Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၃.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. မြစ်ဆုံစီမံကိန်းကိစ္စ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန် တရုတ်-မြန်မာနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ
  2. လူရွှင်တော် ဇာဂနာ မြစ်ကြီးနားထောင်ကို ချီးမွမ်း
  3. ရန်ကုန်မြို့တွင် လမ်းပျက်စီးမှု များစွာရှိကြောင်း YCDC ဝန်ခံ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. နိုင်ငံရေးအကျဉ်းသားများအား ရဲထောက်လှမ်းရေးမှ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်
  2. နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာဟုဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. တွဲ၍ တွန်းမှ ရွေ့နိုင်မည်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

မြစ်ဆုံစီမံကိန်းကိစ္စ ဆက်လက်ညှိနှိုင်းဆွေးနွေးသွားရန် တရုတ်-မြန်မာနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ

ဧရာဝတီမြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားမှုနှင့်ပတ်သက်ပြီး တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်လက်ညှိနှိုင်း ဆွေးနွေးသွားရန် နိုင်ငံခြားရေးဝန်ကြီး များက အောက်တိုဘာလ ၁၀ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြားချက်ကို ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

တရုတ်နိုင်ငံ၊ ပေကျင်းမြို့တွင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံကာ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ယန်ကျိချီတို့အကြား ယင်းကဲ့သို့ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံအကြား နှစ်နိုင်ငံ ဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြသည်ဟု ယင်းသတင်းဌာနမှ သိရသည်။

ဦးဝဏ္ဏမောင်လွင်သည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တရုတ်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ဒုတိယသမ္မတ သီဟသူရ    ဦးတင်အောင်မြင့်ဦးသည် ယခုလအတွင်း တရုတ်နိုင်ငံသို့ သွားရောက်၍ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်မည်ဟု မြန်မာအစိုးရ တာဝန်ရှိသူ များက အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ မြစ်ဆုံစီမံကိန်းကို မြန်မာအစိုးရဘက်မှ ရပ်ဆိုင်းခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်ရန်အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ အဆိုပါ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းကြောင်း မြန်မာအစိုးရက ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက် နေ့တွင် ကြေညာခဲ့သည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လူရွှင်တော် ဇာဂနာ မြစ်ကြီးနားထောင်ကို ချီးမွှမ်း

၂၀၀၈ ခုနှစ်တွင် တည်ဆဲဥပဒေများစွာကို ချိုးဖောက်သူအဖြစ် တရားစွဲဆိုကာ အကျဉ်းချခြင်းခံရသည့် လူရွှင်တော် ဇာဂနာသည် ၃နှစ် ကျော်ကြာ နေခဲ့ရသည့် မြစ်ကြီးနားထောင်ကို အောက်ပါအတိုင်း ချီးမွမ်းခန်းဖွင့်ခဲ့သည်။

“ဘ၀တစ်လျှောက်လုံးမှာ ထောင်လေးခါကျဖူးတာ ဒီတစ်ခါထောင်ကျတာ ဓမ္မာရုံမှာနေရသလိုပဲ”ဟု အောက်တိုဘာ ၁၂ ရက်က စမ်းချောင်းရှိ နေအိမ်သို့ ပြန်ရောက်ချိန်တွင် ဆိုသည်။

မြစ်ကြီးနားထောင်တွင် နေရစဉ် အပတ်စဉ်ထုတ်ဂျာနယ်များ၊ နေ့စဉ်ထုတ် သတင်းစာများကို ပုံမှန်ဖတ်ရှုရသည့်အပြင် နေရေးထိုင်ရေး မှာလည်း များစွာအဆင်ပြေကြောင်း ကိုဇာဂနာက ဆိုသည်။

“အရင်တုန်းကဆိုရင် ရေနွေးတစ်ခွက်ရဖို့ မနည်းတောင်းနေရတယ်။ အခုကျတော့ ကိုဇာ တောင်းတယ်ဆိုရင် ရေနွေး လိုသလောက်ရတယ်၊ ဂျာနယ်တွေလည်း ကိုယ့်ပိုက်ဆံရှိရင် ဝယ်ဖတ်လို့ရတယ်။ သူတို့ပေးတာကို ဖတ်ချင်ရင်တော့ လနဲ့ချီကြာတယ်”ဟု အကျဉ်းထောင်တွင် နေခဲ့ရပုံကို ပြောကြားသည်။

ကော့သောင်းထောင်တွင် သုံးနှစ်ထောင်ဒဏ် ကျခံထားရသည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး တည်ထောင်သူ ကိုဇေယျာသော်က “ကော့သောင်းထောင်မှာ နေတုန်းကလည်း အဆင်ပြေပါတယ်။ စာပေကိုလည်း ဖတ်ရှုခွင့်ရသလို နေရထိုင်ရတာ အဆင်ပြေပါတယ်”ဟု ရန်ကုန် ခရော်နီကယ်နှင့် တွေ့ဆုံစဉ်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များတွင် ကုလသမဂ္ဂမှ ပြဌာန်းထားသည့် အကျဉ်းထောင်စည်းကမ်းများကို ကျင့်သုံးထားကြောင်း၊ ယင်း အတွက် လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားက အင်းစိန်အကျဉ်းထောင်သည် ယခင်နှစ်များထက် တိုးတက်လာကြောင်း ရန်ကုန်တိုင်း ဒေသကြီး ထောင်အုပ်စု၏ တာဝန်ရှိသူ ဦးကျော်ခင်က ဆိုသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ရန်ကုန်မြို့တွင် လမ်းပျက်စီးမှု များစွာရှိကြောင်း YCDC ဝန်ခံ

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် လမ်းပျက်စီးမှု များစွာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့မှ အောက်တိုဘာ ဒုတိယ ရက်သတ္တပတ်တွင်  ဝန်ခံပြောကြားလိုက်သည်။

ယင်းပြောဆိုချက်ကို သတင်းမီဒီယာများရှေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ကာ ထုတ်ပြန်ချက်တွင်လည်း လမ်းပျက်စီးမှုနှင့် ပတ်သက်သည်များကို ဝန်ခံထားသည်။

ရန်ကုန်မြို့တွင် ဖြစ်ပွားနေသည့် လမ်းပျက်စီးမှုများသည် ရေနှုတ်မြောင်းများတွင် ပိတ်ဆို့ခြင်းများ၊ ရေလျှံခြင်းများကြောင့် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ယင်းလမ်းဖွင့်ပွဲတွင် ပြောကြားသည်။

“အဓိကက ရေနှုတ်မြောင်းတွေကြောင့်ရယ်၊ ကုန်တင်ကားတွေက လမ်းစည်းကမ်းကို မလိုက်နာတာရယ်ကြောင့်ပါ”ဟု ယင်းက ဆက်လက် ပြောကြားသည်။

YCDC အနေဖြင့် ပျက်စီးနေသော လမ်းပိုင်းများအား ပွင့်လင်းရာသီတွင် ပြင်ဆင်ရန် ရည်မှန်းထားကြောင်း၊ မိုးတွင်းကာလတွင် ခွင့်ပြုထားသည့် ဘတ်ဂျက်ကို ထိခိုက်မည် စိုးရိမ်၍ အချို့သော လမ်းပိုင်းများကို မပြင်ဆင်လိုက်ရကြောင်း YCDC မှ ဌာနမှူးတစ်ဦးက ပြောကြားသည်။

“မိုးတွင်းကာလမှာ ပြင်ရင် ခဏပဲခံတာမို့ အရမ်းပျက်စီးနေတဲ့ လမ်းပိုင်းတွေကို မပြင်ဆင်ဘဲ ဒီအတိုင်းထားလိုက်ရတာ ရှိတယ်”ဟု ယင်းက ဆက်လက် ပြောကြားသည်။

လမ်းပျက်စီးမှုများကြောင့် YCDC မှ ယခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ကွန်ကရစ်တန် ၃၀၂၅၇ တန်အား ကျပ်ငွေသိန်းပေါင်း ၇၄၀၀ ကျော် အကုန် အကျခံ၍ ပြုပြင်ထားကြောင်း သိရသည်။

“လမ်းတွေက ပြင်တယ်လို့သာ ပြောနေတာ၊ အရင်က အောက်ပိုင်းတစ်ခါလုပ်ပြီး ခြောက်လလောက်ခံတယ်၊ အခုတော့ နှစ်လ၊ သုံးလနဲ့ ပြင်နေရ တယ်”ဟု တက္ကစီဒရိုင်ဘာတစ်ဦးက ပြောကြားသည်။

YC(KS)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

နိုင်ငံရေးအကျဉ်းသားများအား ရဲထောက်လှမ်းရေးမှ အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်

နိုင်ငံတော်သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်များမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများ၏ အိမ်အပြန် ခရီးကို ရဲထောက်လှမ်းရေးတပ်ဖွဲ့မှ ကြီးကြပ်၍ လိုက်လံပို့ဆောင်ကြောင်း သိရသည်။

အဆိုပါကိစ္စရပ်နှင့်ပက်သက်၍ မြစ်ကြီးနားထောင်မှ အောက်တိုဘာ၁၂ရက်တွင် လွတ်မြောက်လာသူ ကိုဇာဂနာ(ခ) ကိုသူရက “ကျွန်တော့်ကို လွှတ်တယ်လို့ ထောင်တာဝန်ခံ အရာရှိကပြောပြီး ထောင်ဗူးဝလည်း ထွက်လိုက်ရော သုံးပွင့်နဲ့အရာရှိက တစ်ခါတည်း မြစ်ကြီးနားလေဆိပ်ကို ခေါ်သွားပြီး လေယာဉ်ပေါ်တင်သွားလိုက်တာ၊ ရန်ကုန်ကိုရောက်ရော”ဟု အကျဉ်းထောင်မှ လွတ်မြောက်လာချိန်တွင် ကြုံတွေ့ရသည့်ဖြစ်စဉ်ကို ယင်း၏ နေအိမ်တွင် ပြန်ပြောင်း ပြောဆိုသည်။

အင်းစိန်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ၏ အိမ်အပြန်ခရီးကိုလည်း အထက်ပါအတိုင်းပင် စီစဉ်ဆောင်ရွက်ကြောင်း သိရသည်။

အကျဉ်းသားတစ်ချို့က အိမ်သို့ မိမိအစီအစဉ်ဖြင့် ပြန်မည်ဆိုသည်ကိုပင် ရဲထောက်လှမ်းရေးတပ်ဖွဲ့ဝင်အချို့မှ လက်ခံလိုခြင်းမရှိကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်မှ တောင်ငူမြို့နယ်သို့ ပြန်ရမည့် နိုင်ငံရေး အကျဉ်းသားတစ်ဦးက ဆိုသည်။

 “ကျွန်တော်အိမ်ပြန်မယ်ဆိုတာကိုတောင် လက်မခံဘဲ တောင်းအေ့စ်ကားပေါ် အတင်းတက်ခိုင်းတယ်”ဟု ယင်းက ဆိုသည်။

“ကျွန်တော်တို့ အကျဉ်းသားရဲ့အိမ်ကို ဆက်သွယ်ပြီး ထောင်ကတော့ လွတ်လာပါပြီ။ ဘယ်အချိန်မှာ အိမ်ကိုပြန်ရောက်မယ်ဆိုတာ အကြောင်း ကြားပါတယ်”ဟု အင်းစိန်ထောင်တွင် တာဝန်ကျသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများအား ချက်ချင်း အိမ်သို့ပြန်ပို့ခြင်းမှာ ယင်းအကျဉ်းသား၏ လုံခြုံရေးကို မိသားစုဝင်များ စိုးရိမ်ပူပန်မှု မရှိစေရန်အတွက် အဓိကရည်ရွယ်ခြင်း ဖြစ်ကြောင်း ယင်းကဆက်လက်ပြောကြားသည်။

အောက်တိုဘာ ၁၁ရက် နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံတစ်ဝှမ်းလုံးရှိ အကျဉ်းထောင် ၄၂ ခုမှ အကျဉ်းသားပေါင်း ၆၃၅၉ ဦးအား ယင်းနေ့တွင်ပင် လွှတ်ပေးလိုက်ပြီး ယင်းအကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားပေါင်း ၃၀၀ ကျော်ရှိကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာဟုဆို

အကျဉ်းသား ခြောက်ထောင်ကျော်လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ရာတွင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက်လာခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး တာဝန်ခံဦးနိုင်းနိုင်းက ပြောကြားသည်။

“အခုလက်ရှိတော့ ၂၀၆ ယောက်တော့စရင်းရပြီ။ နိုင်ငံရေးအကျဉ်းသား ၂၅၀လောက်တော့ လွတ်လာလိမ့်မယ်လို့ တွက်ထားတယ်။ အဲဒီထက်တော့ မပိုနိုင်ဘူး။အဲဒီထဲမှာမှ NLD ကအယောက် ၉၀ လောက် ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ပုဒ်မ ၅ ည နှင့် ၁၇/၁ အပြင် နိုင်ငံရေးနှင့်နွယ်သော ပုဒ်မများနှင့် အပြစ်ဒဏ်ကျခံရသူများ အားလုံးကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ထားကြောင်း NLD မှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုလွတ်မြောက်လာသည့်နိုင်ငံရေးအကျဉ်းသားများကို NLD မှ ကျပ်ငွေတစ်သောင်းစီ ထောက်ပံ့ပေးနေကြောင်း အထက်ပါ ဦးနိုင်းနိုင်းက ပြောကြားသည်။

“မင်းကိုနိုင် ကတော့ အခုအခေါက်မှာ ပါမလာသေးဘူး။ နောက်အခေါက်ကလဲ ဘယ်တော့လွှတ်မယ်မှန်းလဲ မသိသေးဘူး” ဟု NLD မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေး အကျဉ်းသားများအား ကူညီစောင့်ရှောက်နေသည့် လေ့လာသူများ ပြုစုထားသော စာရင်းများအရ လွှတ်ပေးသည့် အကျဉ်းသား ၆၃၅၉ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၂၀၇ ဦးသာ ပါဝင်ကြောင်း  သိရသည်။

အကျဉ်းထောင်များတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသားများ စာရင်းကိုပြုစုပြီး မကြာမီ ဒေါ်အောင်ဆန်း စုကြည်လက်သို့ ပေးအပ်မည် ဖြစ် ကြောင်း၊ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် ပြည်သူများထံမှ လက်မှတ်များ ကောက်ခံကာ သမ္မတဦးသိန်းစိန်ထံ ပို့ပေးသည့် လှုပ်ရှားမှုတရပ် မကြာမီ  လုပ်ဆောင်မည်ဖြစ်ကြောင်း NLD မှ ဧရာဝတီတိုင်းတာဝန်ခံ ဦးတိုးကျော်လှိုင်က ဆိုသည်။

ယခုလွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားအားလုံးကို ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံစကား ပြောကြားမည်ဖြစ်ကြောင်း NLD မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                                          Peace Press

 

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နိုင်ငံတကာ သတင်းစာတွေမှာ အစိုးရသစ်အပေါ် အမြင်အမျိုးမျိုးနဲ့ ရေးသားထားတာတွေရှိပါတယ်။ ကျွန်တော်တို့ အမြင်အမျိုးမျိုးနဲ့ ရေးသားထားတာတွေ ရှိပါတယ်။ ကျွန်တော်တို့အမြင်အရတော့ ဒီပြောင်းလဲမှုဟာ နည်းပါးနေသေးတဲ့အတွက် ဒီ့ထက်ပိုပြီး အများကြီးပြောင်းလဲသွားဖို့ လိုမယ်လို့ ထင်ပါတယ်။ နိုင်ငံတကာက ပိတ်ဆို့အရေးယူမှုတွေ လုပ်ထားတာဆိုတာကလဲ နှစ်မျိုးရှိတယ်။ တစ်မျိုးက တားကတ်တက်ဆန်ရှင်၊ နောက်တစ်မျိုးကတော့ ဘလက်ကတ် ဆန်ရှင်ပေါ့။ ဘလက်ကတ်ဆန်ရှင်လုပ်ထားတဲ့ နိုင်ငံကတော့ တစ်နိုင်ငံတည်းပဲ ရှိတာပါ။ တားကတ်တတ် ဆန်ရှင်ဆိုရင်တော့ ပြည်သူတစ်ရပ်လုံးကို  ထိစရာမလိုဘဲ သူတို့ထိစေချင်တဲ့လူကိုပဲ အကျိုးသက်ရောက်မှု ရှိတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ဇူလိုင်လက ဂျပန်နိုင်ငံ လက်ရှိ အာဏာရပါတီရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ သူတို့အနေနဲ့ ဒီလောက်ထိ အပြောင်းအလဲကို လက်မခံသေးဘူး။ သူတို့ သတင်းဌာန ရေးသားတာတွေ ကတော့ သူတို့အာဘော်ပါပဲ။ ဒါကြောင့် နိုင်ငံတကာကလက် ခံလာအောင် အစိုးရသစ်အနေနဲ့ ဒီ့ထက်ပိုပြီး သိသာထင်ရှားအောင် လုပ်ပေးဖို့ လိုအပ်ပါ တယ်”

အောက်တိုဘာ ၁၃ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၉) တွင်ပါသည့် “မြန်မာ့ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်များမှာ အကူအညီပေးရန် ထိုက်တန်ကြောင်း ဂျပန်ယူမီယူရိသတင်းစာက ရေးသား” သတင်းမှ ဝါရင့်နိုင်ငံရေးသမားကြီး ဦးဘတင့်ဆွေ၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်

---------------------------------------------------------------------------------------------------------------------

 “အစိုးရသစ်ဖွဲ့စည်းပြီး သမ္မတဦးသိန်းစိန်ပြောကြားခဲ့တဲ့ မိန့်ခွန်းကို အားလုံးမျှော်လင့်ချက်ကြီးမားစွာနဲ့ ကြိုဆိုခဲ့ ကြပါတယ်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စနစ်တစ်ခုကို နေ့ချင်းညချင်း အပြောင်းအလဲလုပ်ဖို့ ခက်ခဲမယ်ဆိုတာ လူတိုင်း လက်ခံနိုင်ပေမယ့် ပြည်သူလူထုနဲ့ နိုင်ငံ့အကျိုးစီးပွားကို ရှေးရှုပြီး အချိန် ကာလတစ်ခု အတောအတွင်း အပြောင်းအလဲများ ထင်သာမြင်သာရှိအောင် ပြုလုပ်သွားဖို့ အရေးကြီးလှပါတယ်။ အစိုးရအဖွဲ့သစ်နဲ့ အစိုးရအဖွဲ့ဝင်တွေ အတွက်လည်း အပြောင်းအလဲများ ပြုလုပ်နိုင်တာနဲ့အမျှ ပြည်တွင်းမှာသာမက ပြည်ပမှာပါ နာမည်ကောင်းရစေမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ရေး အတွက် လူထုထောက်ခံမှုရယူပြီး ပြဿနာများကို ဖြေရှင်းသွားဖို့ အလေးအနက် တိုက်တွန်း ချင်ပါတယ်”

အောက်တိုဘာ ၁၃ ထုတ် Venus News အတွဲ (၃) အမှတ် (၁၃) တွင်ပါသည့် “ရှားရှားပါးပါး အမျိုးသမီး နိုင်ငံရေးသမားများ” သတင်းမှ ဒေါ်သန်းသန်းနု၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပုဂ္ဂလိကပိုင် အထူးဆေးရုံကြီးများရှိကြောင်း၊ ၎င်းဆေးရုံကြီးများတွင် ပြည်တွင်း ပြည်ပ အထူးကုဆရာဝန်ကြီးများသာ ကုသပေး လျက်ရှိကြရာ လူချမ်းသာများအတွက်သာ ဖြစ်နေကြောင်း၊ တခြားနိုင်ငံများတွင်မူ ၎င်းဆေးရုံကြီးများတွင် သာမန်လူတန်းစားများပါ ဝင်ရောက်ကုသမှု ခံယူနိုင်တာတွေ့ရကြောင်း၊ အဖြေရှာကြည့်သည့်အခါ အမျိုးသား အာမခံစနစ် (National Insurance) ကြောင့်ဖြစ်သည်ကို တွေ့ရကြောင်း၊ ထိုစနစ်ကြောင့် အခြေခံ လူတန်းစားများလည်း အထူးကုဆရာဝန်ကြီးများနှင့် ကုသခွင့်ရနေခြင်းဖြစ်ကြောင်း အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က အဆိုတင် သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

၎င်းက “ပထမဆုံးတွေ့ရတဲ့ အကြောင်းရင်က ဈေးကွက်စီးပွားရေးစနစ်ကြောင့်ပါ။ ဒီစနစ်ကို ကျွန်တော်က အမြင်မှားနေကြတယ်။ တစ်ကိုယ်ကောင်း ဆန်ဆန်နဲ့ ကိုယ်ရကိုယ်ယူတဲ့စနစ်လို့ ထင်နေကြတယ်။ အမှန်ကတော့ ဒီစနစ်ဟာ လုပ်ငန်းရှင်တွေအတွက် အလုပ်သမားတွေက အလုပ်လုပ်ပေးတယ်။ လူလတ်တန်းစားနဲ့  ပညာရှင်တွေကိုလည်း အလုပ်ရှင်တွေက အလုပ်နေရာတွေ ဖန်တီးပေးနိုင်ကြတယ်။ အပြန်အလှန် မုဒိတာနဲ့ ပံ့ပိုးပေးကြတဲ့ ချိတ်ဆက် မှီခိုနေကြတဲ့စနစ်ပါ။ သစ်တစ်ပင်ကောင်း ငှက်တစ်သောင်း နားနိုင်တယ်ဆိုတဲ့ စကားလိုပါပဲ။ အဲဒီ ဈေးကွက်စီးပွားရေးစနစ်ကို နှစ်ပေါင်းများစွာ ထူထောင် လာကြလို့ သဘာဝအလျောက် ဖြစ်တည်လာတဲ့ အပြန်အလှန် ပံ့ပိုးပေးကြတဲ့ စနစ်ကောင်းတွေကြောင့် သူတို့နိုင်ငံတွေမှာ ချမ်းသာသူရော၊ ဆင်းရဲသူပါ အဆင့်မြင့်ကုသခံယူနိုင်ကြတာပါ။ ကျွန်တော်တို့က အခုမှ စကျင့်သုံးရတော့ ကြားကဖြတ်ပြီး လိုက်ရမှာဆိုတော့ အကြံတူရင် နောက်လူသာစမြဲဆိုတဲ့ စကားလို ဖြစ်လာဖို့ အခွင့်အလမ်းတွေ ရှိပါတယ်”

အောက်တိုဘာ ၁၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၃၉) တွင်ပါသည့် “အခြေခံလူတန်းစားများ ဆေးကုသနိုင်ရန် အာမခံစနစ် များကိစ္စ လွှတ်တော်၌ ဆွေးနွေးမည်” သတင်းမှ ကောက်နှုတ်ချက်

---------------------------------------------------------------------------------------------------------------------

“ဘာပဲပြောပြော အရင်က အစိုးရနဲ့ ရန်သူလိုဖြစ်နေခဲ့တဲ့ ပြင်ပမီဒီယာကလူတွေ ပြန်လာတာကို ခွင့်ပြုတယ်ဆိုတာ အသိအမှတ်ပြုရမယ့် ပြောင်းလဲမှုပါ။ နောက် ထပ်လည်း ခွင့်ပြုဦးမယ်ထင်ပါတယ်။ ဒါပေမယ့် တစ်ခုတော့ရှိတယ်၊ နှစ်ပေါင်း ၅၀ လောက် အာဏာပိုင်စနစ်ကျင့်သုံးလာခဲ့တဲ့အတွက် အားလုံးရဲ့ စိတ် သန္တာန်မှာ ဒီစနစ်ရဲ့ ဆိုးမွေတချို့တော့ ကိန်းအောင်းကျန်နေနိုင်သေးတယ်”

အောက်တိုဘာ ၁၄ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၃၉) တွင်ပါသည့် “ပြည်ပမီဒီယာများ ပြန်လည် ဝင်ရောက်ခွင့် ရရှိမှုအပေါ် အစိုးရ၏ သိသာသည့် ပြောင်းလဲမှုဟု ခံယူနေကြ” သတင်းမှ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

တွဲ၍ တွန်းမှ ရွေ့နိုင်မည်

မိုးမြင့်ငြိမ်း

နိုင်ငံတော်သမ္မတ၏ သမ္မတရုံးအမိန့်ဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသည့် အကျဉ်းသား ၆၃၅၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပါသည်။ ပြည်သူလူထုမှာလည်း ယင်းကဲ့သို့ အကျဉ်းသားများ လွတ်မြောက်ပေးခြင်းနှင့် ပတ်သက်ပြီး နှစ်ထောင်းအားရ ဖြစ်ခဲ့ရပါသည်။ မုဒိတာ ပွားစရာလည်း ဖြစ်သလို မင်္ဂလာရှိသော လုပ်ရပ်မျိုးလည်း ဖြစ်ပါသည်။

သို့သော် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူများကိုတော့ အနည်းငယ်သာ လွတ်ပေးကြောင်း တွေ့ရလေသည်။ ပြည်သူများမှာ အကျဉ်းသားများ လွှတ်ပေးသည့်အတွက် တကွဲတပြားဖြစ် နေရသော မိဘ၊ ညီအကို၊ မောင်နှမ၊ ဆွေမျိုးတို့နှင့် ပြန်လည်ဆုံစည်းရမည်ကို ပီတိဖြာမိကြ သော်လည်း ယင်းတို့အထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူအနည်းငယ်သာ ပါဝင်ခြင်းအပေါ်ကို ဘဝင်မကျဖြစ်ခဲ့ရကြချည်းသာ ဖြစ်လေသည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက  အကျဉ်းသားများ လွတ်ပေးသည်မှာ အစိုးရတစ်ရပ်၏ မွန်မြတ်သော   လုပ်ရပ် ဖြစ်ပါသည်။ သို့သော် ထိုငြိမ်းချမ်းသာခွင့် ရကျသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်မှု ပမာဏ အနည်းအကျဉ်းသာ ပါဝင်ကြောင်း တွေ့ရလေသည်။ ထိုကြောင့် ဒီထက်ပိုမို၍ လွတ်ပေးစေချင်ကြောင်း တိုက်တွန်းပါ သည်ဟု ချက်ခြင်း တုန့်ပြန်ခဲ့လေသည်။

ဤသည်ကို ကြည့်ခြင်းဖြင့် အရပ်သားတဝက်အစိုးရ ဖြစ်သော နေပြည်တော်အစိုးရမှ ဒီမိုကရေစီနှင့် လူအခွင့်အရေးကို မည်မျှအထိ လွတ်လပ်ခွင့် ပေး၊ မပေးဆိုသည်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်လေ့လာနေခြင်းပင် ဖြစ်လေသည်။ နိုင်ငံတော်သမ္မတကြီး၏ ရည်မှန်းချက်ကြီးသော မိန့်ခွန်းများကို လေ့လာကြည့်ပါက နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍစုံ၊ နယ်ပယ်စုံကို ပြုပြင်ပြောင်းလဲမည်ဟူသော ဂတိပေးပြောကြားခြင်းမျိုး ပါဝင်လေသည်။ ဤသည်ကိုလည်း လက်တွေ့ အကောင်အထည်ဖော်နေပါသည်။ အပြောင်းအလဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်အတွက် အချို့သော နိုင်ငံရေး လေ့လာသုံးသပ်သူများက စိုးရိပ်မှုများရှိသည်အထိပင် မြန်မြန်ထက်ထက် ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံလို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွင် ဆင်းရဲမွဲတေမှုလျော့ချရေး ဖိုရိမ်ကြီးကိုလည်းကျင်းပပြီး မူဝါဒများ ချမှတ်အကောင်အထည် ဖော်စေခဲ့ပါသည်။ အင်မတန် လုပ်သင့်လုပ်ထိုက်သော ကိစ္စ ဖြစ်ပါသည်။

သို့သော် စီးပွားရေးလိုအပ်ချက်ကို အသွက်မြန်သွားစေမည့် နိုင်ငံရေးလွတ်လပ်ခွင့် တစ်စုံတစ်ရာ မပေးဘဲနဲ့တော့ ဆင်းရဲမွဲတေမှု လျော့ချရေး စီးပွားရေး မဟာဗျူဟာကြီးက အောင်မြင်နိုင်ပါမလားဟု မေးစရာရှိလာ ပါတော့သည်။ ဒီမိုကရေစီဆိုသည်မှာ ချမ်းသာသောနိုင်ငံများတွင်သာ အလုပ်ဖြစ်သည့် ကျင့်သုံး၍ရသည့် ဇိမ်ခံ ပစ္စည်းမဟုတ်ပါ။ ဒီမိုကရေစနစ်တွင် ပြည်သူများအနေဖြင့် အာဏာနိုင်ငံရေးမဟုတ်သည့် အမျိုးသားနိုင်ငံရေး ကိစ္စရပ်များတွင် တာဝန်ယူမှုအပြည့် တာဝန်ခံမှုအပြည့်ဖြင့် ပူးပေါင်းပါဝင်မှသာ နိုင်ငံတော်က ရည်မှန်းထားသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကို အရောက်လှမ်းနိုင်မည် ဖြစ်ပေသည်။

ယခု လွှတ်ပေးသည့် အကျဉ်းသားများထဲတွင် နိုင်ငံရေးအကျဉ်းသားဦးရေနည်းပါးခြင်းကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးလွတ်လပ်ခွင့်ကို ကန့်သတ် ဟန့်တားလိုသည့် သဘောမှာပင်ရှိနေသေးသည်ဟု ယူဆ၍ ရနိုင်ပါသည်။ သို့ဆိုလျှင် တရုတ်၊ ယခင်စင်င်္ကာပူ နိုင်ငံကဲ့သို့ စီးပွားရေး လိုအပ်ချက်ကိုသာ ဖြည့်တင်းပေးတော့မည်လော။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုသည်မှာလည်း မြန်မာပြည်သူလူထုနှင့် မထိုက်တန်သေးဟု သံသယဖြစ်နေသည်လောဟု မေးစရာပင် ဖြစ်ပေသည်။ အမှန်တကယ်တော့ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် စီးပွားရေးလိုအပ်ချက် ဖြည့်တင်းပေးမှုမှာ ခွဲခြားလိုပင်မရပါ။ ဘယ်ဟာအရင် ပြုပြင်ပြောင်းလဲမှု လုပ်ရမည် လည်းမရှိပါ။ နှစ်ခုစလုံးကို တပြိုင်နက်တည်း အကောင်အထည် ဖော်ရမည်သာ ဖြစ်ပေသည်။ နိုင်ငံရေး ယန္တရားကြီးမှာ စီးပွားရေး လိုအပ်ချက် ကိုဖြည့်တင်းရာတွင် (သတင်းအချက်အလက်၊ မူဝါဒ အဆိုပြုချက်) မရှိမဖြစ် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင် ပတ်သက်လေသည်။ ထိုအတွက်ကြောင့် စီးပွားရေး လိုအပ်ချက်ကို ဖြည့်တင်းမှုနှင့်အညီ ယင်းကို ထမြောက် အကောင်အထည်ဖော်နိုင်အောင် တွန်းအားပေးမည့် နိုင်ငံရေး လွတ်လပ်ခွင့်ကို ပေးအပ်ပေးဖို့ လိုပါသည်။

ယခုအချိန်အခါတွင် မြန်မာနိုင်ငံ၏ ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များသည်လည်း နိုင်ငံရေးသြဇာအတွက်လည်းကောင်း၊ နောက်ဖြစ်ပေါ်လာမည့် အင်အားချိန်ခွင်လျာတွင် ၎င်းတို့ကိုယ်ကျိုးစီးပွားကို ကာကွယ်သည့် မူဝါဒရေးရာများကို လွှမ်းမိုးကြီးစိုးရန်အတွက်လည်းကောင်း နိုင်ငံရေးတွင် ပါဝင် ပတ်သက်မှုများ ရှိလာကြသည်ကို ၎င်းတို့လုပ်ရပ်များကို လည်းကောင်း၊ ၎င်းတို့နှင့်ပြုလုပ်သော အင်တာဗျူးများကို ကြည့်ခြင်းအားဖြင့် သော်လည်းကောင်း သိရှိနိုင်ပါသည်။ အစိုးရ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရာတွင် နောက်ပြန်မဆုတ်ဘူးဟု ဆုံးဖြတ်ထားလျှင် လွှတ်ပေသည့် အကျဉ်းသား ၆၃၅၉ ဦး အနက် လွတ်ပေးရန် ကျန်ရှိသူများထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပိုမိုလွှတ်ပေးရန် တိုက်တွန်းလိုပါသည်။ နိုင်ငံရေးအကျဉ်းသားများသည် ယုံကြည့် ချက်ကြောင့် ပြစ်ဒဏ်ခံရခြင်းသာဖြစ်ရာ လွတ်လာလျှင်လည်း ယင်းတို့ယုံကြည်ရာ နိုင်ငံရေး လွတ်လပ်ခွင့်ရအောင် ဆက်လက်လုပ်ဆောင်နေမည်သာ ဖြစ်သည်။ ဤသို့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ ဒီမိုကရေစီ နိုင်ငံရေးဖြစ်စဉ်ကြီးတွင် ပါဝင်ပတ်သက်လာသည့်  ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် စီးပွားတိုးတက်ရေးအတွက် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ပူးပေါင်းဆောင်ရွက်ကာ အမျိုးသားရေး အင်အားစုကြီး အသွင်ဖြင့် ရှေ့ဆက်အကောင်အထည်ဖော်မှသာလျှင် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်သို့ ရောက်ရှိမည်ဖြစ်ကြောင့် မူဝါဒချမှတ်သူများကို အထူးအလေးထား တင်ပြအပ်ပါသည်။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 

 

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment