Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၈.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. စိန်ခေါ်မှုနှစ်ရပ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

************************************************************************************

ဆောင်းပါးကဏ္ဍ

စိန်ခေါ်မှုနှစ်ရပ်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု

ယခုအချိန်အခါတွင် ကမ္ဘာကြီးအား စိန်ခေါ်နေသည့် မြင်သာထင်သာရှိသော (အထူးသဖြင့် မီဒီယာ မျက်နှာ စာတွင် အများဆုံးတွေ့ရသော) စိန်ခေါ်မှုကြီး နှစ်ရပ်မှာ သဘာဝဘေးအန္တရာယ်နှင့် စီးပွားရေး အကျပ်အတည်းတို့ ဖြစ် သည်။ သဘာဝဘေးအန္တရာယ်ဆိုလျှင် တစ်ကမ္ဘာလုံးအနှံ့ နိုင်ငံတော်တော် များများအပေါ် ခြောက်လှန့်လျက် ရှိနေသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း နာဂစ်၊ ဂီရိကဲ့သို့သော သဘာဝ ကပ်ဘေးကို အတော်လေးခံခဲ့ရသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ဆူနာမီငလျင်ဒဏ်ကို အကြီးအကျယ် ခံခဲ့ရပြီး ယခုမြို့တော် ဘန်ကောက်ရေမြုပ်သည် အထိပင် အခြေအနေ ဆိုးရွားလျက်ရှိသည်။

လိပ်ပြာအကျိုးသက်ရောက်မှု

ယင်းသို့သော သဘာဝဘေးအန္တရာယ်များသည် လူသားတို့၏ အသက်ရှင်သန်မှုအပေါ် အခြေခံကျကျ စိန်ခေါ် နေလေပြီ။ ဖြစ်ပေါ်လာတန်ရာ ကပ်ဘေးများအား ကြိုတင်ခန့်မှန်းနိုင်ခြင်းဌာမစွမ်းသာပါ။ ကပ်ဘေးများသည်လည်း လိပ်ပြာ အကျိုးသက်ရောက်မှုလို (butterfly effect) အဖြစ်အပျက်များမှာ ဆက်စပ်မှုမရှိစွာ ပေါ်ပေါက်လျက်ရှိနေသည်။ မြန်မာ စကားပုံတစ်ခုဖြစ်သော ညောင်ဦးကမ်းပါးပြိုတာ စမနဂိုရ်နွားမပေါင်ကျိုး သကဲ့သို့ ဖြစ်နေလေသည်။ သို့သော် ယင်းသို့ ကွင်းဆက်ပျောက်နေသည့် ဖြစ်စဉ်ကြီးကို ကြိုတင်ခန့်မှန်းနိုင်ရန် မဖြစ်နိုင် သော်ငြားလည်း သဘာဝကပ်ဘေး ဖြစ်လာ ခဲ့သော် ထိခိုက်မှုအနည်းဆုံးနှင့် တွက်ခြေအကိုက်ဆုံးဖြစ်အောင် မည်ကဲ့သို့ စီမံခန့်ခွဲမည်ကို ကြိုတင်ပြင်ဆင်နိုင်ပါသည်။

ခရိုနီစီးပွားရေးနှင့် လောဘ

သဘာဝပတ်ဝန်းကျင်ပညာရှင်များရော၊ လှုပ်ရှားတက်ကြွသူများရော သဘာဝ ကပ်ဘေးဖြစ်ရသည်မှာ လူတို့၏ လောဘကြောင့်ဖြစ်သည်ဟု တညီတညွှတ်တည်း ကောက်ချက်ချကြသည်။ ယခုအချိန်အခါတွင် လူတို့၏ လောဘ အရှိန် သည် သဘာဝပတ်ဝန်းကျင် ပျက်စီး ယိုယွင်းစေသည့် အကြောင်းကိစ္စတွင်သာ ကျယ်ကျယ်လောင်လောင် ပြောဆိုနေခြင်း ကို ကျော်၍ ဥရောပ ချေးငွေအကျပ်အတည်း (Debt Crisis) နှင့် အမေရိကန် ဝေါလ်လမ်းမပေါ်ထိပါ ရောက်လာလေပြီ။ ဤနေရာတွင် ပညာရှင်တော်တော်များများ၏ အရင်းရှင် စနစ်၏ တရားကိုယ်များကိုပင် တူးဆွဖော်ထုတ်စဉ်းစား လာကြ သည်။ အရင်းရှင်စနစ် ကိုယ်၌ကိုက မညီမျှမှုကို မွေးထုတ်ပေးနေသလားဟူ၍ပင်ဖြစ်သည်။ ယခု အနောက်နိုင်ငံများရှိ ပြည်သူများ၏ အထူးဝေဖန်နေသည့် အရာမှာလည်း အရင်းရှင်လူတန်းစား ထိပ်ပိုင်းအလွှာ၏ လုပ်ဆောင်ချက်များကိုပင် ဖြစ်သည်။ အစိုးရ၏ စည်းမျဉ်းစည်းကမ်းလျော့ရဲမှုများကြောင့် ယင်းတို့မှာ စီးပွားရေးအကျပ်အတည်းနှင့်ကြုံတွေ့သည့်အခါ ပို၍ ချမ်းသာလာကြလေသည်။ ထိုအတွက်ကြောင့် ဆန္ဒပြကြသူများမှာ ခရိုနီစီးပွားရေးစနစ်ကို ဖြစ်ပေါ်စေသည့် အမေရိကန်အစိုးရ၏ စည်းမျဉ်းစည်းကမ်း လျော့ရဲမှုများကို ဝေဖန်ထောက်ပြ ပြောဆိုနေခြင်း ဖြစ်သည်။

သမ္မတကြီး၏ မိန့်ခွန်းထဲမှာ

ယခင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာလည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် စီးပွားရေးစနစ်မျိုးသာဖြစ် ဖြစ်ခဲ့ပါသည်။ သို့သော် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဟူ၍ ပြောင်းလဲသွားပြီး နေက်ပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စု လွှတ်တော်မိန့်ခွန်းထဲ၌ “ဈေးကွက်စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ အယူအဆအမျိုးမျိုး ရှိကြသလို  လုပ်နည်းလုပ်ဟန်တွေလည်း  ကွဲပြားခြားနား ကြပါတယ်။ အချို့နိုင်ငံတွေမှာ ဈေးကွက်ကို   လုံးဝလွှတ် ထားပေး တာမျိုးရှိသလို အချို့နိုင်ငံတွေမှာတော့ အစိုးရက အတိုင်းအတာ တစ်ခုအထိ ၀င်ပြီး ထိန်းပေးနေရတာ မျိုးတွေလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ အစိုးရက အတိုင်း အတာတစ်ရပ်အထိ ထိန်းသိမ်းပံ့ပိုး ဆောင်ရွက်ပေး တဲ့  ဈေးကွက်စီးပွားရေး စနစ်မျိုးကို ရည်မှန်းပါတယ်။ ၀င်ထိန်းပေးမယ်ဆိုတာလည်း ဈေးကွက်ရဲ့လွတ်လပ်မှုကို ထိန်းချုပ် လိုတဲ့ သဘောမျိုး မဟုတ်ဘဲ အရင်းရှင်၊ ဓနရှင်ကြီးများ၊ အခွင့်ထူးခံများက လက်ဝါးကြီးအုပ် ခြယ်လှယ်တာမျိုး မဖြစ်ရအောင် ထိန်းကျောင်းတည့်မတ် ပေးတာမျိုးကိုသာ ရည်ရွယ်ပါတယ်” ဟူ၍ ပြောကြား သွားခဲ့ပါသည်။ အထက်ပါ မိန့်ခွန်းကောက်နှုတ်ချက်မှာ ခရိုနီစီးပွားရေးစနစ် မဖြစ်ပေါ်အောင်၊ ယှဉ်ပြိုင်မှုကို အခြေခံသည့် ဈေးကွက်စီးပွားရေးစနစ် ဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်သွားမည်ဟု ကတိပေးပြော ကြားလိုက်ခြင်းဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့်  မြန်မာနိုင်ငံတွင်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုရော၊ စီးပွားရေးဖွံ့ဖြိုးမှု စိန်ခေါ်မှုကိုပါ ရင်ဆိုင်နေရသည်။ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် နိုင်ငံတည်ဆောက်ရေးတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကဏ္ဍကို အလေးထား ထည့်သွင်း စဉ်းစားသင့်ပါသည်။ စီးပွားရေးဖွံ့ဖြိုးမှုတစ်ခုတည်း ကိုသာ အာရုံစိုက်ထားပါက စီးပွားရေးတိုးတက်လာနိုင်သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးအခန်းကဏ္ဍ တို့ကို လျစ်လျူရှုထား သလိုဖြစ်နေသည်။ အကျိုးဆက်အနေနှင့်ကား သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုနှင့် လူမှုရေး မတည်ငြိမ်မှုတို့ ဖြစ်ပေါ်လာစေနိုင် ပါသည်။ တဖက်က စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ်ရှင်သန်မှုကို အလေးထားလုပ်ဆောင်ရင်း အခြားတဖက်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လူမှုရေးတည်ငြိမ်မှုကို ထိန်းသိမ်းဆောင်ရွက်သွား နိုင်မှသာလျှင် ရေရည်ဖွံဖြိုးတိုး တက်မှုရှိသော နိုင်ငံတစ်ခုဖြစ်ထွန်း လာနိုင်ပါကြောင်း…….။

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment