Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၄.၁ဝ.၂ဝ၁၁

ဘာသာပြန်သတင်းများ

  1. ထိုင်းနှင့် မြန်မာတွင် ရေကြီးမှုကြောင့် ပျက်စီး

(23 Oct 2011 ရက်စွဲပါ VOA News မှ Flooding devastates Thailand, Buama ကို ဘာသာပြန်သည်)

 

  1. မြောက်ကိုးရီးယားနှင့် အမေရိကန် နျူကလီးယားကိစ္စ ဂျနီဗာတွင် စတင် စကားပြောမည်

(23 Oct 2011 ရက်စွဲပါ BBC News မှ Imogen Foulkes ရေးသားသော North Korea and US nuclear talks set to start in Geneva ကို ဘာသာပြန်ဆိုသည်)

 

  1. မြန်မာနိုင်ငံ ယခုထက်များစွာ ပို၍ လုပ်ဆောင်ရဦးမည်ဟု ကုလပြော

(UPI သတင်းမှ 20 Oct 2011 ရက်စွဲပါ “ UN says Myanmar has more work to do” သတင်းကို ဘာသာပြန်သည်)

 

  1. မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုများကို အင်ဒိုနီးရှား အကဲဖြတ်မည်

(The Jakarta Post သတင်းစာမှ၊ 20 Oct 2011 ရက်စွဲပါ "RI to access development in Myanmar ကို ဘာသာ ပြန်ဆိုသည်)

 

  1. ကြွေးမြီပြန်ဆပ်နိုင်ရေးအတွက် တရုတ်ပြည်နယ်အစိုးရများ ငွေချေးစာချုပ် ထုတ်ရောင်းခွင့်ရရှိ

(BBC သတင်းဌာနမှ၊ 20 Oct 2011 ရက်စွဲပါ China allows local government bond sales to repay debt ကို ဘာသာပြန်ဆိုသည်)

  1. ကုလပညာရှင်များက မြောက်ကိုးရီးယားနှင့် မြန်မာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် တိုက်တွန်း

(20 Oct 2011 ရက်စွဲပါ VOA News မှ Margaret Besheer ရေးသားသော UN expert urges release of political prisoners in DPRK, Burma ကို ဘာသာပြန်သည်။)

****************************************************************************

ထိုင်းနှင့် မြန်မာတွင် ရေကြီးမှုကြောင့် ပျက်စီး

(23 Oct 2011 ရက်စွဲပါ VOA News မှ Flooding devastates Thailand, Buama ကို ဘာသာပြန်ဆိုသည်)

                ထိုင်းနိုင်ငံတွင် တနင်္ဂနွေနေ့က ဘန်ကောက်အား ရေကြီးမှုမှ ကာကွယ်ရန် အကြီးအကျယ် ကြိုးပမ်းနေချိန်တွင် အိမ်နီးချင်း မြန်မာနိုင်ငံမှ တာဝန်ရှိသူများကလည်း ရေကြီးမှုကြောင့် အနည်းဆုံး လူ ၁၀၀ ခန့် သေဆုံးကြောင်း ပြောကြားခဲ့သည်။

                ထိုင်းနိုင်ငံမြို့တော်မှ အာဏာပိုင်များသည် မြို့တော်၏ အားနည်းသော နေရာများကို ပံ့ပိုးမှုများ ပြုလုပ်နေရပြီး၊ အခြေခံအဆောက်အဦးများကို ကာကွယ်ရန် ကြိုးစားလျက် ရှိသည်ဟု သိရသည်။ ယင်းရေလွှမ်းမိုးမှုမှာ ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံးထိခိုက်မှုဖြစ်ကာ အနည်းဆုံး လူ ၃၅၆ ဦး သေဆုံးပြီး၊ လူ ၁၁၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ စီးပွားရေးကိုလည်း ကြီးမားစွာ ထိခိုက်လျက် ရှိသည်။

                အိမ်နီးချင်း မြန်မာနိုင်ငံတွင်လည်း တာဝန်ရှိသူတစ်ဦးက ပြီးခဲ့သည့်အပတ်က ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၁၀၀ ခန့် သေဆုံးကြောင်း ပြောခဲ့သည်။ နိုင်ငံပိုင် New Light of Myanmar တွင် တနင်္ဂနွေနေ့က သုံးဦး သေဆုံးပြီး လူ ၈၀ ပျောက်ဆုံးလျက်ရှိကြောင်း ထိန်ချန်ဖော်ပြထားသည်။

                အရှေ့တောင်အာရှ၏ အစိတ်အပိုင်း အတော်များများတွင် ဇူလိုင်လမှစ၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ လူသန်းပေါင်းများစွာ နေအိမ်များကို စွန့်ခွာခဲ့ရသည်။ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်တို့တွင်လည်း လူ ၃၃၆ ဦး သေဆုံးခဲ့ရပြီး ရေလွှမ်းခံရသော ဒေသများတွင် အကူအညီများ ပေးရန် နိုင်ငံများစွာက စီစဉ်လျက်ရှိသည်။

*************************************************************************************************

မြောက်ကိုးရီးယားနှင့် အမေရိကန် နျူကလီးယားကိစ္စ ဂျနီဗာတွင် စတင် စကားပြောမည်

(23 Oct 2011 ရက်စွဲပါ BBC News မှ Imogen Foulkes ရေးသားသော North Korea and US nuclear talks set to start in Geneva ကို ဘာသာ ပြန်ဆိုသည်)

                အမေရိကန်နှင့် မြောက်ကိုးရီးယားတို့သည် ရပ်တန့်နေသော နျူကလီးယား ညှိနှိုင်းဆွေးနွေးမှုကို ပြန်လည် စတင်နိုင်ရန် ရည်ရွယ်၍ ဂျနီဗာတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

                တောင်ကိုးရီးယား၊ မြောက်ကိုးရီးယား၊ တရုတ်၊ ရုရှား၊ ဂျပန်နှင့် အမေရိကန်တို့ ပါဝင်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲသည် ၂၀၀၉ ခုနှစ် ဧပြီလက မြောက်ကိုးရီးယား ထွက်ခွာသွားသောကြောင့် ရပ်ဆိုင်းသွားခဲ့သည်။ ရပ်ဆိုင်းပြီးနောက်တစ်လအကြာတွင် မြောက်ကိုးရီးယားက ၎င်း၏ ဒုတိယ နျူကလီယားလက်နက်ကို စမ်းသပ်ခဲ့ သည်။ ထို့နောက် ကိုးရီးယား ကျွန်းဆွယ်တွင် တင်းမာမှုများ တိုးလာခဲ့သည်။ သို့သော် ယခုဆွေးနွေးပွဲမှ အများကြီး မျှော်လင့်မထားရန် သံတမန်များက သတိပေးလျက်ရှိသည်။

                နှစ်ဖက်စလုံးက မြောက်ကိုးရီးယား နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်၍ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်ကျင်းပလိုကြောင်း ပြောကြ သော်လည်း သဘောမတူသည့် အချက်များရှိနေသည်။ မြောက်ကိုးရီးယားက ဆွေးနွေးပွဲကို ကြိုတင်ကန့်သတ်ချက်များ မပါဘဲ ကျင်းပရန် အကြံပြု သော်လည်း အမေရိကန်ကမူ လက်နက်ဖျက်သိမ်းရေး အတွက် ပြုံယမ်းထံမှ ခိုင်မာသောကတိ ရလိုသည်ဟု ဆိုသည်။

                ၂၀၀၉ ခုနှစ်ကမြောက်ကိုးရီးယား၏ဒုတိယနျူကလီယားလက်နက်စမ်းသပ်မှု၊ ၂၀၁၀ ခုနှစ်ကအငြင်းပွားနေသောရေပိုင်နက်တွင် မြောက်ကိုးရီး ယား ၏ တိုက်ခိုက်မှုကြောင့် တောင်ကိုးရီးယား လူ ၅၀ သေဆုံးခဲ့ရသော အမှောင် နေ့များ အပြီးတွင် ယခုကဲ့သို့ စကားပြောလာခြင်းသည် တိုးတက် သော ဆက်ဆံရေးကို ပြနေသည်။

                ဝါရှင်တန်နှင့် ပြုံယမ်းတို့သည် မကြာသေးမီကမှ ၁၉၅၀ ခုနှစ်များတွင် ဖြစ်ပွားသော ကိုးရီးယားစစ်ပွဲတွင် သေဆုံးသော အမေရိကန်စစ်သား များ၏ ရုပ်ကြွင်းများ ရှာဖွေရန် သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လက တောင်နှင့် မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီးများ သုံးနှစ်အတွင်း ပထမ ဦးဆုံး အကြိမ် တွေ့ဆုံခဲ့သည်။

                သို့သော် ခြောက်နိုင်ငံ ဆွေးနွေးပွဲများ အမြန်ဆုံး ပြန်လည်ကျင်းပရန်မူ ဖြစ်နိုင်ဦးမည် မဟုတ်ဟု ယူဆရသည်။ ယခု ဂျနီဗာတွင် တွေ့ဆုံ ဆွေးနွေးမှုကိုလည်း နောက်ထပ် အပေါင်းလက္ခဏာဆောင်သော ခြေလှမ်းတစ်ရပ်အဖြစ် မြင်ရသည်။

                အနည်းဆုံးအားဖြင့် ကောလဟာလ ကြားနေရသော တတိယအကြိမ် နျူကလီးယား စမ်းသပ်မှုကို ဆက်မလုပ်ရန် တားဆီးနိုင်အောင် ကြိုးစား ရန် အကြံပြုအပ်ပေသည်။

*********************************************************************************************

မြန်မာနိုင်ငံ ယခုထက်များစွာ ပို၍ လုပ်ဆောင်ရဦးမည်ဟု ကုလပြော

( UPI သတင်းမှ 20 Oct 2011 ရက်စွဲပါ “ UN says Myanmar has more work to do” သတင်းကို ဘာသာပြန်သည်)

                မြန်မာနိုင်ငံ၌ အပြုသဘော ကောင်းမွန်သော နိုင်ငံရေးပြောင်းလဲ တိုးတက်မှုများ ဖြစ်ပေါ်လာသော်လည်း လူ့အခွင့်အရေး ဆိုင်ရာ စိုးရိမ်ပူပန် စရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် လုပ်ဆောင်စရာများစွာ ကျန်နေသေး သည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူက ပြောကြားလိုက်သည်။

                ပြီးခဲ့သော သီတင်းပတ်က ခန့်မှန်းခြေ အကျဉ်းသား ၆၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော အစီအစဉ်တွင် မြန်မာအစိုးရက နိုင်ငံရေး အကျဉ်းသား ၂၀၀ ခန့်ကို လွှတ်ပေးခဲ့သည်။

                အစိုးရက ဖွဲ့စည်းပေးထားသော အမျိုးသားလူ့အခွင့်အရေးကော်မရှင် အကြီးအကဲက “သာမန်အမှုကျူးလွန်မှုဖြင့် စွပ်စွဲခံရသော အကျဉ်းသား များကို လွှတ်ပေးရန်နှင့် သို့မှသာ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းတွင် ပါဝင်နိုင်မည်ဖြစ်ကြောင်း” အစိုးရထံ မေတ္တာရပ်ခံခဲ့ပြီးနောက်တွင် ယခုကဲ့သို့ အကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

                မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် သောမတ်အိုဟေးကွင်တားနား (Tomas Ojea Quintana)က ကုလ အထွေထွေ ညီလာခံသို့ အစီရင်ခံပြောကြားရာတွင် “မြန်မာနိုင်ငံ၌ နိုင်ငံရေး ပြောင်းလဲတိုးတက်မှုများကို မိမိလက်ခံ ရရှိထားသည်” ဟု တင်ပြ ပြောဆိုခဲ့သည်။

                “မြန်မာနိုင်ငံအနေဖြင့် ယခင်ကနှင့် ယခုလက်ရှိ လူ့အခွင့်အရေးစိန်ခေါ်မှုများကို ရင်ဆိုင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်မှုဆီသို့ ဦးတည် ရှေ့တိုးရန်အတွက် အမှန်တရား ရှာဖွေခွင့်ရှိမှု အပါအဝင် တရားမျှတမှုနှင့် တာဝန်ယူမှုတို့ကို သေချာအောင် အာမခံရန် မရှိမဖြစ်လိုအပ်သည်” ဟု ကွင်တားနားက ၎င်းကြေညာချက်တွင် ဖော်ပြထားသည်။

                မြန်မာနိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားတို့အပေါ် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း Human Rights Watch ဝန်ထမ်း အဖွဲ့ဝင်များက ထုတ်ဖော်ပြောဆိုထားသည်။ အဆိုပါဒေသမှ တိုင်းရင်းသား အသိုင်းအဝိုင်းအပေါ် လိင်အကြမ်းဖက်မှုနှင့် နှိပ်စက်ညှင်းပန်းမှုများ ပိုမို ကြီးထွားလာနေသည်ဟု HRW အုပ်စုက စက်တင်ဘာလတွင် ထုတ်ဖော်တင်ပြခဲ့သည်။

                အကျဉ်းသား(ထောင်သား)များကို လူသားဒိုင်းအဖြစ် အစိုးရတပ်ဖွဲ့များက အသုံးပြုမှု သတင်းများနှင့် အတူ အထက်ပါ တိုင်ကြားမှုများက မြန်မာနိုင်ငံတွင် ယခုထက်များစွာ ပို၍ လုပ်ဆောင်ရဦးမည် ဆိုသည်ကို ပြသနေသည်ဟု ကွင်တားနားက ပြောကြားလိုက်သည်။

*************************************8***************************************************

မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှုများကို အင်ဒိုနီးရှား အကဲဖြတ်မည်

(The Jakarta Post သတင်းစာမှ၊ 20 Oct 2011 ရက်စွဲပါ "RI to access development in Myanmar ကို ဘာသာ ပြန်ဆိုသည်)

              ၂၀၁၄ ခုနှစ် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌရာထူး လွှဲပြောင်းရယူရန် မြန်မာနိုင်ငံ၏ အဆိုပြု ကမ်းလှမ်းချက်အား လာမည့်နိုဝင်ဘာလအတွင်း ဘာလီမြို့၌ ကျင်းပမည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲ၌ လက်သင့် ခံသင့်၊ မသင့် ကိစ္စအား မဆုံးဖြတ်မီ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်လျက်ရှိသော ဖွံ့ဖြိုး တိုးတက်မှုများကို အင်ဒိုနီးရှား အောက်လွှတ်တော်နှင့် အစိုးရတို့က လေ့လာအကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားလွှတ်တော် နိုင်ငံခြားရေးရာ ကော်မရှင် ဒုတိယဥက္ကဌ TB Hasanuddin က ၎င်း၏ကော်မရှင်သည် မြန်မာနိုင်ငံတွင် လုပ်ဆောင် လျက် ရှိသော ဒီမိုကရေစီဖော်ဆောင်ရေး လုပ်ငန်းစဉ်များ အပါအဝင် ပြည်တွင်းအခြေနေအရပ်ရပ်ကို လေ့လာ အကဲဖြတ်နိုင်ရေးအတွက် နိုင်ငံခြားရေး ဝန်ကြီး Marty Natalegawa နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားသည်။

လွှတ်တော် နိုင်ငံခြားရေးကော်မရှင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့သည် ထိုသို့အကဲဖြတ် လေ့လာနိုင်ရေး အတွက် လိုအပ်သော သတင်း အချက် အလက်များနှင့် လုပ်ကိုင်ဆောင်ရွက်ပေးမှုများအားလုံး လက်ခံရရှိထားပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရအနေဖြင့် နိုင်ငံတွင်း တိုးတက်ဖြစ်ထွန်း မှုများ ဆက်လက် လုပ်ကိုင်ဆောင်ရွက်လာအောင် အင်ဒိုနီးရှားနိုင်ငံက လိမ္မာပါးနပ်မှုရှိသော သံတမန်ရေးရာ အားပေးအားမြှောက် ပြုလုပ်သည့် အဆင့်ဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကော်မရှင်အနေဖြင့် မြန်မာ့ရေးရာ အာဆီယံပါလီမန်များအဖွဲ့(AIPMC) နှင့် မြန်မာအရပ်ဘက် လူ့အဖွဲ့အစည်း များကို ကိုယ်စားပြုသည့် Burma Partnership အဖွဲ့တို့မှ လိုအပ်သော အချက်အလက်များနှင့် အသိအမှတ်ပြု ထောက်ခံချက်များလည်း ရရှိထားပြီဖြစ်သည်ဟု အင်ဒိုနီးရှား ဒီမိုကရေစီလှုပ်ရှားမှုပါတီ(IDPS) မှ လွှတ်တော်ဥပဒေပြု အမတ်လည်းဖြစ်သည့် မစ္စတာ TB Hasanuddin ကပြောကြားသည်။

"အာဆီယံထိပ်သီးညီလာခံသို့ အင်ဒိုနီးရှားက ဆောင်ကြဉ်းပေးလာမယ့်အရာတွေကမြန်မာနဲ့ အာဆီယံအတွက်ပါ အကျိုးအမြတ် ဖြစ်ထွန်းစေ မှာ ပါ" ဟု ၎င်းကဆိုသည်။

အာဆီယံထိပ်သီးဆွေးနွေးပွဲကို လာမည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံတွင်ကျင်းပရန် စီစဉ်ထားပြီး ယင်းဆွေးနွေးပွဲတွင် အာဆီယံ ဥက္ကဋ္ဌရာထူး မြန်မာနိုင်ငံရယူမည့်ကိစ္စအပါအဝင် အရှေ့တောင် အာရှဒေသ တစ်ဝန်းရှိ စီးပွားရေး၊ ကာကွယ်ရေးနှင့် နိုင်ငံရေး အရေးကိစ္စ များကို အဓိကထား ဆွေးနွေးမည်ဖြစ်သည်။

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌဋ္ဌရာထူးရယူမည့်ကိစ္စကို ထိပ်သီးဆွေးနွေးပွဲတွင် အဆုံးအဖြတ် မပြုလုပ်သေးဘဲ အချိန် စောင့်ဆိုင်းကာ လေ့လာ ကြည့်ရှုရန် AIPMC နှင့် Burma Partnership တို့က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်ဒိုနီးရှားအစိုးရကို တိုက်တွန်းပြောဆိုထားသည်။

Burma Partnership အဖွဲ့မှ Coordinator ဖြစ်သူ ခင်ဥမ္မာက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ပေါ်ထွန်းခဲ့ သည့်တိုင် နိုင်ငံရေးအကျဉ်းသား ၂၂၀ ခန့်သာ လွတ်မြောက်ခွင့် ရရှိထားသေးကြောင်း၊ အကျဉ်းသား ၁၈၀၀ ကျော်အား ဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲပင်ဖြစ်ကြောင်း ပြောကြား သည်။ ကျင်းပခဲ့သော အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီဖြစ်စဉ် တစ်ရပ်ကို ထင်ဟပ်စေနိုင်ခြင်းမရှိကြောင်း၊ အဓိကအာဏာမှာ ယခင် စစ်ဗိုလ်ချုပ် ကြီးများ၏ လက်ထဲတွင်သာ ရှိကြောင်း ၎င်းက ယခုလိုဆိုသည်။

"မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစနစ် ကောင်းမွန်စွာပေါ်ထွန်းလာရေးအတွက် ကြိုးကြိုးစားစား လုပ်ကိုင်သွားရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားမှာ စစ်မှန်တဲ့ အာဏာရရှိထားတဲ့သူက သမ္မတဦးသိန်းစိန် မဟုတ်ပါဘူး။ ယခင် စစ်အစိုးရ ခေါင်းဆောင် ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အခြားစစ်ဗိုလ်ချုပ်ကြီး တွေရဲ့ ထိန်းချုပ်မှုအောက်မှာရှိပြီး အဖွဲ့ဝင်ရှစ်ဦးပါဝင်တဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ လက်ထဲမှာ ရှိလို့ပါ" ဟုဆက်လက် ပြောကြားသွားသည်။

****************************************************************************************************

ကြွေးမြီပြန်ဆပ်နိုင်ရေးအတွက် တရုတ်ပြည်နယ်အစိုးရများ ငွေချေးစာချုပ်ထုတ်ရောင်းခွင့်ရရှိ

(BBC သတင်းဌာနမှ၊ 20 Oct 2011 ရက်စွဲပါ “China allows local government bond sales to repay debt” ကို ဘာသာပြန်ဆိုသည်)

တရုတ် ပြည်နယ်ဒေသ အစိုးရလေးရပ်အား၎င်းတို့၏ ကြွေးမြီပြန်လည်ပေးဆပ်နိုင်ရန် နှစ်ပေါင်း ၁၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငွေချေးစာချုပ်များထုတ်ဝေရောင်းချခွင့်ပြုလိုက်ကြောင်း တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနအဆိုအရ သိရသည်။

တရုတ်နိုင်ငံ ရှန်ဟိုင်း၊ ဇီကျန်း၊ ဂွမ်ဒေါင်း နှင့် ဆန်းကျန်း ပြည်နယ်အစိုးရများအား အစမ်းသဘောဖြင့် ငွေချေးစာချုပ်များ ထုတ်ရောင်းခွင့်ပြု လိုက်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကဆိုသည်။ အဆိုပါ လုပ်ဆောင်ချက်ကြောင့် ယင်းပြည်နယ်ဒေသအစိုးရ လေးရပ်၏ ကြွေးမြီများ ပြန်လည်ပေးဆပ်ရေးနှင့် ပတ်သက်၍စိုးရိမ်ပူပန်များ ဖြစ်ပေါ်နေသည်ဟူသောအချက်ကို ပေါ်လွင်သွားစေသည်။ ယမန်နှစ်အတွင်း ရရှိသော ကိန်ဂဏန်း များအရ ပြည်နယ်ဒေသအစိုးရ ကြွေးမြီမှာ ယွမ်ငွေ ၁၀ ဒဿမ ၇ ထရီလီယံရှိသည်။

"ဒါဟာ ဒေသအစိုးရတွေရဲ့ အင်မတန်ရှုပ်ထွေးတဲ့ ဘဏ္ဍာရေးအခြေအနေတိုးတက်ကောင်းမွန်အောင် ပြုလုပ်တဲ့ ဖြစ်စဉ် တစ်ခုလို့ဆိုရင် ရပါ တယ်။ ဒီလိုလုပ်တဲ့အတွက်ကြောင့် လက်ရှိအစိုးရရဲ့ ကြွေးမြီအကျပ်အတည်းကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်တစ်ခုတည်းနဲ့ ပြဿနာ တစ်ခုလုံးကိုဖြေရှင်းဖို့ မလုံလောက်ပါဘူး" ဟု Economist Intelligence Unit မှ Stephen Joske က BBC သတင်းဌာနသို့ပြောကြားသည်။

စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့၍လော

တရုတ်နိုင်ငံ ဘဏ်လုပ်ငန်းများကြီးကြပ်ထိန်းချုပ်ရေးကော်မရှင်(CBRC) အဆိုအရ ၂၀၁၀ ပြည်နှစ်ကုန်ပိုင်း တရုတ်နိုင်ငံတွင်း ဘဏ်ချေးငွေ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းမှာ ပြည်နယ်ဒေသအစိုးရ ကြွေးမြီများပင်ဖြစ်သည်။ ယင်းသို့ ဘဏ်ချေးငွေများ အဆမတန်များပြားနေခြင်းမှာ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကာလအတွင်း တရုတ်ပြည်၏ စီးပွားရေး တိုးတက်မှု ဆက်လက်ထိန်းသိမ်းနိုင်ရန်အလို့ငှာ နိုင်ငံပိုင်နှင့် အစိုးရထိန်းချုပ်မှုအောက်တွင် ရှိသော ဘဏ်များက ဒေသအာဏာပိုင်များကို ငွေချေးငှားမှု တိုးမြှင့်ပေးခဲ့သောကြောင့်ဖြစ်သည်။

အဆိုပါလုပ်ရပ်များကြောင့် တစ်ဖက်တွင် တရုတ်ပြည်၏ စီးပွားရေးအင်အား ကောင်းမွန်စွာ တိုးတက်အောင် အထောက်အပံ့ ဖြစ်စေခဲ့သော် လည်း အခြားတစ်ဖက်တွင် လှုပ်ရှားပြောင်းလဲမှုမရှိသော ချေးငွေများက တိုင်းပြည်၏ စီးပွားရေးကို ခြိမ်းခြောက်လာသည်ဟူသော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ အောက်တိုဘာလ ၁၉ ရက်တွင်မူ CBRC ဥက္ကဋ္ဌ Liu Mingkang က ယင်းသို့စိုးရိမ်ပူပန်မှုများရှိနေသည်ဟူသောကိစ္စကို နားလည် သဘောပေါက်ကြောင်း ပြောကြားပြီး ယခုလို မှတ်ချက်ပေးသည်။ "ဒေသအစိုးရတွေရဲ့ ငွေကြေးမတည်ထောက်ပံ့မှု လုပ်ဆောင်ချက်တွေဟာ စနစ်တကျ စီမံခန့်ခွဲမှုမရှိဘူးဆိုတာ ငြင်းလို့မရပါဘူး။ ငွေကြေးဆိုင်ရာနည်းစနစ်တွေကို စောင့်ကြည့်လေ့လာမှု လျော့နည်းတာရယ်၊ အခြားပြဿနာတွေရှိနေတာရယ်ကြောင့် အန္တရာယ်ဖြစ်စေမယ့်ကိစ္စတွေ အတော်များများကို ဖြစ်ပေါ်စေခဲ့ပါတယ်" ဟု ဆိုသည်။

မည်သို့ပင်ဆိုစေ တရုတ်အစိုးရကြွေးမြီ ပြဿနာအားလုံးမှာ ကောင်းမွန်စွာစီမံခန့်ခွဲနိုင်သည့်အခြေအနေတွင် ရှိကြောင်း၊ CBRC အနေဖြင့် အစိုးရ ငွေချေးမှုများအပေါ် တင်းတင်းကြပ်ကြပ် ကိုင်တွယ်ထိန်းချုပ်သွားနိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုများ

ယခုအစီအစဉ်အရ ပြည်နယ်ဒေသအစိုးရ လေးရပ်အနေဖြင့် ငွေကြေးဖန်တီးနိုင်ရန်အလို့ငှာ သုံးနှစ်မှ ငါးနှစ် သက်တမ်းရှိငွေချေးစာချုပ်များ ထုတ်ဝေ ရောင်းခွင့်ရရှိမည်ဖြစ်သည်။ ယင်းအစိုးရများ၏ ဧရာမကြွေးမြီများနှင့်ပတ်သက်၍ စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိစဉ် စီးပွားရေးလေ့လာသုံးသပ်သူ များက ငွေချေးစာချုပ်ရောင်းချခြင်းကြောင့် အကျိုးအမြတ်များ ဖြစ်ထွန်းလာဖွယ်ရှိသည်ဟု ခန့်မှန်းသုံးသပ်ကြသည်။

"အခုလို ငွေချေးစာချုပ်ထုတ်ရောင်းတဲ့ကိစ္စက ကောင်းမွန်မှုရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဖြစ်ထွန်းလာစေနိုင်ပါ တယ်" ဟု Stephen Joske က ဆိုသည်။ ဒေသအစိုးရများက ငွေချေးစာချုပ်များရောင်းချရာတွင် အခရာကျသည့် နေရာမှ ပါရှိနေမည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်စိတ်ချမှုများ လည်း တိုးပွားလာမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

                                        ******************************************************************************************

ကုလပညာရှင်များက မြောက်ကိုးရီးယားနှင့် မြန်မာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် တိုက်တွန်း

(20 Oct 2011 ရက်စွဲပါ VOA News မှ Margaret Besheer ရေးသားသော UN expert urges release of political prisoners in DPRK, Burma ကို ဘာသာပြန်သည်။)

                မြောက်ကိုးရီးယားနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ်နေသော ကုလသမဂ္ဂ ပညာရှင်က နိုင်ငံအနှံ့ ထောင်ထဲတွင်ရှိသော နိုင်ငံရေးအကျဉ်းသား (၂) သိန်းကို အမြန်ဆုံးလွှတ်ပေးရန် အစိုးရအား တောင်းဆိုခဲ့သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအပေါ် စောင့်ကြည့်သူမှ လည်း အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ ရှိသော်လည်း၊ အလေးအနက်ထား ပြောရမည့် လူ့အခွင့်အရေးကိစ္စများ ဖော်ထုတ်ရန် ကျန်ရှိနေ သေးကြောင်း ပြောကြား ခဲ့သည်။

                အထူးကိုယ်စားလှယ် Marzuki Darusman က ပြောကြားရာတွင် မြောက်ကိုးရီးယားတွင် နိုင်ငံရေး အကျဉ်းစခန်းများ တိုးပွားလာကြောင်း ဂြိုလ်တုပုံများအရ သိရှိရရာ ၎င်းအနေဖြင့် များစွာ စိုးရိမ်ကြောင်း၊ ထိုသို့သော ပုံရိပ်များ ၂၀၀၁ ခုနှစ်ကလည်း ရရှိဘူးကြောင်း ဆိုသည်။

                “မြောက်ကိုးရီးယားမှာ နိုင်ငံရေးအကျဉ်းစခန်းအချို့ဟာ ၁၉၅၀ ကတည်းက စတယ်လို့ယုံကြည်ရပြီး လူ နှစ်သိန်း လောက် ထိန်းသိမ်းထားပါ တယ်။ ဒီအကျဉ်းသားတွေ အမြန်ဆုံး လွှတ်ပေးဖို့ အာဏာပိုင်တွေကို ကျွန်တော် တောင်းဆိုပါ တယ်” ဟု Darusman က ပြောကြားခဲ့သည်။

                Darusman သည် အထွေထွေ အတွင်းရေးမှူးချုပ်က ခန့်ထားသော လွတ်လပ်သော ပညာရှင် ဖြစ်သည်။ ၎င်းက မြောက်ကိုးရီးယားမှ နိုင်ငံရေး ခိုလှုံခွင့်တောင်းသူ များပြားလာခြင်းကိုလည်း စိုးရိမ်ကြောင်း ပြောခဲ့သည်။ ၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံသို့ လူ ၄၀ ခန့် ထွက်ပြေးရာမှ ပြီးခဲ့သည့်နှစ်က ၂၅၀၀ နီးပါး ရှိလာသည်ဟု ၎င်းက သတင်းထောက်များသို့ ပြောကြားခဲ့သည်။

                “နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေဟာ အိမ်နီးချင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေကိုသွားဖို့ တစ်ခါတစ်ရံ လူကုန်ကူးသူတွေ ရဲ့ အကူအညီယူရပါတယ်။ ဒါပေမယ့် အများစုဟာ လူကုန်ကူးသူတွေရဲ့အမြတ်ထုတ်မှုကို ခံရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ သနားစရာ သားကောင် တွေ ပေါ့” ဟု Darusman က ပြောသည်။

                ၎င်း၏ အစီရင်ခံစာတွင် မြောက်ကိုးရီးယား၌ အစာရေစာ မလုံလောက်မှုကို ထင်ရှားစွာ ဖော်ပြထားသည်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှ စားနပ် ရိက္ခာ အကူအညီများ လျော့သွားခြင်းကြောင့် တိုင်းပြည်တွင် စားနပ်ရိက္ခာ မလုံလောက်မှုကို ပုံမှန်ကြုံတွေ့နေရကြောင်း Darusman က သတိပေး ပြော ကြားခဲ့သည်။

                မြန်မာနိုင်ငံ၏ အခြေအနေများကို စောင့်ကြည့်သူ သောမတ်အိုဟေးကွင်တားနား (Tomas Ojea Quintana) က ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ အပြီး တိုးတက်မှုအချို့ ရှိသည်ကို မှတ်သားရကြောင်း၊ အလုပ်သမားအဖွဲ့များ ဖွဲ့စည်းခွင့် ဥပဒေ လက်မှတ်ရေးထိုးခဲ့ခြင်း၊ ဆန္ဒပြခွင့်ပါဝင်ခြင်း၊ မကြာမီက မီဒီယာနှင့်အင်တာနက် ကန့်သတ်မှုများ လျော့ချခြင်းများ ပါဝင်ကြောင်းဆိုသည်။

                သို့သော် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် အပါအဝင် အလေးအနက်ထားရမည့် လူ့အခွင့်အရေး အခြေအနေများရှိနေသေးကြောင်း ၎င်းက သတိထားပြောကြားခဲ့သည်။

                “ဒီနှစ်မကုန်ခင် ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ အစိုးရကို ကျွန်တော်တိုက်တွန်းနေပါတယ်။ အစိုးရက အချို့ကို လွှတ်ပြီးပေမယ့် ထင်ရှားတဲ့ ခေါင်းဆောင်တစ်ချို့ထောင်ထဲမှာ ရှိနေပါသေးတယ်” ဟု ကွင်တားနားက ပြောသည်။

                ကွင်တားနားသည် ၂၀၀၈ ခုနှစ်က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ပြီးကတည်းက မြန်မာနိုင်ငံသို့ လေးကြိမ် သွား ရောက်ခဲ့သည်။

                ၎င်းက လက်ရှိ တိုင်းရင်းသားများ ကြုံတွေ့နေရသည့် လူမျိုးရေး ခွဲခြားဆက်ဆံခံရမှုများကို စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။ အထူးသဖြင့် ရခိုင် ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ်များတွင် ၎င်းတို့၏ ဘာသာစကား သင်ကြားခွင့် မရမှုများနှင့် နိုင်ငံသားအဖြစ် ပေးရန် ငြင်းဆိုခံရမှုများ ရှိကြောင်း ၎င်းက ဆိုသည်။

                တိုင်းရင်းသားနယ်စပ်ဒေသ တင်းမာမှုများ၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပဋိပက္ခများကြောင့် အရပ်သားလူထုအပေါ် တိုက်ခိုက်မှုများ ရှိလာရာ ဥပဒေပြင်ပ သတ်ဖြတ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်း၊ ကလေးစစ်သားစုဆောင်းခြင်းနှင့် ဥပဒေပြင်ပ ဖမ်းဆီးထိန်းသိမ်းမှုများ ရှိခဲ့ကြောင်း ကွင်တားနားက မှတ်သားခဲ့ရကြောင်း ဆိုသည်။

                ကွင်တားနားက ပြောကြားရာတွင် အဆိုပါ လူ့အခွင့်အရေးများကို စနစ်တကျ ချိုးဖောက်မှုများကို လွတ်လပ်သော အဖွဲ့တစ်ခုက ဘက်မလိုက်ပဲ စစ်ဆေးမှုပြုလုပ်သင့်ကြောင်း၊ နောက်ထပ် ကျူးလွန်မှုများ မရှိတော့ရန်နှင့် ခံခဲ့ရသောသူများအား ပြန်လည် ပံ့ပိုးပေးမှုများ ပြုလုပ်ပေးနိုင်ရန်ဖြစ်သည်ဟု ဆိုသည်။

*******************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment