Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. သက်တမ်းလွန်မော်တော်ကားများ CNG ပြန်လည်သုံးစွဲခွင့်ရရန် မသေချာသေး
  2. မွန်ပြည်နယ်၌ ဆားလုပ်ငန်းများ ထိခိုက်ကျဆင်း

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအကြံပေး ဦးကိုကိုလှိုင်က လေးစားကြောင်းပြောကြား
  2. ရပ်/ကျေး အုပ်ချုပ်ရေးမှူးတို့ အခွန်အခ ကောက်ယူခွင့် မရှိ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ဒေသခံပြည်သူတွေ ကျေနပ်မှ ဖွံ့ဖြိုးရေးလုပ်ပါ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

သက်တမ်းလွန်မော်တော်ကားများ CNG ပြန်လည်သုံးစွဲခွင့်ရရန် မသေချာသေး

သက်တမ်းလွန် မော်တော်ကားများတွင် တပ်ဆင်အသုံးပြုထားသော CNGအိုးနှင့် အခြား စပ်ဆက်ပစ္စည်းများကို ကားအသစ်ရရှိပါက ပြန်လည် သုံးစွဲခွင့်ရရန်မှာ မသေချာသေးကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုအခါတွင် နှစ် ၄၀ ကျော်ရှိ မော်တော်ယာဉ်များကို ဖျက်သိမ်းရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်သော်လည်း တပ်ဆင်ထားသော CNG များကို ပြန်လည်အသုံးပြုခွင့် ပြုမည်/မပြုမည်ကို ယခုအချိန်ထိ မသိရှိရသေးကြောင်း “စ” အက္ခရာ ဖီးယက် မော်တော်ယာဉ် ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

"ကျွန်တော့်ကားကို သွားအပ်တော့ ယာဉ်စစ်က ဆက်စီးဦးမလား မေးတယ်၊ ဆက်မစီးတော့ဘူးလို့ ဖြေတော့ CNG အိုးရယ် ပိုက်တွေရယ်ကို သတ်သတ်ဖျက်သိမ်းပြီး စွမ်းအင်ဝန်ကြီးဌာနကို ပို့ရမယ် ပြောတယ်။ ဒါပေမယ့် ကားအသစ်ရရင် ဒီ CNG ကိုပြန်သုံးခွင့် ရမယ်/မရဘူး ဆိုတာတော့ ဘာမှမပြောဘူး"ဟု ယင်းက ဆိုသည်။

စတင်အပ်နှံနေရသော စ၊ဆ၊ဇ အက္ခရာသက်တမ်းလွန် မော်တော်ယာဉ်များတွင် တက္ကစီအဖြစ် အသုံးပြုသော မော်တော်ယာဉ်အများစုမှာ CNG ကို အားထားအသုံးပြုရကြောင်း သိရှိရသည်။

"ကားအသစ်လာလို့ CNG ကိုသုံးခွင့်မရဘူးဆိုရင်တော့ ကျွန်တော်တို့ ရထားတဲ့ ကားပါမစ်တွေကို ရောင်းစားလိုက်ရမှာပဲ"ဟု စက်တင်ဘာ ၂၃ ရက်နေ့က မြင်သာရှိ ကညနရုံးတွင် ကားလာအပ်နှံသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့များ ထွက်ရှိနေသဖြင့် ဒေါ်လာငွေဖြင့် ဝယ်ယူရသည့် လောင်စာဆီဖိုး ကုန်ကျမှုကို လျော့ချရန် မြန်မာ နိုင်ငံတွင်းသို့ CNG ယာဉ်များ တင်သွင်းပါက ပုံမှန်ပေးဆောင်ရမည့် အခွန်ကို လျော့ချပေးမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်များ၌ CNG ပြောင်းလဲတပ်ဆင်ခွင့်ကို ၂၀၀၅ ခုနှစ်မှ ယခုအချိန်ထိ ယာဉ်အစီးရေ ၃၂၀၀၀ ကျော်အား ခွင့်ပြုပေးခဲ့သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

မွန်ပြည်နယ်၌ ဆားလုပ်ငန်းများ ထိခိုက်ကျဆင်း

မွန်ပြည်နယ်တွင် မိုးများလည်းဆက်တိုက်ရွာ သွန်းနေသည့်အတွက်ကြောင့် ဆားကွင်းများကို မပြုပြင်နိုင်ဖြစ်နေပြီး ယခုနှစ် ဆားထုတ်လုပ်မှု ကျဆင်းထိခိုက်နိုင်ကြောင်း ဆားလုပ်ငန်းရှင်များ၏  ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ် ဆားထွက်ရာဒေသများတွင် ပုံမှန်အားဖြင့် စက်တင်ဘာလတွင် မိုးရာသီကြောင့် ပျက်နေသည့် ဆားကွင်းများကို ပြန်လည် ပြင်ဆင်လေ့ရှိပြီး ဒီဇင်ဘာလတွင် နေလှမ်းဆားကြမ်းများ စတင်ထွက်ရှိသည်ဟု သိရသည်။