Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၈..၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ထိုင်းဝန်ကြီးချုပ် အောက်တိုဘာလဆန်း မြန်မာနိုင်ငံသို့ လာမည်
    (26 September  2011 ရက်စွဲပါ Pattaya Mail မှ Thai PM will pay official visit to Myanmar in early October ကို ဘာသာ ပြန်ဆိုသည်)
  1. အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် မြန်မာအစိုးရ ကတိပြု
    ( Gorey Guardian မှ 28 Sept 2011 ရက်စွဲပါ “ Burma promises prisoner amnesty ” သတင်းကို ဘာသာပြန်သည်)
  1. မြောက်ကိုရီးယားဝန်ကြီးချုပ် တရုတ်ပြည်သို့ သွားရောက်
    ( AFP သတင်းဌာန မှ 27 Sept 2011 ရက်စွဲပါ N. Korea Premier leaves for China ကို ဘာသာပြန်ဆိုသည်)
  1. 'နျူ' တပ်ဆင်နိုင်သောဒုံးကျည် အိန္ဒိယ စမ်းသပ်ပစ်လွှတ်
    (AFP သတင်းဌာနမှ 26 Sept 2011 ရက်စွဲပါ  India tests nuclear-capable missile ကိုဘာသာပြန်ဆိုသည်။)
  2. ပြည်တွင်းနှင့် ပြည်ပ အတားအဆီးများနှင့် ရင်ဆိုင်နေရသော မြန်မာ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု
    (The Nation သတင်းမှ 28 September 2011 ရက်စွဲပါ "Burmese economic reform faces obstacles at home and abroad" သတင်းကို ဘာသာပြန်ဆိုသည်။)

××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဘာသာပြန်သတင်းများ

ထိုင်းဝန်ကြီးချုပ် အောက်တိုဘာလဆန်း မြန်မာနိုင်ငံသို့ လာမည်
(26 September  2011 ရက်စွဲပါ Pattaya Mail မှ Thai PM will pay official visit to Myanmar in early October ကို ဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra သည် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် အောက်တိုဘာအစောပိုင်းတွင် မြန်မာနိုင်ငံသို့ တရားဝင် လာရောက်လည်ပတ်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong Tovichakchaikkul ၏ အဆိအရ သိရှိရသည်။

အဆိုပါခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ်အနေဖြင့် မိတ်ဆက်ခရီးစဉ်ဖြစ်ပြီး၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ ပြီးခဲ့သည့်အပတ်က သွားရောက်ခဲ့ပြီး ဖြစ်သည်။ မလေးရှားနိုင်ငံသို့လည်း အောက်တိုဘာ(၃) ရက်တွင် သွားရောက်ရန် စီစဉ်ထားသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Surapong သည် နယူးယောက်တွင် ကျင်းပလျက်ရှိသော ကုလသမဂ္ဂ အထွေထွေညီလာခံ၏ (၆၆) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်လျက်ရှိပြီး၊ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တွေ့ဆုံကာ အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး ကောင်းမွန်စေမည့် ထိုင်းအစိုးရ၏ မူဝါဒကို ထုတ်ဖော်ပြောကြားခဲ့သည်။

၎င်းက ပြောကြားရာတွင် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် အဆက်မပြတ် တိုးတက်ခဲ့ကြောင်း၊ အကြီးတန်း တာဝန်ရှိသူများ အပြန်အလှန် လည်ပတ်ခြင်း၊ တရားမဝင် မူးယစ်ဆေးဝါးများ ပူးပေါင်းနှိမ်နှင်းခြင်း၊ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ မှတ်ပုံတင် ပြုလုပ်ခြင်း၊ လူကုန်ကူးမှု တားဆီကာကွယ်ခြင်းနှင့် ထားဝယ်တွင် ရေနက်ဆိပ်ကမ်းသစ် ဆောက်လုပ်ခြင်းများရှိခဲ့ကြောင်း ဆိုသည်။

၇ ကြိမ်မြောက် ထိုင်း- မြန်မာပူးတွဲကော်မရှင်အတွက် အိမ်ရှင်အဖြစ် လက်ခံရန် ထိုင်းနိုင်ငံက အဆိပြုထားသည်ဟု ၎င်းကပြောသည်။

Mr Surapong က ပြောကြားရာတွင် ၎င်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့သည် တပ်ခ်ခရိုင် မဲဆောက်တွင် စစ်ဆေးရေးစခန်း ဖွင့်လှစ်နိုင်ရေးကို ဆွေးနွေးခဲ့ရာ မြန်မာကလည်း သက်ဆိုင်ရာဌာနများသို့ အဆိုပြုမှုနှင့် ပတ်သက်၍ အကြောင်းကြားရန် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ထိုင်းဝန်ကြီးချုပ်သည် ယခု အောက်တိုဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားပြီး မြန်မာအာဏာပိုင်များထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း ၎င်းကပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် ပြန်လည်ပေါင်းစည်းရေးအတွက် ချီးကျူးပြောဆိုခဲ့ပြီး၊ အဆိုပါ လုပ်ငန်းစဉ်များ ရလာဒ်ကောင်းများ ထွက်ပေါ်ရန် မျှော်လင့်ကြောင်း ဆိုသည်။

ထိုင်းနိုင်ငံသည် 2014 တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနေရာအတွက် မြန်မာနိုင်ငံအား ထောက်ခံခဲ့သည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

အကျဉ်းသား လွတ်ငြိမ်းချမ်းသာခွင့် ပေးရန် မြန်မာအစိုးရ ကတိပြု

( Gorey Guardian မှ 28 Sept 2011 ရက်စွဲပါ “ Burma promises prisoner amnesty ” သတင်းကို ဘာသာပြန်သည်)

တပ်မတော် သြဇာလွှမ်းမိုးချယ်လှယ်ထားသော မြန်မာနိုင်ငံက ၎င်းတို့၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများသည် နောက်ပြန်ဆုတ်မည် မဟုတ်ကြောင်း ပြောကြားလိုက်ပြီး မကြာမှီအတွင်း အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကတိပြုလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ပြောကြားရာ၌ “ ယခင်လက မြန်မာသမ္မတနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှုသည် သဘောကွဲလွဲမှုများကို ဘေးဖယ်ကာ ပူးပေါင်းဆောင်ရွက်ကြရန် အကျိုးတူ နယ်ပယ်ကို ရှာဖွေရန် ရည်ရွယ်ခဲ့သည် ” ဟု ထည့်သွင်းပြောဆိုသည်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားပေးကြပါဟု မြန်မာနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းပြောကြားသည်။ မြန်မာနိုင်ငံတွင် နိုဝင်ဘာလက နှစ်ပေါင်းများစွာအတွင်း ပထမဆုံး ရှားရှားပါးပါး ရွေးကောက်ပွဲများ ပြုလုပ်ကာ အာဏာရလာသော အစိုးရ သစ်သည် အရပ်သားအစိုးရဟု နာမည်ခံထားသော်လည်း တပ်မတော်က ( အထူးသဖြင့် ယခင် တပ်မတော်အကြီးအကဲဟောင်းက ) လွှမ်းမိုးချယ်လှယ် နေဆဲပင်ဖြစ်သည်။

အနောက်နိုင်ငံများက မြန်မာအစိုးရအား နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် လွှတ်ပေးရန်နှင့် လူထုထောက်ခံသော ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စေ့စပ်ညှိနှိုင်းရန် တောင်းဆိုတိုက်တွန်းလျက် ရှိကြသည်။ ၁၉၉၀ ရွေးကောက်ပွဲ နိုင်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ယခုတစ်ကြိမ်တွင် ဥပဒေစည်းကမ်းများ မျှတမှုမရှိဟု ပြောဆိုကာ ရှားရှားပါးပါး နိုဝင်ဘာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။

ဦးဝဏ္ဏမောင်လွင်က မြန်မာအစိုးရ စီစဉ်ထားပြီးဖြစ်သော လွှတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ အသေးစိတ်ပြောကြားခြင်းမရှိပဲ မကြာမီအတွင်း သင့်တော်သည့် အချိန်တွင် ထွက်ပေါ်လာမည်ဟုသာဆိုခဲ့သည်။

အနောက်နိုင်ငံများနှင့် အာရှနိုင်ငံများ ဖွဲ့စည်းထားကြသော မြန်မာ့အရေးမိတ်ဆွေများအဖွဲ့၏ နောက်ပိုင်းပြုလုပ်သော အစည်းအဝေး တွင် ကုလသမဂ္ဂဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး Sir Mark Lyall Grant က “ မြန်မာအစိုးရပြောတဲ့ မကြာမှီအတွင်း ဆိုတဲ့ အချိန်ကာလ မြန်မြန်ကြီးရောက်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ် ” ဟု ပြောကြားလိုက်သည်။

ဦးဝဏ္ဏမောင်လွင်က သူ၏မိန့်ခွန်းတွင် မေလက သမ္မတကြီး၏ လွှတ်ငြိမ်းချမ်းသာခွင့်ကြောင့် အကျဉ်းသားပေါင်း ၂၀၀၀၀ ခန့် လွှတ်မြောက် ခဲ့ကြသည်ဟု ရည်ညွှန်းပြောဆိုသည်။

သို့သော်လည်း နိုင်ငံရေးအကျဉ်းသား ဆယ်ဂဏန်းမျှသာ လွတ်မြောက်ခဲ့သည့် မေလက “ မည်ကာမတ္တ လွတ်ငြိမ်းချမ်းသာခွင့်” ကို အနောက်နိုင်ငံ များက များစွာ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြသည်။

နောက်ထပ် လွှတ်ငြိမ်းချမ်းသာခွင့်သည်လည်း အချိန်ကိုက်၍ ထွက်လာပါလိမ့်မည်။ ၂၀၁၄ အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လုပ်ချင်နေသော မြန်မာအစိုးရက အိမ်နီးချင်းနိုင်ငံများ၏ ထောက်ခံမှုရအောင် ကြိုစားနေပါပြီ။ အာဆီယံခေါင်းဆောင်များက နိုဝင်ဘာ ထိပ်သီး ညီလာခံတွင် ထိုကိစ္စကို ဆုံးဖြတ်ကြလိမ့်မည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

မြောက်ကိုရီးယားဝန်ကြီးချုပ် တရုတ်ပြည်သို့ သွားရောက်

( AFP သတင်းဌာန မှ 27 Sept 2011 ရက်စွဲပါ N. Korea Premier leaves for China ကို ဘာသာပြန်ဆိုသည်)

မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်တရုတ်ပြည်သို့ သွားရောက်လည်ပတ်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်ခန့် အကြာတွင် ဝန်ကြီးချုပ် ချိုယောင်ရင်မ်လည်း ဘေဂျင်းသို့ အလည်အပတ်ခရီးစဉ်အဖြစ်စတင်ထွက်ခွာသွားကြောင်း ပြုံယမ်းအစိုးရအာဘော် သတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယားဝန်ကြီးချုပ် ချိုယောင်ရင်မ်သည် တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သို့ စက်တင်ဘာလ ၂၆ ရက်နေ့တွင် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထွက်ခွာသွားကြောင်း KCNA သတင်းဌာနကဆိုသည်။

သို့သော် ခရီးစဉ်အသေးစိတ်အစီအစဉ်ကို ဖော်ပြမှုမပြုပေ။ မစ္စတာချိုယောင်ရင်မ်သည် အာဏာရကွန်မြူနစ်ပါတီ၏ ပြုံယမ်းဌာနခွဲ အကြီးအကဲအဖြစ် ယခင်က တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာသည်။

၎င်းသည် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏သားဖြစ်သူ ကင်ဂျွန်အန်နှင့် နီးစပ်သူဟု ယူဆရကြောင်း၊ ကင်ဂျွန်အန်သည် ဖခင်ဖြစ်သူ၏ အရိုက်အရာကို ဆက်ခံမည့်သူအဖြစ် သတ်မှတ်ပြောဆိုခံထားရသူဖြစ်ကြောင်း AFP သတင်းကဆိုသည်။

ဝန်ကြီးချုပ်ချိုသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း တရုတ်ပြည်အရှေ့မြောက်က်ပိုင်းဒေသသို့ သွားရောက်လည်ပတ်ခဲ့ဖူးကြောင်း၊ ယင်းခရီးစဉ် အတွင်း တရုတ်လျှပ်စစ်နှင့် ဆေးဝါးကုမ္ပဏီကြီးများသို့ သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။ မြောက်ကိုရီးယားခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည်လည်း ပြီးခဲ့သည့် သြဂုတ်လတွင် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည်။ ၎င်းသည် မြောက်ကိုရီးယား၏ အဓိက ကုန်သွယ်ဖက်နှင့် မိတ်ဘက် နိုင်ငံဖြစ်သော တရုတ်ပြည်သို့ လပေါင်း ၁၆ လအတွင်း စတုတ္ထအကြိမ်အဖြစ်သွားရောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယားက အဆက်အသွယ်အမြောက်အမြား ဖြတ်တောက်ခြင်းခံလိုက်ရပြီးနောက် ယခုလများအတွင်း တရုတ်ပြည်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်လာရသည်။ ပြီးခဲ့သည့် သြဂုတ်လတွင် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံမှ နျူကလီးယားဆိုင်ရာ သံတမန်များ တွေ့ဆုံပြီး ရပ်ဆိုင်းထားသော ခြောက်နိုင်ငံဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် ဆွေးနွေးခဲ့ကြသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

'နျူ'တပ်ဆင်နိုင်သောဒုံးကျည် အိန္ဒိယ စမ်းသပ်ပစ်လွှတ်

(AFP သတင်းဌာနမှ 26 Sept 2011 ရက်စွဲပါ India tests nuclear-capable missile ကိုဘာသာပြန်ဆိုသည်။)

အိန္ဒိယနိုင်ငံသည် အရှေ့ပိုင်းကမ်းခြေဒေသတွင် နျူကလီးယားတပ်ဆင်နိုင်သော တာတိုပစ် ဒုံးကျည်တစ်စင်းကို အဏုမြူ ဟန့်တားရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း အာဏာပိုင်များကပြောကြားသည်။

စမ်းသပ်ပစ်လွှတ်ခဲ့သည့် ဒုံးကျည်မှာ မြေပြင်မှ မြေပြင်ပစ်(Surface to Surface) အမျိုးအစား Prithvi-2 အမည်ရ ဒုံးကျည် ဖြစ်ကြောင်း၊ စမ်းသပ်ပစ်လွှတ်မှုကို အော်ရီဆာပြည်နယ်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ကပြုလုပ်ခဲ့ပြီး ဒုံးကျည်သည် ဘင်္ဂလားပင်လယ်အော်အတွင်းရှိ သတ်မှတ်ထားသော ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ဒုံးကျည်စမ်းသပ်မှုဆိုင်ရာဒါရိုက်တာ S.P. Dash ကပြောကြားသည်။

"ကျွန်တော်တို့ရဲ့ စမ်းသပ်ချက်အောင်မြင်ခဲ့ပါတယ်။ မစ်ရှင်ရဲ့ဦးတည်ချက်တွေ အကုန်လုံးလည်း ပြီးမြောက်ခဲ့ပါတယ်" ဟု S.P.Dash က AFP သတင်းဌာနသို့ ပြောကြားသည်။ Prithvi ဒုံးကျည်ကို အိန္ဒိယနိုင်ငံတွင်း စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်သည် နျူကလီးယား သို့မဟုတ် သမားရိုးကျပစ္စည်း ကိရိယာများတင်ဆောင်နိုင်ကာ စစ်လက်နက်အဖြစ်အသုံးပြုနေပြီဖြစ်သည်။

အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (IDRDO) သည် နျူကလီးယား လက်နက်ပိုင်ဆိုင်ထားသော အိမ်နီးချင်း ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့ အပေါ် မဟာဗျူဟာအရ ဟန့်တားနိုင်ရေးအလို့ငှာ ဒုံးကျည်လက်နက်စီးရီးပေါင်းများစွာကို စမ်းသပ်ထုတ်လုပ်လျက်ရှိသည်။

ယခုစမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်သည် မိုင်ပေါင်း ၂၀၀(ကီလိုမီတာ ၃၅၀) ထိပစ်လွှတ်ရောက်ရှိနိုင်ပြီး ၁၀၀၀ ကီလို (၂၂၀၀ ပေါင်) အလေးချိန်ရှိသော ထိပ်ဖူးတင်ဆောင်နိုင်သည်။ Prithvi သည် အိန္ဒိယနိုင်ငံ၏ ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထုတ်လုပ်ရေး အစီအစဉ်အရ ထုတ်လုပ်သော ပထမဆုံး ဒုံးကျည်မျိုးဖြစ်ပြီး လွန်ခဲ့သည့် နှစ်များအတွင်း အကြိမ်များစွာ စမ်းသပ်ပစ်လွှတ်ခဲ့ဖူးသည်။ တာလတ်ပစ်ဒုံးကျည် အမျိုးအစားဖြစ်ပြီး နျူကလီးယား တင်ဆောင်နိုင်သော Shourya ကိုလည်း စက်တင်ဘာ ၂၄ ရက်နေ့တွင် အော်ရီဆာပြည်နယ်၌ပင် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းနှင့် ပြည်ပ အတားအဆီးများနှင့် ရင်ဆိုင်နေရသော မြန်မာ့ စီးပွားရေးပြုပြင်ပြောင်းလဲမှု

(The Nation သတင်းမှ 28 September 2011 ရက်စွဲပါ "Burmese economic reform faces obstacles at home and abroad" သတင်းကို ဘာသာပြန်ဆိုသည်။)

ပြုပြင်ပြောင်းလဲရေးကို အစိုးရသစ်က ဦးတည်ရွေ့လျားနေသည့် မြန်မာနိုင်ငံသည် ၄င်း၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကို အထောက်အပံ့ ဖြစ်စေရန် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ထံမှ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်လျှက် ရှိသည်။

ပြီးခဲ့သည့်သောကြာနေ့က ဝါရှင်တန်တွင် ပြုလုပ်သော ကမ္ဘာ့ဘဏ်နှင့် IMF နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာဘဏ္ဍာရေးဝန်ကြီး ဦးလှထွန်းက ယခုနှစ် မတ်လတွင် တပ်မတော်အစိုးရ ထံမှ အာဏာလွှဲပြောင်းယူခဲ့သည့် အရပ်ဖက် အစိုးရသစ်က စီးပွားရေး ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်ရန် အပြည့်အဝ ကတိပြုထားကြောင်း ပြောကြားခဲ့သည်။

"စီးပွားရေးပြုပြင်ပြောင်းလဲရာ၌ အဓိက လုပ်ဆောင်ရမည့် အချက်မှာ အစိုးရအဖွဲ့၏ အဆင့်အားလုံး၌ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ ဆောင်ရွက်မှုတို့ကို ပျိုးထောင်ရေးပင်ဖြစ်သည်။ ရွေးချယ်တင်မြှောက်ခံ အစိုးရ၏ ဦးစားပေးမူဝါဒသည် စီးပွားရေးစီမံခန့်ခွဲမှုနှင့် ဆင်းရဲမွဲတေခြင်း တိုက်ဖျက်မှု ဟူသော ရည်မှန်းချက် နှစ်ခုပေါ်တွင် အခြေခံထားသည်" ဟု ဦးလှထွန်းက ဆိုသည်။

၁၉၈၈ မှသည် မနှစ်က နိုဝင်ဘာရွေးကောက်ပွဲကာလ အထိ နိုင်ငံကို အုပ်ချုပ်ခဲ့သော တပ်မတော်အစိုးရလက်ထက် စီမံခန့်ခွဲမှုအလွဲများနှင့် နိုင်ငံရေး မတည်ငြိမ်မှုတို့ကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးကျပ်တည်းမှု အခက်အခဲကို ဆယ်စုနှစ်နှင့်ချီ၍ ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ မနှစ်က အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၀၀၀ ခန့် ပေါက်သော နေရာမှ ယခုနှစ် တစ်ဒေါ်လာလျှင်၇၅၀-၈၀၀ ကျပ်သို့ ၂၅ ရာခိုင်နှုန်းခုန်တက်လာခဲ့သည်။ ပြည်တွင်းသုံးငွေ တန်ဘိုးတက်မှုသည်လည်း မြန်မာနိုင်ငံ၏ လက်ရှိဆိုးရွားသော စီးပွားရေးပြဿနာများထဲတွင် ပါဝင်သည်။ ပြည်တွင်းငွေကြေးကစားသူများ၏ ကျပ်ငွေ လိုအပ်ချက်ကြောင့် တန်ဖိုးတက်သွားသည့် ကျပ်ငွေသည် ပို့ကုန်လုပ်ငန်းကို ထိခိုက်စေရုံသာမကပဲ နိုင်ငံအတွင်းရှိပြည်သူတို့၏ နေ့စဉ်ဘဝကိုပါ ဆင်းရဲခက်ခဲသွားစေခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် နိုင်ငံခြားငွေ လဲလှယ်နှုန်းစနစ်ပေါင်းစုံ၏ ဆိုးကျိုးကိုလည်း နှစ်ပေါင်းများစွာ ခံစားခဲ့ရသည်။ ဈေးကွက် ငွေလဲနှုန်း ၈၀၀ ကျပ်မှ ၁၀၀၀ကျပ် အကြားရှိနေချိန်တွင် တရားဝင် ငွေလဲနှုန်းကို တစ်ဒေါ်လာလျှင် ၆ ကျပ်သာ အစိုးရက သတ်မှတ်ထားခဲ့သည်။

အဆိုပါ ကမောက်ကမ ငွေလဲနှုန်းစနစ်ကို ပြန်လည် စီမံခန့်ခွဲရန်အတွက် နည်းပညာအကူအညီရရှိရန် မြန်မာအစိုးရက IMF ကို ချဉ်းကပ်ခဲ့သည်။ မြန်မာနိုင်ငံသည် ၎င်းငွေလဲနှုန်းစနစ်ကို ပြုပြင်ရန်အတွက် မူဝါဒအကြံပေးမှုနှင့် လေ့ကျင့်သင်တန်းပေးမှုများ လိုအပ်နေပါသည်။ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အနေဖြင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာငွေကြေးစနစ် အတွင်း ထိရောက်စွာ ပါဝင် ဆောင်ရွက်နိုင်စေရန် အတွက် ယင်းတို့၏ စီးပွားရေး၊ ဘဏ္ဍာရေးနှင့် ငွေလဲနှုန်းမူဝါဒများကို စောင့်ကြည့်အကဲခတ်ရန် အခွင့်အာဏာ ရှိသော်လည်း မြန်မာနိုင်ငံကိစ္စ၌ ထိုသို့စောင့်ကြည့်အကဲခတ်ခြင်းကို နိုင်ငံရေးအတားအဆီးများက ကန့်သတ်ထားပါသည်။

ဦးလှထွန်းက မြန်မာအစိုးရသည် IMF ထံမှ ငွေလဲနှုန်းစီမံခန့်ခွဲမှုအချို့ကို လက်ခံရရှိထားပြီးဖြစ်သော်လည်း စီးပွားရေးဖွံ့ဖြိုးမှု အစီအစဉ်များကို အထောက်အကူဖြစ်စေမည့် နည်းပညာနှင့်ငွေကြေးပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုရရှိရန် မျှော်လင့်ထားသည်ဟု ပြောကြားသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အကျိုးစီးပွားမှာ သူတို့က ယှဉ်ပြိုင်နိုင်တဲ့ ကဏ္ဍကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံက ထိုကဲ့သို့ အကူအညီကို လိုအပ်နေသော်ငြားလည်း Major reform underway ဟု ခေါင်းစဉ်တပ်ပေးထားသော International Crisis Group ၏ နောက်ဆုံးထုတ် အစီရင်ခံစာအရဆိုလျှင် ဆိုးဆိုးရွားရွား အတားအဆီးများရှိ နေဆဲပင် ဖြစ်သည်ဟု သိရပါသည်။

ကြီးကြီးမားမား ထောက်ပံ့ကူညီနေသူများဟု ဆိုရမည့် အနောက်နိုင်ငံ အလှူရှင်များ ပင်လျှင် သူတို့ကမ်းလှမ်းမည့် အကူအညီအမျိုးအစားနှင့် ပတ်သက်၍ အလွန်အမင်း သတိကြီးကြီးထားနေကြဆဲဟု ICG အစီရင်ခံစာက ဆိုထားသည်။ အဆိုပါ သတိကြီးစွာထားမှုမျိုးသည် အခြားသော နိုင်ငံတကာ အဖွဲ့အစည်းများကပေးမည့် အကူအညီများတွင်လည်း အလားတူ ရှိနေသည်။

နိုင်ငံတကာအဖွဲ့အစည်းများက မြန်မာနိုင်ငံသို့ပေးမည့် ချေးငွေနှင့် ဖွံ့ဖြိုးရေးအကူအညီများကို အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂက တရားဝင်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှု sanctions များက တားဆီးထားခြင်းဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုကို အထောက်အပံ့ဖြစ်စေမည့် မူဝါဒအကြံဥာဏ်နှင့် နည်းပညာအကူအညီတို့ကဲ့သို့သော အခြားအကူအညီပုံစံများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ငွေကြေးအဖွဲ့များက မြန်မာနိုင်ငံသို့ပေးလျှင် ရနိုင်သည်ဟု ICG က ဆိုပါသည်။

ပြီးခဲ့သော လပိုင်းများအတွင်း သိသာထင်ရှားသော ကြီးကြီးမားမားအပြောင်းအလဲများ မတွေ့ရသဖြင့် မြန်မာအစိုးရက ပြုပြင်ပြောင်းလဲ ချင်ပါသည်ဟု ဆိုခြင်းကို အနောက်နိုင်ငံများက သံသယ ရှိနေကြသော်လည်း ICG ကမူ မြန်မာခေါင်းဆောင်သစ်တစ်စုက အပြုသဘောပြောင်းလဲမှုကို ကြိုးပမ်းလုပ်ဆောင်နေသည်ဟု ယုံကြည်လျှက် ရှိသည်။

ယခင် တပ်မတော်အစိုးရလက်ထက် ဝန်ကြီးချုပ်တာဝန်ယူခဲ့သော ဦးသိန်းစိန်သည် သမ္မတဖြစ်လာသည့် အချိန်မှစ၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို အရှိန်မြှင့်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို စီးပွားရေးအကြံဥာဏ်ပေးနေသည့် စီးပွးရေးပညာရှင် ဦးမြင့်ကိုလည်း သမ္မတ၏ စီးပွားရေးအကြံပေးကော်မတီ အကြီးအကဲအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။ မကြာမီကာလများအတွင်းက ကျပ်ငွေတန်ဖိုး တက်လာသည့် ပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကြံပေးရန်အတွက် ဦးမြင့်သည် သမ္မတဦးသိန်းစိန်နှင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အစိုးရကလည်း စီးပွားရေးချုပ်ချယ်မှုအချို့ဖြေလျှော့ပေးခြင်း၊ ပို့ကုန်အခွန်လျှော့ချပေးခြင်း၊ ငွေကြေးပြဿနာကို ကိုင်တွယ်ရန် ဘဏ်တိုးနှုန်းလျှော့ချခြင်း စသည်တို့ကို လုပ်ဆောင်ခဲ့သည်။

ငွေလဲနှုန်းစနစ်ကို ကိုင်တွယ်ရန်နှင့် ငွေလှယ်နှုန်းကို တစ်ခုထဲဖြစ်အောင် ပေါင်းစည်းရန် IMF ထံမှ အကူအညီတောင်းဖို့ ဦးမြင့်က အကြံပြုခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လတွင်မူ ပင်စင်စား ၈၄၀,၀၀၀ နှင့် ထိပင်စင်လစာကို မှီခိုနေရသူ မိသားစုဝင် သန်းပေါင်းများစွာ၏ ဘဝများကို အထိုက်အလျောက် တိုးတက်စေမည့် ပင်စင်လစာ ကြီးမားစွာ တိုးမြှင့်ပေးခြင်း အင်္စအစဉ်ကို အစိုးရက ကြေညာခဲ့သည်။

လာမည့် ၅ နှစ်အတွင်း စီးပွားရေးကဏ္ဍ၌ ၈.၈ ရာခိုင်နှုန်း တိုးတက်မှု ဖြစ်ပေါ်စေရန် ရည်မှန်းထားသော ၂၀၁၁- ၂၀၁၅ အတွက် ငါးနှစ် အစီအစဉ်ကိုလည်း အစိုးရက အကောင်အထည်ဖော်ထားပြီး ဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍအတွက် စီမံချက်များစွာကိုလည်း ဆုံးဖြတ်ပေးခဲ့သည်ဟု မြန်မာဘဏ္ဍာရေးဝန်ကြီးက ကမ္ဘာ့ဘဏ်နှင့် IMF အစည်းအဝေးတွင် ပြောကြားသည်။

မည်သို့ပင်ဖြစ်စေ သတိကြီးကြီးထားရန်လိုကြောင်း အသံထွက်နေသည့် ICG အစီရင်ခံစာက “ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲ ရေးသည် နက်ရှိုင်း၍ ရေရှည်ခံမည့် အပြုသဘော ပြောင်းလဲမှုများ ဖြစ်ပေါ်ရရှိစေရန်နှင့် ခက်ခဲသော အတားအဆီးများကို ကျော်လွှားရန်အတွက် ခိုင်မာအားကောင်းသော နိုင်ငံရေး စိတ်ရင်းစေတနာနှင့် ရဲရင့်မှုတို့လိုအပ်သည့် အရေးပါသော လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်သည် ” ဟု အလေးအနက် တင်ပြထားသည်။

ရှေ့မတိုး နောက်မဆုတ် အနေအထားတွင် အမြတ်ထွက်ခဲ့ကြသော တာဝန်ရှိ ပုဂ္ဂိုလ်ဆိုသူများက ပြုပြင်ပြောင်းလဲရေးကို အကြောက်အကန် ငြင်းဆန်ကြမည်ဖြစ်သလို ကြိုးနီစနစ်ရှိနေဆဲ ဗျူရိုကရေစီ ယန္တရား၊ အစိုးရအဖွဲ့အတွင်းပြိုင်ဖက်များ၊ တပ်မတော်နှင့် နိုင်ငံရေးလောက အုပ်စုကွဲများ စသည်တို့သည် မြန်မာနိုင်ငံ ရှေ့ခရီး၏ အဓိက အတားအဆီးများ ဖြစ်လာပါလိမ့်မည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment