Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃၁.၈.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ငွေကြေးစနစ်နှင့် ပတ်သက်၍ အဖြစ်မှန်နှင့် မြန်မာ ရင်ဆိုင်ရမည်

(The Nation သတင်း မှ 31 August 2011 ရက်စွဲပါ “Burma must face reality on currency regime” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့လူ့အခွင့်အရေးတိုးတက်မှု မရှိဟု ကုလကိုယ်စားလှယ်ပြော

(30 August 2011 ရက်စွဲပါ ABC Radio Australia မှ “UN envoy speaks out on Burma’s lack of human rights progress” ကို ဘာသာ ပြန်ဆိုသည်)

  1. ဗိုလ်ချုပ်ကြီးများ ပြုပြင်ပြောင်းလဲလာအောင် ရှင်သန်ရပ်တည်ရေးကိစ္စက တွန်းအားပေး ထိန်းကျောင်း

(Reuters သတင်း မှ 26 Aug 2011 ရက်စွဲပါ “Survival steers Myanmar Generals towards reform” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. စင်ကာပူနိုင်ငံ သမ္မတ အဖြစ် Tony Tan အရွေးခံရ

(27 August  2011 ရက်စွဲပါ BBC News မှ “Singapore presidential election won by Tony Tan” ကို ဘာသာ ပြန်ဆိုသည်)

  1. အိန္ဒိယ၏ ပထမသုံးလပတ် စီးပွားရေး တိုးတက်မှုနှေးကွေး

(30 August 2011 ရက်စွဲပါ AP ၏ “India’s economic growth slows rate hikes” ကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************

ငွေကြေးစနစ်နှင့် ပတ်သက်၍ အဖြစ်မှန်နှင့် မြန်မာရင်ဆိုင်ရမည်

(The Nation သတင်း မှ 31 August 2011 ရက်စွဲပါ “Burma must face reality on currency regime” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

                မြန်မာသမ္မတ ဦးသိန်းစိန်သည် သူ၏နိုင်ငံရှေ့သို့ ရွေ့နိုင်ရန်အတွက် ရဲရင့်သော ခြေလှမ်းကို လှမ်းလိုက်ပြီး မြန်မာကျပ်ငွေတန်ဖိုး အကျပ် အတည်း၌ ကျရောက်နေကြောင်းနှင့် ဆယ်စုနှစ်ချီ စီးပွားရေးပြဿနာများ၏ ရင်းမြစ်ဖြစ်သော နိုင်ငံခြားငွေလဲလှယ်မှုစနစ် ပြန်လည် ပြုပြင်ပြောင်းလဲ တည်ဆောက်ရန် ဆိုးဆိုးဝါးဝါး လိုအပ်နေကြောင်း လတ်တလော ဝန်ခံပြောကြားလိုက်သည်။

                မြန်မာနိုင်ငံသည် ၎င်း၏ စီးပွားရေးစနစ်အတွင်း ငွေလဲလှယ်နှုန်းပေါင်းစုံ စနစ်များ ရှိနေပြီး အာဏာပိုင်များက တစ်ဒေါ်လာလျှင် ၆ ကျပ်ဖြင့် တရားဝင်နှုန်း သတ်မှတ်ထားသော်လည်း တကယ့် စီးပွားရေးအနေအထားနှင့် လိုက်ဖက်ခြင်း မရှိသလို စီးပွားရေးကဏ္ဍအတွက်လည်း လက်တွေ့ ကျသော နှုန်းထားမဟုတ်ပေ။

                ထို့အပြင် အာဏာပိုင်များသည် နိုင်ငံခြားငွေလဲလက်မှတ် FEC ကိုလည်း ဖန်တီးထားခဲ့ကြပြီး အစကနဦးတွင်မူ ဈေးကွက်ငွေလဲနှုန်းနှင့် နီးစပ်မှု ရှိခဲ့သည်။ နိုင်ငံခြားဧည့်သည်များ ခရီးသည်များသည် ၎င်းတို့၏ ငွေမာများကို မြန်မာ FEC နှင့် မဖြစ်မနေလဲလှယ်ကြရပြီး ထိုမှတဆင့်သာ ကျပ်ငွေကို ပြန်၍ ဖလှယ်ယူနိုင်သည်။ တစ်ချိန်ထဲတွင် မှောင်ခိုဈေးကွက်၏ ငွေလဲနှုန်းကသာလျှင် စီးပွားရေး ဘဝ၏ တကယ့်ရင်းမြစ်အမှန် ဖြစ်နေခဲ့သည်။

                အထက်ပါ ငွေလဲစနစ်မျိုးကို တရုတ်နိုင်ငံကလည်း အသုံးပြုခဲ့ဘူးသော်ငြားလည်း ယွမ်ငွေ၏ တကယ့်ဈေးကွက် ငွေလဲနှုန်းနှင့်နီးစပ်လာသည့် ၁၉၉၀ ခုနှစ်များအတွင်း တရုတ်တို့က သူတို့၏ FEC ကို မြန်မြန်ဆန်ဆန် အဆုံးသတ်ပစ်ခဲ့ကြသည်။ မြန်မာနိုင်ငံမှာမူ စီးပွားရေး ကျန်းမာသန်စွမ်းမှု လုံးဝမရှိသည့်အလျောက် ထိုသို့လုပ်ရန် အခွင့်အရေး မရခဲ့ပေ။

                မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း ကျပ်ငွေ၏ တကယ့်တန်ဘိုးက စီးပွားရေးကဏ္ဍကို ဒုက္ခပေးလာသည့်အချိန်တွင်မူ ငွေလဲနှုန်းစနစ်ကို ပြင်ဆင်ရန် အာဏာပိုင်များက အသေအချာ စဉ်းစားလာကြသည်။

                လက်ရှိဈေးကွက်တွင် မြန်မာကျပ်ငွေသည် အမေရိကန်တစ်ဒေါ်လာလျှင် ၇၅၀ ကျပ်ခန့် ဈေးပေါက်လျှက်ရှိရာ ယခင်နှစ်က တစ်ဒေါ်လာ ၁၀၀၀ ကျပ်နှုန်းဖြင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း တန်ဘိုးတက်သွားသည်ကို တွေ့ရသည်။

                သြဂုတ်လ ၁၇ ရက်က နေပြည်တော်တွင် စီးပွားရေးပညာရှင်များဖြင့် ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင် သမ္မတ ဦးသိန်းစိန်က “ကျပ်ငွေ တန်ဖိုးကြောင့် ပို့ကုန်လုပ်ငန်းများ ထိခိုက်နစ်နာလျက် ရှိကြောင်း” ပထမဆုံးအကြိမ် ဝန်ခံပြောဆိုခဲ့သည်။

                “အကျိုးဆက်အနေနဲ့ ပြည်တွင်းမှာ ကုန်ပစ္စည်း ဝယ်လိုအား ကျဆင်းသွားပြီး လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် မှီခိုအားထားနေရတဲံ လယ်သမားတွေ အပါအဝင် ကုန်ပစ္စည်းထုတ်လုပ်သူတွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဒါကြောင့် လယ်သမားတွေ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည် စေဖို့အတွက် နည်းလမ်းအမျိုးမျိုးကို ကြိုးစားရှာဖွေနေပါတယ်” ဟု သမ္မတကြီးက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာ New Light of Myanmar က ဖော်ပြခဲ့သည်။

မြန်မာအစိုးရက ယင်းပြဿနာကို ကိုင်တွယ်သည့်အနေဖြင့် စီးပွားရေးတင်းကြပ် ချုပ်ချယ်မှု အချို့ကို ဖြေလျှော့ပေးသည့် အစီအစဉ်များကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။ ထိုအစီအမံများတွင် ပို့ကုန်အခွန်ကို ၈%မှ ၅% သို့ လျှော့ပေးခြင်း၊ လယ်ယာထွက်ကုန် တင်ပို့မှုအပေါ် အခွန်ကင်းလွတ်ခွင့် ပေးခြင်းတို့ပါဝင်သည်။

ပညာရှင်များကမူ မြန်မာကျပ်ငွေတန်ဖိုး တက်လာရခြင်းမှာ ကမ္ဘာ့ဈေးကွက်တွင် အမေရိကန် ဒေါ်လာ တန်ဖိုးကျဆင်းခြင်းနှင့် မြန်မာငွေလဲနှုန်း စနစ် စီမံခန့်ခွဲမှုလွဲမှားခြင်း တို့ကြောင့် ဖြစ်သည်ဟု ပြောကြားကြသည်။

နေပြည်တော်တွင် လတ်တလော ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် လေ့လာမှု အစီရင်ခံစာ ဖတ်ကြားဆွေးနွေးခဲ့သူ သမ္မတ၏စီးပွားရေး အကြံပေး ဦးမြင့်က “မြန်မာကျပ်ငွေ ယခုလို ခိုင်မာအောင် ပြုလုပ်နေသည့် အချက် ၄ ချက်ရှိသည်” ဟု ပြောကြားခဲ့သည်။

ပထမအချက်မှာ မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့ တင်ပို့မှုအပေါ် အလွန်အကျွံ မှီခိုနေရခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ ကမ္ဘာ့ဈေးကွက်တွင် ရောင်းဝယ်ခြင်း မရှိသည့် ကုန်စည်များနှင့် ဝန်ဆောင်မှု များကိုသာ ထုတ်လုပ်နေခြင်း ဖြစ်သည်။

တတိယအချက်မှာ ရေနံစိမ်းကို ဝယ်ယူတင်သွင်းနေရချိန်တွင် သဘာဝဓာတ်ငွေ့ကိုသာ တင်ပို့ရောင်းချနိုင်ခြင်း ဖြစ်သည်။

စတုတ္တအချက်မှာ ငွေရင်းငွေနှီးနှင့် လုပ်သားအင်အားစုကဲ့သို့သော ကုန်ထုတ်စွမ်းအားစုများ သည် ဆောက်လုပ်ရေးလုပ်ငန်းကဲ့သို့သော ကုန်သွယ်ခြင်းမပြုသည့် ကဏ္ဍများသို့ ရွှေ့ပြောင်းသွားမှု ကြောင့် ထုတ်လုပ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍများ နောက်ကျကျန်နေကြခြင်းဖြစ်သည်။ ဦးမြင့်က ယခုပြဿနာသည် အာဏာပိုင်များအတွက် နိုင်ငံတကာ စံညွှန်းများနှင့် ကိုက်ညီသည့် စနစ်သစ်တစ်ခုကို ထူထောင်ဖို့ ငွေလဲနှုန်းစနစ် ပြုပြင် ပြောင်းလဲရေးကို တွန်းအားပေးရန် အခွင့်အလမ်း ကောင်းတစ်ခုဖြစ်သည်ဟု ရြှုမင်သည်။

ပြုပြင်ပြောင်းလဲမှုမည့် ငွေလဲနှုန်းစနစ်သစ်သည် ပိုမိုကြီးမားကျယ်ပြန့်လာသည့် မက်ခရိုစီးပွားရေး စီမံခန့်ခွဲမှုကို ချိန်ညှိနိုင်ရန် အာဏာပိုင်များ အတွက် ထိရောက်မှုရှိသော နည်းကိရိယာ တစ်ခုဖြစ်လာလိမ့်မည်ဟု ဦးမြင့်က ပြောကြားသည်။

စီးပွားရေးကျပ်တည်းမှုပြဿနာကို ကိုင်တွယ်ရန်အတွက် သမ္မတဦးသိန်းစိန် သဘောတူနိုင်မည့် အစီအစဉ်များကို ဦးမြင့်က အကြံပြု တင်ပြ ထားသည်ဟု ဆိုသည်။ စီးပွားရေး အကြံပေးဦးမြင့်က အာဏာပိုင်များအား ငွေလဲနှုန်းစနစ် ပေါင်းစုံကို တစ်ခုတည်းအဖြစ် စုစည်းရန်နှင့် စီးပွားရေး တင်းကြပ်ထားမှုများ ဖြေလျှော့ပေးရန် အကြံပြုထားသည်ဟု သိရှိရသည်။

ပို၍အသေးစိတ်ဖော်ပြရမည်ဆိုလျှင် ယင်းအစီအမံများတွင် ပို့ကုန်အခွန်လျှော့ချခြင်း၊ ပြည်ပကုန်သွယ်ရေး တင်းကြပ်ထားမှုများ ဖယ်ရှားပေး ခြင်း၊ ပြည်ပကုန်သွယ်ရေးတွင် ဒေါ်လာကို ဝယ်ယူနိုင်ခြင်း၊ ငွေကြေးတန်ဖိုး ပြင်ဆင် ချိန်ညှိနိုင်ရန် အတိုးနှုန်းများ လျှော့ချပေးခြင်း၊ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ (IMF) ထံမှ အကူအညီ တောင်းခံခြင်း၊ စီးပွားရေးစီမံခန့်ခွဲမှုတွင် ပွင့်လင်းမြင်သာခြင်း၊ တာဝန်ယူခြင်း ရှိလာအောင် အားထုတ်ရေး၊ ပြည်သူ လူထုထံ စီးပွားရေးနှင့် ပတ်သက်၍ ပြည့်စုံမှန်ကန်သည့် သတင်းအချက်အလက်များ ဖြန့်ဖြူးပေးခြင်း စသော အချက်များ ပါဝင်သည်ဟု သိရသည်။

အထက်ပါ ရည်မှန်းချက်များ အောင်မြင်ရန်ဆိုပါက ကာလကာမြင့်စွာ စီးပွားရေးကို တပ်မတော်က လက်ဝါးကြီး အုပ်ထားခဲ့ပြီးနောက်ပိုင်း ယခု နိုင်ငံ ရှေ့သို့ရွေ့ရန်အတွက် သမ္မတ ဦးသိန်းစိန်အဖို့ များစွာသော နိုင်ငံရေး ရည်မှန်းချက်၊ စေတနာ၊ ရဲရင့်မှုများ လိုအပ်နေပေသည်။ အကြောင်းမှာ အချို့ သော ဗိုလ်ချုပ် ကြီးများက စီးပွားရေးကဏ္ဍကို သူတို့၏ ကိုယ်ပိုင်ပစ္စည်း ဥစ္စာသဖွယ် ပြုမူ လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်သည်။

*********************************************************

မြန်မာ့လူ့အခွင့်အရေးတိုးတက်မှု မရှိဟု ကုလကိုယ်စားလှယ်ပြော

(30 August 2011 ရက်စွဲပါ ABC Radio Australia မှ UN envoy speaks out on Burma’s lack of human rights progress ကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံတွင် အစိုးရက ပြုပြင်ပြောင်းလဲရေးအတွက် ပေးထားသောကတိများနှင့် တကယ့် အခြေအနေမှန်များ ကြားတွင် ဝိရောဓိများ ဖြစ်လျက် ရှိသည်ဟု မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

                Tomas Ojea Quintana သည် မြန်မာနိုင်ငံသို့ ငါးရက်ကြာခရီး လာရောက်ခဲ့သည်။ လက်ရှိအားဖြင့် ပြောင်းလဲမှုအတွက် ပြတင်းပေါက် ပွင့်နေ သော်လည်း၊ အဓိပ္ပါယ်ရှိသော ပြုပြင်ပြောင်းလဲရေးအတွက် ခိုင်မာသော လက္ခဏာများ နည်းပါးသေးသည်ဟု ထင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစီအစဉ်တင်ဆက်သူ။           ။               Liam Cochrane

ပြောကြားသူ                        ။               ။               Tomas Ojea Quintana

Quintana ။             ။               မြန်မာအစိုးရဟာ လူ့အခွင့်အရေးတိုးတက်ဖို့အတွက် အလားအလာကောင်းတွေအတွက် ခြေလှမ်းလှမ်းနေပြီလို့ ကျွန်တော် မြင်ပါတယ်။ ပြဿနာကတော့ အစိုးရက ခိုင်မာတဲ့ လုပ်ဆောင်မှုတွေကို ကျွန်တော်တို့ မြင်တွေ့လိုပါတယ်။ ဒါမှသာ အခု ခြေလှမ်းတွေကို အမှန်တကယ် လုပ်ဆောင်မှုလို့ ပြောင်းပြီး လက်ခံနိုင်မှာ ဖြစ်ပါတယ်။

Cochrane ။             ။ အမြင်သာအထင်သာဆုံး ကိစ္စကြီးကတော့ နိုင်ငံရေးအကျဉ်းသားကိစ္စ ဖြစ်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ အပြု သဘော ဆောင်တဲ့ အရွေ့ တွေ့ရပြီလို့ ခင်ဗျား ယုံကြည်ပါသလား။

Quintana ။             ။ ကျွန်တော့်ရဲ့ ငါးရက်တာခရီးစဉ်မှာ သက်ဆိုင်တဲ့ အာဏာပိုင်တွေနဲ့ တွေ့ခဲ့ပါတယ်။ ပထမ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေး ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတရဲ့ အကြံပေးအဖွဲ့နဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့ အားလုံးကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ တောင်းဆို ခဲ့ပါ တယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီနဲ့ အာဆီယံအဖွဲ့ဝင်တွေကရော၊ မြန်မာရဲ့ အိမ်နီးချင်း အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက လွှတ်ပေးဖို့ တောင်းဆိုတယ်ဆိုတာ နားလည်အောင် ပြောပြခဲ့ပါတယ်။ ဒါပေမယ့် အစိုးရက လိုလိုလားလား လွှတ်ပေးလိမ့်မယ်ဆိုတဲ့ ခိုင်မာတဲ့သတင်းသော်လည်းကောင်း၊ လက္ခဏာသော်လည်းကောင်း မတွေ့ခဲ့ရပါဘူး။

Cochrane ။             ။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်ကို ခင်ဗျားရောက်ခဲ့တယ် မဟုတ်လား။ ခင်ဗျားရဲ့ အကျဉ်းထောင်အပေါ် အမြင်လေး ပြောပါဦး။

Quintana ။             ။ ဟုတ်ပါတယ်။ ကျွန်တော် နိုင်ငံရေးအကျဉ်းသားအချို့နဲ့ တွေ့ခဲ့ရပါတယ်။ သူတို့ဟာ သူတို့ရဲ့ ယုံကြည်ချက်ကို ဖော်ထုတ်လို့ အဖမ်း ခံနေရတယ်လို့ ကျွန်တော်မြင်ပါတယ်။ ဥပမာ ပြောမယ်၊ တစ်ဦးဆိုရင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူချုပ်ဆီကို စာရေးပြီး ပို့လို့ဆိုပြီး ထောင်ချခံရ ပါတယ်။ မိန်းကလေးတစ်ဦးအကြောင်း ပြောရရင် သူ့အဖေက နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တယ်ဆိုပြီး သူ့ကိုဖမ်းထားပါတယ်။ သူ့အဖေရော၊ သူ့အကို ရော၊ သူရော ထောင်ထဲမှာပါ။ ဒီလိုလူတွေဟာ သူတို့ရဲ့ လူ့အခွင့်အရေး ရပိုင်ခွင့်နဲ့ အခြေအနေအရ လွှတ်ပေးဖို့ ထိုက်တန်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလို လွှတ်ပေးသင့်တဲ့ အကျဉ်းသား အများကြီး ရှိပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အစိုးရပြောနေတဲ့ ဒီမိုကရေစီအတွက် တကယ်အဓိပ္ပါယ်ရှိတဲ့ လုပ်ငန်းစဉ်ပါ။

Cochrane ။             ။ ထောင်သားတွေကို စစ်တပ်မှာပေါ်တာအဖြစ် အသုံးပြုတဲ့သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒီကိစ္စကိုရော ခင်ဗျား အစိုးရတာဝန်ရှိသူ တွေနဲ့ တွေ့တုန်းက ပြောခဲ့ပါသေးသလား။

Quintana ။             ။ ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့တုန်းက ဒီကိစ္စကို အထူးပြောခဲ့ပါတယ်။ ဝန်ကြီးက ဒီကိစ္စကို ပြတ်ပြတ်သားသား ငြင်းပါတယ်။ ထောင်သားတွေ သာမက၊ ရွာသားတွေကိုပါ ပေါ်တာအဖြစ် မသုံးပါဘူးလို့ ပြောပါတယ်။ ဒီနေရာမှာ အကြီးအကျယ် ဝိရောဓိ ဖြစ်တာပါပဲ။ အစိုးရက တိုင်းပြည် တစ်ဝှမ်းမှာ ပေါ်တာဆွဲခြင်းကို ကျယ်ကျယ်ပြန့်ပြန့် သုံးနေတုန်းဆိုတာ သတင်းတွေရနေတုန်း ဖြစ်လို့ပါပဲ။

Cochrane ။             ။ မြန်မာအစိုးရဟာ မကြာသေးမှီက ပြည်ပမှာ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မြန်မာတွေ ပြန်လာဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့ တိုင်းပြည် ပြန်ရောက်ရင် အဖမ်းခံရမယ့် အန္တရာယ် ရှိမယ်လို့ ခင်ဗျားယုံကြည်ပါသလား။

Quintana ။             ။ အခြေအနေကတော့ အခုအချိန်မှာ အာဏာပိုင်တွေရဲ့ အမြင်ကို ဆန့်ကျင်ပြီး ဖော်ထုတ်ခဲ့မယ် ဆိုရင်တော့ အဖမ်းခံရမယ့် အန္တရာယ် ရှိပါတယ်။              

Cochrane ။             ။ အခုတစ်ခေါက် ခင်ဗျား ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ သူမအနေနဲ့ အခု တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေ အတွက် အကောင်းမြင်ပါရဲ့လား။

Quintana ။             ။ သူမကိုယ်စား ကျွန်တော် မပြောနိုင်ပါဘူး။ ကျွန်တော့်အမြင်ကို ပြောရရင်တော့ မြန်မာနိုင်ငံမှာ အခွင့်အလမ်းတော့ ပေါ်နေပြီလို့ ပြောရ ပါမယ်။ စိန်ခေါ်မှုကတော့ ဒီအခွင့်အလမ်းကို မကြာတော့တဲ့ အနာဂါတ်မှာ တကယ့် ပြောင်းလဲမှုအဖြစ် ဖော်ဆောင်နိုင်ဖို့ပါပဲ။ ပြည်သူတွေဟာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ခံစားနေရတော့ အချိန်များများ မရှိတော့ပါဘူး။ ဒီအခွင့်အလမ်းကို ချက်ချင်း အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်။

**********************************************************

ဗိုလ်ချုပ်ကြီးများ ပြုပြင်ပြောင်းလဲလာအောင် ရှင်သန်ရပ်တည်ရေးကိစ္စက တွန်းအားပေး ထိန်းကျောင်း

(Reuters သတင်း မှ 26 Aug 2011 ရက်စွဲပါ “Survival steers Myanmar Generals towards reform” သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

                မြန်မာနိုင်ငံ၏ အိမ်တွင်းပုန်း သက်ဦးဆံပိုင် အာဏာရှင်အုပ်ချုပ်သူများထံမှ အလယ်အလတ်လမ်းစဉ်နှင့် ပြုပြင်ပြောင်းလဲမှုကို ဦးတည်သည့် ရှားရှားပါးပါးစတင်လုပ်ဆောင်မှုများက အထီးကျန်အပယ်ခံနိုင်ငံတွင် ပြောင်းလဲရေးအတွက် ယနေ့စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

                မြန်မာအရပ်ဖက် အစိုးရသစ်ထံမှ စေ့စပ်ညှိနှိုင်းရေး အချက်ပြမှုများ ရုတ်တရက် ထွက်ပေါ်လာမှုကြောင့် ကမ္ဘာ့ အလျှို့ဝှက်ဆုံး၊ အဂတိ လိုက်စားမှု အများဆုံး၊ အဖိနှိပ်ဆုံး အာဏာရှင် အစိုးရများထံမှ တစ်ခုအပါအဝင်ဖြစ်သော မြန်မာအစိုးရကို လွန်ခဲ့သော ၅ လကမှ ထိန်းချုပ်ခဲ့ကြသည့် ဗိုလ်ချုပ်ကြီး များ၏ ရည်ရွယ်ချက်အမှန်နှင့် ပတ်သက်၍ မေးစရာများ ရှိလာခဲ့သည်။

                မနှစ်ကရွေးကောက်ပွဲများအပြီး အာဏာကို တရားဝင်ပြန်လည်ချုပ်ကိုင်ခဲ့ကြသော အငြိမ်းစား ဗိုလ်ချုပ်ဟောင်းများက ယခုအခါ ပြုပြင် ပြောင်းလဲရေးကို ဦးတည်သည့် လှုပ်ရှားမှုအချို့ ပြုလုပ်လိုကြောင်း ပြသလာခြင်းသည် ၎င်းတို့၏ ရှင်သန်နိုင်ရေးအတွက် အဓိက ဖြစ်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံအတွင်း အင်တာဗျူးလုပ်ခဲ့သော သံတမန်များ၊ နိုင်ငံရေးအကဲခတ်များနှင့် မြန်မာများစွာက ပြောကြားခဲ့ကြသည်။

                မနှစ်က ရွေးကောက်ပွဲများ ပြီးစီးချိန်အထိ ထိန်းသိမ်းခံရပြီးမှ လွတ်မြောက်လာခဲ့ရသူ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့သော သီတင်းပတ်တွင် သမ္မတသစ် ဦးသိန်းစိန်က တရားဝင် တွေ့ဆုံမှု ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကြိုဆိုခဲ့ သော်လည်း “ထိုးဇာတ်” တစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည်။

                ၁၉၈၈ ခုနှစ်က ကျောင်းသားအရေးတော်ပုံအပြီး ချမှတ်ထားခဲ့သည့် အနောက်နိုင်ငံ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများသည် မြန်မာ့တပ်မတော် အာဏာရှင် ခေါင်းဆောင်များကို ခွဲခြားပစ်ပယ်ထားခဲ့သလို ယခု အရပ်ဖက်အစိုးရကိုလည်း ဆက်လက်၍ အနှောင့်အယှက်ပေးလျက်ရှိသော်ငြားလည်း မြင်သာ ခိုင်မာသော ပြုပြင်ပြောင်းလဲမှုများ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ လွှတ်ပေးရေးကို လုပ်ဆောင်ပြသခြင်း မရှိသရွေ့ ပိတ်ဆို့မှုများကို ရုတ်သိမ်း ပေးမည့် လက္ခဏာ မရှိပါ။

                “ဖြစ်ပျက်နေတာတွေကို ကြည့်ရင်တော့ မြန်မာအစိုးရက သူတို့ကိုယ်သူတို့ တရားဝင်တယ်၊ စစ်မှန်တယ်၊ ဒီမိုကရေစီကို ဖွံ့ဖြိုးအောင် လုပ်နေ တယ် ဆိုတာ ပေါ်လွင်နိုင်ဖို့ ကြိုးစားနေတဲ့ ပုံပါပဲ” ဟု ပြောကြားသူမှာ London’s School of Oriental and Africa Studies မှ မြန်မာ့ရေးရာ ကျွမ်းကျင် သူ Michael Charney ဖြစ်သည်။

                “ကျွန်တော်ကတော့ လတ်တလောဖြစ်ရပ်မှန်သမျှကို ဒီမိုကရေစီကို ဦးတည်ပြီး အပြုသဘောဆောင်တဲ့ ခြေလှမ်းလို့ မယူဆပါဘူး၊ ရေရှည် ထိန်းချုပ် ဖို့ မျှော်လင့်ထားတဲ့ လက်ရှိ အာဏာချုပ်ကိုင်ထားသူတွေ၊ မိသားစုတွေရဲ့ အနေအထားကို ချောမွေ့ခိုင်မာအောင် လုပ်တဲ့သဘောလို့ပဲ ယူဆပါ တယ် ” ဟု ၎င်းက မှတ်ချက်ပေးသည်။

                တပ်မတော်အစိုးရ၏ အာဏာခိုင်မြဲရေးလုပ်ငန်းစဉ်ကို စတင်နေသည်မှာ ကြာလှပြီဖြစ်သော်လည်း နိုင်ငံ၏ အမြတ်အစွန်းကြီးမားသော ကန်ထရိုက် များ၊ စီးပွားရေးလုပ်ငန်းများ၊ မြေယာ၊ အဆောက်အအုံများကို အစိုးရနှင့် ဝေမျှစားဖက်ရောင်းရင်းများက လက်သိပ်ထိုးလက်ဝါးကြီးအုပ် ရယူ ခဲ့ကြသည့် ရှင်းရှင်းလင်းလင်း မရှိသော ပုဂ္ဂလိကပိုင်ပြုလုပ်ရေး အစီအစဉ်၏ တစိတ်တပိုင်းအဖြစ် နိုင်ငံပိုင်လုပ်ငန်းများစွာကို အပြောင်ရှင်းရောင်းချချိန် ၂၀၀၉ နှစ်ကုန်ပိုင်းတွင် ပို၍ အရှိန်မြှင့်လာခဲ့ခြင်း ဖြစ်သည်။

                အထက်ပါ အပြောင်ရှင်း ရောင်းချမှုကို တပ်မတော်နောက်ခံ USDP ပါတီ အနိုင်ရသည့် ဂရုတစိုက် အကွက်ချ ဖန်တီးထားသော နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်မီ ကြိုတင်လုပ်ဆောင်ခဲ့ကြသည့် ယခင်တပ်မတော်အစိုးရ၏ နံပါတ် (၄) အဆင့်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် လွှတ်တော်က ရွေးချယ်ပေးခဲ့ပြီး သူက ဆက်လက်၍ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ရွေးချယ်ခန့်အပ်ခဲ့သည်ဟု ဆိုသည်။

အပယ်ခံ အနေအထား

              ယခင်က အင်ဒိုနီးရှားတွင် တွေ့မြင်ခဲ့ရပြီး ယခုအခါ ထိုင်နိုင်ငံတွင် အမြစ်တွယ်နေသည့် နိုင်ငံရေး၊ စီးပွားရေး။ စစ်တပ်တို့ အမြွှာပူးသဖွယ် အနီးကပ်ဆက်နွယ်မှုကဲ့သို့ပင် မြန်မာနိုင်ငံတွင်လည်း ရွေးကောက်ပွဲနှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်း အစီအစဉ်များက ဒီမိုကရေစီနှင့် အလယ်အလတ် ပြောင်းလဲခြင်း ဟန်ပန် ထွက်အောင် ဖန်တီးပေးထားပြီး အာဏာကိုသေချာစေခြင်း၊ တပ်မတော်နောက်ခံ အဖွဲ့အစည်းလက်ထဲသို့ စီးပွားဥစ္စာနှင့် ကူညီမှု ရန်ပုံငွေများ စုပြုံ ရောက်ရှိသွားစေခြင်းတို့ကို ဖြစ်ပေါ်စေသည်။

                မြန်မာနိုင်ငံသည် ထိုသို့ ပြောင်းလဲမှုများ ပြုလုပ်ပြထားသော်ငြားလည်း နိုင်ငံ၏ အုပ်ချုပ်သူအလွှာကို တင်းတင်းကြပ်ကြပ် ဒဏ်ခတ်ထားသည့် အနောက်နိုင်ငံ အရေးယူမှု အစီအစဉ်များက ပိတ်ဆို့ထားသော အပယ်ခံ အထီးကျန်နိုင်ငံ ဖြစ်နေဆဲပင်ဖြစ်သည်။

                အစိုးရက ပြုပြင်ပြောင်းလဲမှုများအကြောင်း ထုတ်ဖေါ် ပြောဆိုလာအောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအောင် ပိုမို ပွင့်လင်းသည်းခံ လာသည့် ပုံစံ ပေါ်လွင်အောင် ကြိုးစားရန် ၎င်း (အစိုးရ) ၏ ရောင်းရင်း အပေါင်းအသင်းများက အကြံပေးလမ်းညွှန်ဖွယ် ရှိသည်ဟု အချို့က ဆိုသည်။

                စီးပွားရေး အင်အားကြီး တရုတ်နှင့် အိန္ဒိယတို့အကြား မဟာဗျူဟာမြောက် ကြားညှပ်တည်ရှိကာ သဘာဝဓါတ်ငွေ့၊ ကျွန်းနှင့် သစ်မာ၊ ကျောက်မျက် ရတနာများ ကြွယ်ဝသော နိုင်ငံ၏ ဆင်းရဲနွမ်းပါးသော ပြည်သူ သန်း ၅၀ အပေါ် ထောက်ထားကာ အရေးယူဒဏ်ခတ်မှုများ ရုတ်သိမ်း ပးရန် သီးခြားစီ စည်းရုံးလုပ်ဆောင်နေကြသည့် နိုင်ငံစုံ ကုမ္ပဏီကြီးများနှင့် အတူ အနောက်နိုင်ငံအစိုးရများကလည်း လက်ရှိ အခြေအနေကို စောင့်ကြည့် လျက် ရှိကြသည်။

                အစိုးရက လတ်တလော ပြသလိုက်သည့် လက္ခဏာများတွင် ခွဲထွက်ရေး တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးရေး၊ ပညာရှင်များ၊ နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များကို သမ္မတက တွေ့ဆုံခြင်း၊ ပြစ်တင် ဝေဖန်မှုကို အနည်းငယ်သည်းခံလိုက်လျောလာခြင်း၊ ပြန်လည် သင့်မြတ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စ အပေါ် တိုင်ပင်ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ခေါ်ခြင်း စသည်တို့ ပါဝင်သည်။

                အခြား လက္ခဏာ တစ်ခုမှာ အနောက်နိုင်ငံမီဒီယာများကို တိုက်ခိုက်သည့် စာတမ်းများကို စာမျက်နှာ ထက်ဝက်မျှ နေ့စဉ်ဖေါ်ပြပေးနေသည့် နိုင်ငံပိုင် သတင်းစာများမှ ဖယ်ရှားပေးလိုက်ခြင်းဖြစ်သည်။

                ရန်ကုန် အခြေစိုက် သံတမန်များက အစိုးရ၏ ပြောင်းလဲရေးလေသံ ထွက်လာခြင်းကို အံ့အားသင့်မိကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြသော်လည်း ပိုမို အဓိကကျ၍ ကြီးမားသော ပြောင်းလဲတိုးတက်မှုများကို မြင်တွေ့လိုသည်ဟု ပြောကြားကြသည်။

                အနောက်သံတမန်တစ်ဦးက “ယခုအချိန်အထိတော့ မဆိုးပါဘူး၊ ဆက်လက် ပြောင်းလဲတိုးတက်မှုနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကောင်း ဖက်က မြင်တယ်လို့ ဆိုနိုင်ပေမယ့် စောင့်ကြည့်ရဦးမှာပါ” ဟု မှတ်ချက်ပေးသည်။

                လွှတ်တော်အမတ်များကြားတွင်လည်း အလားတူ သုံးသပ်လျက် ရှိသည်။ ပါတီအာဘော်နဲ့ မဆိုင်ဘဲ လွှတ်တော်အမတ်တွေရဲ့ ပုဂ္ဂလိက မှတ်ချက်ကတော့ အခြေအနေဟာ အရင်ကထက်ပိုပြီး အကောင်းဖက်ကို ရောက်လာနေတယ်ဆိုတဲ့ အချက်ပါပဲဟု ပြောကြားသူမှာ ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ခေါင်းဆောင် လွှတ်တော်အမတ် ဦးအေးမောင် ဖြစ်သည်။

                ယခု အပြောင်းအလဲများကို သမ္မတ ဦးသိန်းစိန်က သူ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်ခြင်းလား (သို့) သူ၏ ဆရာဖြစ်သူ အာဏာစက် ပြင်းသော၊ ယခင် အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ခိုင်း၍ ပြုလုပ်ခြင်းလား ဆိုသည့် အချက်မှာမူ သဲကွဲစွာ မသိကြရပါ။

                သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံမှုကို ဗြိတိန်နိုင်ငံခြားရေးဌာနက ကြိုဆိုလိုက်သလို ပွင့်လင်းမြင်သာသော ဆွေးနွေးမှုဖြင့် တွေ့ဆုံမည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်ကို ထောက်ခံသည်ဟု ဝါရှင်တန်က ထုတ်ဖေါ်ပြောကြားလိုက်သည်။

                စေ့စပ်ညှိနှိုင်းရေး အချက်ပြမှုကို လက်ခံကာ အခွင့်အလမ်းကို ဖမ်းဆုပ်ခြင်းသည် အမျိုးသားအကျိုးစီးပွားကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်ဟု ကုလ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားခဲ့သည်။

လက်ခံရေးအတွက်တွန်းအား

              မြန်မာအစိုးရသည် ၎င်းတို့ မရှုံးနိမ့်လိုသည့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ မတိုင်မီ တစ်နှစ်အလို ၂၀၁၄ တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌ လုပ်ခွင့်ရရေးအတွက် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကို စည်းရုံးရန် ကြိုးစားနေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ကြောင်း Harvard University မှ မြန်မာ နိုင်ငံရေးသိပ္ပံ ပညာရှင် ဦးဝင်းမင်းက ပြောကြားသည်။

                အာဆီယံ အိမ်ရှင်ဖြစ်ရေးသည် အရေးကြီးသည်ဟု အစိုးရက ယူဆရသည့်အကြောင်းမှာ အရေးယူဒဏ်ခတ်မှု Sanctions များ လျှော့ပေါ့ခြင်း၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများထံမှ အကူအညီရလာနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေမည့် နိုင်ငံတကာ လက်သင့်ခံမှု အနေအထားတစ်ရပ်ကို ကိုယ်စားပြု နေခြင်းတို့ကြောင့် ဖြစ်ကြောင်း ဦးဝင်းမင်းက သုံးသပ်ပြောကြားသည်။

                တစ်နှစ်အတွင်း ၂၀% တန်ဖိုးတက်ကာ လယ်သမားများ၊ ပို့ကုန်လုပ်ငန်းရှင်များ၊ ဘဏ်ချေးငွေ မဆပ်နိုင်သော လုပ်ငန်းများကို များစွာ ထိခိုက် နစ်နာစေခဲ့သည့် ကျပ်ငွေပြဿနာကို မည်သို့ကိုင်တွယ်မည် ဆိုသည့်အပေါ် တိုင်ပင်ဆွေးနွေးရန် အတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ကိုယ်စားလှယ် အဖွဲ့ကို အောက်တိုဘာလတွင် လာရောက်ရန် မြန်မာအစိုးရက ဖိတ်ခေါ်ထားပြီး ဖြစ်သည်။

လအတန်ကြာ မလှုပ်ရှားမှုကြောင့် စောင့်ကြည့်သူတို့ ဒေါသများ ဆူဝေလာချိန်တွင် အစိုးရက ပို့ကုန်လုပ်ငန်းများကို အခွန်လျှော့ပေးခြင်း၊ စိုက်ပျိုးရေး ချေးငွေ ထုတ်ပေးရန် ကတိပြုခြင်း၊ သန်းပေါင်းများစွာသော လယ်သမားများကို ဈေးနှုန်းအာမခံခြင်းတို့ ပြုလုပ်ခြင်းသည် “နေ့စဉ် စားဝတ်နေ ရေး ကိစ္စအပေါ် အကိုင်အတွယ် မှားသွားပါက ၁၉၈၈ နှင့် ၂၀၀၇ ကဲ့သို့ သွေးမြေကျ အရေးတော်ပုံများ ထပ်ဖြစ်ပွားနိုင်သည်” ကို စိုးရိမ်ပူပန်နေခြင်း ဖြစ် ကြောင်း ညွှန်ပြနေသည်။

                ဝါရှင်တန် Georgetown University မှ  မြန်မာ့ရေးရာ အကဲခတ် David Steinberg က ပြောကြားသည်မှာ “အထူးသဖြင့် နိုင်ငံရေး အကျဉ်း သားများ လွှတ်ပေးခြင်းကဲ့သို့သော သိသာထင်ရှားသည့် အလျှော့ပေးမှုများ မရှိခြင်းသည် စစ်မှန်သော ပြုပြင်ပြောင်းလဲမှုတို့ မကြာမီအတွင်း ပေါ်ထွက် လာရန် မရှိဟု ဆိုလိုရာ ရောက်သည်” ဟူ၍ ဖြစ်သည်။

                သို့သော်လည်း ယခု ပြသသည့် လက္ခဏာများမှာ အရေးကြီးသည့် အချက်ပြမှုများ ဖြစ်သောကြောင့် မြန်မာအစိုးရအား သူကိုယ်တိုင် သက်သေ ပြဖို့ အခွင့်အရေးပေးရမည်ဟု Steinberg က ပြောကြားသည်။

                ကျွန်တော်တို့ မြင်နေရတဲ့ ပြောင်းလဲမှု အလားအလာဟာ အရင်တုန်းက မမြင်ဘူးခဲ့တဲ့အရာတွေ ဖြစ်ပါတယ်၊ ဒါကို ဟန်ဆောင်ပြောင်းလဲမှုလို့ ယူဆသူတွေဆီက သဘောကွဲလွဲဝေဖန်မှုတွေ အများကြီးရှိပါလိမ့်မယ်၊ ဒါပေမယ့် ဒီကိစ္စဟာ ဟန်ဆောင်လှည့်စားမှုလို့ ဆိုဦးတော့၊ အမှန်တကယ် ဖြစ်လာ နိုင်တဲ့ အလားအလာကိုတော့ ကျွန်တော်တို့ အနည်းဆုံး ပွင့်လင်းစွာ လက်သင့်ခံရမှာပါ” ဟု Steinberg က ပြောကြားလိုက်သည်။

***********************************************************

စင်ကာပူနိုင်ငံ သမ္မတ အဖြစ် Tony Tan အရွေးခံရ

(27 August  2011 ရက်စွဲပါ BBC News မှ Singapore presidential election won by Tony Tan ကို ဘာသာ ပြန်ဆိုသည်)

                စင်္ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်း Tony Tan သည် သမ္မတ ရွေးကောက်ပွဲတွင် ပွတ်ကာသီကာ အနိုင်ရရှိခဲ့သည်။ Tony Tan နှင့် ရှေ့မှ ပြေးနေသော Tan Cheng Bock တို့နှစ်ဦး၏ မဲများကို ပြန်လည်ရေတွက်ပြီးနောက် ရလဒ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။

                အသက် (၇၁) နှစ်ရှိ Tony Tan အား လက်ရှိအာဏာရ People’s Action Party က ပိုမို နှစ်သက်ဟန်ရှိသည်။ People’s Action Party သည် လွတ်လပ်ရေး ရပြီးကတည်းက စင်္ကာပူနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

                စင်္ကာပူသမ္မတ၏ တာဝန်မှာ အခမ်းအနားများတက်ရုံသာ ရှိသည်။ ယခုရွေးကောက်ပွဲမှာ ( ၁၈) နှစ်အတွင်း ပထမဆုံး ပြုလုပ်သည့် ရွေးကောက်ပွဲ ဖြစ်သည်။

                ရွေးကောက်ပွဲတာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် စနေနေ့က လေးဦးယှဉ်ပြိုင်ရာတွင် မဲနှစ်သန်းကျော် အနက် မဲ ( 7269) မဲအသာဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

                ပထမအကြိမ်ရေတွက်အပြီးတွင် ရှေ့မှ ပြေးနေသောနှစ်ဦးသည် 2% ထက်လျော့နည်းသော မဲသာ ကွာခြားလျက် ရှိပြီး ရွေးကောက်ပွဲဌာနက ထပ်မံ ရေတွက်ရန် အမိန့်ပေးခဲ့သည်။

                သမ္မတအတွက် ဝင်ရောက်ယှဉ်ပြိုင်သူ လေးဦးလုံး၏အမည်ရှေ့တွင် Tan ဟူသောအမည် ပါဝင်လျက်ရှိသည်။ Tony Tan ၏ ပွတ်ကာသီကာ အနိုင်ရမှုမှာ ဝန်ကြီးချုပ် လီရှန်လွန်း၏ ကျောထောက်နောက်ခံပြုပေးမှုကြောင့် ဖြစ်ဖွယ်ရှိသည်။

                လွန်ခဲ့သော သုံးလက အထွေထွေရွေးကောက်ပွဲတွင် People’s Action Party မှ အနိုင်ရခဲ့သည်။ ခြောက်နေရာ အနိုင်ရခဲ့သော အတိုက်အခံ အတွက်မူ ကြီးမားသောအောင်မြင်မှု ဖြစ်သည်။

                မဲပေးသူများက လူဝင်မှုကြီးကြပ်ရေး၊ နေထိုင်မှုစရိတ်နှင့် အစိုးရဝန်ထမ်းလစာ မြင့်မားမှုများကို စိတ်ဆိုးကြသည်။

                စင်္ကာပူမှ ယခင်က ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့ခြင်းကြောင့် ဗြိတိသျှ ပါလီမန်ပုံစံ အုပ်ချုပ်ခဲ့သော်လည်း 1965 ခုနှစ် လွတ်လပ်ရေးရသောအခါ သမ္မတ ရာထူး စတင်ထားရှိခဲ့သည်။ သမ္မတ ဝင်ရောက်အရွေးခံသူများသည် တစ်သီးပုဂ္ဂလသာ ဝင်ရောက် အရွေးခံရသည်။ အဘယ်ကြောင့်ဆိုသော် စင်္ကာပူနိုင်ငံ ခေါင်းဆောင်သည် မည်သည့် ပါတီကိုမျှ ကိုယ်စားပြုခြင်း မရှိရဟု ကန့်သတ်ထားခြင်းကြောင့် ဖြစ်သည်။

*******************************************************

အိန္ဒိယ၏ ပထမသုံးလပတ် စီးပွားရေး တိုးတက်မှုနှေးကွေး

(30 August 2011 ရက်စွဲပါ AP ၏ India’s economic growth slows rate hikes ကို ဘာသာ ပြန်ဆိုသည်)

                အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ဧပြီလမှ ဇွန်လကုန်ထိ ပထမသုံးလပတ်တွင် ငွေကြေးဖောင်းပွမှု လျှော့ချရန် အတိုးနှုန်းများ မြှင့်တင်ခဲ့ပြီးသည့် နောက်ပိုင်းတွင် နှေးကွေးခဲ့သည်။

                စာရင်းအင်းအေဂျင်စီက အင်္ဂါနေ့က ပြောကြားရာတွင် အာရှ၏ တတိယအကြီးဆုံး စီးပွားရေးတိုင်းပြည်ဖြစ်သော အိန္ဒိယသည် လွန်ခဲ့သည့် နှစ်က ထက်စာလျှင် 7.7% ကြီးထွားလာပြီး 2010 ပထမသုံးလပတ်တွင် 8.8% ကြီးထွားခဲ့သည်ဟု ဆိုသည်။

                ထုတ်လုပ်မှုကဏ္ဍတွင် 7.2% သာ တိုးတက်ခဲ့ပြီး ယမန်နှစ်က ပထမသုံးလပတ်တွင် 10.6% ထိ တိုးတက်ခဲ့သည်။ ဆောက်လုပ်ရေးကဏ္ဍတွင် ယမန်နှစ် သုံးလပတ်တွင် 7.7% တိုးခဲ့ရာမှ ယခုနှစ်တွင် 1.2% သာ တိုးခဲ့သည်။ စိုက်ပျိုးရေးကဏ္ဍတွင်မူ ယခင်နှစ်အတိုင်း အမှီလိုက်နိုင်ခဲ့သည်။

                အိန္ဒိယဗဟိုဘဏ်အနေနှင့်မူ ငွေကြေးဖောင်းပွမှု လျော့ချရန် အတိုးနှုန်းများကို အကြိမ်ကြိမ် မြှင့်တင်ခဲ့သည်။ အထူးသဖြင့် အစားအသောက် ဈေးနှုန်းမြင့်တက်ခြင်းသည် ဆင်းရဲမွဲတေမှုကို ပိုမို ဖြစ်စေသည်။ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ခြင်းကြောင့် တိုးတက်မှု နှေးကွေးရခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

                2011 မတ်လ (31) ရက်နေ့ ကုန်ဆုံးသော ယမန်နှစ်က ဘဏ္ဍာနှစ်တွင် အိန္ဒိယစီးပွားရေးသည် 8.5% တိုးတက်ခဲ့သည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment