Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၆.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. မြန်မာက မြောက်ကိုရီးယားသို့ ဆန်ပို့၍ လက်နက်ဖြင့်လဲ

(Radio Australia News မှ 5 Sept 2011 ရက်စွဲပါ “Burma gave rice to N.Korea for Weapons” ကို ဘာသာ ပြန်ဆိုသည်)

  1. အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံများတွင် မြန်မာပါဝင်

(CNN News မှ 2 Sept 2011 ရက်စွဲပါ Kyle Almond ရေးသားသော “Which countries are perceived to be the Most Corrupt?” ကို ဘာသာ ပြန်ဆိုသည်)

  1. ထိုင်းကို နစ်နာစေကာ ဗီယက်နမ်ကို ပံ့ပိုးရာရောက်မည့် ဆန်စပါး စနစ်

(The Nation သတင်းမှ 5 Sept 2011 ရက်စွဲပါ "Rice Scheme will hurt Thais and help Vietnam" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. အမေရိကန်ကုမ္ပဏီအများစု အရှေ့တောင်အာရှတွင် စီးပွားရေးတိုးချဲ့ရန်ပြင်ဆင်ဟု AmCham ပြော

(Reuters မှ 5 Sept 2011 ရက်စွဲပါ “Most U.S firms plan to expand business in SE Asia: AmCham” ကို ဘာသာ ပြန်ဆိုသည်)

  1. ဇူလိုင်လက ကဒါဖီ၏ကိုယ်စားလှယ်များနှင့် တရုတ်လက်နက်ကုမ္ပဏီများတွေ့ဆုံဟု တရုတ် အတည်ပြု

(5 September 2011 ရက်စွဲပါ BBC News မှ China confirms weapons firms met Gaddafi envoys in July ကို ဘာသာပြန်သည်)

**********************************************************************************************************

မြန်မာက မြောက်ကိုရီးယားသို့ ဆန်ပို့၍ လက်နက်ဖြင့်လဲ

(Radio Australia News မှ 5 Sept 2011 ရက်စွဲပါ “Burma gave rice to N.Korea for Weapons” ကို ဘာသာ ပြန်ဆိုသည်)

မြန်မာအစိုးရသည် စစ်လက်နက်ပစ္စည်းများနှင့် လဲလှယ်ရန်အတွက် ဆန်နှင့်အခြားလယ်ယာထွက်ကုန်များကို မြောက်ကိုရီးယားသို့ တင်ပို့ လျက် ရှိသည်ဟု သိရှိရကြောင်း Wikileaks က ထုတ်လွှင့်လိုက်သည့် အမေရိကန်သံတမန် ဆက်သွယ်ရေးကေဘယ်များက ဆိုသည်။

၂ဝဝ၉ ခုနှစ် ဇူလိုင်လ ရန်ကုန်မြို့ အမေရိကန် သံရုံးဆက်သွယ်မှု မှတ်တမ်းများက မြန်မာအစိုးရသည် ယင်း၏ တပ်မတော်ပိုင် မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်မှတစ်ဆင့် မြောက်ကိုရီးယားသို့ ဆန်တန်ချိန် နှစ်သောင်း တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ယုံကြည်ရသော စီးပွားရေး သတင်းရပ်ကွက်၏ အဆိုအရ မြန်မာအစိုးရသည် လက်နက်နှင့်လဲလှယ်ရန် ဆန်နှင့် လယ်ယာထွက်ကုန်များကို မြောက်ကိုရီးယားသို့ တင်ပို့ခဲ့သည်မှာ ၅ နှစ်ခန့်ရှိပြီဟု ဖော်ပြထားသော သံတမန်ဆက်ကြောင်း ကေဘယ်က ယင်းလက်နက်များမှာ သမားရိုးကျ လက်နက်များ ဖြစ်သည်ဟုလည်း ရည်ညွှန်းထားသည်။

မြန်မာအစိုးရသည် ပြုံယမ်း၏ အကူအညီဖြင့် လျှို့ဝှက်နျူကလီယာ အစီအစဉ်တစ်ခုကို အကောင်အထည် ဖော်နေသည်ဟု ဝါရှင်တန်က သံသယရှိနေကြောင်းကို မနှစ်က Wikileaks မှ ထုတ်လွှင့်သော အမေရိကန် သံတမန် ဆက်သွယ်မှုမှတ်တမ်းများတွင် တွေ့ရှိခဲ့ကြပြီး ဖြစ်သည်။ နိုဝင်ဘာလက ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင်လည်း မြောက်ကိုရီးယားသည် အီရန်နှင့် ဆီးရီးယားအပြင် မြန်မာနိုင်ငံကိုပါ တားမြစ် နျူကလီယာနှင့် ဒုံးကျည် အစိတ်အပိုင်းကိရိယာများ ကူညီဖြည့်ဆည်းပေးနေကြောင်း ဖော်ပြခဲ့သည်။

မြန်မာအစိုးရက ယင်း၏ နျူကလီယာရည်မှန်းချက်နှင့် ပတ်သက်သည့် အစီရင်ခံစာသတင်းများကို ကန့်ကွက်ခဲ့ပြီး မြောက်ကိုရီးယားနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ခြေအပေါ် အနောက်နိုင်ငံ စိုးရိမ်ပူပန်မှုများကိုလည်း ပယ်ချခဲ့သည်။

မြန်မာနိုင်ငံတွင် မနှစ်က အငြင်းပွားဖွယ်ရွေးကောက်ပွဲများအပြီး မတ်လမှစ၍ အမည်ခံအရပ်ဖက်အစိုးရက လွှဲပြောင်း အုပ်ချုပ်လျက် ရှိသော် လည်း ယူနီဖောင်းချွတ် ယခင်ဗိုလ်ချုပ်ဟောင်းများကသာ အစိုးရ အဖွဲ့ဝင် ရာထူးများကို ရယူ ထိန်းချုပ်ထားကြသည်။

**************************************************************************************************

အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံများတွင် မြန်မာပါဝင်

(CNN News မှ 2 Sept 2011 ရက်စွဲပါ Kyle Almond ရေးသားသော “Which countries are perceived to be the Most Corrupt?” ကို ဘာသာ ပြန်ဆိုသည်)

Transparency International က ကမ္ဘာ့နိုင်ငံပေါင်း ၁၇၈ နိုင်ငံရှိ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍများတွင် ခြစားမှုများကို အကျင့်ပျက်ခြစားမှုအတွက် ညွှန်းကိန်းများအဖြစ် အမှတ်ပေးပြီး စာရင်းထုတ်ပြန်လိုက်ရာ ဆိုမာလီယာ၊ မြန်မာနှင့် အာဖဂန်နစ္စတန်နိုင်ငံများသည် အမှတ်အနည်းဆုံး ရရှိသော နိုင်ငံ များ ဖြစ်နေသည်။

အမှတ် (ဝ) မှ (၁ဝ)ထိ ပေးခဲ့ရာတွင် အမှတ် (၁ဝ) သည် အလွန်သန့်ရှင်းသော နိုင်ငံဖြစ်ပြီး အမှတ် (ဝ) ရရှိသူသည် အကျင့်ပျက်ခြစားမှု အမြင့်ဆုံးကို ပြသည်။ အဆိုပါနိုင်ငံများသည် အမှတ် (၁.၅)မှတ်ထက် လျော့နည်းပြီး ဆိုမာလီယာသည် အမှတ် (၁.၁)မှတ်ဖြင့် အနိမ့်ဆုံးရရှိခဲ့သည်။ မြန်မာနှင့် အာဖဂန်နစ္စတန်တို့သည် အမှတ် (၁.၄) မှတ်ဖြင့် ဒုတိယနေရာတွင် ပူးတွဲရှိနေသည်။

အမှတ်အများဆုံးရရှိသူများစာရင်းတွင် ဒိန်းမတ်၊ နယူးဇီလန်နှင့် စင်ကာပူတို့သည် အမှတ် (၉.၃) မှတ်စီ ရရှိကြသည်။ အမေရိကန် ပြည်ထောင်စုသည် အမှတ် (၇.၁) မှတ် ရရှိပြီး ခြစားမှုအနည်းဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေသည်။ ယင်းသည် နံပါတ် (၂၂) နေရာတွင် ဘယ်လဂျီယံ နှင့် ပူးတွဲရှိနေသည်။ အိမ်နီးချင်းမက္ကစီကိုမှာ အမှတ် (၃.၁) သာ ရရှိပြီး အမေရိကန်အနေနှင့် အမှတ် (၈.၉)မှတ် ရရှိသူ ကနေဒါကို မီရန် ကြိုးစားရဦး မည်ဖြစ်သည်။

ယခုနောက်ဆုံး အမှတ်ပေးမှုများမှာ ၂ဝဝ၉ ဇန်နဝါရီမှ ၂ဝ၁ဝ စက်တင်ဘာအတွင်း လွတ်လပ်ပြီး အများလေးစားမှုခံရသော အဖွဲ့အစည်းများ၏ အကဲဖြတ်ကွင်းဆင်းလေ့လာမှု (၁၃)ခုအပေါ် အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်ကြောင်း Transparency International ၏ အဆိုအရ သိရှိရသည်။ ၎င်းအဖွဲ့က အကျင့်ပျက်ခြစားမှုအား ပုဂ္ဂလိက တိုးတက်မှုအတွက် လုပ်ဆောင်ပေးရန် တာဝန်ရှိသော အာဏာကို အလွဲသုံးစားပြုခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုသည်။

Transparency International သည် အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး ဘာလင်တွင် ဌာနချုပ်ရှိသည်။ ယင်းက အကျင့်ပျက်ခြစားမှု သည် သဘာဝအရ ထင်သာမြင်သာ ရှိမနေသည့်အတွက် အကဲဖြတ်ရန်ခက်ခဲကြောင်း၊ သို့သော် ရေရှည်ခန့်မှန်းရာတွင် တိုင်းသူပြည်သားများ၏ ယူဆချက် များသည် အခရာကျသည်ဟု ယင်းအဖွဲ့က ဆိုသည်။

အကျင့်ပျက်ခြစားမှု ညွှန်းကိန်းတွင် မှတ်သားဖွယ်အချို့မှာ အိန္ဒိယနိုင်ငံတွင် Anna Hazare မကြာမီက အစာအငတ်ခံဆန္ဒပြမှုကြောင့် အကျင့်ပျက်ခြစားမှု ကိစ္စမှာ ရှေ့တန်းသို့ ရောက်လာခဲ့သည်။ ညွှန်းကိန်းတွင် အိန္ဒိယသည် အမှတ် (၃.၃) သာရရှိပြီး အကျင့်ပျက်ခြစားမှု အများဆုံး ရှိသော နိုင်ငံစာရင်းတွင် ထည့်သွင်းခံထားရသည်။

လစ်ဗျားသည် (၂.၂) မှတ်နှင့် ဆီးရီးယားသည် (၂.၅) မှတ်ရရှိခြင်းကြောင့် အကျင့်ပျက် ခြစားမှုအများဆုံး စာရင်းတွင် ပါဝင်ရာ မကြာသေးမီက အဆိုပါနိုင်ငံများတွင် မငြိမ်သက်မှုများမှာ အံ့ဩဖွယ်မဟုတ်ပေ။ ယီမင်နိုင်ငံသည်လည်း အမှတ် (၂.၂) သာ ရရှိသည်။

အီဂျစ်က (၃.၁) မှတ်နှင့် တူနီးရှားက (၄.၃)မှတ် ရရှိကြရာ မဆိုးလှဟု ဆိုရမည်ဖြစ်သော်လည်း စာရင်း ကောက်ယူစဉ်က အဆိုပါနိုင်ငံများမှာ ခေါင်းဆောင်များ ရာထူး မပြုတ်သေးသည်ကို တွေ့ရသည်။

***************************************************************************************************************

ထိုင်းကို နစ်နာစေကာ ဗီယက်နမ်ကို ပံ့ပိုးရာရောက်မည့် ဆန်စပါး စနစ်

(The Nation သတင်းမှ 5 Sept 2011 ရက်စွဲပါ "Rice Scheme will hurt Thais and help Vietnam" သတင်းဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

                စားသုံးသူများသည် မြန်မာနှင့်ကမ္ဘောဒီးယားမှ ဈေးမြင့်၍ အရည်အသွေးနိမ့်သော ဆန်များကို ကြုံတွေ့ နေရသည်ဟု ထိုင်းနိုင်ငံ တိုးတက် ဖွံ့ဖြိုးရေး သုတေသနအင်စတီကျု (Thailand Development Research Institute-TDRI) က ဆိုလိုက်သည်။

                ထိုင်းအစိုးရ၏ အငြင်းပွားဖွယ် ဆန်စပါးမူဝါဒကြောင့် စားသုံးသူများ အခွန်ထမ်းသူများ စိတ်မသက်မသာ ဖြစ်ရချိန်တွင် ဗီယက်နမ်က အမြတ် ထွက်တော့မည်ဟု TDRI က သတိပေး ပြောကြားသည်။

                စားသုံးသူများနှင့် ကမ္ဘာ့ဈေးကွက် ဆန်ဈေးနှုန်းကို မြှင့်တင်မည့် အစိုးရ လယ်သမားတို့၏ စွမ်းရည် အပေါ် ဝန်ထုပ်ဝန်ပိုး သက်ရောက်စေမည့် ဆန်စပါး မူဝါဒ စနစ်နှင့် ပတ်သက်သည့် ခက်ခဲသော မေးခွန်းများကို ထိုင်း အစိုးရ အနေဖြင့် ဖြေကြားရန် ထင်ရှားသော စီးပွားရေး လုပ်ငန်းရှင် Ammar Siamwalla က မနေ့က တောင်းဆိုလိုက်သည်။

                "လယ်သမားတွေဆီက ဆန်စပါးတစ်တန်ကို ဘတ်ငွေ 15000 နဲ့ဝယ်ဖို့ အစိုးရက စီစဉ်တဲ့အတိုင်းဆိုရင် ဒီနှစ် အတွက် အများကြီး လှောင်ထား ရတော့မှာပါ။ ဒီလို များပြားတဲ့ဈေးနှုန်းကို ထိန်းဖို့ဆိုရင် တစ်နှစ်ပြီးတစ်နှစ် ဆန် သိုလှောင်မှု ပိုများလာပြီး နောက်ဆုံးမှာ အခွန်ထမ်းသူတွေ စရိတ် ထောင်းအောင် လုပ်သလို ဖြစ်လာပါလိမ့်မယ်" ဟု မနေ့က TDRI သတင်းစာ ရှင်းလင်းပွဲတွင် Ammar က သတိပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။

                "အစိုးရက လှောင်ထားတဲ့ဆန်ကို ထုတ်ရောင်းတဲ့အချိန်မှာ ကမ္ဘာ့ဆန်ဈေးနှုန်း ပြုတ်ကျပြီး ပိုမိုနစ်နာ ဆုံးရှုံးစရာ ရှိနေပါတယ်။ ဒါဟာ ပြဿနာ တစ်ခုပါ" ဟု ယင်းက ဆိုသည်။

                ပြည်တွင်းဆန်ဈေးတက်ခြင်းက စားသုံးသူများကို ထိခိုက်စေပြီး အကယ်၍ အစိုးရက စားသုံးသူများကို ထောက်ပံ့ကြေးပေးမည် ဆိုပါက လူထု အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်မှု ပို၍များလာလိမ့်မည်ဟု ပြောကြားသူ Ammar သည် လွတ်လပ်သော စီးပွားရေးပညာရှင်တစ်ဦး ဖြစ်သည်။

                "ပြည်တွင်းဈေးနှုန်းမြင့်မှုကြောင့် ကမ္ဘာ့ဈေးကွက်မှ ထိုင်းနိုင်ငံကို ဘေးရောက်အောင် ဖိအား ကျရောက်နေချိန်တွင် အစိုးရက အရှုံးခံ ရောင်းချပေးသည့် အပေါစားဆန်ကို စားသုံးသူများက တန်းစီဝယ်ယူ ကြရလိမ့်မည်” ဟု Ammar က ဝေဖန်ပြောဆိုသည်။ “ဒါပေမယ့် ဗီယက်နမ်လို ဆန်အိတ်စပို့ ပြိုင်ဖက်တွေကတော့ သိသိသာသာ အမြတ်ထွက်ကြမှာပါ" ဟု ယင်းက သတိပေးသည်။

                ဆန်ဈေးမကျအောင် ထိန်းရန် လယ်သမားများကို ထုတ်လုပ်မှု လျှော့ဖို့ အစိုးရက တောင်းဆိုဖွယ်ရှိသည်ဟု ပြောကြားသော ဒုတိယဝန်ကြီးချုပ် ကစ်တီရက်နာရာနွန်က တုန့်ပြန်ပြောဆိုသည့် Ammar က "အစိုးရအနေဖြင့် သိုလှောင်မှု များလွန်းနေလျှင်ပင် လယ်သမားများကို ထုတ်လုပ်မှုလျှော့ဖို့ ပြောနိုင်မည်မဟုတ်" ဟု စောဒက တက်လိုက်သည်။

                လယ်သမားတွေက ဆန်စပါးကို လွတ်လပ်စွာစိုက်ခွင့် ရှိပါတယ်။ အရင်က သက်ဦးဆံပိုင် ဘုရင် ခေတ်တုန်းကတောင် ဒီလို မခိုင်းခဲ့ဖူးပါဘူး ဟု ယင်းက ဆိုသည်။

                စားသောက်ကုန်ဈေးနှုန်းများ တက်လာမည်ဟု မျှော်လင့်ရသော်လည်း စီးပွားတက်လာသော နိုင်ငံများတွင် စားသုံးသူများက အခြားစားစရာ အမျိုးမျိုးကို ပြောင်းလဲစားသုံးကြခြင်းကြောင့် ဆန်ဝယ်လိုအား တစ်နှစ်ထက်တစ်နှစ် ကျဆင်းဖွယ် ရှိသည်ဟု Ammar က သုံးသပ်သည်။

                TDRI အစီရင်ခံစာများက သက်ဆင် အစိုးရသည် 2005-06 ခုနှစ်က ဆန် တန်ချိန် 5.24 သန်း ကတိပြု ဝယ်ယူမှုကြောင့် ဘတ်ငွေ 19.13 ဘီလျံ အရှုံးပေါ်မှုနှင့် ရင်ဆိုင်ခဲ့ရပြီး အဘီဆစ်အစိုးရမှာမူ 2009 ခုနှစ် ဝင်ငွေ၌ ဘတ်ငွေ 7.38 ဘီလျံမျှသာ အရှုံးပေါ်ခဲ့သည်ဟု နှိုင်းယှဉ်ပြကြသည်။

                အစိုးရကတိပြုသော ဆန်စပါးစနစ်ကြောင့် ဆန်စက်ပေါင်း 300 မှ 2000 ခန့်နှင့် အကြီးစားပို့ကုန် လုပ်ငန်းရှင် 10 ဦးမှ 20 ဦးခန့် အမြတ် ထွက်ကြချိန်တွင် စပါးစိုက်လယ်သမား မိသားစု 4 သန်းခန့်အနက် 5 သိန်းခန့်သာ အကျိုးအမြတ်ရကြသည်ဟု TDKI ဥက္ကဋ္ဌ နီပွန်း ပိုပါစခွန်က ပြောကြား သည်။ 2005 မှ 2009 အတွင်း ဆန်စပါးကဏ္ဍ ထောက်ပံ့မှုစနစ်တွင် ဝင်ငွေအာမခံချက် ပေးသည့်အစီအစဉ်မှ ဘတ်ငွေ 44.6 ဘီလျံခန့် ကုန်ကျမှု အပါအဝင် စုစုပေါင်း 141 ဘီလျံကုန်ကျမှု ရှိခဲ့သည်ဟု ဆိုသည်။

                အစိုးရက ဆန်ဈေးကိုသာ မြှင့်ပေးပြီး ဆန်အရည်အသွေးကို သတ်မှတ်ခြင်းမရှိသည့်အတွက် လယ်သမားများက ဆန်အရည်အသွေး တိုးတက် ရေးကို လျစ်လျူရှုလာကြလိမ့်မည်ဟုလည်း ယင်းက မှတ်ချက်ပေးသည်။

                ယခုစီမံကိန်းကြောင့် ကမ္ဘောဒီးယားနှင့် မြန်မာမှ ဆန်များကို လှိမ့်ဝင်လာစေလိမ့်မည်။ ဆန်ရောင်းဝယ်မှုကို အစိုးရက ထိန်းချုပ်မှုကြောင့် ဈေးကွက်ယန္တရား ပျက်စီးကာ အစိုးရ၏ ဆန်စပါး အဓိဋ္ဌာန်နှင့် ပူးပေါင်းလုပ်ကိုင်သူ ဆန်စက်များနှင့် ပို့ကုန်သမားအချို့သာ ရှင်သန်နိုင်ကြလိမ့်မည်။ ကမ္ဘာ့ဆန်ဈေးကို ထိန်းချုပ်ရန်အတွက် ဗီယက်နမ်နှင့် ပေါင်းကာ ဆန်ထုတ်လုပ်သူများအသင်း ဖွဲ့ရန် ယခင် သက်ဆင်အစိုးရ၏ ကြိုးပမ်းမှုများသည် မအောင်မြင်သော သဘောများ ဖြစ်သည်ဟု နီပွန်ပိုပါစခွန်က သတိပေးသည်။

                ထိုင်းအစိုးရသစ်က ယခင် ဒီမိုကရက်အစိုးရ၏ ဝင်ငွေအာမခံစနစ်သည် ဆန်ဈေးကို မြှင့်နိုင်ခြင်းမရှိဟု အပြစ်တင်ခဲ့ပြီး ထို့အတွက်ကြောင့် ယခု အငြင်းပွားဖွယ် ဈေးနှုန်းမြှင့်တင်ရေးစနစ်ကို ပြန်လည်စတင်ရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ပြောကြားထားသည်။

                အစိုးရ၏ ဆန်စပါးမူဝါဒသစ်ကို CP company CEO ဆူမတ် လောင်မိုရာဖွန်က အပြည့်အဝ ထောက်ခံ အားပေးခဲ့ပြီး အစိုးရ၏အမြင်သည် ကမ္ဘာ့ ဆန်သိုလှောင်မှု နည်းကာ ဈေးနှုန်းတက်ရိပ်ပြနေခြင်းကို ကြိုတင် ရှုမြင်သည့် အတွက် ဦးတည်ချက်မှန်ကန်သည်ဟု ပြောကြားလိုက်သည်။

                အဓိကစားကုန် ၄ မျိုးဖြစ်သည့် ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲပိစပ် တို့၏ အနာဂတ်ဈေးနှုန်းများကို ကြည့်မည်ဆိုလျှင် ဆန်စပါးကို အခြား ၃ မျိုးနှင့် တစ်တန်းတည်းထားကာ စဉ်းစား၍ မရနိုင်ပေ။ ထို့အပြင် ဆန်ဈေးနှုန်းသည် အခြား စားကုန် ၃ မျိုး ရသည့် ဈေးထက် ပို၍နည်းပါးသည်။

                အမေရိကန်၊ ဗီယက်နမ်၊ ပါကစ္စတန်ကဲ့သို့သော အဓိကဆန်တင်ပို့သူများမှာ တင်ပို့သည့် ပမာဏများနေ၍ ဂိုဒေါင် လက်ကျန်နည်း နေကြ သည်။ ထိုင်းနှင့် ဗီယက်နမ်၏ ဆန်သိုလှောင်မှုမှာ တန်ချိန် ၈ သန်း နှင့် 2.1 သန်း စီ အသီးသီးရှိနေသည်။ သို့သော် နှစ်စဉ် ကမ္ဘာ့ဆန် တင်ပို့ရောင်းဝယ်မှု ပျမ်းမျှပမာဏ တန်ချိန် 31 မှ 32 သန်းခန့် အနက် ထိုင်းနိုင်ငံက ပို့ဆန် ရှယ်ယာ 30% နှင့် ဗီယက်နမ်က 20% အသီးသီး ရထားကြသည်။

                အစိုးရအနေဖြင့် ဝင်ငွေအာမခံချက် ပေးသည့် ဆန်နှင့် ဆန်ဈေးမြှင့်ပေးသည့် စနစ် ၂ ခုအကြား မူဝါဒကို ရောယှက်ကျင့်သုံးသင့်သည်ဟု ဆူမတ်က တိုက်တွန်းထားသည်။ “ဝင်ငွေအာမခံစနစ်က လယ်သမားတွေကို တိုက်ရိုက်နစ်နာကြေး ပေးရမှာ ဖြစ်ပြီး ဆန်ဈေးကျတဲ့ အချိန်မှာ ဆန်ဈေးနှုန်း မြှင့်တဲ့ မူဝါဒစနစ်က ဈေးနှုန်းတက်အောင် လုပ်ပေးမှာပါ” ဟု ယင်းက ဆိုသည်။

**************************************************************************************************************

အမေရိကန်ကုမ္ပဏီအများစု အရှေ့တောင်အာရှတွင် စီးပွားရေးတိုးချဲ့ရန်ပြင်ဆင်ဟု AmCham ပြော

(Reuters မှ 5 Sept 2011 ရက်စွဲပါ “Most U.S firms plan to expand business in SE Asia: AmCham” ကို ဘာသာ ပြန်ဆိုသည်)

အရှေ့တောင်အာရှရှိ အမေရိကန်ကုမ္ပဏီများ၏ ၈၅%သည် ဒေသတွင်း ယင်းတို့၏ စီးပွားရေးလုပ်ငန်းများကို တိုးချဲ့ရန် စီမံခြင်းသည် လာမည့် ၂ နှစ်အတွင်း ပိုမို အရေးကြီးလာလိမ့်မည်ဟု စင်ကာပူရှိ အမေရိကန်ကုန်သည်ကြီးများ အသင်း (AmCham) က တနင်္လာနေ့ (မနေ့)က ပြောကြားခဲ့ သည်။

အာဆီယံသည် ဒေသတွင်းတွင် စီးပွားရေးလုပ်ငန်းများအတွက် အရေးပါမှုမှာ ဆက်လက်ကြီးထွားနေဆဲ ဖြစ်သည်ဟု AmCham စင်ကာပူက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ထို့သို့ဖော်ပြခြင်းမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်တို့ရှိ အကြီးတန်း အမှုဆောင် (၃၂၇)ဦးကြားတွင် မေလ(၁၈)ရက်မှ ဇွန်လ(၈)ရက်အတွင်း မဲပေးစေ၍ သဘောထားတောင်းခံပြီးမှ ဖော်ပြခြင်းဖြစ်သည်။ အာဆီယံ ဆိုသည်မှာ အရှေ့တောင်အာရှနိုင်ငံများ အသင်းကြီးကို ဆိုလိုခြင်းဖြစ်ပြီး ဘရူနိုင်း၊ မြန်မာနှင့် လာအို နိုင်ငံများ ပါဝင်သည်။

ဆန္ဒသဘောထားအတွက် မေးမြန်းခံရသူများ၏ ၇၃% က ယင်းတို့၏ ကုမ္ပဏီများအတွက် အာဆီယံ၏ အရေးပါမှုသည် နောက်ထပ်နှစ်နှစ် ထပ်မံ၍ ရှိနေဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြီးခဲ့သည့်နှစ်က တိုင်းတာမှုများက ၇ဝ% မှ မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း ၎င်းတို့၏ လုပ်ငန်း များ လျှော့ချမည်ဟု ပြောသော ကုမ္ပဏီ တစ်ခုမှ မရှိခဲ့ပေ။

ဒေသတွင်းတွင် အင်ဒိုနီးရှားသည် အမေရိကန်ကုမ္ပဏီများအတွက် ပေါ်ပြူလာဖြစ်နေသော နိုင်ငံဖြစ်နေသည်။ ဆန္ဒကောက်ခံရသော ကုမ္ပဏီ များ အနက် ၇၂% က ယင်းတို့သည် အင်ဒိုနီးရှားတွင် တိုးချဲ့ရန် ပြင်ဆင်လျက်ရှိသည်ဟု ဆိုသည်။

“အင်ဒိုနီးရှားနိုင်ငံတွင် စရိတ်သက်သာသော စီးပွားရေးဝန်းကျင်တွင် ရှိနေပြီး အမေရိကကုမ္ပဏီများသည် ဈေးပေါသော လုပ်အားနှင့် အိမ်ငှားခ နှင့် ရုံးခန်းငှားခ ဈေးသက်သာခြင်းကို နှစ်သက်ကြသည်” ဟု AmCham စင်ကာပူက ပြောသည်။

“သို့သော် အကျင့်ပျက် ခြစားမှု၊ ဥပဒေ စည်းမျဉ်းများနှင့် အခြေခံအဆောက်အဦးများတွင် အဓိက စိုးရိမ်ပူပန်ရသည်” ဟု AmCham စင်ကာပူ က ဆက်လက်ပြောသည်။

*******************************************************************************************************************

ဇူလိုင်လက ကဒါဖီ၏ကိုယ်စားလှယ်များနှင့် တရုတ်လက်နက်ကုမ္ပဏီများတွေ့ဆုံသည်ဟု တရုတ် အတည်ပြု

(5 September 2011 ရက်စွဲပါ BBC News မှ China confirms weapons firms met Gaddafi envoys in July ကို ဘာသာပြန်သည်)

တရုတ်နိုင်ငံပိုင် လက်နက်ထုတ်လုပ်သူများသည် ဇူလိုင်လက ကဒါဖီ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံ စကားပြောခဲ့သည်ဟု တရုတ်က ဝန်ခံ ပြောကြားခဲ့သည်။

ပြောဆိုခွင့်ရ အမျိုးသမီးက ပြောကြားရာတွင် Beijing ၌ တွေ့ဆုံဆွေးနွေးခြင်းကို အစိုးရက မသိခဲ့ကြောင်း ပြောသည်။ မည်သည့်စာချုပ်မှ ချုပ်ဆိုခြင်း၊ လက်နက်များ ပေးပို့ခဲ့ခြင်းများမရှိကြောင်း သူမက ပြောသည်။

လစ်ဗျားတွင် ကဒါဖီဆန့်ကျင်ရေးများ ပြန့်ပွားလာသောကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီသည် လစ်ဗျားသို့ လက်နက် ရောင်းဝယ်ခြင်း မပြုရန် ဖေဖော်ဝါရီလက ပိတ်ပင်ခဲ့သည်။

ကဒါဖီ၏ ကိုယ်စားလှယ်များသည် ဇူလိုင်လ 16 ရက်တွင် ရောက်ရှိခဲ့ကြပြီး တရုတ်နိုင်ငံပိုင် လက်နက်ကုမ္ပဏီသုံးခုက ကဒါဖီအား လက်နက် ဒေါ်လာသန်း 200 (ပေါင်စတာလင် 124 သန်း)ဖိုး ရောင်းချရန် ကမ်းလှမ်းခဲ့သည်ဟု ကနေဒါသတင်းစာက သတင်းဖော်ပြခဲ့ခြင်းကြောင့် တရုတ်က ပြန်လည် တုန့်ပြန်ခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့် ပတ်သက်သော အထောက်အထားများအား ကဒါဖီ၏ အကြီးတန်းတာဝန်ရှိ ပုဂ္ဂိုလ်ဟောင်းများ၏ နေအိမ်အမှိုက်ပစ်ထားသော အမှိုက်ပုံကြားတွင် တွေ့ရှိရကြောင်း ဆိုသည်။ တိုရန်တို အခြေစိုက် Globe and Mail မှ ပြောကြားရာတွင် ကမ်းလှမ်းသော လက်နက်များတွင် သံချပ် ကာ ပစ်ဒုံးကျည်များ နှင့် ဒုံးကျည်လောင်ချာများ ပါဝင်သည်ဟု ဆိုသည်။

လက်နက်ကုမ္ပဏီများသည် လက်နက်များကို အယ်ဂျီးရီးယားသို့မဟုတ် တောင်အာဖရိကမှတစ်ဆင့် သင်္ဘောတင်ရန် အကြံပြုခဲ့ကြောင်း အထောက်အထားများတွင် ဖော်ပြထားသည်။ သို့သော် စစ်တပ်အကူအညီများ ပါဝင်ခြင်း ရှိမရှိ အတည်ပြုထားခြင်းမရှိဟု သတင်းစာက ပြောကြား သည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Jiang Yu က နေ့စဉ် သတင်းစာ သို့ ပြောကြားရာတွင် မည်သည့် လက်နက်မျှ ပေးပို့ ခြင်း မရှိသေးဟု ဆိုသည်။

"ကဒါဖီ အစိုးရက တရုတ်ကို ကိုယ်စားလှယ်တွေ စေလွှတ်ရာမှာ တရုတ်အစိုးရကို အသိပေးခြင်း မရှိပါဘူး။ ကုမ္ပဏီတွေက လက်တစ်ဆုပ်စာ လူအနည်းငယ်နှင့်သာ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါတယ်" ဟု သူမက ပြောသည်။

"တရုတ် ကုမ္ပဏီတွေဟာ လစ်ဗျားနဲ့ မည်သည့်စာချုပ်မျှ ချုပ်ဆိုခြင်း၊ မည်သည့်စစ်တပ်ဆိုင်ရာ ပစ္စည်များ တင်ပို့ခဲ့ခြင်းမရှိပါဘူး" ဟု သူမက ပြောသည်။ "ပြည်တွင်းက လက်နက်ရောင်းဝယ်ရေး ကုမ္ပဏီတွေဟာ ဒီကိစ္စကို လေးလေးနက်နက် လုပ်ဆောင်မှာ သေချာပါတယ်" ဟု သူမက ဖြည့်စွက် ပြောသည်။

ယခုကဲ့သို့ ဝန်ခံပြောကြားခြင်းသည် လစ်ဗျား နောက်တက်လာမည့် အစိုးရနှင့် တရုတ်နိုင်ငံကြား ဆက်ဆံရေးကို ရှုပ်ထွေးစေမည် ဖြစ်သည်ဟု Beijing ရှိ BBC မှ Domain Grammaticas က ပြောကြားခဲ့သည်။

တရုတ်သည် သူပုန်များကို လစ်ဗျားအစိုးရသစ်အဖြစ် အသိအမှတ်မပြုသေးပဲ ရှိနေသည်။ ကဒါဖီ၏ အုပ်ချုပ်မှုသည် ပြီးဆုံးချိန် နီးပြီဖြစ်ရာ တရုတ်က ယင်းနှင့် ဆက်ဆံထားမှုများအတွက် အန္တရာယ် ရှိနေသည်ဟု နောက်ဆုံး ဝန်ခံထားမှုက ဖော်ပြနေသည်။

ပြီးခဲ့သည့်ဇွန်လက တရုတ်သည် လစ်ဗျား သူပုန်ခေါင်းဆောင်အား Beijing သို့ ဖိတ်ခေါ်ဧည့်ခံခဲ့ပြီး ဆက်ဆံရေး တည်ဆောက်ခဲ့သည်။ ထို့နောက် မကြာမီတွင် ကဒါဖီ၏ လူများ တရုတ်မှ လက်နက်များ လာဝယ်သည်မှာ ထင်ရှားသည်။

ကဒါဖီ၏လူများသည် တရုတ် အစိုးရမသိပဲ တရုတ်သို့လာပြီး တရုတ်နိုင်ငံပိုင် ကုမ္ပဏီမှ ထိုသို့ လက်နက် မှာကြားသည်ကို တရုတ်အစိုးရ မသိခဲ့ဟု ဆိုခြင်းကို လစ်ဗျားခေါင်းဆောင်သစ်များက ယုံကြည်ရန် ခဲယဉ်းမည်ဖြစ်ကြောင်း BBC သတင်းထောက်က ဆိုသည်။

တရုတ်က သူပုန်များကို ထောက်ခံခြင်းမပြုသည့် အချက်တစ်ခုမှာ တရုတ်ကုမ္ပဏီများသည် လစ်ဗျားမှ ရေနံဝယ်ယူနေမှုအတွက် အနာဂတ် တွင် သဘောတူညီမှုများ ဆုံးရှုံးမည်ကို စိုးရိမ်၍ဖြစ်သည်။

 ***************************************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment