Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၈.၂၀၁၁

ပြည်တွင်းသတင်းများ

  1. တန်ဖိုးငွေချေပြီးသည့် နိုင်ငံပိုင် စက်ရုံ၊ မြေ၊ သိုလှောင်ရုံ (၆) မျိုး ပုဂ္ဂလိကသို့ ပေးအပ်
  1. သစ်၊ ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်သည့် ကုန်ပစ္စည်းများ အခွန်ခြောက်လ ကင်းလွတ်ခွင့်ရ
  2. လမ်းဘေးတောင်းရမ်းသူများအား ဒုတိယအကြိမ်ဖမ်းဆီးမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. DKBA အဖွဲ့အစည်း မရှိတော့ပြီ ဖြစ်ကြောင်း ကြေငြာချက်ထုတ်
  1. ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရန်အဆိုကို လွှတ်တော်မှအတည်ပြုခဲ့ခြင်းကို ကြိုဆိုမှုများရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဧရာဝတီကို ကယ်တင်ကြ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

တန်ဖိုးငွေချေပြီးသည့် နိုင်ငံပိုင် စက်ရုံ၊ မြေ၊ သိုလှောင်ရုံ (၆) မျိုး ပုဂ္ဂလိကသို့ ပေးအပ်

              နိုင်ငံပိုင် စက်ရုံ၊ မြေ၊ သိုလှောင်ရုံ (၆)မျိုးအား ဝယ်ယူခွင့်ရရှိခဲ့သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက တန်ဖိုးငွေပေးချေပြီး ဖြစ်သည့်အတွက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်က မူဝါဒနှင့်အညီ ပုဂ္ဂလိကသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များက ဝယ်ယူခွင့်ရရှိခဲ့သော နိုင်ငံပိုင်ပစ္စည်းများမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေးလက်အောက်ရှိ ကွမ်းခြံကုန်းမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ မြေ ၉ ဒသမ ၄၉ ဧက ပေါ်ရှိ မြေနှင့် သိုလှောင်ရုံ ၆ လုံးကို ဦးညီညီထွေးက ကျပ်သန်း ၃၁၅ ဖြင့်လည်းကောင်း၊ လှိုင်သာယာ မြို့နယ် ဆန်စက်အမှတ် ၂၈၂ ၏ ဆက်စပ်မြေ ၅၁ ဒသမ ၂၇၃ ဧကကို ပြည်ထောင်စု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ကျပ်သန်း ၁၈၃၈ ဒသမ ၈၉၈ ဖြင့်လည်းကောင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ် တိုက်ရိုက်ကုန်တင် ကုန်ချဌာနစု(၂) အုပ်စု (၁၂) ဝင်းရှိ သိုလှောင်ရုံ ၁၇ လုံး၊ ရေဆင်းတံတား ၂ခု၊ အဆောက်အအုံနှင့် လုပ်ငန်းသုံးပစ္စည်းများကို ပြည်ထောင်စု မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်က ကျပ်သန်း ၃၆၂၃ ဒသမ ၉၂၂ ဖြင့်လည်းကောင်း ဝယ်ယူခွင့် ရရှိခဲ့ကြောင်းသိရသည်။

ထို့ပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များ ဝယ်ယူခွင့်ရရှိခဲ့သည့် နိုင်ငံပိုင် စက်ရုံ၊ မြေ၊ သိုလှောင်ရုံများမှာ  အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အိမ်သုံး ပစ္စည်း လုပ်ငန်း လက်အောက်ရှိ ကမာရွတ်မြို့နယ် မြန်မာ့ထီးစက်ရုံ (ကြက်ဆင်)ကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က ကျပ်သန်း ၃၃၈၈ ဒသမ ၀၇ ဖြင့်လည်းကောင်း၊ အမှတ်(၁) စက်မှုဝန် ကြီးဌာန မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်း လက်အောက်ရှိ လှိုင်မြို့နယ် ၇ ရပ်ကွက်ရှိ ရန်ကုန်ပုလင်းသွင်း စက်ရုံခွဲ (စက်ကရိယာမပါ မြေနှင့် အဆောက်အအုံသာ)ကို ဦးလှရွှေက ကျပ်သန်း ၃၉၉ ဒသမ ၇၃၉ ဖြင့်လည်းကောင်း၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ်လုပ်ငန်း လက်အောက်ရှိ မရမ်းကုန်းဆေးဂွမ်းနှင့် ပတ်တီးစက်ရုံ အမှတ်(၂၆) ကို ဒေါ်အုံးတင်က ကျပ်သန်း ၅၉၇၀ ဖြင့်လည်းကောင်း ဝယ်ယူခွင့်ရရှိခဲ့ကြောင်း News Watch ဂျာနယ်တွင် ဖော်ပြပါရှိသည်။

၎င်း စက်ရုံ၊ မြေ၊ သိုလှောင်ရုံ ခြောက်မျိုးကို နိုင်ငံတော်ပိုင်အဖြစ်မှ ပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များလက်သို့  လွှဲပြောင်းပေးအပ်နိုင်ရန် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

                                                                                                                Ref: News Watch

-----------------------------------------------------------------------------------------------------------------------------------

 သစ်၊ ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်သည့် ကုန်ပစ္စည်းများ အခွန်ခြောက်လ ကင်းလွတ်ခွင့်ရ

နိုင်ငံတော်မှ ပြည်ပပို့ကုန် တိုးမြှင့်ရေးကို အားပေးသည့်အနေဖြင့် သစ်၊ ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်သော တန်ဖိုးမြင့် ကုန်ပစ္စည်းများ ပြည်ပသို့ တင်ပို့ ရောင်းချသည့် အပေါ်တွင် ကုန်သွယ်လုပ်ငန်းခွန် ခြောက်လ ကင်းလွတ်ခွင့် ပြုခဲ့ကြောင်း သိရသည်။

၎င်း ပြည်ပပို့ကုန်ပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ကို စက်တင်ဘာလ ၁ ရက် နေ့စွဲနှင့် အမိန့်ကြော်ငြာစာ အမှတ် (၃၃/၂၀၁၁) ဖြင့် ထုတ်ပြန် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိသည့် သစ်၊ ဝါး၊ ကြိမ်တို့ဖြင့် ပြုလုပ်ရသည့် တန်ဖိုးမြင့် ကုန်ပစ္စည်းများ ရောင်းရသည့်အပေါ်တွင် စည်းကြပ်ကောက်ခံလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ (ဃ) အရ အခွန်ခြောက်လ ကင်းလွတ်ခွင့် ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယခု ကုန်သွယ်လုပ်ငန်းခွန် ခြောက်လ ကင်းလွတ်ခွင့် ပြုလိုက်သည့် ကုန်ပစ္စည်းများသည် နိုင်ငံပိုင်ကဏ္ဍနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြပါရှိသည်။

ပြည်ထောင်စု အစိုးရအဖွဲ့သည် နိုင်ငံတော်၏ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို အားပေးသည့်အနေဖြင့် သစ်၊ ၀ါး၊ ကြိမ်တို့ဖြင့် ပြုလုပ်သော တန်ဖိုးမြင့် ပစ္စည်းများ၏ ပြည်ပပို့ကုန် ရောင်းရငွေအပေါ် စည်းကြပ်ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ)အရ ကင်းလွတ်ခွင့် ပြုလိုက်သည်။ အထက်ပါ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်သည် နိုင်ငံပိုင်ကဏ္ဍနှင့် သက်ဆိုင်ခြင်းမရှိစေရ။ ဤ အမိန့်ကြော်ငြာစာအမှတ် (၃၃/၂၀၁၁) သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့အထိ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လမ်းဘေးတောင်းရမ်းသူများအား ဒုတိယအကြိမ်ဖမ်းဆီးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းဆုံများ၊ မီးပွိုင့်များနှင့် အများပြည်သူသွားလာနေကြသည့် လမ်းမကြီးများပေါ်တွင် တောင်းရမ်း    စားသောက်နေသူများကို ထပ်မံတွေ့ရှိနေရသေးသည့်အတွက် သက်ဆိုင်ရာမှ ဒုတိယအကြိမ်မြောက် စီမံချက်ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

လမ်းဘေးတောင်းရမ်းနေသူများကို ဒုတိယအကြိမ်မြောက် သက်ဆိုင်ရာမှ ဥပဒေအရ ဖမ်းဆီးဆောင်ရွက်သွားမည် ဖြစ်ပြီး ဖမ်းဆီးရမိသော တောင်းရမ်းသူများကို မှော်ဘီမြို့နယ် ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးစခန်းသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

လမ်းဘေးတောင်းရမ်းနေကြသူအများစုမှာ ကလေးသူငယ်များ ဖြစ်ပြီး နိုင်ငံတော်မှလည်း ၎င်း မိဘမဲ့လေလွင့် ကလေးငယ်များနှင့် အခြေ      အနေမဲ့များ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရှိ မြို့နယ်အသီးသီး၌ လမ်းဘေး တောင်းရမ်းစားသောက်သူ ပပျောက်မှု ကြီးကြပ်ရေးအဖွဲ့များကို အသစ် ပြန်လည် ဖွဲ့စည်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ အခြေအနေမဲ့များနှင့် မိဘမဲ့လေလွင့်ကလေးငယ်များ၏ လမ်းဘေး တောင်းရမ်းစားသောက်နေမှုများကြောင့် နိုင်ငံ၏ ပြယုဂ်ကို ပျက်ပြား စေသည့်အပြင် မြို့ပြအင်္ဂါရပ်များကိုလည်း ပျက်စီးစေနိုင်သည့်အတွက် ယခုကဲ့သို့ လမ်းဘေး တောင်းရမ်းစားသောက်နေသူမျာအား သက်ဆိုင်ရာမှ ဒုတိယ အကြိမ်မြောက် ဖမ်းဆီးအရေးယူဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သက်ဆိုင်ရာမှ လမ်းဘေးတောင်းရမ်းနေသူများကို အရေးယူ ဆောင်ရွက်မှုများပြုလုပ်သည့်အပြင် နိုင်ငံတော်မှလည်း ၎င်းတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း တစ်ရပ်ရပ် လုပ်ဆောင်ပေးမှသာလျှင် လမ်းဘေး တောင်းရမ်းစားသောက်မှု ဈေးကွက်မှာ ပပျောက် သွားနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လမ်းဘေးတောင်းရမ်းနေသူများအား အရေးယူဆောင်ရွက်မှုများကို လူမှုဝန်ထမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ အဖွဲ့များမှ စီမံချက်ဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး အခြေအနေမဲ့နှင့် မိဘမဲ့ကလေးငယ်များကို တွေ့ရှိပါက သက်ဆိုင်သည့် သင်တန်းကျောင်းများသို့ ပို့ဆောင်ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် လမ်းဘေးတောင်းရမ်း စားသောက်မှုပပျောက်ရေးအဖွဲ့အား အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ၎င်းအဖွဲ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ တရားရေး၊ လဝက၊ စည်ပင်၊ လူမှုဝန်ထမ်း၊ ကျန်းမာ ရေး၊ သာသနာရေး၊ ပြည်တွင်း ကုန်တင်ကုန်ချ ကော်မတီ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် သက်ဆိုင်ရာ လုပ်ငန်းဌာနများမှ တာဝန်ရှိသူများပါဝင်ကြောင်း သိရသည်။

Ref:News Watch

 ××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ  

DKBA အဖွဲ့အစည်း မရှိတော့ပြီ ဖြစ်ကြောင်း ကြေငြာချက်ထုတ်

ကရင်အမျိုးသား အစည်းအရုံး (KNU)မှ ဘာသာရေးအကြောင်းပြချက်ဖြင့် ခွဲထွက်ဖွဲ့စည်းခဲ့သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် (Democratic Karen Buddhist Army) သည် မရှိတော့ပြီဖြစ်ကြောင်း ယင်းအဖွဲ့အစည်းတွင်  ပါဝင်ပတ်သက်ခဲ့သူများက နိုင်ငံပိုင် သတင်းစာတွင် စက်တင်ဘာ ၃ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်ကို ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အခြေစိုက် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုးတက်ရေးပါတီ (KSDPP)မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး၊ DKBA အဖွဲ့သည် သြဂုတ် ၁၈ ရက်နေ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နယ်ခြားစောင့်တပ်ရင်း ၁၂ ရင်းအား ဖွဲ့စည်းခဲ့ပြီး အသက် ၅၀ ကျော်သည့်  DKBA အရာရှိစစ်သည်ဟောင်းများသည် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံဖြိုးတိုး တက်ရေး ပါတီ (KSDPP )အား တရားဝင် ဖွဲ့စည်းနေကြောင်း ပါရှိသည်။

ယခုကဲ့သို့ ကြေငြာချက် ထုတ်ပြန်ရခြင်းမှာ နိုင်ငံတော်အစိုးရမှ သြဂုတ် ၁၈ ရက်နေ့တွင် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ကြေငြာခဲ့ချက် ထုတ်ပြန်ခြင်းအား DKBA အနေဖြင့် တစ်ဖွဲ့ခြင်းဆွေးနွေးမည် မဟုတ်ဘဲ တပ်ပေါင်းစုအနေဖြင့်သာ ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ပသတင်းဌာန တစ်ခုမှ ကြေငြာသွားခြင်း ရှိသည့်အတွက် DKBA အဖွဲ့အစည်း မရှိတော့ပြီဖြစ်ကြောင်းကို ပြည်သူများ သိရှိစေရန် အသိပေးရှင်းလင်းရခြင်း ဖြစ်ကြောင်း ယင်း အဖွဲ့အစည်းနှင့် နီးစပ်သူ တစ်ဦးကဆိုသည်။

DKBA အဖွဲ့တပ်မဟာ ၄ ခုနှင့် ဗဟိုလုံခြုံရေးတပ်ဖွဲ့ဟူ၍ ဖွဲ့စည်းထားသည့် လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပြီး ၁၉၉၅ ခုနှစ်တွင် ကရင် အမျိုးသားအစည်းအရုံးမှ ဘာသာရေးကိစ္စရပ်များကြောင့် ခွဲထွက်ခဲ့ကာ တပ်မတော်အစိုးရနှင့် ပူးပေါင်းကာ KNU အား ထိုးစစ်ဆင်ခဲ့သည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရန်အဆိုကို လွှတ်တော်မှအတည်ပြုခဲ့ခြင်းအပေါ် KNU ကြိုဆို

ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းရန် အမျိုးသားလွှတ်တော်အမတ် ဦးထွန်းလွင်၏ အဆိုတင်သွင်းမှုကို အမျိုးသားလွှတ်တော်မှ အတည်ပြုခြင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ကြိုဆိုခဲ့ပြီး လက်တွေ့ အကောင် အထည် ဖော်ဆောင်ရွက်ရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်အမတ် ဦးထွန်းလွင်၏ မြန်မာနိုင်ငံအတွင်း ထာဝရ ငြိမ်းချမ်းပြီး တည်ငြိမ် အေးချမ်းမှု တည်ဆောက်ထိန်းသိမ်းရေး အမြဲတမ်းကော်မတီတရပ် ဖွဲ့စည်းရေးအတွက် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို သြဂုတ်လ ၃၀ ရက်နေ့က အမျိုးသားလွှတ်တော်မှ အတည်ပြုပေးခဲ့ပြီး မြန်မာ အစိုးရမှ စေတနာအမှန်ဖြင့် ပြုလုပ်မည်ဆိုပါက ကြိုဆိုကြောင်း ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး နော်ဖိုးရာစိန်မှ ပြောကြားသည်။

အမျိုးသားလွှတ်တော်မှ အတည်ပြုခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ ဖွဲ့စည်းရန်အဆိုကို ကြိုဆိုခဲ့ပြီး မည်ကဲ့သို့သော စည်းမျဉ်း၊ စည်းကမ်း များနှင့် လုပ်မည်ဆိုသည်ကို စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း ၎င်းမှဆက်လက် ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီဖွဲ့စည်းခြင်းမှာ အစိုးရ၏လုပ်ရပ်သာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံအတွင်းမှသာ ငြိမ်းချမ်းရေး ဖော်ဆောင်မည်   ဆိုပါက ထူးခြားမှုများ ရှိလာနိုင်မည်မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလနန်းမှ ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ၁၉၆၉ ခုနှစ်တွင် ဆွေးနွေးမှုများရှိခဲ့သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်အချို့ကို လက်မခံနိုင်သဖြင့် ပြင်ပေးရန် တင်ပြခဲ့ခြင်းကို ပြင်ဆင်မပေးနိုင်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပျက်ပြားခဲ့ရပြီး ယခု တစ်ကြိမ်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်မပေးနိုင်ပါက ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် မဖြစ်နိုင်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး လေ့လာနေသူတစ်ဦးမှ ပြောကြားသည်။

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေး ရရှိစေရန် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်များတွင် ကူညီသွား ရန် အသင့်ရှိကြောင်း ပြောကြားထားသည်။

YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မူအားဖြင့် အင်မတန်ကောင်းတဲ့အရာပါ။ အဲဒါကို လက်တွေ့ကျကျလုပ်နိုင်ဖို့ လိုပါတယ်။ မူအားဖြင့် ကျွန်တော် ကြိုဆိုပါတယ်။ ပါတီအနေနဲ့ မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ပြောရရင် သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါ နိုင်ငံမှာ ဘာတွေအဓိက လိုအပ်တယ်ဆိုတာ အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးကြောင့် အခက်အခဲ တွေ့နေတဲ့သူတွေ ရှိပါတယ်။ နိုင်ငံရေး အခင်းအကျင်းကလည်း ပြောင်းလဲသွားပါပြီ။ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မရရင်တောင် အကျဉ်းကျနေတဲ့သူတွေ လွတ်မြောက်လာဖို့ လိုပါတယ်”

သြဂုတ် ၂၉ ထုတ် The Voice weekly အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခြင်းအပေါ် နိုင်ငံရေးပါတီများ၏ သဘောထား” မှ ဦးဇိုဇမ် (ချင်းအမျိုးသားပါတီ (CNP) ဥက္ကဋ္ဌ) ၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဝန်ကြီးဌာနတွေကို သတင်းသွားယူရင် အချို့က အဝင်မခံဘူး။ အချို့ကြတော့လည်း လိမ္မာပါးနပ်စွာ ဖြေကြားခွင့် မရှိဘူးလို့ ငြင်းကြတယ်။ ပြည်သူတွေ အမှန်တကယ် သိသင့်တဲ့ ကိစ္စရပ်မျိုးတွေကို ဒီမိုကရေစီနိုင်ငံတွေမှာဆိုရင် အပတ်စဉ် သတင်းစာရှင်းလင်းပွဲလုပ်နေကြပါ။ ပွင့်လင်းမြင်သာမှုဆိုတာ ထင်ထင်ရှားရှားပြသရင် ပိုကောင်း ပါတယ်”

သြဂုတ် ၂၉ ထုတ် The Messenger အတွဲ (၂) အမှတ် (၁၅) တွင်ပါသည့် “ဝန်ကြီးဌာန အသီးသီးတွင် Contact person ထားရှိပါက အတား အဆီးမရှိလျှင် ပိုမိုကောင်းမွန်ဟုဆို” သတင်းမှ ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်မှ အယ်ဒီတာတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်

-----------------------------------------------------------------------------------------------------------------------------------

“နေပြည်တော်မှာ မြေအောက်ရထားလမ်း ဖောက်ဖို့ဆိုတာ၊ မြေကြီးတိုင်းတာထွာတာတွေ မှန်ပါတယ်။ ဒါပေမဲ့ ဖောက်ဖို့စီမံချက် မရှိသေးပါဘူး။ အဲလို ဖောက်မယ်ဆိုရင် ပိုက်ဆံတွေအများကြီးကုန်မယ်။ ဘယ်သူမှ စီးပွားရေး တွက်ခြေကိုက်အောင် ပိုက်ဆံပိုက်ပြီး လာမဖောက်ဘူး။ နေပြည်တော်ရဲ့ လူဦးရေ သိပ်သည်းမှုကို ပြန်ကြည့်ရင် ရထားကို တောက်လျှောက်စီးနေမယ့် လူလည်းမရှိပါဘူး။ အကျိုးအမြတ်မရရင် ဘယ်နိုင်ငံခြားကုမ္ပဏီမှ လာလုပ်မှာ မဟုတ်ဘူး။ နိုင်ငံတော် ကလည်း အဲဒါလုပ်ဖို့ ပိုက်ဆံမရှိပါဘူး”

စက်တင်ဘာ ၁ ထုတ် 7DAY NEWS အတွဲ (၁၀) အမှတ် (၂၄) တွင်ပါသည့် “နေပြည်တော် မြေအောက်ရထား လမ်းဖောက်လုပ်ရန် လောလောဆယ် အစီအစဉ်မရှိသေး” သတင်းမှ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ငွေကြေးဖလှယ်နှုန်းသတ်မှတ်ရာမှာ ပြည်ပပို့ကုန်၊ သွင်းကုန်ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင် Exporter၊ Importer များ ထိပါးမှုမရှိစေဖို့၊ စားသုံးသူများ အနေဖြင့် ထိပါးမှုမရှိစေဖို့၊ လယ်ဝယ် နိုင်ငံခြားငွေ ကိုင်ဆောင်သူတွေအနေနဲ့ ထိပါးမှု မရှိစေဖို့၊ နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ငွေရေးကြေးရေးကဏ္ဍများမှာ ထိပါးမှုမရှိစေဖို့ အဘက်ဘက်က ဘက်စုံထောက်စုံ စိစစ်ညှိနှိုင်းပြီးမှ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ Unification of Exchange Rate ပြောင်းလဲကျင့်သုံးမယ့် ကိစ္စကို သောကမထားဘဲ မိမိတို့ဆောင်ရွက်နေတဲ့ စီးပွားရေး လုပ်ငန်းကိုသာ အာရုံစိုက်ပြီး ဆောင်ရွက်ရန် လိုအပ်ပါမယ်”

စက်တင်ဘာ ၁ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၃) တွင်ပါသည့် “ငွေကြေးလဲလှယ်နှုန်းကို နိုင်ငံတော်၊ ပြည်သူနှင့် လုပ်ငန်းရှင်များ မထိခိုက်စေရန် ဘက်စုံထောင့်စုံ ညှိနှိုင်းဆောင်ရွက်သွားမည်” စက်မှုလုပ်ငန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အမှတ် (၁)နှင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဧရာဝတီကို ကယ်တင်ကြ

“စနစ်ကျတဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ ဒီဧရာဝတီစီမံကိန်းကို အချိန်မီ လုပ်ဆောင်ခြင်းနဲ့ တရုတ် ရေအားလျှပ်စစ် စီမံကိန်းကို ပုံရိပ်ကောင်း ပေါ်စေပြီး မြန်မာနိုင်ငံမှာ ဈေးကွက်တွေ ထပ်ချဲ့သွားမယ်”

ဧရာဝတီ မြစ်ဆုံတွင် တည်ဆောက်လျက်ရှိသော ရေကာတာ စီမံကိန်းအကြောင်း ရိုက်ကူးတင်ပြထားသည့် ဇာတ်လမ်းတိုတစ်ခုတွင် ယင်း ရေကာတာ စီမံကိန်းကို တာဝန်ယူ ဆောက်လုပ်လျှက်ရှိသည့် CPI ကုမ္ပဏီ၏ အတွင်းရေးမှူးနှင့် မြစ်ဆုံစီမံကိန်း၏ လက်ထောက် ညွှန်ကြားရေးမှူးဖြစ်သူ Dong Kequan က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

အဆိုပါ ဇာတ်လမ်းတိုကို “ခက်ခဲပြင်းထန်သော မြစ်ကြီးနားတိုက်ပွဲ” ဟု အမည်ပေးထားပြီး CPI ကုမ္ပဏီအနေဖြင့် မည်မျှပင် ခက်ခဲသော အခြေအနေကို ရင်ဆိုင်နေရသည်ဆိုစေကာမူ ဧရာဝတီမြစ်ဆုံ စီမံကိန်းကို အောင်မြင်အောင် တည်ဆောက်သွားမည်ဟု ပြောကြားထားချက်များ၊ ယင်း စီမံကိန်းတွင် တရုတ်လူငယ်ပေါင်း ၇၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်းနှင့် သင်တန်းများ ပေးထားနိုင်ကြောင်း ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုထားချက် များလည်း ပါဝင်သည်။ စီမံကိန်း၏ ပထမအဆင့်ကို ယခုနှစ်အတွင်း အပြီးသတ် တည်ဆောက်သွားနိုင်မည်ဟု ကြွားဝါ ပြောဆိုထားသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာကျော် ဧရာဝတီမြစ်ကြီး၏ ထိပ်တည့်တည့်တွင် တရုတ်အစိုးရ၏ ရှယ်ယာအများစု ပါဝင်သော ကုမ္ပဏီက ဆည်တည်ဆောက် မည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အဖွဲ့အစည်းများက ကန့်ကွက်ပြောဆိုနေခဲ့သော်လည်း မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့က မသိကျိုးကျွံပြုကာ စီမံကိန်းကို အလျင်အမြန်ပင်လုပ်ဆောင်နေသည်။ ထိုစီမံကိန်းတွင် မြန်မာပြည်တွင်းမှ မြန်မာ့ လျှပ်စစ်လုပ်ငန်းနှင့် အေးရှားဝါးကုမ္ပဏီတို့က ပူးပေါင်းပါဝင်နေသည်။ အေးရှားဝါးကုမ္ပဏီသည် ယင်းစီမံကိန်း ပြီးဆုံးသွားသည့်တိုင် အဆိုပါ ဆည်ကြီး ရှိနေသမျှ ကာလပတ်လုံး နှစ်ပေါင်းများစွာ အကျိုးအမြတ်ကို ခံစားရှိတော့မည်ဖြစ်သည်။ အေးရှားဝါးကုမ္ပဏီကို ပိုင်ဆိုင်သူမျာ ဘိန်းဘုရင် လောစစ်ဟန်၏ သားဖြစ်သူ စတီဗင်လော(ခ) ထွန်းမြင့်နိုင်သည် ဒုတိယသမ္မတ တင်အောင်မြင့်ဦးနှင့် နီးစပ်သူတစ်ဦးဟု နာမည်ကြီးသည်။ ကိုးကန့်လည်းမဟုတ်၊ ဝလည်း မဟုတ်သော တရုတ်လူမျိုးတစ်ဦးပင် ဖြစ်သည်။ တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံကို ဝါးမြိုရာတွင် လုပ်ဆောင်ရမည့် စီမံကိန်းများအတွက် ၎င်းကို အသုံးချ၍ ရမည့်သူတစ်ဦးအဖြစ် ရှုမြင်ထားသည်။ မြန်မာခေါင်းဆောင်ကြီးများ၏ တရုတ်ပြည် ခရီးစဉ်များတွင် အရေးပါသည့် လူတစ်ဦးအဖြစ် လိုက်ပါရ လေ့ရှိသည်။ စင်စစ်တွင်ကား မြန်မာပြည်ကို တရုတ်လက်သို့ တစ်စိတ်ချင်းဖဲ့ရောင်းရာတွင် အရောင်းအဝယ်ဖြစ်မြောက်အောင် ဆောင်ရွက်ပေးရသော ကျွမ်းကျင်လှသည့် ပွဲစားကြီးတစ်ဦးသာ ဖြစ်သည်။

ဧရာဝတီမြစ်ဆုံ စီမံကိန်း မည်မျှအထိ အန္တရာယ်ကြီးမားကြောင်းကို သတင်းစာမျက်နှာများတွင် အကြိမ်ကြိမ် ပါဝင်နေသောကြောင့် အထူးတလည် မဖော်ပြလိုတော့ပါ။ အဓိက အန္တရာယ်များအဖြစ်  ထိုဆည်ကြီး ကျိုးပျက်ခဲ့လျှင် မြစ်ကြီးနားမြို့သည် စက္ကန့်နှစ်ဆယ်အတွင်း ရေအောက်သို့ နစ်မြုပ်သွားမည်။ မြစ်ဝကျွန်းပေါ်ဒေသများသည် တချိန်ချိန်တွင် ပင်လယ်အောက်သို့ ပြန်လည်နစ်မြုပ်သွားနိုင်မည်၊ လယ်ယာစိုက်ပျိုးရေးကို အမှီပြုသော မြန်မာလယ်သမား များသည်  တချိန်ချိန်တွင် မြန်မာနိုင်ငံအတွင်း ဖြန့်ကျက်လာမည့် တရုတ်ကုမ္ပဏီများတွင် လုပ်သားများအဖြစ် ဝင်ရောက်လုပ်ကိုင်ကြမည်၊ အချို့မှာ ရေကြည်ရာ မြက်နုရာ နိုင်ငံခြားတိုင်းပြည်များသို့ ထွက်ခွာသွားကြပေလိမ့်မည်၊ ဧရာဝတီမြစ်ပျောက်လျှင် ယင်းမြစ်ကြီးကို အမှီပြု၍ လူသားယဉ်ကျေးမှု စတင်ခဲ့သော မြန်မာဆိုသည့် လူမျိုးလည်းပျောက်သွားမည်၊ စသည့်စိတ်ကူးနှင့်ပင် မတွေးရဲလောက်သည့် အချုပ်အခြာ အာဏာဆုံးရှုံးမှု၊ လူသားသမိုင်း ပျောက်ဆုံးမှုကြီးများကို မြင်နိုင်ပေလိမ့်မည် ဖြစ်သည်။ တရုတ်ပညာရှင်များ ကိုယ်တိုင်တင်သွင်းခဲ့သော လေ့လာရေး စာတမ်းများတွင်ပင် အဆိုပါ စီမံကိန်းမှာ အလွန်အန္တရာယ်ကြီးမားပြီး မြန်မာနိုင်ငံအတွက် ဝမ်းနည်းဖွယ် အိပ်မက်ဆိုးကြီးများ ရင်ဆိုင်ရလိမ့်မည်ဟု ဖော်ပြထားသော်လည်း တရုတ်နှင့် မြန်မာ အာဏာပိုင်တို့က မသိကျိုးကျွံပြု၍ ဆက်လက်အကောင် အထည် ဖော်နေကြသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်ဘောက်ဂျာ၊ ဦးမင်းအောင်နှင့် တသီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်သူ ဦးဝင်းချိုတို့က မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ မြန်မာအစိုးရကို တရားစွဲဆိုရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။

“အဲဒီမြစ်ဆုံဆည်ကြီးဟာ အကျိုးဖြစ်ထွန်းမှုမှာ ကျနော်တို့ နိုင်ငံသားတွေ ဘယ်လောက်ထိသက်ဆိုင်မှု ရှိသလဲ။ ဒီအတိုင်းပဲ အကျိုးရှိမှာဖြစ်သလို အပြစ်ရှိမှာဖြစ်တဲ့အတွက် အပြစ်နဲ့ပတ်သက်တဲ့ ဒုက္ခတွေ၊ ဒီမြစ်ဆုံဆည်ကြီးနဲ့ ပတ်သက်တဲ့ အပြစ်တွေကို ကျနော်တို့ ပြည်သူပြည်သားတွေ ဘယ်လောက် ထိခံရမလဲ” ဟု ဦးဝင်းချိုက မဇ္ဈိမသတင်းဌာနကို ပြောသည်။

“အဲဒီဆည်တွေ အားလုံးရဲ့ဆိုးပြစ်တွေကို မြန်မာပြည်သူတွေ ခံရမှာ ကျိန်းသေတယ်။ ဒါပေမဲ့ကောင်းကျိုး ဘယ်လောက် ခံစားရမလဲဆိုတဲ့ ကိစ္စ ကိုကျတော့ ကျနော်တို့ကိုယ်တိုင် တိတိကျကျ မသိဘဲနဲ့ ပြည်ပမီဒီယာတွေက နေပြီးတော့ ထုတ်လွှင့်သလောက်ကိုပဲ သိရတဲ့အခါမှာ ကျနော်တို့ ပြည့်ပြည့် စုံစုံ နားထောင်ချင်တာပါ။ သိချင်တာပါ” ဟု ဦးဝင်း ချိုက ပြောကြားခဲ့သည်ကို ထိုသတင်းဌာနတွင် ဖော်ပြထားသည်။ တရားစွဲဆိုရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကိုင်စွဲ၍  ပုဒ်မ  ၃၇၇၊ ၃၇၈၊ ၃၈၁၊ ၃၉၀ ပါ အချက်များကို ကိုးကားသွားဖွယ် ရှိသည်။ ယခုကဲ့သို့ အစိုးရကို တရားစွဲဆိုမှုသည် နိုင်ငံတော်တွင် ဒီမိုကရေစီ မည်မျှအပြောင်းအလဲ ဖြစ်သနည်းဆိုသည့် စမ်းသပ်မှုလည်း ဖြစ်သည်။ ထိုကိစ္စတွင် အဆိုပါ ပုဂ္ဂိုလ်များ၏ မျိုးချစ်စိတ် ထက်သန်မှုကို ရာနှုန်းပြည့် တွေ့နိုင်သော်လည်းတည်ဆောက်လျက် ရှိသည့် စီမံကိန်းကို ရပ်တန့်ပစ်ရန် လုံလောက်သော အခြေအနေတစ်ရပ်တော့ မဟုတ်သေး သည်ကို တွေ့ရသည်။

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းလည်း အဆိုပါ မြစ်ဆုံကိစ္စမေးခွန်းနှင့် ပတ်သက်၍ မျက်ရည်ကျသည်အထိ ဖြေရှင်းခဲ့ရဖူးသည်။ သို့သော် အစိုးရ၏ ဖြေကြားမှုများတွင် သတင်းထိန်ချန်မှုများ၊ အလွန်အမင်းကာကွယ်မှုများ၊ သောင်မ တင်ရေမကျ ဖြေကြားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အမေရိကန်ကဲ့သို့ နိုင်ငံကြီးပင်လျှင် ကိုလိုရာဒိုမြစ်ပေါ်တွင် ရေကာတာဆောက်မိသည့် အကျိုးဆက်ကို ယခုအထိ နည်းလမ်းပေါင်းစုံသုံး၍ ဖြေရှင်းနေရ သည့်တိုင် မြစ်ကြောင်း ကျဉ်းသထက် ကျဉ်းလာသည့် ဒဏ်ကိုခံစားနေရသည်ဖြစ်ရာ ယခုကိစ္စမှာ လုံးဝစိုးရိမ်ဖွယ်ဖြစ်သည်ကတော့ အမှန်ပင်ဖြစ်ပြီး အစိုးရ သတင်းစာများ ရေးသားဖြေရှင်းသလောက် မလွယ်ကူဟု ယူဆရမည်ဖြစ်သည်။

အနုပညာရှင်များ၊ ထင်ရှားကျော်ကြားသူများအပါအဝင် ပြည်သူအများစုပါဝင်သော ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်တန့်ရေးကို လက်မှတ်ရေးထိုး၍ သမ္မတထံ တင်သွင်းသည့် လှုပ်ရှားမှုလည်း ရှိနေသည်။ ထိုကိစ္စသည် မည်မျှအကျိုးသက်ရောက်မှု ရှိနိုင်မည်နည်းဆိုသည် ကလည်း စိတ်ဝင်စားစရာ ဖြစ်နေပြန်သည်။

ဦးဝင်းချိုပြောသကဲ့သို့ပင် ယခုအချိန်ထိ လွှတ်တော်တွင် ဧရာဝတီကိစ္စကို မဆွေးနွေးသေးပေ။ ဤမျှလောက် နိုင်ငံနှင့် လူမျိုးအတွက် အသက်တမျှ အရေးကြီးသည့် ကိစ္စကို ပစ်ပယ်၍ ဘူတာရုံတွင် ရထားကို နှစ်မိနစ်လောက် ရပ်တန့်ပေးနိုင် မပေးနိုင်ဆိုသည့် မေးခွန်းလောက်သာ မေးမြန်း နေခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်များ၏ အားနည်းချက်လား သို့မဟုတ် ဧရာဝတီကိစ္စမှာ အထိမခံဖြစ်နေ၍လား တွေးစရာရှိသည်။ လွှတ်တော်တွင် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ စနစ်တကျ မေးခွန်းများ၊ အဆိုများ တင်သွင်းရန်လိုပြီး သက်ဆိုင်ရာဝန်ကြီးများက လည်း ရှင်းလင်းစွာဖြေရှင်းရန် လိုပေ လိမ့်မည်။ မဲခွဲဆုံးဖြတ်ရာ၌လည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့အားလုံးသည် မြန်မာလူမျိုးများဖြစ်ပြီး ဧရာဝတီသည် နိုင်ငံ့အသက်သွေးကြောဖြစ်ကြောင်း ခံယူတတ်ရန်လိုပေလိမ့်မည်။ ယခုကိစ္စမှာ ပြည်သူအားလုံးနှင့် သက်ဆိုင်နေသော ကိစ္စရပ်ကြီးလည်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ပြည်သူလူထုတစ်ရပ်လုံးက ဧရာဝတီ ကွယ်ပျောက်မည့် အရေးနှင့်ပတ်သက်၍ စိုးရိမ်တကြီး ရှိနေကြမှုကို အစိုးရနှင့် လွှတ်တော်များ သိရှိလာအောင် ကြိုးပမ်းဆောင်ရွက်မှုဖြစ်၍  ကြိုဆိုရမည့်ကိစ္စတစ်ခုဖြစ်သည်။ ယခုကဲ့သို့ လှုပ်ရှားမှုများကြောင့် စီမံကိန်းကို လုံးဝ ပယ်ဖျက်ခြင်း မပြုနိုင်စေကာမူ လက်ရှိဆောင်ရွက်နေမှုများကို ရပ်တန့်၍ အနာဂတ်အတွက် လေ့လာမှုများကို ပြန်လည်ပြုလုပ်နိုင် မည်ဖြစ်သည်။ အကယ်၍ အနာဂတ်တွင် ပယ်ဖျက်ရန် ဆုံးဖြတ်နိုင်ခဲ့မည်ဆိုပါက ယခုကတည်းက ရပ်တန့်ထားလျှင် ပျက်စီးမှုနှင့် နှစ်ဦးနှစ်ဖက်ဆုံးရှုံးမှုများကို သက်သာစေနိုင် လိမ့်မည် ဖြစ်သည်။ အရှိန်လွန်မှ ပြန်၍ နောက်ဆုတ်ရလျှင် တည်ဆောက်ပြီး လုပ်ငန်းများအတွက် အရှုံးရှိနိုင်သလို သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုလည်း များပြားသွားနိုင်သည်ဖြစ်ရာ လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ နိုင်ငံရေးအင်အားစုများ အပါအဝင် ပြည်သူတစ်ရပ်လုံးကပါ လူမျိုးနှင့် သမိုင်း မပျောက် စေရေးအတွက်  အရှိန်တိုးမြှင့် ဆောင်ရွက်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

  

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment