Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

.၁၀.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ တွေ့ဆုံ
    (Radio Netherland မှ 5 Oct  2011 ရက်စွဲပါ “ Thai PM meets Myanmar president ” သတင်းကို ဘာသာ ပြန်ဆိုသည်)
  1. တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ
    ( Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “ Burma delivers its first rebuff to China” သတင်းကို ဘာသာပြန်သည်)
  1. မြန်မာနိုင်ငံတွင် အခြေအနေကောင်းကို အမိအရ ဖမ်းဆုပ်ပါ
    ( 4 Oct  2011 ရက်စွဲပါ The New York Times မှ ဦးသန့်မြင့်ဦး ရေးသားသော In Myanmar, scize the Moment ကို ဘာသာပြန်သည်)  

*****************************************************************************

ဘာသာပြန်သတင်းများ

ထိုင်းဝန်ကြီးချုပ်နှင့် မြန်မာသမ္မတ တွေ့ဆုံ

(Radio Netherland မှ 5 Oct  2011 ရက်စွဲပါ “ Thai PM meets Myanmar president ” သတင်းကို ဘာသာ ပြန်ဆိုသည်)

သြဂုတ်လက အာဏာရလာခဲ့သော ထိုင်းဝန်ကြီးချုပ်သစ် ယင်လပ်ရှင်နာဝပ်ထရာသည် အိမ်နီးခြင်း စစ်ဖက်သြဇာကြီး မြန်မာနိုင်ငံသို့ ဗုဒ္ဓဟူးနေ့က သွားရောက်ခဲ့သည့် ပထမဆုံးခရီးစဉ်တွင် မြန်မာသမ္မတနှင့် တွေ့ဆုံခဲ့သည်။

ဝန်ကြီးချုပ် ယင်လပ်ကို သမ္မတဦးသိန်းစိန်က ၎င်း၏ နေပြည်တော်သမ္မတအိမ်တော်တွင် လက်ခံတွေ့ဆုံခဲ့သည်ဟု အမည်မဖော်လိုသူ မြန်မာအစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယင်းသို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့သော အကြောင်းအရာများကိုမူ မသိရှိရသေးပါ။

ယင်လပ်သည် သူမ၏ နေချင်းပြန်ခရီးစဉ်အတွင်း မြန်မာဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် မျှော်မှန်းထားခြင်း မရှိပါဟု တာဝန်ရှိသူ နောက်တစ်ဦးက ပြောကြားသည်။

လူ့အခွင့်အရေးမှတ်တမ်းများ ဆိုးဝါးညံ့ဖျင်းမှုကြောင့် အနောက်နိုင်ငံများက သယံဇာတကြွယ်ဝသော မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အစီအစဉ်များ ချမှတ်ထားကြသည့်အချိန်တွင် ထိုင်း၊ တရုတ်နှင့် အိန္ဒိယ စသော အာရှအိမ်နီးချင်းနိုင်ငံများက စီးပွားရေးအရ ရင်းနှီးစွာ ဆက်ဆံရန် ကြိုးပမ်းခဲ့ကြပြီး အထူးသဖြင့် ရေနံနှင့် ဓါတ်ငွေ့ကဏ္ဍတွင် အားတက်သရော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သော မတ်လတွင် တပ်မတော်အစိုးရက အရပ်ဖက်အစိုးရထံ အာဏာလွှဲပြောင်းပေးခဲ့သော်လည်း အာဏာရအစိုးရသစ်တွင် ယခင်အစိုးရ လက်ထက် ဝန်ကြီးချုပ်ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန် အပါအဝင် ယခင်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ဟောင်းများ အများစုဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

သို့သော် သမ္မတသစ် ဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံအုပ်စုများကို လိုက်လျောဆက်ဆံမည့် လက္ခဏာများ မကြာမီက ပြသခဲ့ပြီး ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံးအကြိမ် သမိုင်းဝင် တွေ့ဆုံမှုကို သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည်။

မသမာမှုများ၊ ခြိမ်းခြောက်မှုများနှင့် ပတ်သက်၍ တိုင်ကြားမှုများ ရှိခဲ့ခြင်းကြောင့် ကမ္ဘာ့အလယ် နံမည်ပျက်ခဲ့ရသည့် မနှစ်က နိုဝင်ဘာလ ရွေးကောက်ပွဲများအပြီး ရက်ပိုင်းအတွင်း၌ ယခင် တပ်မတော်အစိုးရက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒီမိုကရေစီခေါင်းဆောင်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်။

*************************************************************************************

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

( Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “ Burma delivers its first rebuff to China” သတင်းကို ဘာသာပြန်သည်)

( မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက်ဆောင်းပါး တစ်ပုဒ်ဖြစ်သည်)

တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ အာရှနိုင်ငံများက ပိုမိုစိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအားလျှပ်စစ်တမံ စီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်းသစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဖက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတစ်ခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ်မှီခိုနေရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလား ဆိုသည့် မေးခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်း မရှိပဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ- တရုတ် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ကာ နိုင်ငံမြောက်ပိုင်း၌ အကြီးစားရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည့် အမေရိကန်ဒေါ်လာ ၃. ၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံးတမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်း ကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလားဆိုသည့် အချက်မှာ မသဲကွဲသေးပါ။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင်ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဖက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံသည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တစ်ခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများလျှံထွက်နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ ဧရာဝတီ ကယ်တင်ရေး’ အစည်းအဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများကလည်း နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ကြီးထွားလျက်ရှိရာ၊ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်းဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမားများနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက်နိုင်ငံများ၏ ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာ ရောက်မည့်အဖြစ်ကို လိုလားမည် မဟုတ်ပါ။

မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့(တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့် ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းနိုင်ငံကို ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ်ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ်ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံထောက်ပံ့ကူညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မတော်  ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာ အဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ်ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်စုနှစ် တစ်စုလုံးလုံး အင်ဒိုချိုင်းနား ကျွန်းဆွယ်အပြင်ဖက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီများ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ "ပြည်သူ့အသံ" ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူနန်ပြည်နယ်ဖက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိသွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအော ကူညီမှုဇတ်သိမ်းခန်းအစ ဖြစ်လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင်စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တ လာခဲ့ခြင်းဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ် မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင်မူ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း မြောက်များစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦး စီမံကိန်းများစွာတွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဖက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဖက်အကြံပေးများလည်း တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည်လည်း တစ်ဟုန်ထိုးဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက်ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓါတ်ငွေ့ကို တရုတ်သို့ပို့မည်။ ပိုက်လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာ ရေလက်ကြားကို ရှောင်ရှား သယ်ယူမည့် ရေနံစိမ်း ပိုက်လိုင်းတစ်ခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓက တစ်ခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာ စစ်ဖက် ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တစ်ချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသော စစ်ပွဲကို မမေ့နိုင်သလို ဗကပ အသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူတို့၏ ရဲဘော် ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ပြန်လည် တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက် အပြီးတွင် တရုတ်တို့က ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်း အစီရင်ခံစာတွင် တမံ အရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များ ပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည်ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ် - မြန်မာ ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး ဟန်ချက် ညီအောင် ကြိုးစားနေခြင်းကို ထုတ်ဖော် ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဘူးသော ဘက်မလိုက် မူဝါဒကို ပြန်လည် ချဉ်းကပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အချို့ အကဲခတ် စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာ အစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြ နေကြသည့် "မြန်မာနိုင်ငံ၏ ယုံကြည် စိတ်ချ အားကိုးမှု" ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်း မဟုတ်ပါဟု မဟာဗျူဟာ လေ့လာရေး သုတေသန ပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချပေးနေသူများက ပြသနေသော အထောက်အထား တစ်ခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယား နိုင်ငံများထံ ပြောင်းလဲ ဝယ်ယူကာ ယင်း၏ လက်နက် ဖူလုံရေး အစီအစဉ်ကို ခွဲဝေ ဖြန့်ကျက်ခဲ့သော အချက်ပင် ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်း အစား 'တရုတ်ဝှက်ဖဲ' ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။

မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦး ရေးသားကာ နေပြည်တော် ထိပ်ပိုင်း အဆင့်က ခွင့်ပြုခဲ့သည်ဟု ကြားသိရသော ဘန်ကောက်ပို့စ် သတင်းစာပါ 'ရေးသူအမည်မပါ' ဆောင်းပါးတစ်ပုဒ်တွင် "ကျွန်တော်တို့ နိုင်ငံကို တရုတ် သြဇာခံ ပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံကို ရွေးချယ်စရာ မရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကြပ် မပြုလုပ်သင့်ပါ" ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကြပ် ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရန် တောင်းဆိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အစိုးရဖက်က အမြင်ကို ကြည့်ပါက တရုတ် ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ်ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကာ အနောက်နိုင်ငံများ၏ ပြစ်တင် ဝေဖန်မှု လျော့ပါးသွားရန် မျှော်လင့်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လို အုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရက မကြာခဏ ထုတ်ဖော် ပြောဆိုလျက် ရှိပေသည်။ မြန်မာ အစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။

*************************************************************************************

မြန်မာနိုင်ငံတွင် အခြေအနေကောင်းကို အမိအရ ဖမ်းဆုပ်ပါ

( 4 Oct  2011 ရက်စွဲပါ The New York Times မှ ဦးသန့်မြင့်ဦး ရေးသားသော In Myanmar, scize the Moment ကို ဘာသာပြန်သည်)

တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံအကြားတွင် ညှပ်နေသော မြန်မာနိုင်ငံသည် ၁၉၆၂ ခုနှစ် စစ်တပ်မှ စတင်အုပ်ချုပ်ကတည်းက အရေးကြီးသော နိုင်ငံရေးအရ ပြောင်းလဲမှုများ ရှိလာသည်။ လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း Obama အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် လက်ရှိဖြစ်နေသော သမိုင်းဝင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများသည် အာရှ၏ အသစ်လွင်ဆုံး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဟုတ် မဟုတ် ဆုံးဖြတ်ရာတွင် ကြီးမားသော မတူညီသည့် လုပ်ဆောင်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။ သမ္မတ Obama အနေဖြင့် ယခုဖြစ်နေသော ပြောင်းလဲမှုများကို လူသိရှင်ကြား ထောက်ခံသင့်သည်။ ထို့အပြင် သဘောထားတင်းမာသူများက ပြုပြင်ပြောင်းလဲရေးများကို မလုပ်ဆောင်နိုင်ရန် နောက်ပြန်မဆွဲမီ Obama အနေဖြင့် မြန်မာနိုင်ငံကို အထီးကျန်ပြုထားခြင်းကို အဆုံးသတ်ရေး လုပ်ဆောင်ပေးသင့်သည်။

လွန်ခဲ့သောခြောက်လက ထိုသို့ အကောင်းမြင်ရန် ခက်ခဲခဲ့ပါသည်။ ရွေးကောက်ပွဲများ ကျင်းပခဲ့သော်လည်း လွတ်လပ်၍ တရားမျှတမှုမရှိဟု ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချခဲ့ပါသည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားခဲ့သော်လည်း အခြေခံဥပဒေအရ တက်လာသော အစိုးရတွင် ယခင်ဗိုလ်ချုပ်ကြီးများ အများအပြားပါဝင်ခဲ့ပါသည်။ အနည်းငယ်ခန့်ကသာ ပြုပြင်ပြောင်းလဲမှုအများအပြားကို မျှော်လင့်ခဲ့ကြပါသည်။

သို့သော် ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ သမ္မတ ဦးသိန်းစိန်သည် လူတိုင်းကို အံ့အားသင့်စေခဲ့ပါသည်။ ၎င်း၏ ပါလီမန်သို့ပြောကြားသော အဖွင့်မိန့်ခွန်းတွင် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ အကျင့်ပျက်ချစားမှု တိုက်ဖျက်ရေး၊ လက်နက်ကိုင် ပဋိပက္ခအမျိုးမျိုး ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးအရ ပြန်လည်ပေါင်းစည်းရေးတို့ကို ခိုင်မာပြတ်သားစွာ ပြောခဲ့သည်။

ဇွန်လတွင် တစ်သန်းခန့်ရှိသော ဆင်းရဲနေသည့် အငြိမ်းစားများ၏ ပင်စင်လစာ တိုးပေးခဲ့ခြင်း၊ အခွန်များ လျှော့ချခြင်း၊ ကုန်သွယ်ရေးဆိုင်ရာ အဖွဲ့ချုပ်ကို ဖျက်သိမ်းခဲ့ခြင်းများ ပြုလုပ်ခဲ့သည်။ အစိုးရသည် ဘဏ်လုပ်ငန်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြန်လည်ရေးဆွဲပြီး နိုင်ငံခြားငွေ လဲလှယ်ရေးမူဝ ရေးမူဝါဒကို ပြန်လည် သုံးသပ်ခဲ့သည်။ အားလုံးကို စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် တိုင်ပင်၍ လုပ်ဆောင်ခဲ့သည်။ ဤသည်ပင်လျှင် ကြီးမားသော ခြေလှမ်းတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စစ်အစိုးရလက်ထက်က အရပ်သားများ၏ အကြံဥာဏ်များကို လက်မခံခဲ့ပေ။

ထို့နောက် ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အခမ်းအနားတွင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားခဲ့သည်။ သူမအား ထောက်ခံသူ ထောင်ပေါင်းများစွာသည် နှစ်ပေါင်းများစွာအတွင်း ဥပဒေနှင့်အညီ ချီတက်ခွင့် ရခဲ့ကြသည်။ လွတ်လပ်သော စာစောင်များလည်း အသက်ဝင်လာခဲ့သည်။ လွန်ခဲ့သော တစ်နှစ်က အမည်ပင် ဖော်ပြခွင့် မရခဲ့သော ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအခါ ရှေ့စာမျက်နှာတွင် ပုံမှန်ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

သြဂုတ်လတွင် ပါလီမန်၌ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေး ကဲ့သို့သော အတိမ်းအစောင်းမခံသော အရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ကျေးလက်ဆင်းရဲသားများအတွက် အသေးစား ချေးငွေဆိုင်ရာ ဥပဒေကို အတည်ပြုခဲ့ပြီး၊ လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များကို ခွင့်ပြုခဲ့သည်။ မကြာမီက အင်တာနက် ဆိုင်ရာ ကန့်သတ်မှုများကို ဖယ်ရှားခဲ့သည်။ သြဂုတ်လ ၁၈ ရက်နေ့တွင် လွတ်လပ်သော လူထု အခြေပြု အဖွဲ့အစည်း အုပ်စုများနှင့် တွေ့ဆုံရာတွင် သမ္မတသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး စကားပြောရန် တောင်းဆိုခဲ့ပြီး နိုင်ငံရပ်ခြားတွင် ထွက်ပြေးသွားသော သူများအား ပြန်လာရန် ဖိတ်ခေါ်ခဲ့သည်။ နောက်တစ်နေ့တွင် ယင်းသည် ဒေါ်အောင်ဆန်းစုကြည် နှင့် နှစ်ဦးတည်း ၂နာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

ထို့နောက် စာရေးသူသည် သူမနှင့် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။ သမ္မတသည် ပြောင်းလဲမှုကို လိုလားသည်မှာ အမှန်ဖြစ်ကြောင်း သူမက ယုံကြည်သည်ဟု သူမက စာရေးသူအား ပြောကြားခဲ့သည်။ သူမက မိမိတို့ အားလုံး မြန်မာနိုင်ငံရေး၏ ခေတ်သစ် တစ်ခု၏ အစသို့ ရောက်နေပြီဟု မျှော်လင့်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် အပတ်က ယခင်က စိတ်မကူးဝံ့သော တိုးတက်မှုများကို တွေ့ခဲ့ရသည်။ သောကြာနေ့က ပြည်သူများကြား မကျေနပ်မှု တိုးပွားလာမှုကြောင့်၊ သမ္မတက တရုတ်သို့ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရန် ယင်းတို့ ဆောက်လုပ်နေသော ဒေါ်လာ 3.6 ဘီလီယံတန် ရေအားလျှပ်စစ် စီမံကိန်းအား ရပ်ဆိုင်းခဲ့သည်။ ယင်းကိစ္စမှာ နုနယ်သေးသော ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုနှင့် ထိုဒေသမှ ကချင် တိုင်းရင်းသားများ၏ အောင်ပွဲပင် ဖြစ်သည်။ ယခုကဲ့သို့ သမ္မတကြီးက အရေးပါလှသော တရုတ်စီမံကိန်းကို ရပ်တန့်ခဲ့ခြင်းမှာ တိုင်းပြည်သည် တစ်ဆစ်ချိုး တစ်ကွေ့ ရောက်နေပြီဟု ရှင်းရှင်းလင်းလင်း ပြသသည့် လက္ခဏာ မဟုတ်သေးပေ။ ယခုအခါ မြန်မာနိုင်ငံတွင် အများစုက မကြာမီ နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်နေကြသည်။

သို့သော် သမိုင်းနှင့်ချီသော စိန်ခေါ်မှုများ ရှိနေဆဲ ဖြစ်သည်။ ဥပမာအားဖြင့်  မကြာသေးမီက အစိုးရသည် အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြင့် အပစ်အခတ် ရပ်ရန် သဘောတူခဲ့သော်လည်း မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သည်။ ယခုကဲ့သို့ ကာလ ကြာရှည်ပြီး၊ စစ်ပွဲများ မကြာခဏ ဖြစ်ပွားနေပါက အောင်မြင်သော ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလကို စိတ်ကူးရန် ခဲယဉ်းလိမ့်မည် ဖြစ်သည်။

စနစ်သစ်တွင် ပြုပြင်ပြောင်းလဲရေး လေသံများချည်း ဖုံးလွှမ်းနေသည် မဟုတ်ပေ။ သဘောထား တင်းမာသူများ၏ နောက်ပြန်ဆွဲမှု မဖြစ်နိုင်ဟု ပြော၍ မရပေ။ ထို့ကြောင့် Obama အစိုးရ အနေဖြင့် အလျင်အမြန် လုပ်ဆောင်ရမည့် အချက် ၃ ချက် ရှိသည်။

ပထမ အချက်မှာ ယခု လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အငြင်းပွားဖွယ် မရှိ လက်ခံရန် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် စိတ်ရှည်ရန်နှင့် တောင်းဆိုမှုများ လျင်မြန်စွာ တောင်းဆိုခြင်း မပြုရန် လိုအပ်သည်။ ယခု ဖြစ်နေသည်များသည် ပြီးပြည့်စုံသော တော်လှန်ရေး မဟုတ်သဖြင့် တစ်မျိုးအားဖြင့် အားလုံး သာတူညီမျှ အခြေအနေသို့ ပြန်သွားနေခြင်း ဖြစ်သည်။

ဒုတိယအချက်အားဖြင့် Obama အစိုးရသည် ပြုပြင်ပြောင်းလဲရေးတွင် မြန်မာနိုင်ငံက အထူး လိုအပ်နေသော နည်းပညာ၊ အကြံဥာဏ်များ နှင့် ဗဟုသုတများ ပေးအပ်ရေး သေချာစေရန် ဖြစ်သည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ် များစွာ အထီးကျန် နေလာခဲ့ရသဖြင့် ကဏ္ဍစုံတွင် ကျွမ်းကျင်သူ မရှိသော ဒုက္ခကို ခံစားနေရသည်။ ဘဏ်လုပ်ငန်း၊ ပတ်ဝန်းကျင် ဆိုင်ရာမှ ပြည်သူ့ ကျန်းမာရေး ကဏ္ဍအထိ ကျွမ်းကျင်သူ မရှိပေ။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အနေဖြင့် ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ် ကဲ့သို့သော ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများက နည်းပညာ ဆိုင်ရာများ ပေးအပ်ရေးကို ကန့်သတ်ထားမှုအား လုံးဝ ဖယ်ရှားသင့်သည်။ ဤသည်မှာ ငွေကြေး တစ်စုံတစ်ရာ ကူညီသည် မဟုတ်ပဲ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ အကောင်းဆုံး နည်းလမ်း ဖြစ်နိုင်ရေး အတွက် လိုအပ်နေသော ဗဟုသုတများ ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။

တတိယ အချက်မှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကုန်သွယ်ရေးအရ ပိတ်ပင်ထားမှုများ၊ ရပ်သွားစေရန် ရှေ့သို့ ကြိုးပမ်းရေး ဖြစ်သည်။ တံခါးပွင့်လာသော တိုင်းပြည်တစ်ခု အနေဖြင့် သူတစ်ပါး ကို မှီခိုခြင်း၊ ပြင်ပ အကူအညီမျးကို မှီခိုခြင်းများ မဖြစ်သင့်ပေ။ ထို့အပြင် အခွင့်ထူးခံ အကျင့်ပျက် ခြစားသော လူတစ်စု၏ ချုပ်ကိုင်မှုကိုလည်း မခံသင့်ပေ။ တာဝန်ခံမှု အပြည့်ရှိသော ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုသည် အလုပ်အကိုင် ဖန်တီးပေးခြင်း၊ လူလတ်တန်းစား အသစ်များ ပေါ်ထွန်းရန် အထောက်အကူ ပြုခြင်းနှင့် ဒီမိုကရေစီသို့ လျင်မြန်စွာ ပြောင်းလဲခြင်းများတွင် အဓိက ကျသော ကဏ္ဍတွင် ရှိနေသည်။

ယနေ့ စာရေးသူတို့က မြန်မာနိုင်ငံကို လာမည့် ရာစု နှစ်ဝက်တွင် ပိုမို ကောင်းမွန်သော အနာဂတ်ကို မြင်ရရန် အကောင်းဆုံး အခွင့်အလမ်း ရှိနေသည်ဟု မြင်နေပါသည်။ အမေရိကန် အနေဖြင့် မြန်မာနိုင်ငံအား အထီးကျန် ပြုထားရေး ရပ်ဆိုင်းသွားရေးကို အမြန်ဆုံး အကူအညီ ပေးရန် လိုအပ်နေသည်။

*************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment