Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၃.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. IMF နှင့် ADB ကိုယ်စားလှယ်များ မြန်မာနိုင်ငံ ရောက်ရှိ
  2. မြန်မာစက်မှုလုပ်ငန်းများတွင် အိန္ဒိယ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အနုပညာသည် ပြည်သူများစိတ်ဓာတ်မြင့်မားရေးအတွက် အထူးအရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော
  2. ရသုံးမှန်းခြေငွေစာရင်း ဥပဒေကြမ်း လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးမည်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ရှေးသရောအခါ ကြပ်ပြေးနေပြည်တော်ဝယ် အပိုင်း(၂ )

*************************************************************************************

ပြည်တွင်းသတင်းများ

IMF နှင့် ADB ကိုယ်စားလှယ်များ မြန်မာနိုင်ငံ ရောက်ရှိ

မြန်မာနိုင်ငံရှိ နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ ပြင်ဆင်သတ်မှတ်နိုင်ရေးအတွက် နိုင်ငံခြားကိုယ်စားလှယ်များဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) တို့မှ ကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

၎င်း ရောက်ရှိလာသည့် ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗပိာုဘဏ်၏ ဧည့်ခန်းမဆောင်၌ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန မြန်မာနိုင်ငံတော်ဗပိာုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းအား လာရောက်တွေ့ဆုံခဲ့ပြီး ထပ်မံ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် အစီအစဉ်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများ တည်ငြိမ်နိုင်စေရေးနှင့် တစ်ပေါင်းတည်း ညီမျှနိုင်စေရေး ကိစ္စရပ်များ လုပ်ဆောင်နိုင်ရန် ၎င်း ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံအစိုးရမှ ဖိတ်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားငွေလဲလှယ်နှုန်းထား သတ်မှတ်နိုင်ရေးကိစ္စရပ်နှင့် ပတ်သက်၍ နည်းပညာပိုင်းဆိုင်ရာများ အကူအညီပေးရန် ၎င်း နိုင်ငံခြားကိုယ်စားလှယ်များ ရောက်ရှိလာပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများမှာ ယခုထက်ပို၍ ပိုမိုကောင်းမွန်လာ နိုင်လိမ့်မည်ပာု မျှော်လင့်မိကြောင်း ပို့ကုန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

                                                                                        YC

-----------------------------------------------------------------------------------------------------------------------------------

မြန်မာစက်မှုလုပ်ငန်းများတွင် အိန္ဒိယ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိ

အစိုးရသစ်လက်ထက်မှ စတင်၍ မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တရှိန်ထိုး ဝင်ရောက်လာမှုနှင့်အတူ ယခုအခါ အိန္ဒိယနိုင်ငံမှ လုပ်ငန်းရှင်များသည် မြန်မာနိုင်ငံရှိ စက်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှ သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ အိန္ဒိယ နိုင်ငံသမ္မတ မစ္စစ် ပရာတီဘာဒေဗီ ဆင်းပတေးလ်၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ပထမဦးဆုံး ချစ်ကြည်ရေးခရီး သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။

၎င်း ခရီးစဉ်တွင် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ၃၀ ဦးခန့်တက်ရောက်ခဲ့သော ဆေးနွေးပွဲ၌ လုပ်ငန်းရှင်များက မြန်မာနိုင်ငံရှိ နိုင်ငံခြား ရင်းနှီး  မြှုပ်နှံမှု ကဏ္ဍများအပြင် မြန်မာနိုင်ငံ၏ Public Enterprises လုပ်ငန်းများအတွက် အိန္ဒိယနိုင်ငံမှ စက်မှုတိုးတက်မှု အတွေ့အကြုံနှင့် အသိပညာများ    မျှဝေဖလှယ်နိုင်ရေး၊ အိန္ဒိယ စက်မှုလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး၊ မြန်မာနိုင်ငံတွင် လက်ရှိ တည်ဆောက်လျက်ရှိသည့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ထားဝယ်ဒေသ အထူးစီးပွားရေးဇုန် ကိစ္စရပ်များတွင် အိန္ဒိယနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ လာရောက် ပြုလုပ်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း အိန္ဒိယနိုင်ငံသို့ လိုက်ပါသွားခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။

ထို့နောက် အိန္ဒိယနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှု ဝန်ကြီးဌာနမှ ဦးစိုးသိန်းတို့ နှစ်နိုင်ငံ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များအား ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

                                                                                                                Refး The Voice

*************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အနုပညာသည် ပြည်သူများစိတ်ဓာတ်မြင့်မားရေးအတွက် အထူးအရေးကြီးဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ အဓိကလှုပ်ရှားမှုဖြစ်သည့် ပြည်သူများ စိတ်ဓာတ်မြင့်မားစေရေးအတွက် အနုပညာသည် အထူး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အနုပညာပြပွဲ တစ်ခုဖြစ်သည့် အောက်တိုဘာ ၂၃ရက်နေ့တွင် NLD ရုံးချုပ်၌ပြုလုပ်သော ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါ အတိုင်း ပြောကြားသည်။

NLD၏ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်ပြီး ကူညီလုပ်ဆောင်ပေးသည့် အနုပညာရှင်များကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

“ကျွန်တော်တို့တတ်သမျှ ပညာနဲ့ကူညီတာပါ။ ပန်းချီရောင်းလို့ရတဲ့ထဲက အရင်းကိုယူပြီး ကျန်တာတွေ အကုန်လုံး NLD ကို လှူသွားမှာပါ” ဟု အဆိုပါ ပန်းချီပြပွဲတွင် လာရောက်ပြသသူ ပန်းချီဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အနုပညာသမားများကို ဆက်လက်ကူညီကြပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားခဲ့သည်။

နိုင်ငံရေးလုပ်ရာတွင် ကျယ်ပျံ့လွန်းသည့်အတွက် အနုပညာသည်များသည်လည်း မိမိနေရာမှနေ၍ ပံ့ပိုးနိုင်သည်ဟု ယုံကြည်ကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပန်းချီဆရာ ခုနှစ်ယောက် ပြသရောင်းချနေသည့် အဆိုပါ ပန်းချီပြပွဲကို အောက်တိုဘာ ၂၃ရက်နေ့မှ ၂၅ရက်နေ့ အထိ ပြသသွားမည်ဖြစ်ပြီး ပန်းချီ တစ်ကားလျှင် ကျပ်တစ်သိန်းမှ ကျပ် ဆယ်သိန်းအထိ တန်ဖိုးရှိသော ပန်းချီကားများကို ရောင်းချပေးနေကြောင်းသိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ရသုံးမှန်းခြေငွေစာရင်း ဥပဒေကြမ်း လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးမည်

ရသုံးမှန်းခြေငွေစာရင်း(ဘတ်ဂျက်) ရေးဆွဲခြင်းနှင့် စပ်လျဉ်းသည့် ရှင်းလင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ အောက်တိုဘာ ၁၈ ရက်နေ့က စတင်၍ ကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက နိုင်ငံတော် ရသုံးမှန်းခြေငွေစာရင်း ဥပဒေကြမ်းကို လာမည့် လွှတ်တော် တတိယ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးမည်ဟု  ပြောကြားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါရှိသည့် ပြည်ထောင်စု လွှတ်တော်သို့ ပြည်ထောင်စု အစိုးရကသာ တင်သွင်းရသော ဥပဒေကြမ်း သုံးမျိုးကို ရှင်းပြပြီး၊ စီမံကိန်းရေး ဆွဲခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်း လုပ်ငန်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ အရည်အသွေး ဖြည့်ဆည်းတည်ဆောက်ရေး လုပ်ငန်းတစ်ရပ်အနေဖြင့် ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲနည်းစဉ် အဆင့်ဆင့်ကို ဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း လွှတ်တော်၏ အဓိကတာဝန်ဖြစ်သည့် ဥပဒေပြုရေး တာဝန်နှင့် ဥပဒေများကို နိုင်ငံသားများနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများ အပါအဝင် အခြားအဖွဲ့အစည်း အသီးသီးက အချင်းချင်း စောင့်ကြည့်ထိန်းညှိ အကူအညီပေးရေး၊ လွှတ်တော် ကိုယ်စားလှယ်များ အရည်အသွေး မြင့်မားရေးအတွက် ဆွေးနွေးပွဲများ ပြုလုပ်ပေးရခြင်း၊ ဆွေးနွေးပွဲမှ ရရှိလာသည့် အရည်အသွေးများကို မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူအတွက် အဓိကထားပြီး အသုံးပြုသွားရန် ပြောကြားသွားသည်။

ဘဏ္ဍာရေးနှစ် တစ်နှစ်အတွက် ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲခြင်းသည် နိုင်ငံတစ်ခု၏ အရေးကြီးဆုံး လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည်။ နိုင်ငံ  တကာတွင် ဘတ်ဂျက်နှင့် ပတ်သက်ပြီး လွှတ်တော်များတွင် အချေအတင် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ကို တွေ့မြင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပါလီမန်လွှတ်တော် ခေတ်ပြီးနောက်ပိုင်း လွှတ်တော် အတွေ့အကြုံ မရှိတော့သည်မှာ ကြာမြင့်ပြီ ဖြစ်ပြီး၊ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင်လည်း လွှတ်တော်ဟု ခေါ်ဆိုသော်လည်း အမှန်မှာ လွှတ်တော်ကိုယ်စား လှယ်များသည် ခေါင်းညိတ်၊ စာဖတ်ပြသည့် အဆင့်ထက် မပိုခဲ့ပေ။ ယခုလို လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေး မြင့်မားလာစေရေးအတွက် ဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ပေးခြင်းသည် နိုင်ငံတော် အတွက် ကောင်းမွန်သော အကျိုးရလာဒ်များ ရရှိလာစေမည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ဝန်ထမ်းများ အရည်အသွေးမြင့်မားစေရန် သင်တန်းများ၊ ဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် လာရောက်ဆွေးနွေးသည့် တာဝန်ခံ ပါမောက္ခများ၊ ဆရာမများ၊ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြကြောင်း သိရှိရသည်။           

YC

*************************************************************************************           

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မူဝါဒဆိုင်ရာ သီအိုရီအယူအဆများအရ ပြောရလျှင် နိုင်ငံတော်ကို ဗဟိုပြုသည့်  (State-Centered) မူဝါဒချမှတ်သည့် လမ်းစဉ်မှ၊ လူ့အဖွဲ့အစည်းကို ဗဟိုပြုသည့် “Society-Centered) မူဝါဒချမှတ်သည့် လမ်းစဉ်သို့ အနည်းငယ် ပြောင်းလဲကျင့်သုံးလာခြင်း ဖြစ်လေသည်။ ယခင်က အစိုးရတစ်ဦးတည်းက  ထိန်းချုပ်ထားသည့် အပြင်လူ ပါဝင်ခွင့်မရှိသည့် လုပ်ငန်းစဉ်မှာ ယခုအခါ ပြင်ပပုဂ္ဂိုလ်များ ပါဝင်လာသည်ကို တွေ့ရှိရလေသည်။ နိုင်ငံတော် အကြံပေး အဖွဲ့ဝင်များ၊ ပညာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ မူဝါဒဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေး အကြံပြု နေကြသည်ကို တွေ့ရှိရလေသည်။ တနည်းအားဖြင့် ပြောရလျှင် နိုင်ငံတော်၏ မူဝါဒ အသိုင်းအဝိုင်း (Policy Community) သည် လူသစ်များကိုရော၊ အကြံဉာဏ်သစ်များကိုရော လက်ခံလာသည့် အသိုင်းအဝိုင်း ဖြစ်လာခြင်း ဖြစ်သည်။ ပိတ်ထားသည့် အသိုင်းအဝိုင်း မဟုတ်တော့ချေ။ ပိုမိုပွင့်လင်းမှု ရှိလာ သည်ကို တွေ့ရသည်။

သို့သော်ငြားလည်း လူ့အဖွဲ့အစည်းကို ဗဟိုပြုသည့် မူဝါဒလမ်းစဉ်ကို ပြောင်းလဲကျင့်သုံးလာပြီ ဆိုသော်လည်း၊ နိုင်ငံတော်သည်သာ မူဝါဒ     အပြောင်းအလဲများကို ပေါ်ပေါက်စေသည့် အဓိက မောင်းနှင်သူနေရာမှာ ရှိနေသေးသည်။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများကို လေ့လာကြည့်လျှင်လည်း ပုဂ္ဂလိက အခန်းကဏ္ဍကို တစ်ဖက်သတ် လျှော့ချပစ်မည် မဟုတ်သည်ကို တွေ့ရသည်။ နိုင်ငံတော်ကိုလည်း အင်အားကောင်းသည့် နိုင်ငံတော်(Strong State)၊ လူ့အဖွဲ့အစည်ကို လည်း အင်အားကောင်းသည့် လူ့အဖွဲ့အစည်း (Strong Society) ဖြစ်အောင်တည်ဆောက်သွားမည်ဟု ယူဆရလေ သည်။

အောက်တိုဘာ ၂၀ ထုတ် ပြည်သူ့ခေတ် အတွဲ (၂) အမှတ် (၆၅) တွင်ပါသည့် ဆောင်းပါးရှင် ခိုင်ဝင်း၏ “မူဝါဒ အပြောင်းအလဲများနှင့် အနာဂတ် မြန်မာနိုင်ငံ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ၊ တုံ့ပြန်မှုတွေ တိုးတက်လာပေမယ်လို့ သဘာဝဘေးအန္တရာယ် ကျရောက်မှု အရေအတွက် များလာနေဆဲပဲ။ ပျက်စီးဆုံးရှုံးမှုအခြေအနေမြင့်တက်လာနေတာနဲ့အမျှ စီးပွားရေးအရ ဆုံးရှုံးမှုတွေကိုလည်း ဆက်လက်ဖြစ်ပေါ်နေဆဲပါပဲ။ ဘေးအန္တရာယ် ကြုံတွေ့ရမှု အခြေအနေတွေဟာ ကျွန်မတို့တစ်တွေ ရွေးချယ်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းတွေ၊ မြေယာ အသုံးချမှု၊ မြို့ပြဖွံ့ဖြိုးမှု စတာတွေနဲ့ ဆက်နွှယ်တဲ့ အကျိုးဆက်တွေ ဖြစ်ပါတယ်။ သက်ဆိုင်ရာ ကဏ္ဍအသီးသီး အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် ကိစ္စတွေကို လမ်းညွှန်မှုပြုနိုင်မယ့် ပြီးပြည့်စုံတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ၊ လမ်းစဉ် ချမှတ်ပေးမှုတွေ ရှိဖို့၊ ပြည်နယ်နဲ့ တိုင်းအသီးသီးတွေမှာ အန္တရာယ် ကျရောက်နိုင်ခြေ လျော့ပါးရေးအတွက် အရင်းအမြစ် တွေကို မျှမျှတတ ခွဲဝေသုံးစွဲခွင့်ပြုဖို့၊ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ လူ့အဖွဲ့ အစည်းအဖြစ် တည်ဆောက်ထားဖို့တွေ လိုအပ်ပါတယ်"

အောက်တိုဘာ ၂၁ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၄၀) တွင်ပါသည့် "ဘေးအန္တရာယ်လျှော့ချမှုနှင့် ဖွံ့ဖြိုးမှု ချိတ်ဆက်ရမည်ဟု ကုလအရာရှိဆို" သတင်းမှ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများဆိုင်ရာ ကုလသမဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

မေး- မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ခဏခဏဖြစ်လာတဲ့အခါ ပြည်ပရုပ်ရှင်လုပ်ငန်းတွေက အရမ်းစိတ် ဝင်စားလာကြတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ- မကြာသေးခင်က ရိုက်ထားတဲ့ ရုပ်ရှင်တွေတော့ရှိတာပေါ့။ ဒါပေမယ့် ကျွန်မအနေနဲ့ မြန်မာပြည်သားတွေ ထုတ်လုပ်တဲ့ ရုပ်ရှင်တွေကို ပိုပြီး ဖြစ်မြောက်စေချင်တယ်။ ကျွန်မအနေနဲ့ ဒီကလူတွေပြောတာကိုပဲ နားထောင်ရမှာပဲ။ အခုဖြစ်စဉ်တွေကို သူတို့ပြောသမျှပဲ ကျွန်မသိရတာမို့ ဒါတွေကို အကောင်းအဆိုး မဝေဖန်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မက ဒီမှာနေတာမှ မဟုတ်တာ။ ဒီတော့ ကျွန်မအနေနဲ့ပြောရမယ်ဆိုရင် ဒါကျွန်မဘက်က ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးလွန်းပြီး မောက်မာရာရောက်လိမ့်မယ်။ ဒါပေမယ့် ကျွန်မထင်တာတော့ အဘက်ဘက်ကလူတွေ၊ လက်နက်ကိုင် အဖွဲ့တွေ၊ တိုင်းရင်းသားလူမျိုးစုတွေ၊ လူအများစု၊ ဒေါ်အောင်ဆန်းစုကြည် အားလုံးက အခုဖြစ်နေတာတွေကို ဆန္ဒမစောလွန်းဘဲ ခြေတစ်လှမ်းချင်းကို အထူးဂရုစိုက်ပြီး လှမ်းစေချင်တယ်လို့ မြင်ပါတယ်။ ဒီတိုင်းပြည် ပိုမိုဖွင့်ဟလာတာနဲ့အမျှ ကျွန်မစိုးရိမ်တာကတော့ ဒါကို အခွင့်ကောင်းယူမယ့် သူတွေပါပဲ။ တခြား တိုင်းပြည်မှာလည်း ဒီလိုမျိုးတွေ ကြုံခဲ့တာ မြင်ခဲ့ဖူးတယ်။ အဲဒီတော့ ဒီတိုင်းပြည်ရဲ့ ကုန်သွယ်မှုနဲ့ စီးပွားရေးဖွံ့ဖြိုးမှု ဆောင်ရွက်တဲ့နေရာမှာ သိပ်ပြီး သတိထားရလိမ့်မယ်။ လူတွေက ဒီကိုလာပြီး အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား လုပ်သွားမှာပဲ။ ဒါတွေအားလုံး ကြုံခဲ့ပြီးပါပြီ။ အပြင်က စီးပွားရေး စိတ်ဝင် စားသူတွေ၊ လောဘသားတွေကြောင့် တခြားတိုင်းပြည်မှာဖြစ်ပေါ်ခဲ့တဲ့ ဆိုးကျိုးတွေ ဒီမှာ မဖြစ်ပါစေချင်ဘူး။

အောက်တိုဘာ ၂၁ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၄၀) တွင်ပါသည့် "ဗြိတိန်မင်းသမီးနှင့် စာရေးဆရာမတစ်ဦး ဖြစ်သူ အော်စကာဆုရှင် Emma Thompson ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကမ္ဘာလှည့်ခရီးသွားတစ်ယောက်က တစ်ဒေါ်လာသုံးရင် မြန်မာပြည်မှာ တစ်ဒေါ်လာကျန်အောင် လုပ်ပေးနိုင်တာ ခရီးသွားလုပ်ငန်းတစ်ခုပဲ ရှိတယ်။ တစ်ခြား Business တွေက တစ်ဒေါ်လာတန်ပစ္စည်းတင်ပို့လို့ တစ်ဒေါ် လာကိုယ့်ဆီ ရောက်လာတာမဟုတ်ဘူး”

အောက်တိုဘာ ၂၀ ထုတ် Popular News အတွဲ (၃) အမှတ် (၄၁) တွင်ပါသည့် “အိမ်နီးချင်းနိုင်ငံများထက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအလွန်နည်းပါး” သတင်းမှ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

*************************************************************************************

ဆောင်းပါးကဏ္ဍ

ရှေးသရောအခါ ကြပ်ပြေးနေပြည်တော်ဝယ် အပိုင်း(၂ )

“ကဲ မောင်တို့ကို ဒီတစ်ပတ် အဆိုင်းမန့် ပေးထားတဲ့ ခေါင်းစဉ်ဖြစ်တဲ့ အာဏာထိန်းချုပ်ခြင်းမှ အာဏာထိန်း ကျောင်းခြင်း၊ အာဏာခုံမှ စနစ်တကျ ဆုတ်ခွာခြင်းဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးကြရအောင်”ဟု ဆရာကြီးကမိန့်လေရာ အာဆတ်နှင့် ဆာလေးတို့မှာ ဆရာကြီး၏ ခြေသလုံးကို နှိပ်ပေး နေရာမှ ရပ်လိုက်ပြီး ၎င်းတို့၏ ပေါက်ဖော်ပြည်ဖြစ် အိုင်ပတ်များကို ဖွင့်လိုက်ကြလေသည်။

“ကဲ မောင်တို့လဲ ကျုပ် Reference ပေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကျမ်းကြီးကို ကျေညက်အောင် ဖတ်ပြီးကြပြီထင်ပါ့”

“မှန်ပါ့ ဆရာကြီး အကျွန်တို့မှာ ကြိုးစားပြီးဖတ်ပေမယ့် မရှင်းလင်းနိုင်တဲ့အချက်လေးတွေ ရှိပါတယ်၊ အကျွန်လဲ အနောက်နိုင်ငံများမှာ ပညာသင်ယူ လာခဲ့ပေမယ့် ဒီလောက် နက်နဲတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမျိုးကိုတော့ မမြင်ဘူးပါဘူး၊ အတော့်ကို သိမ်မွေ့နက်နဲ လှပါပေတယ်၊ ဆရာကြီးရဲ့ ဥာဏ်ရည် ကတော့ သြောချလောက်ပါပေတယ်” ဟု ကျောင်းသားကလေး အာဆတ်က ဆိုလိုက်သည်။

“ကောင်းပြီ ဒါက အာဏာကို ထိန်းကျောင်းသွားမယ့်အဆင့်နဲ့ စနစ်တကျ ဆုတ်ခွာဖို့ ဗျူဟာတွေကို ကျုပ်ရဲ့အကွက်ရွှေ့မှုတွေကို ရေးထားတာ၊ ဒါနဲ့ပတ်သက်ပြီး သင်ခန်းစာအပြီးမှာဆွေးနွေးကြမယ်၊ အခုက မောင်ရင်တို့ အနေနဲ့က အာဏာကို ဆက်လက်ဆုပ်ကိုင်ထားဆဲပဲ ရှိသေးတယ်။ အခက်အခဲ တွေလဲ ကြုံနေရတယ်၊ ဒါကြောင့် လက်ရှိ အခြေအနေကနေ အပြောင်းအလဲလုပ်ဖို့ဆိုတာ အလွန်ပဲသိမ်မွေ့တယ်၊ မောင်တို့ဖြစ်နေကြတဲ့ ပြဿနာတွေ ကျုပ်ကို အရင်ပြော စမ်းပါဦး” ဟု ဆရာကြီးက မိန့်လေသည်။

“အဓိကတော့ တူနီးရှားမှာ ဖြစ်သွားတဲ့ပြဿနာကနေ စတာပေါ့၊ ဒီမိုကရေစီ ရရှိရေးနဲ့ အာဏာရှင် ပြုတ်ကျရေးဆိုတာတွေ ရင်ဆိုင်နေရယ်၊ အကျွန်တို့လဲ ဆရာကြီးမိန့်သလို လမ်းပေါ်တက်တဲ့သူမှန်သမျှ ပစ်တာပဲ၊ ဒါပေမယ့် ပြဿနာက ပိုကြီးသွားတယ်၊ ဆရာကြီးတို့တုန်းက သောက်သောက်လဲ ပစ်တာ နိုင်ငံတကာဖိအားက အဲ့လောက်မကြီးဘူး၊ အကျွန်တို့မှ ဘာလို့ ဒီလောက်ပြဿနာကြီးသွားတာလဲ၊ ဒါက တစ်ချက်ပါ၊ ဒုတိယအချက်က       အကျွန်တို့မှာက ရှီးယိုက်နဲ့ ဆွန်နီပြဿနာပါ ဖြစ်လာတယ်၊ ယီမင်ဆိုတာက ရှီးယိုက်နွယ်တွေနေတာ၊ အုပ်ချုပ်တာက ဆွန်နီ ဖြစ်နေတယ်၊ အာဆတ် ကျတော့ ရှီးယိုက်ဘာသာဝင်၊ သူ့နိုင်ငံက ဆွန်နီတွေသောင်းကျန်းတယ်၊ လူမျိုးစုပြဿနာပေါ့ ခင်ဗျာ၊ ဒါတွေလဲ ရင်ဆိုင်နေရပါတယ်” ဟု ဆာလေးက မေးလိုက်သည်။

“ကောင်းပြီ မောင့်ရဲ့ ပထမမေးခွန်းကိုဖြေမယ်ဆိုရင် မောင်ရင်တို့က ပစ်သတ်တာ သိပ်ကိုထင်ပေါ်လွန်းတယ်၊ ပြီးတော့ ပစ်သတ်ကြောင်းလဲ ဝန်ခံတယ်၊ ဒါဟာမှားတာပဲ ကျုပ်လဲ ၈၈ တုန်းက ဒါမျိုးကြုံဖူးတယ်၊ နောက်ပိုင်းမှာ ပစ်တော့ပစ်တယ်၊ ဗြောင်ငြင်းတယ်၊ မလွှဲမရှောင်သာ ပစ်ရတာပါလို့ အကြောင်းပြတယ်၊ တစ်ချက်က ဘယ်လောက်ပစ်ပစ်၊ ဗြောင် ငြင်းရမယ်၊ တစ်ဖက်မှာ ပစ်နေသလို တစ်ဖက်မှာလဲ သတင်းပေးတွေ မွေးပြီး ဆူပူမှုမှာ အဓိက ဦးဆောင်သူတွေကို တစ်ယောက်ချင်းဖမ်းပြီး ထောင်ထဲမှာ အပျောက်ရိုက်ထားရတယ်၊ ပြီးရင် နိုင်ငံရေးအကျဉ်းသားမရှိဘူး၊ ဆိုတာကို ဗြောင်ငြင်းရမယ်၊ ဒီတော့ မောင်တို့ မှတ်ရမှာက ပစ်သတ်တဲ့ရာခိုင်နှုန်းကို တစ်ထောင်ရာခိုင်နှုန်း လောက်လျော့ပြောပါ၊ နိုင်ငံရေးနဲ့ပတ်သတ်လို့ မဖမ်းဘူး၊ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အေးချမ်းရေးကို အနှောင့်အယှက်ပြုလို့ ဖမ်းတာ၊ အခြားပုဒ်မများနဲ့ ဖမ်းတာမျိုး ဖြစ်ရပါမယ်၊ ပစ်သတ်ပါ၊ အစဖျောက်ပါ၊ ဗြောင်လိမ်ပါ ဒီသုံးခုကို ကျင့်သုံးတဲ့နေရာမှာ ကျုပ်ဖော် ထုတ်ထားတဲ့ “ဗြောင်လိမ်ဗြောင်စား သီအိုရီ” က လက်တွေ့အသုံးချဖို့ အထောက်အကူ ပေးပါလိမ့်မယ်၊ ဒီသီအိုရီကို   ကျေညက်ပါစေ” ဟု ဆရာကြီးက အမိန့်ရှိလေရာ ယီမင်သမ္မတ ဆာလေးခမျာ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။ ဆရာကြီး ကွမ်းသွေးထွေးရန် ပြုသောအခါ တပည့်အာဆတ်က ထွေးခံကို ယူပေးလေသည်။ ကွမ်းသွေးထွေးပြီး ဆရာကြီးက ဆက်လက်မိန့်ပြန်သည်။

“မောင်တို့ဟာ ဟေဘရူးပဲဖြစ်ဖြစ်၊ ရှီးယိုက်ပဲဖြစ်ဖြစ်၊ ဆွန်နီပဲဖြစ်ဖြစ်၊ အာရပ်တွေချည်းပဲ၊ ဟေဘရူးဖြစ်တဲ့ အစ္စရေးက ပြင်ပရန်လို့ ထားလိုက်၊ မောင်တို့ ရင်ဆိုင်နေရတာ ရှီးယိုက်-ဆွန်နီနှစ်မျိုးပဲ ဒါက အသေးအမွှားပါ၊ ကျုပ် လက်ထက်ကဆို တိုင်းရင်းသားအုပ်စု အမျိုးနှစ်ဆယ်လောက်နဲ့ကို     တိုက်ခဲ့ရတာ၊ မောင်တို့ထက် ဆိုးတာပေါ့၊ ဒါပေမယ့် ဘာဖြစ်လဲ ဘာမှမဖြစ်ဘူး၊ မောင်တို့ကမှ လူမျိုးစုသူပုန်တွေလောက်ပဲ နှိမ်နှင်းတာ၊ ကျုပ်ဆို သူပုန်သော အရပ်သားသော နားမလည်ဘူး၊ သတ်တာမှ ပစ်တာမှ၊ နှိပ်စက်ပစ်တာမှ ဝက်ဝက်ကွဲပဲ၊ ဒါပေမယ့် ဘယ်တုန်းကမှ လူမျိုးတုန်း သတ်ဖြတ်နေပါတယ် ဆိုတာမျိုး မဖြစ်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျုပ်က တိုင်းရင်းသားတွေကို ချစ်ခင်ကြောင်း၊ မလွှဲသာလို့ စစ်တိုက်နေတာ ဆိုတာမျိုးကို ပုံဖော်ထားတယ်၊ ပြည်ထောင်စုပွဲတွေ လုပ်တယ်၊ တိုင်းရင်းသားကျေးရွာတွေ ဆောက်တယ်၊ ကျုပ်ယူထားတဲ့ မိန်းမကိုက ပအိုဝ့်မ၊ ကျုပ်တပည့် သေနာပတိ မင်းအောင်လှိုင်လဲ ရခိုင်မကို ယူထားတယ်၊ စစ်သည်တော်တော်များများက ရှမ်းမနဲ့ ကရင်မတွေကို ယူထားကြတယ်၊ ဒီတော့ တိုင်းရင်းသားတွေကို ချစ်တာမှ ဟိုးဘက်လွန်ဆိုတာမျိုး ပြလို့ရတယ်၊ တစ်ဖက်မှာလည်း ဆူချင်ပူချင်တဲ့ကောင်တွေကို အပြတ်ရှင်းပေါ့၊ ဆက်ဒမ်ဟူစိမ်က အပြတ်ရှင်းတာ သင်တဲ့ နေ့က ကျောင်းလာတယ်၊ နောက်ရက်တွေ မလာဘူး၊ ဒီတော့ စာမကြေဘူး၊ မကြေတော့ သတ်တာတစ်ခုပဲ လုပ်တယ်၊ ဒီတော့ ဒင်းခမျာ ကာဒ့် လူမျိုးစုတွေကို မျိုးတုန်းသတ်ဖြတ်မှုနဲ့ ကြိုးစင် အတင်ခံရတယ်လေ၊ ဒီတော့ သတ်တာလည်းသတ်၊ ပိရိအောင်လဲနေ၊ ဘာမှမခက်ဘူး ဒီအဆင့်ထိ ဗြောင်လိမ်ဗြောင်စား သီအိုရီပဲ၊ နောက်ထပ်လာမှာ သပ်သျှိုသွေးခွဲသီအိုရီကို ရှင်းမယ်၊ ဒါက တိုင်းရင်းသား လူမျိုးစုတင် မဟုတ်ဘူး ကိုယ့်လူမျိုး အချင်းချင်းတောင် သုံးလို့ ရတယ်”ဟု ရှင်းပြရင်း ခဏရပ်နားလိုက်လေသည်။ အလိုက်သိသော ကျောင်းသားအာဆတ်က  အိုင်ပတ်ကိုဘေးချ၍ ဆရာကြီး အာလုတ်ကျင်းရန် ရွှေခွက်နှင့် ရေတစ်ခွက်သွားခပ်လေသည်။

“ကောင်းပြီ သပ်လျှိုသွေးခွဲသီအိုရီကတော့ တိုင်းရင်းသားမှမဟုတ်ဘူး၊ ကိုယ့်အချင်းချင်းလဲသုံးနိုင်တယ်၊ မောင်ရင့်ကို ပုန်ကန်မယ့်သူက အင်အားကြီးနေရင် သူတို့ကိုခွဲရမယ်၊ တိုင်းရင်းသားတွေမှာတော့ အထင်ရှားဆုံးက DKBA ကို KNU ကနေ ခွဲထွက်အောင် လုပ်ခဲ့တယ်၊ နောက် သူတို့ထဲမှာမှ နယ်ခြားစောင့်တပ် ဖွဲ့ချင်တဲ့တိုင်းရင်းသား၊ မဖွဲ့ချင်တဲ့ တိုင်းရင်းသား၊ ပါတီထောင်ချင်တဲ့ တိုင်းရင်းသားဆိုပြီး ကွဲသွားအောင် လုပ်ထား လိုက်တယ်၊ အဓိကတော့ စုဖွဲ့မှုကို ဖြိုခွဲလိုက်တာပဲ၊ အဓိက လူမျိုးကြီးဖြစ်တဲ့ ကြပ်ပြေးသားတွေထဲမှာလည်း လုပ်လို့ရတယ်၊ ပါတီထောင်ချင်တဲ့သူ၊  မထောင်ချင်တဲ့သူ၊ နောက်ပြီး အဓိက ပစ်မှတ်နိုင်ငံရေး အင်အားစုတွေကို ဖြိုခွင်းရာမှာ အကောင်းဆုံးက သူတို့ချင်းသွေးခွဲပေးတာပဲ၊ ၈၈ တုန်းက အတူတူ ညီညွတ်ခဲ့တဲ့သူတွေဟာ ဒီနေ့ ပါတီတွေထောင်ပြီး မညီညွတ်ကြတော့ဘူး၊ ဒီကြားထဲမှာမှ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ အင်ဖော်မာဆိုတွေကို မြှောက်ပေး ထားတော့ ကြပ်ပြေးသားအချင်းချင်းလဲ ဘယ်သူ့မှ ယုံလို့မရတော့ဘူး၊ သူတို့ရဲ့လားရာကို ပျောက်သွားအောင် လုပ်ရမယ်၊ ဒါကြောင့် ကိုယ့်လူမျိုးထဲမှာ လည်း သပ်လျှိုသွေးခွဲ သီအိုရီကို သုံးနိုင် တယ်၊ မူဘာရက်လေးလဲ သုံးတယ်၊ အာဆတ်လဲ သုံးတယ်နော်၊ ဟုတ်တယ်မလား”

“မှန်ပါတယ် ဆရာကြီး၊ အကျွန်သုံးပါတယ်၊ အစိုးရထောက်ခံသူများ အုပ်စုပေါ့၊ ဒါပေမယ့် အကျွန်က ဆရာကြီးလို ကိုယ့်ကို ထောက်ခံသူတွေ ကိုလဲ မျက်နှာသာပေး၊ အခွင့်အရေးပေးသလို၊ သာမန်ပြည်သူကိုလည်း လုပ်ကိုင်စားသောက် နိုင်အောင်၊ ပြည့်ပြည့်စုံစုံ နေနိုင်အောင် စီစဉ်ပေးထားရဲ့သားနဲ့ ဘာလို့ အုံကြွနေတာလဲဆိုတာ နားမလည်နိုင်ဖြစ်ရတယ်။ ဒါလေးကို လင်းပေးစေလိုပါတယ်” ဟု ကျောင်းသား အာဆတ်က အဖြေပေးရင်း ထပ်မံမေးလိုက် သည်။

“ဒါက မောင်ရင်မှားတာပဲ၊ မောင်ရင်တို့နိုင်ငံက ရေနံကြွယ်ဝတယ်၊ ချမ်းသာတယ်ဆိုပြီး လူတိုင်းကို စားနိုင်သောက်နိုင်၊ ဝယ်နိုင်ချမ်းနိုင်အောင် လုပ်ပေးထားတယ်၊ ဒီတော့ မောင်တို့ရဲ့ အောက်ခြေအနိမ့်ဆုံး လူတန်းစားဟာ မချမ်းသာရင်ရှိမယ်၊ လူတန်းစေ့တော့ နေနိုင်တယ်၊ ကျုပ်က အဲ့လိုမဟုတ်ဘူး ပြည်သူတွေကို မငတ်ရုံတမယ်၊ တစ်နေ့လုပ် တစ်နေ့စား ဖြစ်အောင် ကျပ်ထားလိုက်တယ်၊ မှတ်ထား အမောင်ကျောင်းသား အာဆတ်ရေ၊ လူဆိုတာ ပိုက်ဆံလေး ရှိလာရင် ဟိုဟာလိုချင်ဒီဟာလိုချင် လူ့အလိုနတ်မလိုက်နိုင် ဖြစ်တတ်တယ်၊ ဒီတော့ ထမင်းနပ်မှန်အောင် ကြိုးစားနေတဲ့အဆင့် လောက်ပဲ ထားရတယ်၊ အဲတစ်ဖက်မှာလည်း ကျုပ်ကို သစ္စာခံတဲ့ အကောင်တွေကို ပက်ပက်စက်စက်ချမ်းသာခွင့် ပေးထားတယ်၊ ငါးသိန်းဖုန်းလောက် အလကားရတဲ့ ကြံ့ဖွတ်တွေကိုလည်း သစ္စာရှိရင် သူတို့လို ချမ်းသာနိုင်မယ်လို့ မက်လုံးပေးတယ်၊ အောက်ခြေက ပြည်သူကျတော့ အစိုးရနဲ့ပေါင်းရင် ကြံ့ဖွတ်ဝင်ရင် တစ်နေ့လုပ်တစ်နေ့စားကနေ လွတ်မယ်ဆိုတဲ့ မက်ဆေ့ကို ပေးထားတယ်၊ ဆိုလိုတာက အဆင့်ဆင့်အားကျအောင် မက်လုံးပေးထားတာ၊ အေးအပေါ်ကနေ ကြည့်ရင်လဲ မင်းတို့တွေသစ္စာဖောက်လို့ကတော့ အောက်ခြေကကောင်တွေလို ဖြစ်သွားမယ်ဆိုတဲ့ မက်ဆေ့ပေးထားတယ်၊ ဒီတော့ ဆုပေးဒဏ်ပေး စနစ်ဟာ ရှင်းနေအောင်လုပ်ထားရတယ်၊ အစိုးရကို သစ္စာမခံလို့ကတော့ မငတ်ရုံတမယ်ထားရမယ်၊ သူ့ဟာနဲ့သူ ရှုပ်နေအောင်၊ နိုင်ငံရေးဘက် လှည့်မလာ အောင်လုပ်ထား၊ ငွေယားလေးရှိရင် နိုင်ငံရေးဘက် လှည့်လာတတ် တယ်”ဟု ဆရာကြီး အဖြေပေးလိုက်ရာ အာဆတ်ကလေးခမျာ နှစ်ပေါင်းများစွာ မရှင်းနိုင်သေးသည့် ပြဿနာကို သုံးမိနစ်အတွင်း ဖြေရှင်းပေးလိုက်သော ၎င်း၏ ဆရာသခင်ကို ပိုမိုကြည်ညိုကိုးစားစိတ်များ တဖွားဖွား ဖြစ်ပေါ် လာလေသည်။

“ဆရာကြီးအနေနဲ့ ခုလိုပိပိရိရိ လုပ်သည့်တိုင်အောင် တစ်ခါတစ်ရံ ကမ္ဘာ့ပုလိပ်ကြီးအဖွဲ့က စုံစမ်းမေးမြန်းတာတွေ ခံရပါတယ်၊ ဒါပေမယ့် ဆရာကြီးအနေနဲ့ ခပ်တင်းတင်း တုံ့ပြန်နိုင်ခဲ့ပါတယ်။ အဲ့ဒီ အခါမှာလည်း ဆရာကြီးကို ကာကွယ်ပေးမယ့်  ပေါက်ဖော်ပြည်ကို ဘယ်လိုအသုံးချသလဲ ဆိုတာလေးကို ရှင်းပြပေးစေလိုပါတယ်” ဟု ယီမင် သမ္မတ ဆာလေးက သူသိချင်သည်ကိုမေးမြန်းလေသည်။ (ဆက်ရန်)

*************************************************************************************

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment