Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာခေါင်းဆောင်တို့ Plan B ကို ထုတ်သုံးရန် ကြိုးစားလာ

(The Diplomat မှ 31 August 2011 ရက်စွဲပါ "Burma's Leadership Tires Plan B" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ညှင်းပန်းမှုများကို ကုလသမဂ္ဂ အထောက်အထားဖြင့် ထုတ်ဖော်သင့်

               (Wall Street Journal မှ 2 Sept, 2011 ရက်စွဲပါ "The UN should document Burma's abuses" ဆောင်းပါးကိုဘာသာပြန်ဆိုသည်။)

*********************************************************************************

ဘာသာပြန်သတင်းများ

မြန်မာခေါင်းဆောင်တို့ Plan B ကို ထုတ်သုံးရန် ကြိုးစားလာ

(The Diplomat မှ 31 August 2011 ရက်စွဲပါ "Burma's Leadership Tires Plan B" သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

နိုင်ငံတကာ၏ လက်သင့်ခံ အသိအမှတ် ပြုခြင်းကို ရရှိရန်အတွက် မြန်မာနိုင်ငံ၏ သမ္မတသစ်က နိုင်ငံတွင်း ပြောင်းလဲမှု ပြုလုပ်သည့် ပုံသဏ္ဍန် ပေါ်အောင် ပြုလုပ်လိုသည့် လက္ခဏာရှိနေရာ အာဆီယံ အဖွဲ့အနေဖြင့် အရူးမထသင့်တော့ပါ။

မြန်မာနိုင်ငံ၏ ခေါင်းဆောင်သစ်သည် သမ္မတ ရာထူး၏ ခက်ခဲသော တာထွက်မှုကို မည်မျှ အတွေ့အကြုံ ကောင်းကောင်း ရှိနေကြောင်းကို မေလက Diplomat တွင် ရေးသားပြီး ဖြစ်သည်။ ပြီးခဲ့သော နိုဝင်ဘာလတွင် ရွေးကောက်ပွဲ အတုများ ကျင်းပခြင်း၊ ထို့နောက်တွင် ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးခြင်းတို့သည် နိုင်ငံတကာက လက်သင့်ခံမှုကို ရရှိသော မြန်မာအာဏာရှင် အုပ်ချုပ်သူများ၏ အစီအစဉ် တစ်ရပ်သာ ဖြစ်သည်။ လွှတ်တော်သစ်ကို ဖွင့်လှစ်စည်းဝေးကာ အပြောင်းအလဲလုပ်ရန် ကတိပြုသည့် အပျံစားမိန့်ခွန်းကို ခြွေပြီးချိန်တွင်မူ ဦးသိန်းစိန်အနေဖြင့် သူ တမ်းတနေသော တရားဝင် အသိအမှတ် ပြုခံရခြင်းကို နောက်ဆုံးတွင် ရရှိတော့မည် ဖြစ်ကြောင်း သံသယ ကင်းကင်းဖြင့် မျှော်လင့် နိုင်ခဲ့သည်။

သို့သော်လည်း သူတို့စီစဉ်ထားသည် ဆိုသော အရာများ လက်တွေ့ ဖြစ်မလာခဲ့ပါ။ ထိုအခါတွင် ပထမ ဦးစွာ အမေရိကန် ပြည်ထောင်စု၊ ဥရောပ သမဂ္ဂနှင့် ကနေဒါတို့က စီးပွားရေး ပိတ်ဆို့မှုများ ဖြေလျှော့ပေးရန် ငြင်းဆန် လိုက်ကြသည်။ ထို့နောက်တွင်မူ အားလုံးအနက် အဆိုးဆုံးဟု ဆိုရမည့် ထိုးနှက်ချက် ပေါ်ထွက်လာခဲ့ကာ ၂၀၁၄ တွင် အလှည့်ကျ ဥက္ကဌ နေရာကို လိုချင်သည့် မြန်မာနိုင်ငံအား ခွင့်ပြုရေး ကိစ္စကို အာဆီယံအဖွဲ့က ဆုံးဖြတ်ရန် ရွှေ့ဆိုင်းထားလိုက်ကြခြင်းပင် ဖြစ်သည်။

ယခုအချိန်ထိ မည်သည့် ပြောင်းလဲမှုမှ မရှိခဲ့ခြင်းကြောင့် ဦးသိန်းစိန်သည် တစ်လှမ်းဆုတ်ကာ Plan B ကို ပွဲထုတ်လိုက်ပြီး ပြောင်းလဲတော့မည့် သဏ္ဍန်ပေါ်အောင် ဖန်တီးထားသည့် လိုက်လျောမှု လက္ခဏာသစ်ကို ပြသလိုက်ပြန်ပြီ ဖြစ်သည်။ နွေရာသီ အပြီးတွင် စတင်တာထွက်မှု အသစ်များ ရုတ်တရက် လေပြင်းလို တိုက်ခတ် ဝင်ရောက် လာခဲ့သည်။ ဆက်ဆံရေး အထူး တာဝန်ပေးထားသော ဝန်ကြီး ဦးအောင်ကြည်ကို ဒေါ်အောင်ဆန်းစုကြည် နှင့် ရှေးဦးစွာ တွေ့ဆုံစေပြီးနောက်တွင် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ဖိတ်ခေါ် တွေ့ဆုံခဲ့သည်။ အစိုးရပိုင် သတင်းစာများ၏ ကျောဖုံးပေါ်မှ အနောက် မီဒီယာကို တိုက်ခိုက်သည့် ဝါဒဖြန့် စာတမ်းများကို ဖယ်ရှား ပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် ကို ရန်ကုန်မြို့ အပြင်ဖက် ထွက်၍ စည်းရုံးခွင့် ပေးလိုက်သည်။ ပြည်ပရောက် နိုင်ငံရေး လှုပ်ရှားသူများကို အိမ်ပြန်လို့ရပြီ ဟု ဆိုလိုက်သည်။ လက်နက်ကိုင် တိုင်းရင်းသား နိုင်ငံရေး အုပ်စုများကို အပစ်ရပ်၊ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းလိုက်သည်။

မြန်မာနိုင်ငံတွင် လူသားခြင်း နှိပ်ကွပ်သည့် ရာဇဝတ်မှုများ၊ စစ်ရာဇဝတ်မှုများ အလွန်အကျွံ ဖြစ်ပွားနေကြောင်း စွပ်စွဲမှုများ မှန်ကန်သည့် အလားအလာ ရှိနေ၍ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းသင့်ကြောင်း ကုလသမဂ္ဂကို အကြံပြု တင်ပြခဲ့သဖြင့် အငြိုးထားခံရကာ ပြည်ဝင်ခွင့် ဗီဇာ အကြိမ်ကြိမ် ပယ်ချခံနေရသူ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် ကိုလည်း ယခင်အပတ်က မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့သည်။ မထင်မှတ်ထားသော အကွက်တစ်ခုမှာ Quintana အား လွှတ်တော်သို့ ဖိတ်ခေါ် လေ့လာစေခဲ့ခြင်း ဖြစ်၍ အာဏာမဲ့ တံဆိပ်တုံးထု လွှတ်တော်ဘဝမှ ဒီမိုကရေစီသို့ ရွေ့နေကြောင်း အသိအမှတ်ပြု ခံရစေရန် ရေလာမြောင်းပေး လှုပ်ရှားမှုဟု အများစုက သတ်မှတ်ကြသည်။

ယင်းကဲ့သို့ စတင်ကန်ချက်များကို အတွဲလိုက် ပစ်ထည့်လိုက်ခြင်းကြောင့် သံတမန် အသိုင်းအဝိုင်းနှင့် မီဒီယာ လောကကို အံ့အားသင့် သွားစေခဲ့သော်လည်း တစ်ချက်ပြီးတစ်ချက် စစ်ထုတ် စစ်ဆေး လိုက်သောအခါ သမားရိုးကျ မဟုတ်သည့် အချက် ၂ခု ပေါ်ထွက်လာသည်။ ပထမ တစ်ချက်မှာ ယခု ပြသသည့် လက္ခဏာ အားလုံးသည် တစ်ခုမှ အဓိက မကျခြင်း ဖြစ်သည်။ ဒုတိယ အချက်မှာ လက္ခဏာ အသစ် တစ်ခုမှ မပါခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှု အသိုင်းအဝိုင်းက သတ်မှတ်ထားသော ပြောင်းလဲရေးအတွက် ထိပ်တန်း ဦးစားပေး ၃ ချက်မှာ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးခြင်း၊ နိုင်ငံလုံးကျွတ် အပစ်ရပ်စဲခြင်းနှင့် စစ်မှန်သော ဒိုင်ယာလော့ တို့ဖြစ်သည်။ လတ်တလော စတင် အစပျိုးမှုများ အပြင် အပြုသဘော ဆောင်သော ရည်ရွယ်ချက်ကို လက်ခံ ရရှိခဲ့ကြသော်လည်း နိုင်ငံရေး အကျဉ်းသား တစ်ယောက်မှ လွတ်မလာသည့် အပြင် ပြီးခဲ့သော အပတ်အတွင်း နောက်ထပ် နှစ်ယောက် ထပ်မံ၍ ပြစ်ဒဏ် ကျခံခဲ့ရသည်။ ဦးသိန်းစိန်၏ အစိုးရသစ်သည် အပစ်ရပ် သဘောတူညီချက်များကို ချိုးဖောက်ခဲ့ခြင်း ဖြစ်ပေရာ ယခု ကမ်းလှမ်းမှုသည် အသစ် မဟုတ်ပေ။ တွေ့ဆုံဆွေးနွေးမှုများ ရှိနေပြီ ဆိုသော်လည်း စစ်မှန်သော ဒိုင်ယာလော့ခ် လုပ်ငန်းစဉ် ဖြစ်မလာသေးပါ။

မြန်မာ့ရေးရာကို နှစ်ပေါင်းများစွာ တောက်လျှောက် လိုက်ပါ လေ့လာနေသူများ အတွက်ဆိုလျှင်လည်း အသစ် မဟုတ်သည့် တစ်ပတ်ရစ် ခံစားမှုကိုသာ ဖြစ်ပေါ်စေသည်။ ဦးသိန်းစိန်သည် အာဏာရှင်ကြီး ၂ ဦးဖြစ်သည့် ဦးနေဝင်းနှင့် ဦးသန်းရွှေ တို့နှစ်ဦး လုပ်ခဲ့ဖူးခြင်း မရှိသည့် အရာများကို သူကလည်း လုပ်ဆောင်ခြင်း မပြုပါ။ အပြောင်းအလဲကို သူတို့ ဦးဆောင်ခဲ့ခြင်း မရှိသည့်အတွက် ယခု အချိန်၌ သံသယ မျက်စိဖြင့် အကြည့်ခံရခြင်းမှာ ဖြစ်သင့်သည့် ဆီလျော်မှု တစ်ခု ဖြစ်ပေသည်။ တစ်ခုတည်း သော အသစ်မှာ ထုတ်ပြလေ့ ရှိသည့် စတင် ကန်ချက်များ တစ်ခုနှင့်တစ်ခု ပို၍ နီးလာခြင်းသာ ဖြစ်သည်။

ယခုကဲ့သို့ အစောတလျင် ကန်ချက်များ ဆက်တိုက် ထွက်လာခြင်းသည် အာဆီယံ ဥက္ကဌ နေရာကို ရရှိရန် ဆန္ဒ ပြင်းပြနေခြင်းကြောင့်ဟု ယူဆ၍ ရနိုင်သည်။ ယခု Plan B သည် ကွဲပြားခြားနားမှု တစ်ခုမှ မလုပ်ပဲ ပြောင်းလဲနေသည့် သဏ္ဍာန် ဟန်ဆောင်နေခြင်း ဖြစ်ပုံရသည်။

ဦးသိန်းစိန် အစိုးရ တကယ့်ပြုပြင် ပြောင်းလဲခြင်းဆီသို့ ခြေလှမ်းလေးများ ရွေ့လာအောင် တွန်းအားပေးရန်အတွက် အလှည့်ကျ ဥက္ကဌနေရာ ကိစ္စကို အခွင့်အလမ်းအဖြစ် အာဆီယံ အဖွဲ့က အသုံးပြုသင့်ကြောင်း ယခု ဆောင်းပါးရှင်က မေလတွင် ရေးသားခဲ့ပြီး ဖြစ်သည်။ ထို အခွင့်အလမ်းသည် ယနေ့အထိ ရှိနေပါသေးသည်။ အာဆီယံ အဖွဲ့အနေဖြင့် နိုဝင်ဘာ ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးခြင်းကို အရေးကြီးသော ပြောင်းလဲခြင်းဟု သတ်မှတ် လက်ခံခြင်း မရှိခဲ့သလို ယခုတစ်ကြိမ် လိုက်လျောဟန်ဆောင် ပြသမှုကိုလည်း အရေးကြီး၍ အဓိကကျသော ပြောင်းလဲမှု အဖြစ် မသတ်မှတ်သင့်ပါ။

အာဆီယံအဖွဲ့ အနေဖြင့် မူလ ခံယူချက်အတိုင်း ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကာ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်း ကဲ့သို့သော အဓိက ကျသည့် အဆင့်များ လုပ်ပြရမည့် Plan C ကို ထုတ်ပြလာအောင် ဦးသိန်းစိန်တို့ မြန်မာ အစိုးရကို ဖိအားပေးရပါမည်။

အာဆီယံအနေဖြင့် မမှီသည့် ပန်းကို တုံးခု လှမ်းနေသည့် မြန်မာ အစိုးရအား ယင်းတို့ လိုချင်သော အရာကို ဈေးပေါပေါဖြင့် မရနိုင်ကြောင်း ကိုတော့ အသိပေး ကမ်းလှမ်းဖို့ လိုသည်။

*********************************************************************************

 မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ညှင်းပန်းမှုများကို ကုလသမဂ္ဂ အထောက်အထားဖြင့် ထုတ်ဖော်သင့်

(Wall Street Journal မှ 2 Sept, 2011 ရက်စွဲပါ "The UN should document Burma's abuses" ဆောင်းပါးကိုဘာသာပြန်ဆိုသည်။)

ဥရောပနိုင်ငံခြားရေး ဝန်ကြီးများသည် ကုလသမဂ္ဂအထွေထွညီလာခံတွင် တင်ပြမည့် မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်ချမှတ်ရေးကိစ္စကို ဆွေးနွေးရန် ဘရပ်ဆယ်တွင် ယနေ့တွေ့ဆုံစည်းဝေးလျှက် ရှိကြသည်။ ယခုလကုန်ပိုင်း တွင် အရှေ့တောင်အာရှနိုင်ငံများမှ လွှတ်တော်အမတ်များ သည်လည်း အာဆီယံလွှတ်တော်များအသင်း၏ အစည်းအဝေးအတွက် ဖနွမ်းပင်တွင် စုဝေးကြမည်ဖြစ်သည်။

အထက်ပါ အုပ်စု ၂ စု စလုံးတွင် မြန်မာနိုင်ငံ၏ လူသားထုအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများအပေါ် ကုလသမဂ္ဂ ဦးဆောင်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိနေသည်။

ယနေ့အထိ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ ဗြိတိန်၊ သြစတေးလျနှင့် ချက်ရီပတ်ဗလစ်တို့ အပါအဝင် ၁၆ နိုင်ငံခန့်က စုံစမ်းရေး ကော်မရှင်ဖွဲ့ရန် တောင်းဆိုထားကြသည်။ မြန်မာနိုင်ငံ၏ အာဆီယံအိမ်နီးချင်းနိုင်ငံများကမူ အသံတိတ်နေကြဆဲဖြစ်သည်။ ယခုကိစ္စကို လူမုန်းများ၍ သူတပါးအရေး ကြားဝင်စွက်ဖက်ခြင်းဟု အချို့က ယူဆသောကြောင့်လည်း ဖြစ်နိုင်ပေသည်။ သို့သော်လည်း အကယ်၍သာ အာဆီယံအနေဖြင့် "မြန်မာသိုးမဲလေး" ကို သူတို့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကမ္ဘာ့စင်မြင့်တွင် ပွဲထုတ်တော့မည် ဆိုပါက ယင်းကဲ့သို့သော လူသားချင်း မစာနာသည့် ရာဇဝတ်မှုများသည် ဒေသကြီးတစ်ခုလုံးကို ထိခိုက်စေသဖြင့် ဆက်လက်သည်းခံနေတော့မည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း အသိပေးရန် လိုအပ်ပါသည်။

စုံစမ်းရေး ကော်မရှင်သည် ရာဇဝတ်မှုမြောက်ကြောင်း သတ်မှတ်မည့် နိုင်ငံရေး လက်နက်ကရိယာတစ်ခု မဟုတ်ဘဲ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ရန် နှင့်မြန်မာတရားစီရင်မှုစနစ်တွင် မူဝါဒပြုပြင်ပြောင်းလဲရေးကို အားပေးခြင်းဖြင့် နောင်တွင် ရက်စက်ကြမ်းကြုတ်မှုများ မရှိအောင် တားဆီးရန် အကူအညီပေးသော လုပ်ငန်းစဉ်သာ ဖြစ်ပေသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ မပြီးနိုင်သော ပြည်တွင်းစစ်ဒဏ်ခံသားကောင်များအား သူတို့၏ နစ်နာမှုများအတွက် တရားမျှတမှု ရရှိနိုင်မည့် အခွင့်အလမ်းကို ဖြည့်ဆည်းပေးမည့် အပြင် ရေရှည်ခံမည့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင်လည်း ပူးပေါင်းကူညီပေလိမ့်မည်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူများက မြန်မာနိုင်ငံမှ ညှင်းပန်းနှိပ်စက်မှုများကို နှစ်ပေါင်း ၂၀ ကျော်မျှ အထောက်အထား မှတ်တင်ထားခဲ့ကြပြီး လူ့အခွင့်အရေးချိုးဖောက်သည့် ရာဇဝတ်မှုများနှင့် သက်ဆိုင်သည့် ဆုံးဖြတ်ချက်ပေါင်း ၂၀ ခန့်ကိုလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ထုတ်ပြန်ခဲ့ကြပြီးဖြစ်သည်။ ၂၀၁၀ မတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထုတ်ပြန်ခဲ့ကြပြီးဖြစ်သည်။ ၂၀၁၀ မတ်လတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးစုံစမ်းရေး ကိုယ်စားလှယ် Tomas Ojea Quintana က စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးရန် အကြံပြုတင်ပြခဲ့သည်။ ပြီးခဲ့သော သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ ၅ ရက်ကြာ ခရီးစဉ်သွားရောက်ပြီး ပြန်ရောက်လာသည့် Quintana က သူ၏ သဘောထားကို ထပ်မံပြောဆို အတည်ပြုသည်။

ယခုကဲ့သို့ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကို အရေးပေါ်လိုအပ်နေရခြင်းမှာ မြန်မာအစိုးရက မြန်မာပြည်သူများ၏ မေတ္တာရပ်ခံ၊ အသနားခံမှုများကို တုန့်ပြန်ရန် ပျက်ကွက်နေခြင်းကြောင့်ပင်ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် မကျေနပ်မှုများ နက်ရှိုင်းစွာ အမြစ်တွယ်ခဲ့သည့် အလျောက် ပြောင်းလဲရေးကို တောင်းဆိုရန် အရေအတွက်သောင်းနှင့်ချီသော သံဃာတော်များ လမ်းပေါ်သို့ထွက်လာခဲ့ကြသည့် ဆန္ဒပြသံဃာတော်များကို အပြုသဘောဆောင်သော ဆွေးနွေးမှုများဖြင့် တွေ့ဆုံရမည့်အစား တပ်မတော်အစိုးရက သေနတ်ဖြင့်ဖြေရှင်းခဲ့သည်။ ယခုအခါ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဟု နာမည်ပြောင်းတပ်ခံရသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ကို အစိုးရထောင်များထဲတွင် ဖမ်းဆီးထားဆဲဟု သိရှိရသည်။

လတ်တလောတွင် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေးကို စတင်တော့မည်ဖြစ်ကြောင်း မျှော်လင့်ချက်များပေးခြင်းဖြင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းမည့်ဖိအားကို ဖယ်ရှားရန် ကြိုးစားနေပါသည်။ မြန်မာစစ်ဘက်အုပ်ချုပ်သူများက အရပ်ဖက်အုပ်ချုပ်ရေးပုံစံသို့ပြောင်းရန် အခြေခံဥပဒေတစ်ခု ဖန်တီးကာ ၂၀၀၈ တွင် ဆန္ဒခံယူပွဲကျင်းပအတည်ပြုခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ယခင်က ဥပဒေချိုးဖောက်ညှင်းပန်းနှိပ်စက်သူများကို အကာအကွယ် ပေးထားသည့်နောက်တွင်မူ ယင်းအခြေခံဥပဒေသည် ဆိုးဆိုးရွားရွားပင် အပြစ်အနာအဆာများ ရှိနေပေသည်။

အာဆီယံနိုင်ငံများကမူ မြန်မာအစိုးရသစ် ပေါ်ပေါက်လာခြင်းကို ရှေ့တိုးသည့်ခြေလှမ်းတစ်ခုအဖြစ် ချီးကျူးကာ အရေးယူဒဏ်ခတ်မှုများကို ရုပ်သိမ်းပေးကြရန် ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုကို တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း ယင်းရွေးကောက်ပွဲများက မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ပြဿနာအပေါ် ရှုပ်ထွေးသောရလာဒ်များ ဖြစ်ပေါ်စေမည့်အချက်ကို အာဆီယံနိုင်ငံများ မစဉ်းစားမိခဲ့ကြပေ။ ရွေးကောက်ပွဲ၏ နောက်ဆက်တွဲ အကျိုးဆက်အဖြစ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကြားမှ အပစ်အခတ်ရပ်သဘောတူညီချက် အတော်များများ ကျိုးပျက်သွားခဲ့ တော့သည်။

၂၀၁၁ ဇွန်လထဲတွင် အစိုးရတပ်များနှင့် KIA တပ်များအကြား တိုက်ပွဲများ ပြန်လည်စတင်ဖြစ်ပွားလာသောအခါ ကချင်ပြည်နယ်အတွင်းမှ ဒေသခံအရပ်သားများအပေါ် ညှင်းပန်းနှိပ်စက်မှုများ ကျယ်ပြန့်လာကာ လူပေါင်း ၂၀၀၀၀ကျော် နေအိမ်များ စွန့်ခွာထွက်ပြေးသွားခဲ့ရပြီး စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာမှာ ထိုင်းနှင့်တရုတ်နိုင်ငံဖက်သို့ နယ်စပ်ဖြတ်ကူးခိုလှုံလျှက်ရှိကြသည်။ တုံ့ပြန်ရန်နှေးကွေးနေသည့် အာဆီယံအဖွဲ့သည် အရပ်သားများအား လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်ခံရခြင်းမှ အကာအကွယ်ပေးရန်နှင့် ဒုက္ခသည်များအား အကာအကွယ်ပေးရန် လုပ်ငန်းစဉ်များကို ယခုတိုင် အကောင်အထည်မဖော်နိုင်သေးပါ။

အစိုးရတပ်များက ရှမ်းလက်နက်ကိုင်တပ်များကို ဆက်လက်တိုက်ခိုက်လျှက်ရှိသည့် ရှမ်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားရာ ဧရိယာများအတွင်း၌ စနစ်တကျ မုဒိမ်းမှုများကျူးလွန်ခြင်းအပေါ် သက်သေခိုင်မာသည့် အစီရင်ခံစာများ ထွက်ပေါ်လာခြင်းကြောင့် အာဆီယံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ၊ အင်ဒိုနီးရှားလွှတ်တော်အမတ် အီမာကူဆူမာဆောင်ဒါရီက ဂျူလိုင် ၂၂ ရက်နေ့တွင် ထုတ်ပြန်သောကြေညာချက်၌ "မိမိတို့ အာဆီယံ လွှတ်တော်များဆိုင်ရာ ကော်မတီ (AIPMC)က မြန်မာ့တပ်မတော်အား လူ့အခွင့်အရေးညှင်းပန်းနှိပ်စက်မှုများ ရပ်ဆိုင်းရန်၊ အထူးသဖြင့် တိုင်းရင်းသား အမျိုးသမီးများကို နှိပ်ကွပ်ရန် လက်နက်သဖွယ် မုဒိမ်းမှုစနစ်တကျ ကျူးလွန်ခြင်းကို အသုံးပြုမှုရပ်ဆိုင်းရန်၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အမြန်ဆုံးစတင်ရန် တောင်းဆိုသည်" ဟု ဖော်ပြခဲ့သည်။

မြန်မာသမ္မတ ဦးသိန်းစိန်သည် မကြာသေးမီက နိုင်ငံရေးအတိုက်အခံများအား သံလွင်ခက်ကမ်းမည့် လက္ခဏာပြသခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။ အုပ်စုပေါင်းစုံ ပါဝင်သည့် စစ်မှန်သော ဒိုင်ယာလော့ခ်ကို ကြိုဆိုရမည်ဖြစ်သော်လည်း မှန်ကန်မှုနှင့်တရားမျှတမှုရှိရေးကိစ္စကို နိုင်ငံရေးစေ့စပ် ညှိနှိုင်းမှုသို့ဦးတည်သည့် လုပ်ငန်းဖြင့် လဲလှယ်အစားထိုး၍မရပါ။ မြန်မာအစိုးရရော၊ တိုင်းရင်းသားအုပ်စုများရော နှစ်ဖက်စလုံး ကျူးလွန်ခဲ့ကြသည့် လူ့အခွင့်အရေးဖောက်ဖျက်မှုသတင်း အစီရင်ခံစာများကို စစ်ဆေးမည့် ကုလဦးဆောင်သော စုံစမ်းစစ်ဆေးမှုသည် ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုများ၏ အဖြည့်သဘောသာ ဖြစ်ပေလိမ့်မည်။

သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံသည် ဒေသတွင်းခေါင်းဆောင်မှုကို ရယူရန်အဆင်သင့်ဖြစ်နေကြောင်း မကြာသေးမီက ကြေညာခဲ့ပြီး သူ၏အစိုးရသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရန် ရည်ရွယ်ထားကြောင်း သြဂုတ်လ ၂၁ ရက်က လွှတ်တော်တွင် ထုတ်ဖော် ကြေညာခြင်းဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဒေသတွင်း အဖွဲ့အစည်းတွင် ဥက္ကဋ္ဌလုပ်ရန်အဆင်သင့်ဖြင်ကြောင်းကို အပြောနှင့်သာမကပဲ အလုပ်နှင့်ပါ သက်သေပြရပါမည်။ အလားအလာရှိ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုကို ပူးပေါင်းဆောင်ရွက်ခြင်းသည် လမ်းကြောင်းမှန်ပေါ်က ခြေလှမ်းတစ်လှမ်း ဖြစ်လာပါလိမ့်မည်။

မြန်မာနိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဂရုစိုက်နေပါသည်ဟု ဆိုသူအားလုံးသည် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေး တောင်းဆိုမှုကို ထောက်ခံပံ့ပိုးကြရလိမ့်မည်။ ယင်းသို့သာ တာဝန်ယူမှုမရှိပါက အထက်ပါဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲတိုင်တန်းမှု များက မြန်မာနှင့်အာဆီယံ၏ တိုးတက်ဖွံ့ဖြိုးမှုကို ဆက်လက်၍ အဆိပ်အတောက်ဖြစ်စေပါလိမ့်မည်။

 ********************************************************************************* 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment