန်စေလိုသူများက ပြောကြားလိုက်သည်။

တရုတ်အစိုးရပိုင် China Power Investment ကော်ပိုရေးရှင်းနှင့် မြန်မာအစိုးရ ပူးတွဲ အကောင်အထည် ဖော်နေသော ထိုစီမံကိန်း ရပ်တန့်ရေးကို လိုလားသူ အများအပြားက လက်မှတ်ထိုး ထောက်ခံနေကြကြောင်းသိရသည်။

ဒေသအသီးသီးမှ စုဆောင်းရရှိသည့် လက်မှတ်များကို စာတိုက်ကြီးမှတဆင့် သမ္မတ ဦးသိန်းစိန်ထံ တရားဝင် ပို့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

''အရင်းအမြစ်တွေကို အသုံးချပြီး ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ရမလား၊ ဘယ်သူရမလဲဆိုတာက အရေးကြီးပါတယ်။ ပြီးတော့ အဲဒီ ဒေသ၀န်းကျင်က လူထုကို ပြန်လည်နေရာချထားဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်အခြေကျဖို့၊ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲနိုင် ဖို့က အရေးကြီးပါတယ်''ဟု ဆည်တည်ဆောက်ရေး လုပ်ငန်းများကို လေ့လာခဲ့သည့် အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း တစ်ခုမှ ပညာရှင်တစ်ဦးက ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဧရာဝတီမြစ်ကြီး အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အတွက် အားလုံး လက်တွဲ ပူးပေါင်းဆောင်ရွက်သွားကြရန် ပန်ကြားလွှာတစ်စောင်ကို သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဧရာဝတီမြစ်တွင် ပြဿနာပေါင်းစုံ ဖြစ်ပေါ်လာရခြင်းမှာ စနစ်ကျသည့် စီမံကိန်းများ မရှိခြင်း၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို မလိုက်နာခြင်း၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်သည်ဟု အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့် ထုတ်ပြန်သည့် ပန်ကြား ချက်တွင် ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြထားသည်။

ယခုအခါ ကချင်ပြည်နယ် မြစ်ဆုံဒေသ အနီးဝန်းကျင်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ ရပ်တန့်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်း စီမံကိန်းအတွက် ဒေါ်လာ ၃.၆ ဘီလျံ အကုန်ကျခံကာ ၂၀၀၉ ခုနှစ် မှ စတင် ဆောက်လုပ်နေပြီး ၁၀ နှစ် ကြာ စီမံကိန်းကြီးဖြစ်ကြောင်း သိရသည်။

Peace Press

--------------------------------------------------------------------------------------------------------------------------------

ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံများ ပြန်ချိတ်ရန်ညွန်ကြား

အစိုးရဌာနဆိုင်ရာရုံးများ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ဦးအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)၏ ဓါတ်ပုံများ ပြန်လည်ချိတ်ဆွဲရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း လမ်းမတော်မြို့နယ် အုပ်ချုပ်ရေး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို တပ်မတော်အစိုးရ လက်ထက်တွင် နှစ်ပေါင်း၂၀ခန့် ရည်ရွယ်ချက်ရှိရှိ မှေးမှိန်ထားပြီး နောက် ယခု သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရလက်ထက် ၄လအကြာတွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ထင်သာမြင်သာရှိသော တိုက်ဆိုင်မှုတစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်ရှိ သမ္မတရုံးခန်းရှိ ဗိုလ်ချုပ်အောင်ဆန်း ဓါတ်ပုံရှေ့တွင် တွေ့ဆုံနှုတ်ဆက်နေကြသည့်ပုံများ မီဒီယာများတွင် ကျယ်ကျယ်  ပြန်ပြန့် ပါလာပြီးနောက် ယခုကဲ့သို့ ညွှန်ကြားချက် ထွက်လာကြောင်း အထက်ပါဝန်ထမ်းက သုံးသပ်ပြောဆိုသည်။

ဒုတိယကမ္ဘာစစ်ကာလ ဗိုလ်ချုပ်အောင်ဆန်း ယာယီနေထိုင်ပြီး ဖက်ဆစ်တော်လှန်ရေး အောင်မြင်ရန်အတွက် နိုင်ငံရေး ဦးဆောင်မှုပေး စီမံ ကွပ်ကဲခဲ့သည့် ပျဉ်းမနားနေအိမ် ပျက်စီးယိုယွင်းနေသည်ကိုလည်း ပြန်လည် ပြင်ဆင်ထားသည့် ဓါတ်ပုံကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို ပြသခဲ့ကြောင်း နေပြည်တော် သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။

၁၉၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှုနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် လူထု၏ မျှော်လင့်ချက်အဖြစ် တဖြည်းဖြည်း ချင်း ပြောင်းလဲလာပြီး ပြည်တွင်ပြည်ပ စာနာထောက်ခံမှုများ ရရှိလာချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဒေါ်စုကြည်အဖြစ်သာ အစဉ်တစိုက်ခေါ်ဝေါ် သုံးစွဲခြင်း၊ အာဇာနည်နေ့ကို အဖြစ်သာကျင်းပခြင်း၊ မြန်မာနိုင်ငံကလေးများနေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) အခမ်းအနားများကို တားမြစ်ခြင်း၊ ငွေစက္ကူ ရေစာပေါ်မှ ဗိုလ်ချုပ်ပုံများကို ဖယ်ရှားကာ ခြင်္သေ့ပုံများဖြင့် အစားထိုးခြင်း အပါအ၀င် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ အခန်းကဏ္ဍကို စနစ်တကျမှေးမှိန်အောင် လုပ်ထားသည်ဟု  အမျိုးသားဒီမိုကရေးစီအဖွဲချုပ် အမှုဆောင်တစ်ဦးက ဆိုသည်။

“ဦးအောင်ဆန်း ဘဘကဦးအောင်ဆန်းလို့သုံးတာနော် အခန်းကဏ္ဍကို တကူးတက မြှင်တင်စရာလည်း မလိုဘူး ၊ သေးသိမ် မှေးမှိန်အောင် လုပ်စရာမလိုဘူး အခုလို ပြန်ချိတ်မယ် ပြန်ဆွဲမယ်ဆိုဘာကြောင့်ပဲဖြစ်ဖြစ် ကောင်းတာပေါ့” ကိုအောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ နောက် တပ်ကထွက်ပြီး ဖဆပလ ဥက္ကဋ္ဌ လုပ်တယ်  နိုင်ငံရေး လုပ်တာကို ရည်ရွယ်ပြီးတော့ ဦးအောင်ဆန်းလို့ သုံးတာဟု အသက်၉၃နှစ်ရှိ သခင်တစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

မိဖြူ

--------------------------------------------------------------------------------------------------------------------------------

ပြည်သူ့လွှတ်တော် ဒု-ပုံမှန်အစည်းအဝေး ဆဋ္ဌမမြောက်နေ့ ဆောင်ရွက်ချက်

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဒု-ပုံမှန်အစည်းဝေး ဆဋ္ဌမမြောက် နေ့တွင် မေးခွန်း (၁၂) ခုအား ဖြေကြားပေးခဲ့ပြီး အဆိုတစ်ခုအား သဘောတူညီခဲ့ကြောင်း သိရသည်။

၎င်း အစည်းအဝေး၌ မေးမြန်းခဲ့သည့် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးသိန်းညွှန့်၏ ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် (၁၂၀) ဦးအား ပြည်ထောင်စုအစိုးရမှ အသိအမှတ်ပြုမှု ရှိမရှိ မေးခွန်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က မိမိအနေဖြင့် ၁၉၉၀ ပြည့်နှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် လွှတ်တော် ကိုယ်စားလှယ် (၁၀၇) ဦး သာ သိရှိပါကြောင်း၊ ယခု အသစ်ပြန်လည် ပြုလုပ်လိုက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ လိုက်လျောညီထွေမှု မရှိတော့သည့်အတွက် ၎င်း ရွေးကောက်ပွဲ ရလဒ်များ အလိုလိုပျက်ပြယ်ပြီး ဖြစ်သည်ပာု ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် အခြားလွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးမှ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်သည့် မေးခွန်းအား မေးမြန်းခဲ့ရာ ၎င်း မေးမြန်းချက်     များအား ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က လက်ရှိအချိန်၌ ကျန်းမာရေးကဏ္ဍနှင့် ပတ်သက်၍ မင်္ဂလာဒုံမြို့နယ် ဆေးရုံတွင် ခုတင် ၁၀၀ ဆေးရုံအဖြစ် အဆင့်မြှင့် ဆောက်ရွက်ထားပြီး ဖြစ်ကြောင်း၊ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုက်ကြီး၊ မှော်ဘီ၊ လှည်းကူး၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင် စသည့်မြို့နယ်များတွင် ဆေးရုံဖွင့်လှစ်နိုင်ရန် သင့်လျော်သည့်နေရာများကို ဆန်းစစ်ကြည့်ရှုလျက် ရှိကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။ ထို့ပြင် ဆေးဆိုင်တိုင်းတွင် ဆေးဝါးရောင်းချသူလိုင်စင် ရရှိမှသာ ရောင်းချခွင့်ရှိ ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၌ လွတ်လပ်စွာ ဆေးဝါးရောင်းချခွင့် မပြုထားကြောင်း၊ ၂၀၁၁ ခုနှစ်တွင် မှတ်ပုံတင်ထားသည့် ဆေးဝါးအမျိုးပေါင်း (၁၈၀၀) နှင့် ဈေးကွက်ဆေးနမူနာ(၁၀၅) မျိုးတို့ကို စစ်ဆေးခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် ဒေါက်တာဖေသက်ခင်ကပင် ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်၊ တမူးမြို့ရှိ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီးကို ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း၊ ၎င်း ပြည်သူ့ဆေးရုံကြီးအား ထပ်မံတိုးချဲ့ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ပြီး ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဆရာဝန်လိုအပ်သည့် ဆေးရုံများသို့ အထူးကုဆရာဝန်များ၊ လက်ထောက်ဆရာဝန်များကို အမြန်ဆုံး စေလွှတ်ပေးသွားမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် ပြည်သူ့ဆေးရုံကြီး၌ စရိတ်မျှပေးကျန်းမာရေး အစီအစဉ် ဖြစ်လာနိုင်စေရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုထံမှ အလှူငွေကောက်ခံ၍ နိုင်ငံခြားမှ ကင်ဆာဓာတ်ကင်စက်များကို မှာယူတင်သွင်းခဲ့ပြီး ကျွမ်းကျင်သည့် နိုင်ငံခြားအင်ဂျင်နီယာများမှ ၎င်းစက်အား ပြည်သူ့ ဆေးရုံကြီးတွင် တပ်ဆင်လျက်ရှိကြောင်း ဒေါက်တာ ဖေသက်ခင်က ပြန်လည်ဖြေကြားပေးခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့၌ ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော် ဒု-ပုံမှန်အစည်းဝေး ဆဋ္ဌမမြောက်နေ့တွင် ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က ဘဏ်လုပ်ငန်းနှင့် ပတ်သက်သည့် မေးခွန်းအား မေးမြန်းရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက မြန်မာနိုင်ငံတော်ဗပိာုဘဏ်၌ ဗပိာုဘဏ် ဥပဒေ၊ နည်းဥပဒေများအရ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်မှု ရှိရေးအတွက်  ငွေကြေးမူဝါဒ နည်းလမ်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားပေးခဲ့သည်။

ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်(ခ) အဒူရာဇက်၏ ပြည်တွင်းမှ ပြင်ပသို့ ထွက်ခွာရန် စီစဉ်နေ သည့်(သို့) ပြည်ပမှ ပြည်တွင်းသို့ ပြန်ဝင်လာရန် ကြိုးစားနေသည့် မြန်မာနိုင်ငံသား ပညာရှင်များနှင့် ပတ်သက်သည့် မေးခွန်းအား ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက မိမိနိုင်ငံမှ ပညာရှင်များ ပြည်ပနိုင်ငံသို့ ထွက်ခွာမသွားစေရေးနှင့် ပြည်ပသို့ရောက်ရှိနေသည့် ပညာရှင်များ အမိနိုင်ငံသို့ ပြန်လာစေရေးအတွက် ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြား ပေးခဲ့သည်။

ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးအောင်ဆန်း၏ မြန်မာနိုင်ငံ အားကစားသမားကောင်းများ ပေါ်ထွက်ရေး မေးခွန်းနှင့် ပတ်သက်၍ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက မြန်မာနိုင်ငံ၌ အားကစားသမားကောင်းများ ပေါ်ထွက်လာနိုင်စေရန်အတွက် အရေးပါသည့် အားကစား သမားများ၏ လက်ရှိဘဝနှင့် အနာဂါတ်ဘဝခိုင်မာစေမည့် ဥပဒေ သစ်တစ်ရပ်ပေါ်ပေါက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၃ တွင်ပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲတွင် အတွေ့အကြုံ ရင့်ကျက်သည့် နိုင်ငံတကာမှ နည်းပြဆရာများကို ဋ္ဌားရမ်း၍ နိုင်ငံခြားမှ အားကစားအသင်းများ၊ အားကစားသမားများကို ဖိတ်ခေါ်၍ ယှဉ်ပြိုင်နိုင်ရန် အစီအစဉ်များချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြား ပေးခဲ့သည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လူနည်းနည်းဆီက လူများများက ကောက်ခံနေတာထက် လူများများဆီက နည်းနည်း ကောက်ခံတဲ့ပုံစံကို ပြောင်းသင့်တယ်။ အထူးသဖြင့် ဝင်ငွေအပေါ် အလေးထား ကောက်ခံတဲ့ အခွန်စနစ်သစ် (Tax on Icome) တစ်ရပ် ပြုပြင် ပြဋ္ဌာန်းသင့်ပါပြီ”

သြဂုတ် ၂၉ ထုတ် The Voice weekly အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “ဝင်ငွေခွန်ဥပဒေများ ပြင်ဆင် ပြဋ္ဌာန်းရန်လိုဟု စက်မှု   ဝန်ကြီးဆို” သတင်းမှ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ အမှတ် (၁)နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိန်သိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“သစ်တောတစ်ခုမှာ ကြည့်လိုက်ရင် မြေအသုံးချခွင့်တွေအများကြီးရှိတယ်။ တချို့က လယ်ယာစိုက်ပျိုးခွင့်ရှိတဲ့ မြေအကျယ်အဝန်း ရှိမယ်။ တချို့က ဒီအထဲမှာပဲ မွေးမြူရေးလုပ်ငန်းလုပ်လို့ ရတာရှိမယ် စသည်ဖြင့်ပေါ့။ ဒီမြေတွေက ဘိုးဘွားပိုင် မြေတွေလည်း ဖြစ်ချင်ဖြစ်မယ်ပေါ့။ အဲဒီအတွက် သက်ဆိုင်ရာက နယ်မြေပိုင်ဆိုင်မှုကို သတ်သတ်မှတ်မှတ် လုပ်ပေးဖို့ပေါ့။ သူတို့ရရှိသင့်တဲ့ အခွင့်အရေးပေါ့။ ထွေးရောယှက်တင်ဖြစ်နေတာတွေ မဖြစ်သင့်တော့ဘူး။ အဲဒီအတွက် ဒီ အချက်ကို အလေးပေးတဲ့မြေအသုံးချပိုင်ခွင့်မူဝါဒကို ထည့်သွင်းရေးဆွဲသင့်ပါတယ်”

သြဂုတ် ၃၀ ထုတ် The Flower News အတွဲ (၇) အမှတ် (၃၃) တွင်ပါသည့် “အမျိုးသား မြေအသုံးချပိုင်ခွင့် မူဝါဒကို ထည့်သွင်းရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်” သတင်းမှ ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“လတ်တလော ထုတ်ပြန်ချက်တွေအရ အစိုးရမှာ ဘတ်ဂျက်လိုငွေပြနေတယ်။ ဒီလိုလိုငွေပြနေတာဟာ တစ်ဒေါ်လာကို ခြောက်ကျပ်နဲ့ တွက်တဲ့ အတွက် ကြောင့် လိုငွေပြတာလည်းဖြစ်နိုင်ပါတယ်။ အသုံးစရိတ်ကို တိုင်းတာတဲ့အခါမှာ အစိုးရ ဘတ်ဂျက်တစ်ခုလုံးပေါ်မှာ တိုင်းတာတာမျိုးရှိသလို GDP ကနေ ယူပြီးတိုင်းတာလည်း ရှိတယ်။ GDP ကနေ ယူတိုင်း လိုက်တဲ့အခါမှာ ၂၀၀၅ခုနှစ်ကနေ ၂၀၁၀ ပြည့်နှစ်အထိ ငါးနှစ်တာကာလအတွင်း ကာကွယ်ရေး အတွက် အသုံးပြုတဲ့ ပမာဏဟာ ပျမ်းမျှအားဖြင့် GDPရဲ့ ၁ဒသမ ၆၄ ရာခိုင်နှုန်းရှိပါတယ်”

သြဂုတ် ၃၁ ထုတ် Weekly ELEVEN အတွဲ (၆) အမှတ် (၄၈) “၂၀၁၁ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ပြန်တမ်းအရ နိုင်ငံတော်၏ စုစုပေါင်းသုံးငွေပမာဏ ကျပ် ၆၇၇၂ ဘီလျံရှိသည့်အနက် ကာကွယ်ရေးဝန်ကြီးဌာနအတွက် အသုံးပြုသည့်ပမာဏ ကျပ် ၁၃၁၈ ဘီလျံရှိ” စီးပွားရေးပညာရှင်တစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

“Taxi မီတာကိစ္စကို အရင်လုပ်ခဲ့တယ်။ မအောင်မြင်ခဲ့ဘူး။ ခက်တာက တပ်ပေးတဲ့ မီတာတွေက မကောင်းဘူး။ တကယ်လို့ မီတာချိုးမောင်းရရင် Passenger ရော ၊ ယာဉ်မောင်းရော မကိုက်ဘူး။ Traffic Jam ဖြစ်တဲ့နေရာဆိုရင် ခရီးသည်တွေအတွက် အဆင်မပြေဘူး။ မောင်းသူအတွက် ဥပမာက အခုလို ညှိပြီးမောင်းတဲ့အခါမှာ ၁၅၀၀ လောက်ရရင် မီတာ ချိုး ရင် ၁၁၀၀-၁၂၀၀ ပတ်ဝန်းကျင်ဖြစ်သွားတတ်တယ်”

သြဂုတ် ၂၉ ထုတ် The Voice weekly အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “မီတာဖြင့် မမောင်းသော Taxi များ သုံးကြိမ်မိလျှင် CNG ဓာတ် ငွေ့ထုတ်ခွင့်ပိတ်မည်” သတင်းမှ ရန်ကုန်မြို့တွင် CNG တပ်ဆင်ခြင်း၊ မီတာတပ်ဆင်ခြင်း မပြုခင် ကာလကတည်းက အဌားယာဉ် မောင်းနှင် သူ အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

လာဘ်စားမှုလျော့ချရေး

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် အစိုးရဗျူရိုကရေစီနှင့် နိုင်ငံရေး၊ စီးပွားရေး နယ်ပယ်အသီးသီးတွင် နိုင်ငံတကာမှ အသိအမှတ်ပြုရလောက်အောင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေခဲ့ပါသည်။ သို့သော် အကျင့်ပျက်ခြစားမှုသည် အကျင့်ပျက် လာဘ်စားမှုပင် ဖြစ်သည်။ ယင်းကို ကျယ်ကျယ် ပြန့်ပြန့်အဓိပ္ပာယ်ဖွင့်ရန် ခက်ခဲပါလိမ့်မည်။ အဘယ်ကြောင့်နည်း…။ ယင်းမှာ လူမှုရေး တည်ဆောက်ချက် တစ်ခု ဖြစ်သည်ဟု လူမှုဗေဒပညာရှင်များက သုံးသပ်ကြလေသည်။ ယခု ဒီမိုကရေစီအစိုးရသစ် တက်လာပြီးနောက် အကျင့်ပျက် လာဘ်စားမှု ပပျောက်ရေးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု သမ္မတ၏ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့်က ပြောကြားသွားလေသည်။

လာဘ်ပေးလာဘ်ယူမှုများသည် နိုင်ငံတိုင်းတွင် အနည်းနှင့်အများ တွေ့ရှိတတ်သော လက္ခဏာတစ်ရပ်ပင် ဖြစ်လေသည်။ ပြည်တွင်းစစ် ဖြစ်နေသော နိုင်ငံများတွင်ရော၊ တည်ငြိမ်အေးချမ်းသည့် နိုင်ငံများတွင်ရော၊ အာဏာရှင် နိုင်ငံတွင်ရော၊ ဒီမိုကရေစီနိုင်ငံများတွင်ရော၊ ဖွံ့ဖြိုးဆဲနိုင်ငံများ တွင်ရော၊ ဖွံဖြိုးပြီးနိုင်ငံများတွင်ရော လာဘ်ပေးလာဘ်ယူမှုများ ရှိသည်သာ ဖြစ်သည်။ ဒီဂရီအနည်းနှင့် အများသာ ကွာခြားချင်ကွာခြားသွားပါလိမ့်မည်။ အပြီးသတ် ပျောက်ဆုံးသွားသည်တော့ မဟုတ်။ လာဘ်စားမှုမှာ မရှိလျှင် ကောင်းလေဖြစ်သော်လည်း ယင်းကို ဖွံ့ဖြိုးမှု၏ လိုအပ်ချက်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားသုံးသပ်သည့် ပညာရှင်များလည်းရှိပါသည်။

နိုင်ငံရေးဘောဂဗေဒပညာရှင်တစ်ဦးဖြစ်သူ Dartmouth College မှ Dr. Davic C. Kane ၏ Crony Capitalism အမည်ပေးထားသော စာအုပ်တွင် နိုင်ငံများ၏ ဖွံ့ဖြိုးမှုနှင့် လာဘ်စားမှုကို ဆက်စပ်ပုံကို တောင်ကိုရီးယားနှင့် ဖိလစ်ပိုင်နိုင်ငံကို အသေးစိတ် သုတေသနပြုရေးသား ဖော်ပြထား လေသည်။ Kane သည် နိုင်ငံများအလိုက် လာဘ်စားမှုပုံသဏ္ဍန် လေးမျိုးရှိကြောင်း ဖော်ပြထားလေသည်။

                                        state

                    Coherent                           fractured

I:  mutual hostages

type:  PD collusion

amount: medium

II:  rent seeking

type: buttom-up

amount: large

III:  predatory state

type: top-down

amount: large

IV:  laissez - faire

type:  residual

amount: small

                                                    PD= Prisoner’s Dilemma

                                        The Four Type of Corruption

အကွက် ၂ရှိ Rent-seeking ပုံစံမှာ အောက်မှ အထက်သို့ လာသော (Bottom-up) ပုံစံမျိုးဖြစ်ပြီး အကွက် ၃ရှိ predatory state ပုံစံမှာ အထက်မှ အောက်သို့ သွားသော ပုံစံမျိုးဖြစ်သည်။ ဤသို့သော အစိုးရနှင့် စီးပွားရေးလုပ်ငန်းများကြား ဆက်ဆံရေးမှာ လာဘ်စားမှုကို မြင့်မားစေသော ပုံစံဖြစ်သည်။ အကွက် ၃ရှိ Pre datory state  ပုံစံမှာ နိုင်ငံတော်မှ ကုန်ထုတ်စွမ်းအားစုများ အလုံးအရင်းကို ပိုင်ဆိုင်ထားပြီး နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ (State owned Enterprise) သာများပြီး စီးပွားရေးကို လက်ဝါးကြီးအုပ်ထားလေသည်။ စီးပွားရေး အဖွဲ့အစည်းများမှာ မူဝါဒဆိုင်ရာ သွင်းအားစုများကို အစိုးရဆီသို့ ပေးသွင်းနိုင်လောက်သည်အထိ ခိုင်ခိုင်ခန့်ခန့်ရှိနေ သည်မဟုတ်ဘဲ တစ်ကွဲတစ်ပြားဖြင့် စုစည်းညီညွတ်မှုမရှိ ပြန့်ကျဲနေလျက်ရှိပါသည်။ ဤသို့သော အခြေအနေမျိုးတွင် နိုင်ငံတော်မှ စီးပွားရေး လုပ်ကွက်လုပ်ကွင်းများကို ယင်းတို့ကိုယ်တိုင် အမြတ်ထုတ် လုပ်ဆောင်လျက်ရှိကြောင်း တွေ့ရပေလိမ့်မည်။ ယခင် တပ်မတော်အစိုးရ လက်ထက် စီးပွားရေးပုံစံမျိုး ဖြစ်လေသည်။ Rent seeking ပုံစံမှာတော့ စီးပွားရေးအင်အားစုများက အလွန်အား ကောင်း လျက်ရှိနေပြီး အစိုးရမှာ ယင်းလွှမ်းမိုးမှုကို အလွန်အကျူးခံရသည့် သဘောပင် ဖြစ်သည်။ ဤကဲ့သို့ rent seeking (လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရှာသည့်) အပြုအမူများ အားကောင်းလာသည့်အခါ အစိုးရမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ရှိသည့် စီးပွား ရေး မူဝါဒကို ချမှတ်၍ မရနိုင်ဖြစ်နေလေသည်။

အကွက် ၄ရှိ laissez – faire ပုံစံမှာ အစိုးရရော၊ စီးပွားရေးကဏ္ဍရော ပြန့်ကျဲစွာတည်ရှိနေသည့် ပုံစံ ဖြစ်လေသည်။ အစိုးရ ဗျူရိုကရက်များသည် သူတို့၏ ပြည်သူရေးရာဝန်ဆောင်မှုများ အပြိုင်အဆိုင်ရောင်းစေ ခြင်းမျိုး၊ မြောက်များစွာသော စီးပွားရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များကလည်း မူဝါဒရေးရာ အကြံပြုချက်များကို ပေးသွင်းစေခြင်းမျိုး ပြုလုပ်စေလေသည်။ ဤသို့သော ပုံစံမျိုးမှာ လာဘ်စားမှုကို နည်းပါးအောင် ပြုလုပ်နိုင်သည့်အတွက် ဖွံ့ဖြိုးတိုးတက်မှုရှိသည့် နိုင်ငံများက လာဘ်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာတစ်ရပ်အနေဖြင့် အသုံးချကြ လေသည်။

နောက်ဆုံးစိတ်ဝင်စားဖို့အကောင်းဆုံးမှာ အကွက် ၁မှ mutual hostage အနေအထား ဖြစ်လေသည်။ နိုင်ငံတော်မှာ ခိုင်မာသည့် အင်စတီ ကျူးရှင်များ ရှိသည့်အပြင် (ဥပမာ- လွှတ်တော်၊ စစ်တပ်) စီးပွားရေးကဏ္ဍသည်လည်း နည်းပါးသည့် စီးပွားရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်ကြီးများ ကလည်း အားကောင်းကောင်း ဖွဲ့စည်းမိနေသည့် အနေအထားမျိုး ဖြစ်လေသည်။ နိုင်ငံတော်မှလည်း ယင်းတို့အုပ်ချုပ်မှု အာဏာရေရှည်ခိုင်ခံ့မှုအတွက် စီးပွားရေးကဏ္ဍ၏ ထောက်ကူမှု လိုအပ်သည့်အပြင် စီးပွားရေးလုပ်ငန်းကြီးများသည်လည်း ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် အစိုးရမှ ချေးငွေ လိုအပ်လေ သည်။ ဤသို့ဖြင့် နှစ်ဖက်စလုံးမှာ တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်တိုက်ခိုက်နိုင်သည့် အနေအထားမျိုး ဖြစ်လေသည့်အခါ နှစ်ဖက်စလုံးမှလည်း သတိကြီးကြီးထားရင်းကနေ ပူးပေါင်းမှုအဆင့်သို့ရောက်ရှိလာလေသည်။ လုပ်ပိုင်ခွင့်(Rent) များသည်လည်း အကန့်အသတ်နှင့် ရှိနေလေရာ အပြိုင်ရ အောင် ကြိုးစားခြင်းဖြင့် အပိုကုန်ကျစရိတ်များကို လျော့ချနိုင်ခဲ့လေသည်။ ဤသို့သော ပုံစံမျိုးတွင် လာဘ်စားမှုမှာ အစိုးရနှင့် စီးပွားလုပ်ငန်းကြီးများ နှစ်ခုတွင် တစ်ဖက်ဖက်မှ ကြီးစိုးနေခြင်း(ပုံစံ ၂နှင့် ပုံစံ၃) ထက် လာဘ်စားမှုမများသည့်တိုင် နှစ်ဖက်စလုံးမှအားကောင်းနေသည့် (ပုံစံ ၄) ထက်တော့ အကျင့် ချစားမှုများ ပါသည်။

မြန်မာနိုင်ငံသည့်  စီးပွားရေးတုန့်ဆိုင်းမှုကို နှစ်ပေါင်းများစွာ ခံနေရသည့်အတွက် ယခု အစိုးရသစ် လက်ထက် ယိုယွင်းနေသည့် စီးပွားရေးကို တည်ဆောက်သည့်အနေဖြင့် မူဝါဒများကို ပြင်ဆင်လိုက်သည်နှင့်ပင် စီးပွားရေး မတည်ငြိမ်မှုမျိုးနှင့် ကြုံတွေ့လာရပါသည်။ အစိုးရနှင့် စီးပွားရေး လုပ်ငန်းများ ပူးပေါင်း၍ လုပ်ဆောင်နိုင်ခဲ့သော် လာဘ်စားမှုကို အထိုက် အလျောက်လျော့ချနိုင်မည့်အပြင် ယခုတွေ့ကြုံနေရသည့် ငွေကြေး လဲလှယ် နှုန်းကဲ့သို့သော စီးပွားရေး အကျပ်အတည်းများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ပါကြောင်း……။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment