Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၀.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. တရုတ်၏ ငွေကြေးဖောင်းပွမှု သြဂုတ်လတွင် အခြေအနေ မဆိုး

(9 September 2011 ရက်စွဲပါ BBC News မှ China’s inflation rate moderated in August ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာနိုင်ငံရှိ ULFA စခန်းအား မြန်မာစစ်တပ် တိုက်ခိုက်

( 7 September 2011 ရက်စွဲပါ Times of Assam မှ ULFA bases at Myanmar attacked, pressure on Paresh Baruah  ကို ဘာသာ ပြန်ဆိုသည်)

  1. မြန်မာ့မြေပေါ်မှ အမြတ်ထုတ်ရာတွင် တဖက်တည်းရပ်တည်ကြမည့် တရုတ်နှင့် အိန္ဒိယ

(Rediff blog မှ “ China – India on the same side in Myanmar ” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

  1. စိုးရိမ်ပူပန်မှု ကြီးထွားစေသည့် မြန်မာနိုင်ငံမှ တရုတ် စီမံကိန်းများ

(Press TV မှ 8 Sept  2011 ရက်စွဲပါ “ Chinese projects in Myanmar raising concerns” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

***************************************************************************************

တရုတ်၏ ငွေကြေးဖောင်းပွမှု သြဂုတ်လတွင် အခြေအနေ မဆိုး

(9 September 2011 ရက်စွဲပါ BBC News မှ China’s inflation rate moderated in August ကို ဘာသာ ပြန်ဆိုသည်)

                တရုတ်၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဇူလိုင်လက သုံးနှစ်အတွင်း အမြင့်ဆုံး ဖြစ်ပြီးနောက် သြဂုတ်လတွင် လျော့နည်း ကျသွားခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရို၏ အဆိုအရ သိရှိရသည်။

                တရုတ်သည် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စီးပွားရေးဖြစ်ပြီး လူသုံးကုန်ပစ္စည်းများသည် ဇူလိုင်လတွင် 6.5% တက်ခဲ့ရာမှ 6.2% သို့ ကျခဲ့ပါသည်။

                စားသောက်ကုန် ဈေးနှုန်းများ တက်ခဲ့ခြင်းသည် အဓိကအကြောင်းတစ်ရပ် ဖြစ်ခဲ့သည်။ ဗျူရိုကပြောကြားရာတွင် တရုတ်နိုင်ငံ၏ စက်မှု အထွက်နှုန်းသည် သြဂုတ်လတွင် ယမန်နှစ်ကထက် 13.5% မြင့်တက်ခဲ့သည်။ ဇူလိုင်လတွင် တိုးတက်မှုနှုန်း အနည်းငယ်ကျဆင်းခဲ့သည်။

သုံးသပ်သူများကပြောကြားရာတွင် ယခု ငွေဖောင်းပွမှုကိန်းဂဏန်းများသည် ပေါက်ကွဲလုမတတ် အပူချိန်မြင့်နေသော စီးပွားရေးကို အစိုးရက စတင်ကိုင်တွယ်နိုင်ပြီ ဆိုသည်ကို ပြဆိုသည်ဟု ဆိုသည်။

“အခုကျဆင်းမှုဟာ ယခုနှစ် ငွေကြေးဖောင်းပွမှုအတွက် အကြီးဆုံး ကျဆင်းမှုပါပဲ။ စားသောက်ကုန်ဈေးနှုန်းတွေတက်တာ အပါအဝင် ဈေးတက် တာတွေ အမြင့်ဆုံးဖြစ်ပြီးလို့ ထပ်မတက်တော့ဘူးလို့ မျှော်လင့်ရတာပါပဲ ” ဟု IFR ဈေးကွက်မှ George Worthington  က ပြောသည်။

ငွေကြေးမူဝါဒ

Beijing သည် ဈေးနှုန်းများ တက်နေမှုအား အစိုးရက ထိပ်တန်းဦးစားပေးအဖြစ် ကိုင်တွယ်ရန် သတ်မှတ်ထားဆဲဖြစ်သည်။

တရုတ်ဗဟိုဘဏ်သည် 2010 အောက်တိုဘာမှ ယနေ့ထိ ဘဏ်တိုးနှုန်းများကို မြှင့်တင်ခဲ့ပြီး၊ ဘဏ်များထားရှိရမည့် အရန်ငွေကိုလည်း ထိုကာလအတွင်း ကိုးကြိမ်တိုင် တိုးမြှင့်ခဲ့သည်။

ဆိုလိုသည်မှာ ဘဏ်များ အရန်ငွေတွင် ငွေများ  ပိုမိုထည့်ထားနိုင်ပြီး၊ ငွေထုတ်ချေးမှုကို ထိရောက်စွာလျှော့ချခြင်းပင် ဖြစ်သည်။

ယခုနောက်ဆုံး ကိန်းဂဏန်းများက ဗဟိုဘဏ်၏ ငွေကြေးမူဝါဒနှင့် ပတ်သက်သော ရပ်တည်ချက်ကို ပြောင်းကောင်းပြောင်းနိုင်မည်ဟု ဝေဖန်သုံးသပ်သူများက ပြောကြသည်။

“မူဝါဒအနေနဲ့ကြည့်ရင်တော့ တင်းကြပ်နေတုန်းပါပဲ ” ဟု Peking First Advisory မှ Dong Xian’an က ပြေကြားခဲ့သည်။

IFR Markets မှ Worthington က ဖြည့်စွက်ပြောကြားရာတွင် နောက်နှစ်အစောပိုင်းတွင် Beijing သည် ၎င်း၏ မူဝါဒကို စတင်ဖြေလျှော့ ပေးလိမ့်မည် ဖြစ်ကြောင်း၊ ထိုအချိန်တွင် ငွေဖောင်းပွမှုသည် 5% သို့မဟုတ် 5% အောက်တွင် ရှိနေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပိုမိုစိုးရိမ်ဖွယ်ရာများ

ဇူလိုင်လတွင် လူသုံးကုန်ပစ္စည်းများဈေးနှုန်းကျခဲ့သည် ဆိုသော်လည်း အာဏာပိုင်များအနေဖြင့် ဈေးနှုန်းတက်မှုကို ပိုမိုကိုင်တွယ် ထိန်းချုပ်ရန် လိုအပ်နေသေးကြောင်း ဝေဖန်သုံးသပ်သူများက ဆိုသည်။

“သြဂုတ်လတွင် လူသုံးကုန်ဈေးနှုန်းကို ကျယ်ကျယ်ပြန့်ပြန့် မချနိုင်ပါဘူး။ ဝက်သား ဈေးနှုန်းကိုပဲ ကိုင်တွယ်နိုင်ပါသေးတယ် ” ဟု HIS Global Insight မှ Ren Xianfang က ပြောကြားခဲ့သည်။

တရုတ် သယ်ယူပို့ဆောင်ရေးနှင့် ဝယ်ယူရေး ဖက်ဒရေးရှင်းမှ ပြီးခဲ့သည့်အပတ်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သြဂုတ်လတွင် ထုတ်လုပ်သူများသည် ကုန်ကြမ်းဈေးကြီးမှုဒဏ်ကို ခံစားခဲ့ရသည်ဟု ကောက်ယူနိုင်သည်။

စက်ရုံများသည် ကုန်ကြမ်းအတွက် ပေးရသည့်နှုန်းအား တိုင်းတာရာတွင် ဇူလိုင်လတွင် 56.3% မြင့်တက်ရာမှ သြဂုတ်လတွင် 57.2% ထိ မြင့်တက်ခဲ့သည်။

ဈေးနှုန်းကြီးမြင့်မှုကို ကိုင်တွယ်ထားနိုင်သည့် အခြေအနေတွင် ရှိသော်လည်း၊ ငွေဖောင်းပွမှုသည် တရုတ်စီးပွားရေးကို ခြိမ်းခြောက်နေဆဲ ဖြစ်သည်။

“ တရုတ်ဟာ ငွေဖောင်းပွမှု ကြီးမားမှုအတွက် ဖိအားတွေ ရှိနေတုန်းပါပဲ ” ဟု Ms Ren က ပြေကြားခဲ့သည်။

သောကြာနေ့က ထုတ်ပြန်သော အခြားအချက်အလက်များတွင် သြဂုတ်လ၌ လက်လီရောင်းချရမှု 17% ထိ ခုန်တက်ခဲ့ပြီး၊ ပိုင်ဆိုင်မှုအတွက် ရင်းနှီးမြှပ်နှံမှု၊ အစိုးရ အခြေခံဆောက်အဦးအတွက် ရင်းနှီးမြှပ်နှံမှု တို့တွင် 2011 ၏ ပထမ ရှစ်လတွင် 25% ထိ တက်လာခဲ့သည်။

***************************************************************************************

မြန်မာနိုင်ငံရှိ ULFA စခန်းအား မြန်မာစစ်တပ် တိုက်ခိုက်

( 7 September 2011 ရက်စွဲပါ Times of Assam မှ ULFA bases at Myanmar attacked, pressure on Paresh Baruah  ကို ဘာသာပြန်ဆိုသည်)

C – in – C Paresh Baruah ခေါင်းဆောင်သော United Liberation Front of Asom ( ULFA ) ၏ သဘောထားတင်းမာသော အုပ်စုမှ အတည်ပြုပြောကြားရာတွင် ၎င်းတို့၏ မြန်မာနိုင်ငံတွင် ရှိသော အခြေစိုက်စခန်းအား မြန်မာစစ်တပ်မှ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဖွဲ့၏ ပြန်ကြားရေးခေါင်းဆောင် Arunudoy Dahotiya က email ကြေညာချက်တွင် မြန်မာစစ်တပ်သည် တောနက်ထဲရှိ ULFA     စခန်းများအား တိုက်ခိုက်ရုံသာမက အခြားအရှေ့မြောက်သူပုန်စခန်းများကိုပါ တိုက်ခိုက်ကြောင်း ULFA က ဖော်ပြသည်ဟု ရေးသားထားသည်။ အာသံမှ ပြည်သူများကိုလည်း ၎င်းတို့အဖွဲ့များအား အကူအညီပေးကြရန် ပန်ကြားထားသည်။ ကြေညာချက်တွင် မြန်မာစစ်တပ်တွင် အိန္ဒိယမှ အကူအညီ ပေးထားသော လက်နက်ကြီးများနှင့် ခဲယမ်းများ ရှိသောကြောင့် တိုက်ပွဲသည် ပြင်းထန်နိုင်သည်ဟု ဆိုသည်။

ဇွန်လ (၁၆) ရက်နေ့က Times of Assam တွင် ပုံနှိပ်ဖော်ပြထားရာ၌ အိန္ဒိယထောက်လှမ်းရေးသည် ULFA ၏ သဘောထားတင်းမာသော  အုပ်စုခေါင်းဆောင် Paresh baruah အား နှိမ်နှင်းနိုင်ရန် ခေတ်မီဂြိုလ်တုနည်းစနစ်များ အသုံးပြုရှာဖွေနေသည်ဟု ယုံကြည်ရကြောင်း ရေးသားထားသည်။ သတင်းရင်းမြစ်များက Times of Assam သို့ သတင်းများပေးပို့ရာတွင် အိန္ဒိယထောက်လှမ်းရေးသည် GPS စနစ်ကို အသုံးပြု၍ တရုတ်- မြန်မာ နယ်စပ်ရှိ Paresh Baruah ပုန်းအောင်းနေသော Taka ဒေသ၏ ဂြိုလ်တု မြေပုံကို ရေးဆွဲထားသည်ဟု ဆိုသည်။

လွန်ခဲ့သော လအနည်းငယ်က ပြည်ထဲရေးဝန်ကြီးဌာနမှ (အရှေ့မြောက်) တွဲဖက်အတွင်းဝန် Shambhu Singh သည် မဏိပူရအစိုးရ ကိုယ်စားလှယ်များနှင့် အတူ မြန်မာအစိုးရတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကလေးဝတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးစဉ်က အိန္ဒိယ ကိုယ်စားလှယ်သည် မြန်မာအစိုးရအား မြန်မာ့မြေပေါ်ရှိ ULFA စခန်းများအား ချက်ခြင်း အရေးယူဆောင်ရွက်ပေးရန် ဖိအားပေးခဲ့သည်။

ယခု ULFA အား မြန်မာစစ်တပ်က တိုက်ခိုက်နေခြင်းကြောင့် Paresh baruah သည် ရွေးစရာလမ်းမရှိပဲ တရုတ်နိုင်ငံသို့ ထွက်ပြေးရမည် ဖြစ်သည်။ တဖန် ၎င်းသည် တရုတ်နိုင်ငံတွင် ပိတ်မိနေနိုင်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ အဝင်အထွက် ပြုလုပ်ရန် မလွယ်ကူတော့ သောကြောင့် ဖြစ်သည်။

***************************************************************************************

မြန်မာ့မြေပေါ်မှ အမြတ်ထုတ်ရာတွင် တဖက်တည်းရပ်တည်ကြမည့် တရုတ်နှင့် အိန္ဒိယ

(Rediff blog မှ “ China – India on the same side in Myanmar ” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ အနောက်ပိုင်းတစ်လျှောက် ထိုနိုင်ငံကို ဖြတ်သန်းရန် တရုတ်နိုင်ငံက တည်ဆောက်နေသော ရေနံနှင့် ဓါတ်ငွေ့အမြွှာပိုက်လိုင်း ၂ ခု အပေါ် အမေရိကန်ပြည်ထောင်စုက အာရုံပြန်၍ စိုက်လာခြင်းနှင့်အတူ အိန္ဒိယ အရှေ့ဖက်နယ်စပ်ရှိ အကြီးစားဂိမ်းကစားပွဲ ပို၍ လှုပ်ရှားပြင်းထန် လာပါသည်။ တရုတ်တို့၏ စွမ်းအင်လုံခြုံရေးနှင့် ပါရှန်ပင်လယ်ကွေ့နှင့် အာဖရိက ရေနံနိုင်ငံများသို့ လက်တကမ်းနီးကပ်ရေး ရည်မှန်းချက်များ လောဘ တကြီး အကောင်အထည်ဖေါ်မှုက ထိုင်းနိုင်ငံအခြေစိုက် မြန်မာနည်း မြန်မာ့ဟန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ အမေရိကန် စပွန်ဆာ ပေးသော လှုပ်ရှားမှုကို နှိုးဆွမိလေတော့သည်။

အထက်ပါ ၃၉၀၀ ကီလိုမီတာ အရှည် ပိုက်လိုင်းအမြွှာကို တည်ဆောက်နေသော ကုမ္ပဏီအုပ်စုတွင် ONGC Videsh ပါဝင်နေသည့်အလျောက် မြန်မာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှု၏ အဆုံးသတ် ပစ်မှတ်တွင် အိန္ဒိယနိုင်ငံလည်း အလိုအလျောက် ပါဝင်လာသည်။ တရုတ်တို့က စီမံကိန်း ရင်းနှီးမတည်ငွေရင်း၏ 8.35% ကို ရှယ်ယာထည့်ရန် ONGC Vidwsh ကို ကမ်းလှမ်းခဲ့ရာ အိန္ဒိယကုမ္ပဏီကလည်း စုစုပေါင်း ဒေါ်လာ သန်း ၂၅၀ ခန့်  ရင်းနှီးမြှပ်နှံရမည့် အစီအစဉ်ကို လိုလိုလားလား လက်ခံမည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြသခဲ့သည်။ အဆိုပါ တရုတ်ဦးဆောင်သော ကုမ္ပဏီစုတွင် တတိယမြောက် ပါတနာဖြစ်သည့် တောင်ကိုးရီးယား၏ Daewoo က 25.4% ရှယ်ယာတည့်ဝင်၍ စီမံကိန်း၏ ရှယ်ယာ 50.9% ကို တရုတ်တို့က ချုပ်ကိုင်ထားမည် ဖြစ်သည်။

အမြွှာပိုက်လိုင်း၏ ပိုက်လိုင်းတစ်ခုမှာ ဘင်္ဂလားပင်လယ်အော်ရှိ ခန့်မှန်းခြေ ဓါတ်ငွေ့ပမာဏ ၄.၅ ထရီလီယံ bcm ထုတ်ယူနိုင်မည့် ဓါတ်ငွေ့ သိုက်များမှ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်သည်။ အမေရိကန်တို့ကို စိတ်အနှောက်အယှက် ဖြစ်စေသည့် ကိစ္စမှာ အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ မြန်မာအနောက်ကမ်းရိုးတန်းသို့ သင်္ဘောဖြင့် ရောက်လာမည့် ရေနံစိမ်းကို တရုတ်ယူနမ်ပြည်နယ်သို့ စည်ပေါင်း ၂၂ သန်း ခန့် ပို့ဆောင်ပေးနိုင်မည့် ဒုတိယပိုက်လိုင်း ဖြစ်ဖွယ်ရှိသည်။ တရုတ်တို့၏ မဟာဗျူဟာမှာ တရုတ်ရေနံတင်သွင်းမှု ၄ ပုံ ၃ ပုံခန့်ကိုလက်ရှိ သယ်ယူ ပို့ဆောင် ဖြတ်သန်းနေရသော မလက္ကာရေလက်ကြားအပေါ် မှီခိုမှု လျှော့ချရေးပင် ဖြစ်သည်။

ထိုင်းနိုင်ငံမှ အမေရိကန် စပွန်ဆာပေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် မြန်မာပြည်ပြေးအုပ်စုများက “ပိုက်လိုင်းများ၏ လုံခြုံရေးကို ခြိမ်းခြောက်မည့် လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ပွဲများ ဖြစ်ပွားနိုင်ကြောင်း” သတိပေး ပြောဆိုထားကြသည်။ သို့သော်လည်း တား၍ရမည် မဟုတ်သော တရုတ်တို့ကလည်း ၂၀၁၃ တွင် စီမံကိန်း အပြီးသတ်ရန် တွန်းတွန်းတိုက်တိုက် ဖိအားပေးလျက်ရှိသည်။ အမေရိကန်တို့၏ လှုပ်ရှားမှုကို “ဟောင်ဖွာ ဟောင်ဖွာ လေသေနတ်ပစ်ခြင်း” အဖြစ် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံစလုံးက သဘောထားနေကြပုံရသည်။

ပြီးခဲ့သော အောက်တိုဘာလတွင် သမ္မတ ဘားရက်အိုဘားမားက အိန္ဒိယပါလီမန်တွင် မိန့်ခွန်းပြောကြားရာ၌ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ကင်းမဲ့မှုနှင့် ပတ်သက်၍ အမေရိကန်တို့ လှုပ်ရှားနေသော စီမံချက်တွင် အိန္ဒိယခေါင်းဆောင်များကလည်း တက်တက်ကြွကြွ ပါဝင်လှုပ်ရှား ကြရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။ သို့သော်လည်း လှစ်နေအောင်ပါးနပ်သည့် ဒေလီအစိုးရကလည်း နားထောင်ခြင်း မပြုသည့်အပြင် ပညာရှင်များ၏ သမားရိုးကျ အမြင်ဖြစ်သော မြန်မာ့ သယံဇာတများကို တပ်မက်ကြသည့် ဒေသတွင်းအင်အားကြီး နှစ်နိုင်ငံသည် မြန်မာမြေပေါ်တွင် တစ်ဦးကိုတစ်ဦး အပြတ်ဖြုတ်ရန် ခါးသီးစွာ ပြိုင်ဆိုင်ကြတော့မည်ဟူသော အမြင်နှင့် ကွဲပြားခြားနားစွာပင် မြန်မာနိုင်ငံ၏ စွမ်းအင်စီမံကိန်းတွင် တစ်ဖက်တည်း၌ ရပ်တည် ကြမည့် အကျိုးတူနယ်ပယ်ကို ရှာဖွေတွေ့ရှိထားကြသည်။

***************************************************************************************

စိုးရိမ်ပူပန်မှု ကြီးထွားစေသည့် မြန်မာနိုင်ငံမှ တရုတ် စီမံကိန်းများ

(Press TV မှ 8 Sept  2011 ရက်စွဲပါ “ Chinese projects in Myanmar raising concerns” ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ကာလရှည်ကြာ ရှုတ်ထွေးနေသော လက်နက်ကိုင် တိုက်ပွဲများ ဖြစ်ပွားရာ “အညိုရောင်နယ်မြေ”များတွင် တရုတ်တို့    တည်ဆောက်နေသော စွမ်းအင်စီမံကိန်းများက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူများ၊ လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် သုတေသန ပညာရှင်များ အကြား စိုးရိမ်ပူပန်မှုများ ကြီးထွားလာစေသည်။

ထိုင်းနိုင်ငံအခြေစိုက် Shwe Gas Movement အုပ်စုက တရုတ်ပိုက်လိုင်းစီမံကိန်း တည်ဆောက်မှုအပေါ် နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် “၎င်းနယ်မြေများရှိ တိုင်းရင်းသား လူ့အဖွဲ့အစည်းအတွင်း လူ့အခွင့်အရေး ညှင်းပန်းနှိပ်စက်မှုများ ဆက်လက်ဆိုးဝါးလာလိမ့်မည်”  ဟု ကောက်ချက်ချ သုံးသပ်ထားသည်။

၂၈၀၀ ကီလိုမီတာအရှည်ရှိ ပိုက်လိုင်းကို ဖြတ်သန်းသွားမည့် သဘာဝဓါတ်ငွေ့ ကုဗမီတာ ၁၂ သန်းသည် လျှပ်စစ်ဓါတ်အား ထုတ်လုပ် ပေးရန်အတွက် တရုတ်ပြည်အတွင်းပိုင်းအထိ ရောက်ရှိသွားလိမ့်မည်ဟု အထက်ပါ အစီရင်ခံစာ ရေးသားသူများက ဆိုသည်။

ပိုက်လိုင်း စီမံကိန်းကို ဦးဆောင်သည့် တရုတ်နိုင်ငံပိုင် China National Petroleum Corporation CNPC  ရွှေဓါတ်ငွေ့ စီမံကိန်း ဦးဆောင်သူ တောင်ကိုးရီးယား Daewoo ကုမ္ပဏီကို ရှယ်ယာခေါ်ထားသည့်အပြင် ဘေးမှ ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်တော့မည့် အိန္ဒိယတို့၏ ONGC Videsh ကုမ္ပဏီကိုလည်း ရှယ်ယာအနည်းငယ် ပေး၍ ထည့်စေပြီး အချိုသတ် စည်းရုံးခဲ့သည်။

အဆိုပါ ပိုက်လိုင်းများဖြတ်သန်း သွယ်တန်းမည့် ဒေသများမှာ မြန်မာနိုင်ငံတွင် တိုက်ပွဲများ၊ ရွာလုံးကျွတ်ဖျက်သိမ်းမှုများ ဆက်လက် ဖြစ်ပွား နေမှုကြောင့် စိုးရိမ်ပူပန်စရာဖြစ်နေသည့် ပြည်တွင်းစစ်မက်ဖြစ်ပွား တင်းမာနေသော တိုင်းရင်းသားနယ်မြေများပင်ဖြစ်သည်။

စီမံကိန်းလုပ်ငန်းခွင်တွင် အလုပ်ရှင် တရုတ်ကုမ္ပဏီ ဝန်ထမ်းများအား ပေးထားသော အိမ်ရာများနှင့် အလွန့်အလွန် ကွဲပြားခြားနားစွာပင် နေထိုင်နေကြရသော ဒေသခံ အလုပ်သမားများ၏ ဆင်းရဲစုတ်ပြတ်လွန်းသော အခြေအနေများကို NGO လုပ်သားများ တိတ်တဆိတ် မှတ်တမ်းတင် လာခဲ့သော ဗီဒီယိုများ ဓါတ်ပုံများက အထင်အရှားပြသနေသည်။

မြန်မာအစိုးရနှင့် တရုတ်အစိုးရအကြားမှ အလိုတူအလိုပါ သဘောတူညီချက်များထဲတွင် ရေလှောင်တမံ စီမံကိန်းများလည်း ပါဝင်သည်။ တရုတ်တို့ အမြတ်ထုတ်ရန်ကြိုးစားနေသော အခြားအရေးကြီးသည့် သယံဇာတတစ်ခုဖြစ်သည့် ‘ရေ’ ကိစ္စသည်လည်း သဘာဝပတ်ဝန်းကျင်    ထိန်းသိမ်းရေးအုပ်စုများနှင့် လူ့အခွင့်အရေးအုပ်စုများကို တပ်လှန့်သတိပေးသည့်အဆင့်သို့ ရောက်ရှိနေသည်။ ရုပ်သံသတင်းများတွင် တွေ့ရှိကြရသည့် အတိုင်း ကချင်ပြည်နယ်ဒေသများတွင် တရုတ်ကုမ္ပဏီများက ရေလှောင်တမံများ ဆက်လက်တည်ဆောက်လျက် ရှိသည်။ ယင်းဒေသတွင် ပြီးခဲ့သော လ အနည်းငယ်အတွင်း မြန်မာအစိုးရတပ်များနှင့် ကချင်နယ်ခံ KIA တပ်များအကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲများ ဖြစ်ပွားရာ စီမံကိန်းလုပ်ငန်းခွင်တစ်ဝိုက်နယ်မြေဒေသများမှ အိမ်မဲ့ယာမဲ့ ဖြစ်ရသော ဒေသခံအရပ်သားများအား ရိက္ခာနှင့် နေစရာ ထောက်ပံ့ပေးရမည့် တရုတ်တို့၏ တာဝန်ယူမှုအနေအထားကို The Burma Rivers Network က ထောက်ပြဝေဖန်ထားသည်။

ထိုအတောအတွင်း မြန်မာနိုင်ငံ၏ နေရာများစွာကို ရေနှင့် လျှပ်စစ်မီး မလုံလောက်မှု ပြဿနာက ဆက်၍ ဒုက္ခပေးနေဆဲ ဖြစ်ကြောင်း တွေမြင် နေရသည်။ ထို့အပြင် တရုတ် ဦးဆောင်စီမံကိန်းများက စီမံကိန်းဒေသများရှိ လယ်သမားများနှင့် ရေလုပ်သားများ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ခြိမ်းခြောက်လာမှုကြောင့် ဒေသခံအရပ်သားများ၏ ဒေါသမီးကို လှုံ့ဆော်ပေးလျက်ရှိသည်။

မြန်မာအစိုးရက ၎င်းစီမံကိန်းများသည် နိုင်ငံအတွက် များစွာလိုအပ်နေသော ဝင်ငွေကို ရှာဖွေပေးလိမ့်မည်ဟု ပြောဆိုနေသော်ငြားလည်း မြန်မာ ပြည်သူများအနေနှင့် သူတို့၏ ဘဝနှင့် တိုးတက်မှုအတွက် အသက်သွေးကြောဖြစ်သည့် ဒေါ်လာ ဘီလီယံနှင့်ချီ၍ တန်ဘိုးရှိသော သယံဇာတများ ခေါင်းပုံဖြတ်ခံနေရခြင်းသာ ဖြစ်ကြောင်း ယုံကြည်နေကြသည်။

***************************************************************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment