Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၃.၁၁.၂၀၁၁

ဘာသာပြန်သတင်းများ (အပိုင်း - ၁)

  1. မြန်မာနိုင်ငံ၏ ဘိန်းစွဲမှုပြဿနာ

(The Diplomat မှ 2nd October, 2011 ရက်စွဲပါ "Burma's Opium Addiction" သတင်းကို ဘာသာပြန်ဆိုသည်။)

  1. ပြည်သူများအကြား အစိုးရကိုမယုံကြည်သည့် ပြဿနာရှိနေကြောင်း တရုတ်သတင်းစာသတိပေးရေးသား

(Reuters မှ 3 Nov 2011 ရက်စွဲပါ China paper warns of crisis of faith among the people သတင်းကို ဘာသာ ပြန်ဆိုပါသည်)

  1. အာဆီယံတွင် ပိုမိုတက်ကြွသော ကဏ္ဍမှ ပါဝင်သင့်ဟု မဟာသီယာက မြန်မာကို တိုက်တွန်း

(2 November 2011 ရက်စွဲပါ  bernama.com မှ Amer Hamzah md Sap ရေးသားသော Play More Active Role in Asean, Tun M urges Myanmar ကို ဘာသာပြန်ပါသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံ၏ ဘိန်းစွဲမှုပြဿနာ

(The Diplomat မှ 2nd October, 2011 ရက်စွဲပါ "Burma's Opium Addiction" သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်တိုင်းရင်းသားတို့၏ ဌာနေတွင် ဘိန်းစိုက်ပျိုးမှု ကြီးထွားလျက် ရှိသည်။ ထိုအချက်ကို Plaung Women's Organization မှ ယခင်လက ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ အမှန်စင်စစ် ဒေသအာဏာပိုင်များသည် ထိုပြဿနာကို သိရုံသာမကဘဲ ဒေသတွင်း ဘိန်းကုန်သွယ်မှုကို ထိထိရောက်ရောက် အကာအကွယ်ပေးကာ အားပေးမြှင့်တင်လျက် ရှိသည်။

နမ့်ခမ်းမြို့နယ်အတွင်း ၁၅ ရွာရှိ ဘိန်းစိုက်ပျိုးမှုသည် လွန်ခဲ့သော ၂ နှစ်အတွင်း ၇၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု PWO အုပ်စုက အစီရင်ခံ တင်ပြထားသည်။ အဆိုပါဒေသတွင် ၂၀၀၈ ခုနှစ်က ဘိန်းစိုက်ဧရိယာ ၆၁၇ ဟက်တာမျှသာ ရှိရာမှ ယခုနှစ်တွင် ၁၁၀၉ ဟက်တာသို့ တိုးပွားလာသည်ဟု မျှော်လင့်ရပါသည်။ ယခင်က ဘိန်းစိုက်ပျိုးခြင်း မရှိခဲ့သော ၁၂ ရွာခန့်သည်လည်း ၂၀၀၉ ခုနှစ်မှ စတင်စိုက်ပျိုးလာခဲ့သည်ဟု ဆိုသည်။

ပလောင်အသိုင်းအဝိုင်းအတွင်း မူးယစ်ဆေးစွဲမှု ပြဿနာသည်လည်း ပိုမိုဆိုးရွားလျက်ရှိသည်။ ကျေးရွာတစ်ရွာတွင် အသက် ၁၅နှစ် အထက် ယောင်္ကျားလေးများ၏ ၉၁ ရာခိုင်နှုန်းမှာ မူးယစ်ဆေးစွဲနေသည်ကို PNO အုပ်စုကို တွေ့ရှိခဲ့ပါသည်။ ယင်းသို့ မူးယစ်ဆေးစွဲမှုသည် အိမ်တွင်းရေး ပြဿနာ အပါအဝင် ရာဇဝတ်မှုများကို ပိုမိုဖြစ်ပွားစေလျက်ရှိပါသည်။

ယင်းသို့ ဒေသတွင်း ဘိန်းစီးပွားရေးလုပ်ငန်း ပြန်လည်အသက်ဝင် ရှင်သန်လာခြင်းအတွက် ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရကို PWO အုပ်စုက အပြစ်တင်လိုက်ပြီး ဒေသခံလွှတ်တော်အမတ်ကိုလည်း ဒေသတွင်း ဘိန်းစီးပွားရေး လုပ်ငန်းအား အဓိကကာကွယ်ပေးနေသူဟု စွပ်စွဲထားသည်။ ယခင် ပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်က သူ့အားမဲထည့်ပါက အဟန့်အတားမရှိ ၅ နှစ် ဘိန်းစိုက်ခွင့်ရမည်ဟု နမ့်ခမ်းမဲဆန္ဒရှင်များ ပြောကြားစည်းရုံး ခဲ့ကြောင်း ရွာသားတစ်ဦးက ထုတ် ဖော် ပြောဆိုခြင်းကို PWO အုပ်စုက ကိုးကားတင်ပြထားခြင်းဖြစ်သည်။

ဦးကျော်မြင့်သည် မနှစ်က ရွေးကောက်ပွဲတွင် တပ်မတော်အစိုးရကိုယ်စားပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ အမတ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ပလောင်တောင်သူများသည် မူလက လက်ဖက်စိုက်ပျိုးသူများဖြစ်သော်လည်း တပ်မတော်အစိုးရ ကြီးမားစွာ ထိန်းချုပ်ထားသော လက်ဖက် စီးပွားရေးလုပ်ငန်း ကျဆင်းလာမှုကြောင့် ၎င်းတို့ဘဝ ရှင်သန်နိုင်ရေးအတွက် ဘိန်းကို မဖြစ်မနေ ပြောင်းလဲစိုက်ပျိုးကြရခြင်း ဖြစ်သည်။ ထိုအတောအတွင်း ဘိန်းစိုက်ပျိုးမှု ကြံ့ကြံ့ခံ ရှင်သန်နိုင်ရခြင်းမှာ နိုင်ငံရေးသမားများ၊ စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များက အခွန်များ၊ ဆက်ကြေးများ ကြီးကြီးမားမား ကောက်ယူ ကာ ခွင့်ပြုထားခြင်းကြောင့် ဖြစ်သည်။

ထိုဒေသခံ လွှတ်တော်အမတ်၏ တရားမဝင် မူးယစ်ဆေးဝါးကိစ္စများကို ဗဟိုအစိုးရက ခွင့်ပြုထားခြင်းမှာ တိုင်းရင်းသား သူပုန်များအား နှိမ်နင်းသည့် စစ်ဆင်ရေးတွင် အပြန်အလှန် အကူအညီရရှိရန် ဖြစ်သည်ဟု PWO အုပ်စုက ယုံကြည်လျက် ရှိသည်။ ပဋိပက္ခပြဿနာများ ဖိစီးနေသော ရှမ်းပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့် အာဏာအကြား ဆက်စပ်ပတ်သက်မှုများကို ဤကိစ္စက မီးမောင်းထိုးပြနေသည်ဟု ၎င်းအုပ်စုက ပြောကြားသည်။

မြန်မာအစိုးရသည် တိုင်းရင်းသား တော်လှန်ရေးကို ဖိနှိပ်နှိမ်နင်းရာတွင် ဒေသခံပြည်သူ့စစ်များအပါအဝင် တပ်မတော် အဖွဲ့အစည်းအပေါ်တွင် မှီခိုရန် လိုအပ်ကြောင်းနှင့် အစိုးရနောက်လိုက်ပြည်သူ့စစ်များ၊ လက်နက်ကိုင်အုပ်စုများ ဘိန်းကုန်ကူးမှုဖြင့် အသက်ရှင်နေခြင်းကို ခွင့်ပြုထားကြောင်း ၎င်းတို့က ဆက်လက်ပြောဆိုသည်။

မြန်မာအစိုးရ တင်ပြသော ကိန်းဂဏန်းများကိုသာ အခြေပြုလျက်ရှိသော ကုလသမ္မဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုခင်းဌာန UNODC အနေဖြင့် မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးအခြေအနေကို ပိုမိုလွတ်လပ်စွာ လေ့လာမှုပြုလုပ်ရန် ယခု ပြည်နယ်တစ်ခုထဲသာ လေ့လာထားသော PWO နောက်ဆုံး အစီရင်ခံစာက လှုံ့ဆော်ပေးနိုင်ပါလိမ့်မည်။ UNODC သည် အစိုးရ၏ ကိန်းဂဏန်းများကိုသာ မှီခိုအားထားနေခြင်းကြောင့် ပကတိ အခြေအနေကို မမြင်နိုင်တော့ဘဲ ပိုမိုဆိုးရွားလာနေသော မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းရာတွင် စွမ်းရည်ကျဆင်းလာလျက်ရှိသည်။

မြန်မာအစိုးရသည် အနိမ့်ဆုံးအနေနှင့် ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများကို စုံစမ်းစစ်ဆေးသင့်ပါသည်။ ထို့အပြင် ဘိန်းစီးပွား လုပ်ငန်းကို ကာကွယ်ပေးမှုအတွက် အပြစ်ရှိသော စစ်ဖက်၊နယ်ဖက် တာဝန်ရှိသူ အရာရှိများကို အရေးယူရန် အဆင်သင့်ရှိနေရမည့်အပြင် ဘိန်းစိုက် တောင်သူများ ဘိန်းအစားထိုးသီး နှံစိုက်ပျိုးခြင်းကို အားပေးမြှင့်တင်ရန် လိုအပ်နေပါသည်။

ယခုအခါ မူးယစ်ဆေးဝါးလက်သည်တရားခံ မိစ္ဆာများအား မျက်စိမှိတ် မသိချင်ယောင်ဆောင်ခြင်းအစား လူ့အဖွဲ့အစည်းအတွင်း အန္တရာယ် ကြီးသော မူးယစ်ဆေးဝါးပြဿနာကို တိုက်ဖျက်ရန်အတွက် လူငယ်ထုပစ်မှတ်ထား စီမံချက်များကို တာဝန်သိသိဖြင့် ဆောင်ရွက်သင့်သည့် အချိန်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တင်ပြလိုက်သည်။

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူများအကြား အစိုးရကိုမယုံကြည်သည့် ပြဿနာရှိနေကြောင်း တရုတ်သတင်းစာသတိပေးရေးသား

(Reuters မှ 3 Nov 2011 ရက်စွဲပါ China paper warns of crisis of faith among the people သတင်းကို ဘာသာ ပြန်ဆိုသည်)

တရုတ်အစိုးရသည် တရုတ်ပြည်သူများအကြား ယုံကြည်မှုမရှိသည့် ပြဿနာကို ရင်ဆိုင်နေရသည်ဟု ထိပ်တန်း နိုင်ငံပိုင်သတင်းစာ တစ်စောင်က ကြာသပတေးနေ့တွင် သတိပေးလိုက်ပြီး ကြီးထွားလာနေသော မကျေနပ်ချက်များကို ရင်ဆိုင်ရာတွင် ယုံကြည်မှုရအောင် လုပ်ဆောင်ကြရန် တိုက်တွန်း လိုက်ပါသည်။

အဓမ္မ အဆောက်အဦး ဖျက်သိမ်းမှုများ၊ အဂတိလိုက်စာမှုများအပေါ် ပြည်သူတို့၏ ဒေါသထွက်မှုများက ဆန္ဒပြမှုများကို ဖြစ်ပေါ်အောင် လမ်းကြောင်းပေးသလိုဖြစ်နေပြီး တစ်ပါတီစနစ်ကို ကာကွယ်ကာ မျိုးဆက်သစ် ခေါင်းဆောင်များထံ ချောချောမွေ့မွေ့ အာဏာလွဲပြောင်းပေးနိုင်ရန် ဆုံးဖြတ်ထားသော လက်ရှိခေါင်းဆောင်များအား စိုးရိမ်ပူပန်စေလျက် ရှိသည်။

တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ အာဘော် People’s Daily သတင်းစာ၏ အယ်ဒီတာအာဘော်တွင် ယင်းသို့ သတိပေး တိုက်တွန်း ထားခြင်း ဖြစ်သည်။ ယင်းကဲ့သို့သော အယ်ဒီတာအာဘော်တွင် အစိုးရ၏ မူဝါဒထုတ်ပြန်မှုနှင့် ပတ်သက်ခြင်းမရှိသော်လည်း အစိုးရ၏ စိုးရိမ်ပူပန်မှုကို ထင်ဟပ်လျက် ရှိသည်။

ပါတီေါင်းဆောင်များနှင့် ပြည်သူလူထုအကြား ဆက်ဆံရေးတွင် ယုံကြည်မှုဆိုင်ရာ ပြဿနာပေါ်နေခြင်းကို ကျွန်ုပ်တို့ အထူးသတိပြု ရလိမ့်မည်ဟု အယ်ဒီတာအာဘော်က ဆိုပါသည်။ အကယ်၍ မယုံကြည်မှုနက်ရှိုင်း သွားပါက လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဟာမိုနီဖြစ်မှု၊ တည်ငြိမ်မှုတို့အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်လာစေ လိမ့်မည်ဟုလည်း ရေး သားထားသည်။

-----------------------------------------------------------------------------------------------------------------------------------

အာဆီယံတွင် ပိုမိုတက်ကြွသော ကဏ္ဍမှ ပါဝင်သင့်ဟု မဟာသီယာက မြန်မာကို တိုက်တွန်း

(2 November 2011 ရက်စွဲပါ bernama.com မှ Amer Hamzah md Sap ရေးသားသော Play More Active Role in Asean, Tun M urges Myanmar ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာကြီးဆန်လာမှုကြောင့် ထွက်ပေါ်လာသော ပြဿနာများကို ကြိုးပမ်းကိုင် တွယ်နိုင်ရန် အာဆီယံတွင် ယခုထက်ပို၍ တက်ကြွသော ကဏ္ဍမှ ပါဝင်သင့်ကြောင်း မလေးရှားဝန်ကြီးချုပ် ဟောင်း Tun Dr Mahathir Mohamad က ပြောကြားခဲ့ပါသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မိမိတို့၏ အကျိုးစီးပွားများကိုပြောရာတွင် တစ်သံတည်းထွက်မှသာ ပိုမိုအောင် မြင်နိုင်မည်ဟု ၎င်းက ပြောပါသည်။

“အတူတကွဖြစ်မှသာ၊ ဒေသတွင်းမှာ ကျွန်တော်တို့ကြီးထွားနိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ဗုဒ္ဓဟူးနေ့က ရန်ကုန်တွင် မလေးရှား၏ ဂလိုဘယ် လိုက်ဇေးရှင်းနှင့် ဘစ်ဘရယ်လိုက်ဇေးရှင်း အတွေ့အကြုံကို ဟောပြောစဉ် ထည့်သွင်းပြောကြားခဲ့ပါသည်။

အဆိုပါဟောပြောပွဲကို Federal Land Development Authority (FELDA) နှင့် မလေးရှားစားအုန်းဆီ ကောင်စီ (MPOC) တို့မှ ကြီးမှူး၍ မြန်မာနိုင်ငံ UMFCCI နှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်ပါသည်။

၎င်းက ပြောကြားရာတွင် ကမ္ဘာကြီးနှင့် တသားတည်းဖြစ်လာမှုကြောင့် ဆွေးနွေးစရာ အိုင်ဒီယာများ ပါရှိလာပြီး၊ အခြားတိုင်းပြည်တစ်ခုတွင် ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာများကို အလွယ်တကူထိတွေ့နိုင်သည့် ပံပိုးမှုများ ရှိလာသည်ဟု ဆိုပါသည်။ သို့သော် အဆိုပါ အသစ်များကို လက်ခံရရှိသော တိုင်းပြည်အဖို့ အကျိုးရှိ မရှိကိုမူ မေးခွန်းထုတ်ရမည်ဖြစ်ကြောင်း ဆိုပါသည်။

“ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာမယ်ဆိုရင် လက်ခံရရှိတဲ့ နိုင်ငံအဖို့ ဝင်ငွေရလမ်းတွေ ဖန်တီးပေးနိုင်လို့ ကောင်းပါတယ်။ ဒါပေမယ့် ငွေတွေဟာ စကော့ဈေးကွက်ထဲကိုပဲ စီးဝင်သွားမယ်ဆိုရင်တော့ ဒီတန်ဖိုးဟာ ကုမ္ပဏီရဲ့ လုပ်ဆောင်မှုနဲ့ဘာမှ မဆိုင်ပါဘူး”ဟု ၎င်းက ပြောပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်းသည် မိမိတို့တိုင်းပြည်ထုတ်ကုန်များကို ပိုမိုကြီးမားသော ဈေးကွက်ဖြစ်စေသည့် တချိန်တည်းမှာပင် အနုတ်လက္ခဏာ ဆောင်သော သက်ရောက်မှုများရှိရာ၊ အနောက်နိုင်ငံများမှ အားပေးမှုအချို့ကို ပယ်ချ၍ ပြန်လည်သုံးသပ်သင့်ကြောင်း ဆိုပါသည်။

အစောပိုင်းက ၎င်းသည် MOU လေးခု ရေးထိုးမှုအား တက်ရောက်ခဲ့ပါသည်။

ပထမ MOU မှာ Myanmar Corobiz Travel and Tours Co Ltd ဥက္ကဌ Aung Soe Har နှင့် Felda Travel and Tours အမှုဆောင် အရာရှိချုပ် S.Andrew Fransis တို့ မြန်မာနိုင်ငံ ခရီးသွားကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်ရန် လက်ရေးထိုးခြင်း ဖြစ်ပါသည်။

ဒုတိယ MOU မှာ  Delima Oil Products Sdn Bhd အမှုဆောင် အရာရှိချုပ် Zakaria Arshad နှင့် Golden Land East Asia Development Ltd မန်နေးဂျင်း ဒါရိုက်တာ ငြိမ်းအောင်တို့ Saji တံဆိပ် စားသုံးဆီ မြန်မာနိုင်ငံတွင် ဖြန့်ဖြူးရေး အတွက် လက်မှတ်ရေးထိုး ခဲ့ပါသည်။

Zakaria သည် ၎င်း၏ ကုမ္ပဏီကိုယ်စား Grand Wynn အင်တာပရိုက် ဥက္ကဋ္ဌလှဝင်နှင့် မြန်မာနိုင်ငံတွင် လူသုံးရန် ကုန်ပစ္စည်းများ ဖြန့်ဖြူရေး စာချုပ်လက်မှတ် ရေးထိုးခဲ့ပါသည်။

စတုတ္ထ MOU မှာ Felda Vegetables Oil Products Sdn Bhd အမှုဆောင်အရာရှိချုပ် Wan Mohamad Zain Wan Ismail နှင့် ထူး ကုမ္ပဏီများ အုပ်စု မန်နေးဂျင်းဒါရိုက်တာ ကျော်သီဟတို့ ရာဘာနှင့် စားအုန်းဆီထုတ်လုပ်မှုနှင့် ခရီးသွားကဏ္ဍ ပူးပေါင်ဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ပါသည်။

မဟာသီယာသည် Felda? MPOC နှင့် UMFCCI တို့ ပူးပေါင်းကျင်းပသော ပြပွဲသို့ သွားရောက်ခဲ့ပါသည်။

၎င်းတို့နှင့်အတူ ၎င်း၏အမျိုးသမီး Tun Dr Siti Hasmah Mond Ali ၊ Felda ဥက္ကဋ္ဌ Tan Sri Mohd Isa Samad ၊ MPOC အမှုဆောင်အရာရှိချုပ် Tan Sri Datuk Dr Yusof Basiron နှင့် UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်တို့ လိုက်ပါခဲ့သည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment