Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၉.၂၀၁၁

ဘာသာပြန်သတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာဆက်ဆံရေးဆု ချီးမြှင့်ခံရ

(AFP သတင်းမှ 23 September 2011 ရက်စွဲပါ "Suu Kyi Wins International Relations prize" သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဗိုလ်ချုပ်ကြီး၏ နည်းအသွယ်သွယ်

(The Telegraph မှ 23 September 2011 ရက်စွဲပါ "General's ways" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. အတောင်ပေါက်ခါစ ဒီမိုကရေစီနှင့် ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေး

(The Independent သတင်းစာမှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

**********************************************************************************

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာဆက်ဆံရေးဆု ချီးမြှင့်ခံရ

(AFP သတင်းမှ 23 September 2011 ရက်စွဲပါ "Suu Kyi Wins international relations prize" သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ဆက်ဆံရေး အခြေအနေများ တိုးတက်လာအောင် ပါဝင်    ဆောင်ရွက်မှုကြောင့် ယခုနှစ်အတွက် Chatham House နိုင်ငံတကာ ဆက်ဆံရေးဆုကို ရရှိသွားပြီဟ ဗြိတိသျှ ဥာဏ်ကြီးရှင် ပညာရှင်အုပ်စုက သောကြာနေ့တွင် ပြောကြားသည်။

လက်နက်ကိုင် တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက လက်နက်မဲ့ အမျိုးသမီးတစ်ဦးကို အငြိုးတကြီးဖြင့် နေအိမ်အကျယ်ချုပ်     ထိန်းသိမ်းထားစေခဲ့သည်အထိ ပေးဆပ်ကာ မြန်မာနိုင်ငံအား နိုင်ငံရေး အပြောင်းအလဲ ဆောင်ကြည်းပေးရန် တိုက်ပွဲဝင်ခဲ့ခြင်းက အသက် ၆၆ နှစ် အရွယ် အတိုက်အခံ ခေါင်းဆောင် "လေဒီ"ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းစွာ တွန်းလှန်မှုအတွက် နိုင်ငံတကာ သင်္ကေတတစ်ခု ဖြစ်လာစေသည်ဟု ဗြိတိသျှ think-tank အုပ်စုက ဆိုသည်။

"မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားအောင် အဆက်မပြတ်၊ အကြမ်းမဖက်ဘဲ သူမ တွန်းလှန်ခဲ့ပုံတွေဟာ တခြား အာဏာရှင် နိုင်ငံတွေက ဒီမိုကရေစီ ထွန်းကာအောင် ကြိုးစားလိုသူတွေအတွက် အင်အားပြည့်ဝတဲ့ သာဓကတစ်ခုပါပဲ" ဟု ချပ်သမ်ဟောက် ဒါရိုက်တာ Robin Niblett က ပြောကြားသည်။

မြန်မာနိုင်ငံမှ တပ်မတော်အစိုးရသည် မနှစ်က နိုဝင်ဘာလ ရွေးကောက်ပွဲများအပြီးတွင် သူမကို လွှတ်ပေးခဲ့သော်လည်း သူမ၏ လွတ်လပ်စွာ လှုပ်ရှားခွင့်ကိုမူ ကန့်သတ်ထားဆဲ ဖြစ်သည်။

လန်ဒန်မြို့၌ ဒီဇင်ဘာတွင် ပြုလုပ်မည့် ဆုချီးမြှင့်ပွဲတွင် သူမ၏ကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မင်ဒလင်းအောဘရိုက်က ဆုကို လက်ခံယူမည် ဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ချပ်သမ်ဟောက်စ်၏ အသိအမှတ်ပြုမှုကို ကျေးဇူးတင်သည့် ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့သည်။

"ချပ်သမ်ဟောက်စ် ရဲ့ဆုကို လက်ခံရတာဟာ အမျိုးသားရေးနဲ့ နိုင်ငံတကာရေး ကိစ္စတွေကြားမှာ သီးသီး သန့်သန့် ဆက်နွယ်နေပုံကို သတိပေး နေသလိုပါပဲ" ဟု သူမက ဆိုသည်။

"နိုင်ငံတကာရဲ့ သိရှိမှု၊ အသိအမှတ်ပြုမှုဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် ကျွန်မတို့ လှုပ်ရှားနေတာကို အထောက်အကူ ဖြစ်စေပါတယ်။ ဒီလှုပ်ရှားမှုတွေကပဲ ငြိမ်းချမ်းမှုနှင့် လွတ်လပ်ခွင့်အတွက် ပြည်သူအားလုံးရဲ့ လိုလားမှုတွေကို ပိုပြီး သိရှိလာစေပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါဆုကို တူရကီသမ္မတ အဗ္ဗဒူလာဂူးလ်က မနှစ်က ရရှိခဲ့ပြီး ယခင်နှစ်များတွင် ဘရာဇီးသမ္မတ လူလာဒီ ဆဲလ်မားနှင့် ဂါနာသမ္မတ ဂျွန်ကူဖိုးတို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာမရခဲ့ပေ။ ထို့နောက် အနှစ် ၂၀ အကြာတွင် မနှစ်က ပြုလုပ်သော ရွေးကောက်ပွဲကိုမူ ဝင်မပြိုင်ဘဲ သပိတ်မှောက်ခဲ့ခြင်းကြောင့် တပ်မတော်အစိုးရ၏ အားတက်သရော ဖျက်သိမ်းခြင်း ခံခဲ့ရသည်။

သို့သော်လည်း မကြာသေးမှီက မြန်မာအစိုးရသည် အတိုက်အခံအုပ်စုများအပေါ် ပိုမိုလိုက်လျောမည့် သဘောထားကို စတင် ကျင့်သုံးလာခဲ့ပြီး လွတ်လပ်စွာ သတင်းရယူခွင့် ပိတ်ပင်ထားမှု အချို့ကို ဖြေလျှော့ပေးခဲ့သည်။

**********************************************************************************

ဗိုလ်ချုပ်ကြီး၏ နည်းအသွယ်သွယ်

(The Telegraph မှ 23 September 2011 ရက်စွဲပါ "General's ways" ဆောင်းပါးကို ဘာသာပြန်ဆိုသည်)

ပြုပြင်ပြောင်းလဲမှုကို မလိုလားဆုံး အာဏာရှင် အုပ်ချုပ်သူများပင်လျှင် ပြုပြင်ပြောင်းလဲသူများအဖြစ် ဟန်ဆောင်ပြရန် လိုလားနေကြသည်ဟု ဆိုသော်ငြားလည်း မြန်မာနိုင်ငံမှ အစိုးရသစ်မှာမူ ပြုပြင်ပြောင်းလဲမှု အချို့ကို ယင်းတို့ အမှန်တကယ် ပြုလုပ်လိုခြင်းဖြစ်ကြောင်း ပြည်တွင်း ပြည်ပမှ ဝေဖန်ဆန်းစစ်သူများကို အသိပေးစည်းရုံးရန် စစ်မှန်သော အကြောင်းရင်းများ ရှိနေသည်။

အရပ်သား သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပထမအကြိမ် တွေ့ဆုံမှုသည် အစိုးရက သူကိုယ်တိုင်နှင့် နိုင်ငံကို ဇာတ်ဝင်ခန်း အသစ်အဖြစ် မီးမောင်းထိုးပြသည့် မဟာဗျူဟာ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၌ တရားဝင် ရပ်တည်လှုပ်ရှားနိုင်သည့် ကဏ္ဍမရှိသလို သူမ၏ပါတီသည်လည်း မြန်မာနိုင်ငံ၏ စစ်အုပ်ချုပ်ရေးခေတ်ကို အဆုံးသတ်ပေးသည်ဟု ဆိုနိုင်သော မနှစ်က မတော်မတရား ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း မရှိခဲ့ပါ။ အမှန်စင်စစ် သူမ၏ NLD ပါတီသည် ယခင် စစ်ဖက်အာဏာရှင်များက ဆန္ဒ ခံယူပွဲအတုဖြင့် ပြည်သူများကို အဓမ္မ ထောက်ခံခိုင်းခဲ့သော အခြေခံဥပဒေကိုပင် အသိအမှတ် မပြုခဲ့ပါ။

ယခုအခါ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား တွေ့ဆုံရုံမျှသာမကပဲ သူမ၏ နိုင်ငံရေးလှုပ်ရှားမှုအပေါ် ကန့်သတ်ထားမှု အတော်များများကိုပင် ဖြေလျှော့ပေးလိုက်လေသည်။

သမ္မတကြီးက ပြည်ပရောက် နိုင်ငံရေး အတိုက်အခံများ ပြည်တော်ပြန်လာကြရန် မေတ္တာရပ်ခံလိုက်သည့်အပြင် မြန်မာနိုင်ငံသို့ လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးလိုကြသော နိုင်ငံခြားအစိုးရများ၊ အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များအပေါ်တွင်လည်း ပိုမိုလိုက်လျော ပွင့်လင်းမှုကို ပြသခဲ့ပြန်သည်။

အနောက် အင်အားကြီးနိုင်ငံများနှင့် လွတ်လပ်သော အကဲခတ် စောင့်ကြည့်သူများ၏ တူတူတန်တန် အဖတ်လုပ်ခြင်းကို မခံသည့် မြန်မာအစိုးရက ယင်းတို့၏ ဒီမိုကရေစီ "ရှိုး" ကို အသိအမှတ် ပြုခံရစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အထက်ပါ အချက်အားလုံးက ညွှန်ပြနေသည်။

နောက်ပိတ်ဆုံးတွင်မူ အုပ်ချုပ်သူ အစိုးရသစ်ဆိုသည်မှာ အရပ်ဝတ် ဆင်မြန်းထားသော စစ်သားဟောင်း များသာ ဖြစ်ကြပေသည်။

ယခုအခါ မြန်မာအစိုးရသစ်အပေါ် အဆိုးမြင်သည့် အယူအဆမှာ ခေတ်မစားတော့ဘဲ နည်းလမ်းသစ်များ ထွက်ပေါ်လာမည့် အလားအလာများ ရှိနေသည်။ ယင်းသို့ ဖြစ်လာနိုင်သည့် အကြောင်းရင်းများကိုကြည့်လျှင် ဒေါ်အောင်ဆန်းစုကြည်သည် အဘယ်ကြောင့် အစိုးရသစ်နှင့် ဒိုင်ယာလော့ ဆွေးနွေးပွဲတံခါးကို သူမကိုယ်တိုင် မပိတ်ချင်ရသလဲဟူသော မေးခွန်းကို အရင်ဆုံးတွေးရမည်။ သူမသည် ၂၀၀၈ ခုနှစ်က ဆန္ဒခံယူပွဲအတုကို ကန့်ကွက်ကာ မနှစ်က ရွေးကောက်ပွဲများနှင့် ဝေးဝေးနေခဲ့သည့်တိုင်အောင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်ခြင်းကို လက်လျှော့ခဲ့ခြင်း မရှိပေ။

သမ္မတကြီးနှင့် တွေ့ဆုံရန် သဘောတူခြင်းဖြင့်လည်း သူမသည် ထိပ်တိုက် ရင်ဆိုင်ရခြင်းထက် စေ့စပ်ညှိနှိုင်းခြင်းကို ပိုမို နှစ်သက်ကြောင်း ပြသခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်ပေးရန်ကိုပင် သူမက သဘောတူဖွယ်ရှိသည်။

သို့သော်လည်း သမ္မတ ဦးသိန်းစိန်သည် သူမဖက်က အပြုသဘောဆောင်သော အချက်ပြမှုများကို ပြန်လည်တုံ့ပြန်ရန်နှင့် မြန်မာပြည်သူ     များကို စစ်မှန်သော ဒီမိုကရေစီ အရသာပေးရန် လုံလုံလောက်လောက် ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာလားဟူသော အဓိက မေးခွန်းကြီး ထွက်ပေါ်လာသည်။

လက်ရှိ မြန်မာအစိုးရသည် သူ့ပုံရိပ်သူ ကြော်ငြာထိုးရန် အလွန်တရာပင် စိတ်ဝင်စားနေသည်။ အသိအမှတ်ပြု ခံချင်သည်ဆိုသော်လည်း ပို၍ အရေးကြီးသည့် အနောက်နိုင်ငံ အရေးယူဒဏ်ခတ်မှုများကို ဖယ်ရှားပေးစေလိုခြင်း ဖြစ်သည်။

စစ်သားတစ်ဖြစ်လဲ အရပ်သား သမ္မတကြီးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ထံမှသာမက ကမ္ဘာကပါ စိတ်ချယုံကြည်မှု ရရှိအောင် များစွာ ကြိုးစား ရပေလိမ့်ဦးမည်။

လက်ရှိအချိန်တွင် သမ္မတကြီး ဦးသိန်းစိန်ကို တကယ့် ပြုပြင်ပြောင်းလဲရေးသမား စစ်စစ်ဖြစ်ကြောင်း အသိအမှတ်ပြု လက်ခံရန် အချိန် စောလွန်း နေသေးသည်။

**********************************************************************************

အတောင်ပေါက်ခါစ ဒီမိုကရေစီနှင့် ယိုင်နဲ့နဲ့ မြန်မာ့စီးပွားရေး

(The Independent သတင်းစာမှ ဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

စစ်တပ်၏ စဉ်းစားတွေးခေါ်မှု၊ တင်းကြပ်စွာ ချုပ်ကိုင်မှုတို့ဖြင့် လည်ပတ်ခဲ့ရသော မြန်မာ့စီးပွားရေး အားရစရာ မရှိသည့် အခြေအနေသို့      ရောက်ရှိခဲ့သည်မှာ နှစ်ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယင်း မြန်မာ့စီးပွားရေး ပြန်လည်ကောင်းမွန် လာလိမ့်မည်ဟုလည်း မည်သူတစ်ဦး တစ်ယောက်ကမျှ မျှော်လင့် ချက် ကြီးကြီးမားမား မထားရှိခဲ့သည်မှာလည်း ကာလအတန်ကြာပြီ ဖြစ်သည်။

သို့သော် စစ်တပ်ကပင် ဦးစီးကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲဖြင့် ထွက်ပေါ်လာသော စီမံခန့်ခွဲမှုခံ ဒီမိုကရေစီ (Managed Democracy)     စတင်ကျင့်သုံးသည့် ပထမဆုံးကာလအရောက်တွင် မြန်မာစီးပွားရေးနှင့်ပတ်သက်၍ လေးလေးနက်နက် ဆန်းစစ်ဝေဖန်ချက်များ ထွက်ပေါ် လာခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု တဟုန်ထိုး မြင့်တက်လာခြင်းကြောင့် မြန်မာ့စီးပွားရေး ကာလကြာရှည်စွာ မအီမသာဖြစ်နေသည့် အနေအထားမှ ပြန်လည် ကောင်းမွန်လာပြီ ဟူသော ထင်မြင်သုံး သပ်ချက်များ အလုံးစုံမှန်ကန်မှု မရှိကြောင်း အစိုးရအတိုင်ပင်ခံ ပညာရှင်များက ထောက်ပြပြောဆိုလာကြသည်။

မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စီးပွားရေး အကြံပေးပုဂ္ဂိုလ် ဦးမြင့်က အစိုးရဝန်ကြီးများနှင့် စီးပွားရေး လုပ်ငန်းအကြီးအကဲများသို့ တင်ပြခဲ့သည့် စာတမ်းတစ်စောင်ကို The Independent သတင်းစာကရရှိခဲ့သည်။ စီးပွားရေးအကြံပေးပုဂ္ဂိုလ် ဦးမြင့်က မြန်မာ့စီးပွားရေး အခက်အခဲများ အကြောင်းကို ယင်းစာတမ်းတွင် ခပ်ကြမ်းကြမ်းပင် ထောက်ပြဝေဖန်ထားပြီး အလွန်အမင်း ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အကျင့်ပျက်ခြစားမှုအကြောင်း ကိုလည်း ပယ်ပယ်နယ်နယ် တွယ်ထားသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) သည် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာသန်း ၃၀၀ ရှိခဲ့ရာမှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်သို့တွင် ဒေါ်လာ ၂၀ ဘီလီယံအထိ တိုးမြင့်လာသည်ဟု ယင်းစာတမ်းအရ သိရသည်။ တိုင်းပြည် ဂျီဒီပီ၏ လေးပုံ သုံးပုံကျော်ခန့် ရှိသည့် အဆိုပါ FDI များ အဘယ်ကြောင့် မြင့်တက်လာရသည်ဟူသောအသေးစိတ်အချက်အလက်များကိုလည်း ဦးမြင့်က သူ၏      စာတမ်းတွင် ဖော်ပြထားသည်။

ယခုလို မြန်မာ့စီးပွားရေးအကြောင်း ပညာရှင်များက ပြင်းပြင်းထန်ထန် ထောက်ပြဝေဖန်မှု ပြုခြင်းသည် သတင်းကောင်းတစ်ခု ဖြစ်သည်ဟု ဆိုနိုင်ပါမည်။ သို့သော် အဆိုပါ သတင်းကောင်းတွင် လွန်စွာမှဆိုးရွားပြင်းထန်သည့် အကျိုးဆက်များ ရှိနေသည်ကိုလည်း သတိပြုသင့်သည်။

မြန်မာအစိုးရက အကျဉ်းချုံးပြောဆိုရာတွင် ပြည်တွင်းသို့ အရင်းအနှီးများ အဆမတန်ဝင်ရောက်လာခြင်းသည် မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတများ ရယူရေးဟူသည့် တရုတ်ဦးဆောင် ယှဉ်ပြိုင်မှုကြောင့်ဖြစ်ကြောင်း၊ သို့အတွက်ကြောင့် ပြည်တွင်းကျပ်ငွေတန်ဖိုး အဆမတန် မြင့်တက် (၂၀ မှ ၂၅ ရာခိုင်နှုန်း) လာကြောင်း ပြောဆိုသည်။ အဆိုပါ အရင်းအနှီးများ အဆမတန် ဝင်ရောက်လာခြင်းကြောင့်ပင် မြန်မာကျပ်ငွေသည် အာရှတွင် စွမ်းဆောင်ရည် အကောင်း ဆုံး ငွေကြေးစနစ်တစ်ခု ဖြစ်လာသည်။ ပြည်ပပို့ကုန်လုပ်ငန်းရှင်များမှာလည်း ယခင်က အမေရိကန် ၁ ဒေါ်လာလျှင် ၁၀၀၀ ကျပ် ကျော်ခန့်ဖြင့် ငွေလဲလှယ်ရရှိခဲ့ကြရာမှ ယခုလများတွင် ၇၅၀ မှ ၈၀၀ ကျပ်ဝန်းကျင်သာ ရရှိကြတော့သည်။ တစ်ဖက်ကိုကြည့်လျှင်လည်း အစိုးရက တရားဝင် ဒေါ်လာလဲလှယ်မှု နှုန်းထားကို ၁ ဒေါ်လာကို ၆ကျပ် နှုန်းဖြင့် သတ်မှတ်ထားသည်ကို တွေ့ရသည်။

မြန်မာကျပ်ငွေ အဆမတန် မြင့်တက်မှုကြောင့် သိသာထင်ရှားစွာ ဖြစ်ပေါ်လာသော ရလဒ်မှာ ပို့ကုန်လုပ်ငန်းများ အမြတ်အစွန်း မရရှိတော့ခြင်းပင် ဖြစ်သည်။ လယ်ယာစိုက် ပျိုးရေးထွက်ကုန်များမှာလည်း ပြည်တွင်းဈေးကွက် တစ်ခုတည်းတွင် စုပုံလာရာ ဈေးနှုန်းများ ကျဆင်းပြီး လယ်ယာလုပ်သူ တောင်သူများ ကြွေးမြီတင်လာကြသည်အထိ ဖြစ်လာသည်။ လယ်ယာစိုက်ပျိုးရေးအခန်းကဏ္ဍမှ လုပ်သားအင်အား ၇၀ ရာခိုင်နှုန်းခန့် အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းမှာ ကြီးမားသော ပြဿနာတစ်ရပ်ပင် ဖြစ်သည်။ တရုတ်နိုင်ငံ၏ လုပ်အားခများ ပုံမှန်တိုးမြှင့်ပေးလာမှုမှ အမြတ် အစွန်းများ ရရှိထိုက်သော အထည်ချုပ်လုပ်ငန်းများကဲ့သို့သော ဖွံ့ဖြိုးစမြန်မာ့ကုန်ထုတ်လုပ်မှု အခန်းကဏ္ဍမှာလည်း အသုံးစရိတ် များစွာ လျှော့ချနေကြရသလို ပို့ကုန်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှုဖြင့် ရင်ဆိုင်နေရသည်။ (မှတ်ချက် - ယခု ဆောင်းပါးအား ဘာသာပြန်နေချိန်တွင် ၂ ရာခိုင်နှုန်း နီးပါးခန့်သို့ လျှော့ချထားပြီ ဖြစ်ကြောင်း သိရသည်။)

ဦးမြင့်၏ စာတမ်းတွင် မြန်မာ့စီးပွားရေးတွင် ထူးထူးခြားခြားဖြစ်သော ပို့ကုန်ခွန် အဘယ်ကြောင့် ရှိနေရသည် ဟူသောအချက်ကို ဖော်ပြထားသည်။ "စီးပွားရေး လုပ်ငန်းများအတွက် တိကျစစ်မှန်သော စာရင်းအင်းတွက်ချက်မှု မရှိခြင်း၊ အခွန်ပေးသူများနှင့် အခွန်ကောက်ခံသူများ နှစ်ဖက်စလုံး၌ အကျင့်ပျက် ခြစားမှုများ ဆိုးဆိုးရွားရွားရှိနေခြင်း၊ စီးပွားရေးလုပ်ငန်းခွန်နှင့် ဝင်ငွေခွန် ကောက်ခံမှုတို့ကို လက်တွေ့ကျကျ မဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်" ဟု ရှင်းလင်းထားသည်ကို တွေ့ရသည်။

မြန်မာအစိုးရကိုယ်တိုင်လည်း ကျပ်ငွေတန်ဖိုး အဆမတန် မြင့်တက်မှုကြောင့် ပြစ်တင်ဝေဖန် ခံနေရသည်။ ပြည်သူပိုင်ပစ္စည်းများနှင့် အဆောက် အအုံများ ပုဂ္ဂလိကပိုင်ပြုခြင်း၊ စစ်တပ်နှင့် သူ၏နီးစပ်သော အသိုင်းအဝိုင်းများသာ သဘာဝရင်းမြစ် တူးဖော်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေး လုပ်ငန်းများ တွင် လုပ်ကိုင်ခွင့်ရရှိခြင်း စသည်တို့အတွက် ဝေဖန်ပြစ်တင်ခံရခြင်း ဖြစ်သည်။ စီးပွားရေး အသွင်ကူးပြောင်းမှုများ ရုတ်ချည်း ပြုလုပ်ခြင်းဟူသည့် အဓိပ္ပာယ်မှာ ရင်းနှီးမြှုပ်နှံသူများ၏ ပြည်ပတွင်ရှိနေသော ငွေကြေးများကို ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာစေပြီး အိမ်ယာ မြေအဆောက်အအုံ ဈေးနှုန်းများ မြင့်တက်လာအောင် ဖန်တီးယူခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်ကိုယ်တိုင်လည်း အကြံပေးပုဂ္ဂိုလ် ဦးမြင့်၏ သတိပေးတင်ပြချက်များကို အရေးတယူ ပြုလာသည့်သဘောမျိုး တွေ့ရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စီးပွားရေးပညာရှင်များကို မိန့်ခွန်းပြောကြားရာ၌ သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် စီးပွားရေး ပြဿနာ များ ရှိနေသည်ကို သိရှိလက်ခံပါကြောင်း ပြောကြားခဲ့သည်။ "ကုန်ပစ္စည်းတွေအတွက် ပြည်တွင်းဝယ်လိုအားတွေ ကျဆင်းနေပါတယ်။ အဲဒီလို ကျဆင်း ခြင်း ကြောင့် ကုန်ထုတ်လုပ်သူတွေ ထိခိုက်နစ်နာရပါတယ်။ အထူးသဖြင့် ပို့ကုန်အတွက် စိုက်ပျိုးထုတ်မှုကို မှီခိုနေကြရတဲ့ လယ်သမားတွေ၊ တောင်သူတွေ ထိခိုက်နစ်နာရပါတယ်။ အဲဒီလိုအကျပ်အတည်းတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ရှာဖွေ လျက် ရှိပါတယ်" ဟု ၎င်းကဆိုသည်။

မြန်မာအစိုးရက မည်သို့မျှကျိုးကြောင်းဆီလျှော်မှုမရှိသည့် တရားဝင် ငွေကြေးလဲလှယ်မှု နှုန်းထားများ ပြောင်းလဲရေးကို ထုတ်ဖော်ပြောဆို ထားသော်လည်း စီးပွားရေးပညာရှင် Sean Turnell က ထိုသို့ပြောင်းလဲပါက ပြဿနာ များပိုမိုများပြားမည်ဟု မှတ်ချက်ပေးသည်။ ယခုအခါ မြန်မာ အစိုးရက အဆိုပါ ပြဿနာပြေလည်ရေးအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အနေဖြင့် နည်းပညာဆိုင်ရာ အကူအညီများပေးရန် တောင်းခံ ထားသည်။ သို့သော်လည်း နိုင်ငံခြားငွေကြေး အင်စတီကျူးရှင်းကြီးများသို့ ကြွေးဆပ်ရန် ပျက်ကွက်ထားသည့် ကိစ္စကြောင့် ငွေကြေး အကူအညီများ ရရှိနိုင်မည် မဟုတ်ပေ။ အများပြည်သူများအတွက် ငွေကြေးအကူအညီပေးရေးသည်ပင် အငြင်းပွားစရာ ဖြစ်နေပါသည်။ မြန်မာနိုင်ငံတော် အခွန်ဘဏ္ဍာ အများစုမှာ စီနီယာအရာရှိကြီးများ၏  ပြည်ပရှိ ဘဏ်စာရင်းထဲသို့ ဝင်ရောက်သွားပြီ သို့မဟုတ် Mig 29 အမျိုးအစား ဂျက်တိုက်လေယာဉ်များ ဝယ်ယူရာတွင် သုံးစွဲလိုက်ပြီ ဟုယူဆရပေသည်။ မြန်မာနိုင်ငံသည် ပြည်သူ့ကျန်းမာရေးအခန်းကဏ္ဍအတွက် အခွန်ဘဏ္ဍာ၏ ၁ ဒဿမ ၃ ရာခိုင်နှုန်းမျှသာ အသုံးပြုလျက် ရှိသည်။

**********************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment