Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၅.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သဘောထားကြီးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး

************************************************************************************

ဆောင်းပါးကဏ္ဍ

သဘောထားကြီးမှု၊ ဖွံ့ဖြိုးတိုးတက်ရေး နှင့် ငြိမ်းချမ်းရေး

“ဘာပဲပြောပြော သူပုန်က သူပုန်ပဲလေဆရာ၊ သူတို့သာ လူမျိုးစုတွေအတွက် တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေဆိုရင် ဘာလို့ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို နှိပ်စက်နေတာလဲ၊ တော်လှန်ရေးသမားမဟုတ်ဘူး သူပုန်ပဲ”

အထက်ပါအတိုင်း ဆိုလာသူက ရှမ်းတိုင်းရင်းသား လူငယ်လေးတစ်ဦးဖြစ်ပါသည်။ တိုင်းရင်းသားလူငယ်တစ်ဦးက ထိုသို့ဆိုလာသဖြင့် ကျွန်တော် များစွာ အံ့သြရသည်။  ကျွန်တော်ကြုံဖူးသော တိုင်းရင်းသားများ အထူးသဖြင့် ရှမ်းတိုင်းရင်းသားများသည် “ ငါတို့ ရှမ်းစစ်တပ် ၊ သူတို့ ဗမာစစ်သား” ဟု ပြောဆိုသုံးနှုန်းကြသည်က များသည်။

အဘယ့်ကြောင့် ထိုသို့မိမိလူမျိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို သူပုန်ဟု ထင်မြင်ရသနည်းဟု ကျွန်တော်ကပြန်မေးရာ သူက အောက်ပါ အတိုင်း ဖြေကြားပါသည်။

“ဆရာစဉ်းစားကြည့်ပါ၊ သူတို့က တိုင်းရင်းသားတွေအတွက် ဗမာအစိုးရကို တိုက်နေရတယ်၊ ပြောရရင် ရှမ်းလူမျိုး အတွက် အလုပ်လုပ်နေရလို့ သူတို့ကို ရန်ပုံငွေပေးရမယ်လို့ ပြောတယ်၊ အဲ့ဒါနဲ့ ကိုယ့်ရှမ်းအချင်းချင်း  ပြန်ပေးဆွဲတယ် သိန်းတစ်ရာပေးမှ ပြန်လွှတ်မယ်လို့ ပြောလို့ သိန်းတစ်ရာ ပေးခဲ့ရတယ်၊ ဒါက တစ်ခုပဲရှိသေးတယ်၊ ဒါမျိုးတွေ ခဏခဏ ဖြစ်တယ်”

“ကိုယ့်လူမျိုးစုအတွက် ကိုယ့်ပြည်နယ်အတွက် လုပ်တယ်ဆိုရင်လဲ သူတို့လုပ်ပေးတာ တစ်ခုမှ မရှိသေးဘူး၊ ရှမ်းပြည်လဲ ပြန်မရသေးဘူး၊ ပြည်ထောင်စုထဲမှာလည်း ကောင်းကောင်းမနေရဘူး၊ သူတို့ကရော ဘာလုပ်နေလို့လဲ၊ ဗမာစစ်တပ်ကို တိုက်နေတာမှ မဟုတ်တာ၊ ဗမာစစ်တပ်က သူတို့ကို မတိုက်ရင် ပြန်မတိုက်ဘူး၊ ခေါင်းဆောင်တွေဆိုတာကလည်း ဇိမ်နဲ့နှပ်နေတာများတယ်၊ တကယ်ကို ရှမ်းပြည်လွတ်လပ် ရေးရချင်ရင် ရှမ်းပြည်ထဲက မြို့ကြီးတွေ ရအောင်သိမ်းလေ၊ လူထုထောက်ခံမှုတွေ ရအောင်ယူလေ၊ သတ္တိရှိရင် လွတ်လပ်ရေး ကြေညာပစ်လိုက်စမ်းပါ၊ တီမောတို့၊ တောင်ပိုင်း ဆူဒန်တို့ ဒီလိုလုပ်ခဲ့တာပဲ၊ သူတို့မှာ အဲ့လိုအတွေးအခေါ်မျိုး ရှိဖူးလို့လား”

တိုင်းရင်းသားလူငယ်သည် စကားကို အားမာန်အပြည့်နှင့်ပြောဆိုနေပါသည်။ ခံပြင်းသံဖြင့် မေးကြောကြီးများ ထောင်နေအောင် ပြောနေသည်။ သူ၏ စကားထဲက တီမော၊ တောင်ပိုင်းဆူဒန်စသည့် နိုင်ငံများအကြောင်းကို သတိထား မိသဖြင့် ကျွန်တော်ပို၍ အံ့သြရသည်။ ရှမ်းပြည်အရှေ့ပိုင်းက ကြေးရတတ်မိသားစုတွေက ပေါက်ဖွားသည့် လူငယ်တွေက ရန်ကုန်၊မန္တလေးမြို့ကြီးတွေမှာ ပညာသင်ရင်း အောင်မြင်ပေါက်မြောက်သွားကြသည်။  ဝေးလံခေါင်းပါးသော ဒေသဖြစ်သော်လည်း တစ်ဖက်နိုင်ငံနှင့်နီးသဖြင့် ပညာဆက်လက်မသင်ကြားလိုသော လူငယ်တွေမှာ စီးပွားရေးထဲ ရောက်သွားကြ သည်က များသည်။ သမာအာဇီဝရော၊ မသမာ အာဇီဝရော အမျိုးမျိုးဖြစ်သည်။ ငွေရှာရလွယ်သလို ငွေဖြုန်းရတာလဲ လွယ်သဖြင့် လမ်းမှား ရောက်သွား သည့် လူငယ်တွေကလည်း မနည်းပေ။ သို့သော် ထိုလူငယ်လေးက ပြောသော တီမောတို့၊ တောင်ပိုင်းဆူဒန်တို့ဆိုသည့် စကားတွေက သူ့အရပ်နှင့်စာလျှင် အနည်းငယ် မြင့်လွန်းနေသည်ဟု ဆိုနိုင်သည်။ သူတို့ဒေသတွင် ကမ္ဘာကြီး၏ အဖြစ်အပျက်တွေနှင့် ပတ်သက်ပြီး သိသူ၊ လေ့လာလိုက်စားသူ နည်းလွန်းလှသည်။ ထပ်ပြီးမြင်ရသည်မှာ လွတ်လပ်ရေးအတွက် သေနတ်နှင့်တိုက်ယူရသည်ဆိုသည်ထက် တဆင့်တက်၍ တွေးခေါ်နိုင်သော သူ၏အမြင် ဖြစ်သည်။ ထို့ပြင် တိုင်းရင်းသားလက်နက်ကိုင်များ၏ တော်လှန်ရေးလမ်းစဉ်မှာ အလုပ်မဖြစ်ဆိုသည့်ကိစ္စကို ရှင်းရှင်းလင်းလင်း သုံးသပ်နိုင်ခြင်းဖြစ်သည်။

                ကျွန်တော်က ရှမ်းပြည်ကို လွတ်လပ်သော ရှမ်းနိုင်ငံအဖြစ် ထူထောင်ရန်(သို့) ပြည်ထောင်စုထဲတွင်သာ ဆက်လက်နေထိုင်ရန် မည်သည့် အမြင်ကို ပို၍ သဘောကျသနည်းဟု သူ၏ အမြင်ကို မေးကြည့်သည်။

“ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးဆိုတာကတော့ အကောင်းဆုံးပေါ့ဆရာရယ်၊ ဒါပေမယ့် ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဆိုတာကလည်း ရှိသေးတယ်၊ ကျွန်တော်ကတော့ စော်ဘွားစနစ်ကြီး ပျက်သွားအောင်လုပ်ပေးတဲ့ မြန်မာအစိုးရကိုပဲ ကျေးဇူးတင်မိတယ်၊ ရှမ်းပြည်က နိုင်ငံတစ်ခုအဖြစ် ရှိနေတော့ရော တစ်ကနေ ပြန်စရမှာပဲ၊ ကျွန်တော်တို့လူမျိုးထဲမှာ ပြည်နယ်နဲ့ ယှဉ်လိုက်ရင် ပညာတတ်ဦးရေက နည်းပါတယ်။ အဲ့ဒီပညာတတ်တွေ ကိုမေးကြည့်ရင် ပြည်ထောင်စုထဲမှာ နေရတာ ပိုကောင်းတယ်လို့ ဖြေမယ့်သူများမယ်ထင်တယ် ဆရာ၊ ကျွန်တော့်အမြင်ပြောရရင် ရှမ်းပြည်ကသီးခြားနိုင်ငံသာဆို တရုတ်က များများ၊ ယိုးဒယားက နဲနဲစီ ဖဲ့ယူသွားလိမ့်မယ်၊ အခုရှမ်းပြည်မြောက်ပိုင်းဆိုရင် တရုတ်ပြည်နီးပါး ဖြစ်သွားပြီလေ ကျွန်တော်ကတော့ ပြည်ထောင်စုစနစ်ပဲ ကြိုက်တယ်”

ထိုသို့ဆိုလျှင် ၎င်းအနေဖြင့် မြန်မာအစိုးရလိုလားသူလားဟု ကျွန်တော်က သွေးတိုးစမ်းမေးလိုက်ရာ သူက အောက်ပါအတိုင်း ပြန်ဖြေသည်။

“ကျွန်တော်က မြန်မာဆိုတဲ့ ပြည်ထောင်စုနိုင်ငံကို လိုချင်မှတော့ မြန်မာအစိုးရဆိုတာကိုပဲ လိုလားတာပေါ့ဗျာ၊ ပြည်ထောင်စုမြန်မာ နိုင်ငံပါဆိုမှ ဘယ်က အင်္ဂလိပ်အစိုးရ၊ အမေရိကန်အစိုးရ၊ တရုတ်အစိုးရကို သွားပြီးလိုလားလို့ ဖြစ်ပါ့မလဲ၊ ဒါပေမယ့် ကျွန်တော် ဒီလိုထင်နေလို့ လက်ရှိ မြန်မာအစိုးရနဲ့ အရင်က စစ်အစိုးရကိုထောက်ခံနေတယ်လို့ ထင်ရင်တော့မှားလိမ့်မယ်၊ သူတို့မှာလည်း မှားယွင်းတာတွေ၊ စေတနာမကောင်းခဲ့တာတွေ အများကြီး ရှိတယ်ဗျ။ ပြောရရင် မြန်မာအစိုးရလဲ ကောင်းတယ်လို့ မပြောချင်ဘူး”

ကျွန်တော်နည်းနည်း စိတ်ပါလာသည်။ သူဆိုလိုချင်သည်ကိုလည်း သဘောပေါက်သလိုလို ရှိလာသည်။ မြန်မာအစိုးရအပေါ် သူ၏ အမြင်ကို မေးကြည့်မိသည်။

ထိုလူငယ်က “အခုန တိုင်းရင်းသား လက်နက်ကိုင်တွေက ရှမ်းလူမျိုးတစ်ယောက်ကို  သိန်းတစ်ရာနဲ့ ပြန်ပေးဆွဲ သွားတဲ့ကိစ္စဗျာ၊ အဲ့ဒါ ကျွန်တော်တို့က နယ်မြေခံရဲစခန်းကို သွားတိုင်ပါတယ်၊ စစ်ကြောင်းကိုလည်း သွားအကြောင်းကြားတယ်၊ ရဲကလည်း လိုက်မဖမ်းရဲဘူး၊ စစ်ကြောင်း ကလည်း တောနင်းရှာမပေးဘူး၊ အဲ့ဒါနဲ့ပဲ သိန်းတစ်ရာ ပေးလိုက်ရတယ် ဆိုပါတော့၊ အဲ့လို ကိုယ့်ဟာကိုယ်ရွေးယူပြီး ပြန်လဲလွတ်လာရော အိမ်တောင် ပြန်မရောက်သေးဘူး စစ်ကြောင်းကလာပြီး သူပုန်ကို သိန်းတစ်ရာ ထောက်ပံ့တဲ့အမှုနဲ့ဆိုပြီး ပြန်ဖမ်းသွားတာ နောက်ထပ် သိန်းတစ်ရာ ကုန်သွားတာပဲ အဖတ်တင်တယ်၊ အမှန်တော့ သူပုန်ရော စစ်တပ်ရော လုပ်စားနေတာ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေက ကြားထဲက မြေဇာပင် ဖြစ် နေတာ” ဟု ပြန်ပြောပါသည်။

မြန်မာစစ်တပ်တွေက တိုင်းရင်းသားကျေးရွာတွေကို မီးရှို့ခြင်း၊ တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ခြင်း၊ ရွာသူရွာသားတွေကို အကြောင်းမဲ့ သတ်ဖြတ်ခြင်းဆိုသည့် ကိစ္စတွေ ရှိနေသည်ဟူသည့် သတင်းများနှင့် ပတ်သက်၍ မေးကြည့်ရာ အောက်ပါအတိုင်း ပြန်ဖြေသည်။

“ဒါကတော့ မြန်မာအစိုးရကို သိက္ခာချချင်တယ်ဆိုတော့ မြန်မာစစ်တပ်တွေရဲ့ မကောင်းကြောင်းကို လူသိအောင် လုပ်ရတာပေါ့၊ ဒါအမှန်ပါပဲ မြန်မာစစ်တပ်တွေက အဲ့ဒီလို စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်၊ ကျွန်တော်တို့လဲ အမြင်ပဲ၊ ဒါပေမယ့် ကျန်သေးတယ်၊ တိုင်းရင်းသား လက်နက်ကိုင် တွေလဲ အဲ့ဒီကိစ္စတွေ ကျူးလွန်နေတာပဲလေ၊ ဗမာပဲနေနေ ရှမ်းပဲနေနေ စစ်သားက စစ်သားပဲ၊ အသက်ကို ဖက်ရွက်လောက် သဘောထားရတာ ရှိတယ်၊ ဒီတော့ မသေခင် ငါလုပ်ချင်တာ လုပ်မယ်ဆိုတဲ့အတွေးရှိတယ်၊ အရက်နဲ့ မိန်းမကိစ္စကတော့ စစ်သားမှန် သမျှ ကြိုက်တဲ့ကိစ္စပဲဗျာ။ ဒါက တစ်ချက်”

“စစ်တိုက်တယ်ဆိုလို့ ရုပ်ရှင်တွေထဲကလို ယူနီဖောင်းနဲ့ တိုက်တယ်များ ဆရာထင်နေလား၊ အစိုးရ စစ်တပ်ကို ချုံခိုတိုက်ချင်ရင် ရွာသားယောင် ဆောင်ပြီး ရွာထဲမှာပုန်းပြီး တိုက်ရတယ်၊ ရွာထဲမှာလည်း အရပ်ဝတ်နဲ့ ထောက်လှမ်းရေး သတင်းပေးချထားရတယ်၊ ဒီတော့ မြန်မာစစ်တပ်က သူတို့ ချုံခိုတိုက်ခံရပြီဆိုရင် ရွာလူထုကို ရမ်းတော့ပဲ၊ မြန်မာစစ်တပ်ကို ကြောက်ပြီး သူပုန်ကို သတင်းမပေးမိလို့ သူပုန်တွေ အထိနာရင် ရွာလူထုကို မဲတော့တာပဲ၊ ဒါကတစ်ချက် နှစ်ချက်ပေါ့ဗျာ၊ ကျွန်တော်ပြောသလိုပဲ ဗမာပဲနေနေ ရှမ်းပဲနေနေ လက်ထဲမှာ သေနတ်လေးလဲရှိ၊ ဒေါသလေးလဲ ထွက်တတ်ရင် အားလုံးက ကြမ်းတမ်းကုန်တာပါပဲ”

အစွဲကင်းကင်းဖြင့် သူသုံးသပ်ပြပုံကို ကျွန်တော်လေးစားမိပါသည်။ သူဆိုလိုချင်သည်မှာ စစ်ပွဲတွေဖြစ်နေသမျှ လက်နက်ကိုင်တွေ၏ ဒေါသကြောင့် ကြားထဲက ပြည်သူလူထုသာ အထိနာနေရသည်ဟူ၍ ဖြစ်သည်။ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်နေကြသည့်အပေါ် မည်သို့မြင်ပါသလဲဟု မေးကြည့်ရာ အောက်ပါအတိုင်းဖြေပါသည်။

“ငြိမ်းချမ်းရေးဆိုတာ လူတိုင်းလိုချင်တာပါ။ ဒါပေမယ့် အစိုးရပြောတဲ့ ငြိမ်းချမ်းရေးမဟုတ်သလို သူပုန်တွေပြောတဲ့ ငြိမ်းချမ်းရေးလဲ မဟုတ်ဘူး၊ လူတွေလိုချင်တာက အေးအေးချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်လို့ရမယ့်၊ ပညာသင်ကြားလို့ရမယ့် အပြီးသတ်ငြိမ်းချမ်းရေးကို လိုချင်တာ၊ သေနတ်သံ၊ ဗုံးသံတွေဆိုတာ ဂီတသံမှ မဟုတ်တာဗျာ၊ ဒါတွေ မလိုချင်ဘူး၊ အေးချမ်းတဲ့ဘဝပဲလိုချင်တာ၊ မြန်မာအစိုးရကိုလည်း စေတနာမှန်ပါ၊ သူပုန်တွေလဲ ကိုယ့်အခြေအနေကိုယ်နားလည်ပါလို့ တောင်းပန်ချင်တယ်၊ စစ်မှန်တဲ့ ပြည်ထောင်စုကို လိုလားတယ်ဆိုတဲ့ သူပုန်တွေ စစ်မှန်တဲ့ပြည်ထောင်စုဖြစ်အောင် ရွေးကောက်ပွဲဝင်ကြပါလား၊ ဘယ်ဝင်မလဲ သေနတ်မရှိရင် အာဏာမရှိဘူးလို့ ထင်နေတာကိုး၊ ပြည်ခိုင်ဖြိုးထဲဝင်ရလို့လဲ ဘာမှ မဖြစ်ဘူး၊ လောလောဆယ် ပြည်ခိုင်ဖြိုးက ရှမ်းတိုင်းရင်းသားပဲ ဒုသမ္မတ ဖြစ်သွားပြီ၊ အဓိက ဗမာပါတီ တိုင်းရင်းသားပါတီထက် ကိုယ့်တိုင်းရင်းသား အရေးကိုလုပ်ခွင့်ရဖို့ အဓိကပဲ၊ မြန်မာအစိုးရကိုလဲ သဘောထားကြီးစေချင်တယ်၊ တိုင်းရင်းသား ပြည်နယ်ထဲမှာ ဗမာပါတီလာထောင်တာ ပြဿနာမဟုတ်ဘူး၊ ဗမာအမတ်တွေ ရှိနေတာလည်း ပြဿနာမဟုတ်ဘူး၊ အဓိက တိုင်းရင်းသားပြည်နယ်တွေကို စေတနာထားဖို့ပဲ၊ ၂၀၀၈ဖွဲ့စည်းပုံထဲက အခွင့်အရေးတွေကိုပဲ အရင်ပေး နိုင်အောင် ကြိုးစားဖို့ ပြောချင်တယ်၊ တရုတ်စာသင်ရင် မဖမ်းဘူး၊ ရှမ်းစာသင်ရင်ဖမ်းမယ် ဆိုတာမျိုးတွေက မကောင်းဘူး၊ အဓိက ရှမ်းပြည် တိုးတက် ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးမယ်ဆိုရင် ဗမာအစိုးရကို တိုင်းရင်းသားတွေ အားကိုးလာမှာပဲ၊ သူပုန်ဆိုတာ အလိုလိုဘေးရောက်သွားလိမ့်မယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ဖွံ့ဖြိုးရေးကိုသာ အဓိက လုပ်ပေးစေချင်တယ်၊ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာ သူပုန်ချိုးဖောက်တာက ဥပဒေနားမလည်လို့ စစ်သားတွေရဲတွေ ချိုးဖောက်တာက ဥပဒေနားလည်ရဲ့သားနဲ့ ချိုးဖောက်တာဆိုတော့ ပိုပြီးအပြစ်ကြီးတဲ့အတွက် ဒီကိစ္စတွေမှာ အစိုးရဘက်က လေးစားလိုက်နာဖို့  ဒါတွေက အစိုးရ သဘောထားကြီးရမယ့်ကိစ္စပါ”

လူငယ်လေးသည် ရှည်လျားစွာ ပြောလိုက်ရ၍ မောသွားသည်။ ထိုင်ရာမှ ထ၍ ရေတစ်ခွက်ထသောက်သည်။ ကျွန်တော်အားနာသဖြင့် ဆက် မမေးမိတော့ပါ။ ရေသောက်ပြီးပြန်လာသောအခါ သူက စာအုပ်တစ်အုပ်ကို ကောက်ကိုင်ကြည့်နေသည်။ ကျွန်တော်က သူ့ကို ကြည့်ရင်း အတွေးပွား မိသည်။

ဤကဲ့သို့ အတွေးအခေါ်ရှိသော လူငယ်တွေသာ များများရှိလာလျှင် ဟူ၍သာဖြစ်သည်။ ထိုသို့သော အတွေးအခေါ်ရှိသည့် လူငယ်တွေ များများ ထွက်လာရန်မှာ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပင်ဖြစ်သည်။ ပြည်နယ်တွေ ဖွံ့ဖြိုးမှု နှေးကွေးနေရခြင်းမှာ အကြောင်းတရားတွေ များစွာရှိပြီး အစိုးရလည်း တတ်နိုင်သမျှ လုပ်ပေးနေပါသည်။ ဘဏ္ဍာရေး အခြေအနေအရ ပြည်မမှာပင် မဖွံ့ဖြိုးသေးသည့် တိုင်းဒေသကြီးတွေရှိသည်။ ထို့ကြောင့် အစိုးရကချည်း တာဝန်ရှိသည်ဟူ၍ မဆိုသာပါ။  တိုင်းရင်းသားပြည်နယ်တွေကလည်း ကိုယ့်အားကိုယ်ကိုးကြရမည်ဖြစ်သည်။ ထိုသို့ ကိုယ့်အားကိုယ် ကိုးနိုင်အောင်လည်း အခွင့်အရေးတွေရှိရမည် ဖြစ်သည်။ ယခုအထိ တိုင်းဒေသကြီးအစိုးရတွေ ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေထဲက အခွင့်အရေးအတိုင်း မလုပ်ကိုင်နိုင်ကြသေးပါ။ ထိုအခွင့်အရေးရှိလာလျှင် ပြည်နယ်ဖွံ့ဖြိုးရေး ဆိုသည်မှာ အတိုင်းအတာတစ်ရပ်အထိ ဖြစ်လာပါလိမ့်မည်။ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းပေးနိုင်မည့်အရာမှာ လူသားတွေ၏ အတွေးအခေါ်မြင့်မားလာဖို့နှင့် တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ ရှာဖွေ စားသောက်နိုင်ခွင့် ရှိရေးတို့ဖြစ်ပြီး ထိုအရာတွေကို ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကသာ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ရာ ငြိမ်းချမ်းရေး အတွက် ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား၍ လုပ်ဆောင်ခြင်းကသာ အဖြေမှန်ဖြစ်ပါလိမ့်မည်။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment