Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. လမ်းမကြီးများနှင့် မော်တော်ယာဉ်ကြီးများ သံသရာ

************************************************************************************

ဆောင်းပါးကဏ္ဍ

လမ်းမကြီးများနှင့် မော်တော်ယာဉ်ကြီးများ သံသရာ

“ကျွန်တော်လေ ရွှေဖီချိန်ခါ လဘက်ပေါ်တဲ့အခိုက်မှာ ဂျီအမ်စီလိုကားကြီးမျိုးနဲ့ မန်းလေးဘက်သို့ ကုန်တင်ကာ သွားတယ်၊ လမ်းတွေက ဆိုးဆိုး၊ ချိုင့်တွေကပေါ တောတန်းကလေးများ ပျံနေအောင်မောင်းတယ်၊ တစ်ခါတစ်လေ ကုန် တင်များလွန်းလို့ လေးကျိုးရင် ဒရိုင်ဘာ အိမ်ပြန် နောက်ကျခဲ့ရတယ်၊ အို...မြောက်ပိုင်းလမ်း၊ မူဆယ်နမ့်ခမ်းလမ်း၊ အို... ဝိုး..ဝိုး ..မြောက်ပိုင်းလမ်း ”

တစ်ခေတ်တစ်ခါက ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးမြို့ကို ဆက်သွယ်ပေးသော လမ်းမကြီးများအကြောင်းကို ဖွဲ့ဆိုထားသော အဆိုတော် စိုင်းဆိုင်မောဝ်၏ သီချင်းသည် ယခုအခါတွင် ရှမ်းပြည်မြောက်ပိုင်း၏ အတိတ်ကို ပြောပြနေသော သမိုင်းလေးတစ်ခုသာ ဖြစ်သွား တော့သည်။ ထို့ပြင် ထိုခေတ်ထိုအခါက ကားသမားကြီးများအတွက် အလွမ်းပြေတေးတစ်ပုဒ်အဖြစ်လည်း အမှတ်တရတစ်ခုအဖြစ် ပြန်ပြောင်း အောက်မေ့ဖွယ်ရာ အလွမ်းပြေပြဇာတ်တစ်ပုဒ်အဖြစ်သာ ရှိပါတော့သည်။ ယနေ့ ရှမ်းပြည်မြောက်ပိုင်း၏ လမ်းမကြီးများသည်  ကားဒက်ရှ်ဘုတ်ပေါ် ရေဗူးတင်မောင်းလျှင်ပင် ရေဗူးမလဲရလောက်အောင် ချောမွေ့ ကောင်းမွန်လွန်းလှသည်။ စီစီပန်တာဝမ် တိုက်ပွဲအပြီး ဗ.က.က တို့ ကျဆုံးသွားပြီး နောက် အိမ်နီးချင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တိုးမြင့်နိုင်ရန်အတွက် ရှမ်းပြည်မြောက်ပိုင်းကို ဖြတ်၍ မန္တလေးနှင့် ဆက်သွယ်ပေးမည့် လမ်းမကြီးများ စီမံကိန်းအတွက် များစွာ အကူအညီပေးခဲ့သည်။ ယခင်က လူမျိုးစု လက်နက်ကိုင် ခေါင်းဆောင်ဟုဆိုသော ဘိန်းဘုရင် လောစစ်ဟန်၏ သားဖြစ်သူ စတီဗင်လော(ခ) ဦးထွန်းမြင့်နိုင် ပိုင်ဆိုင်သည့် အေးရှားဝါး ကုမ္မဏီသည် အဆိုပါ လမ်းမကြီးများကြောင့် အကျိုးကျေးဇူး များစွာဖြစ်ထွန်း ခဲ့ပြီး ယနေ့တိုင် လမ်းဖြတ်သန်းအသုံးပြုခများ ကောက်ခံရရှိနေသည်။ အေးရှားဝါးကုမ္မဏီသည် ဧရာဝတီမြစ်ဆုံ စီမံကိန်းကြောင့် လူထု၏ ငြိုငြင်မှုကို ခံနေရသော်လည်း အဆိုပါဖြစ်ရပ်တွင် သင်ခန်းစာ ယူနိုင်သည်မှာ ပုဂ္ဂလိကကို လွှဲပြောင်းပေးခြင်းဖြင့် ဖြစ်ပေါ်တိုးတက်လာမှုကို မြင်တွေ့နိုင်ခြင်း ဖြစ်သည်။

အေးရှားဝါးက လမ်းဖောက်တာလဲကောင်းတယ်၊ ငွေတောင်းတာလဲ လွန်တယ်၊ ကောင်းလဲကောင်း၊ တောင်းလဲ တောင်းတယ်ဆိုရမှာပေါ့၊ ဖြစ်သင့်ဖြစ်ထိုက်သလောက် လျော့ပြီးကောက်နိုင်ရင်တော့ တော်တော်လေးကောင်းမှာပါ၊ ရှမ်းပြည်တောင်ပိုင်းကိုလည်း လမ်းပန်းဆက်သွယ်ရေး ကောင်းဖို့ အေးရှားဝါးလို လုပ်နိုင်မယ့် ကုမ္မဏီမျိုးကို ရွေးချယ်သင့်တယ်ဟု ရှမ်းပြည်တောင်ပိုင်းလမ်းကို သွားလာနေသည့် ကားဆရာတစ်ဦးက ဆိုပါသည်။

ရှမ်းပြည်တောင်ပိုင်းသည် မြောက်ပိုင်းနှင့်ခြားနားစွာပင် လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးလျှက်ရှိပါသည်။ မန္တလေးဘက်မှ ရှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ကို တက်သည့် လမ်းနှစ်လမ်းရှိသည်။ တစ်လမ်းမှာ သာစည်-မိတ္ထီလာဘက်မှ တက်ရပြီး နောက်တစ်လမ်းမှာ ရွာငံဘက်လမ်းမှ တက်ရ သည်။ ရွာငံဘက်လမ်းသည် လမ်းပန်းဆက်သွယ်ရေး အလွန်ကြမ်းတမ်းပြီး ကျောက်ခဲစားသွားလျှင်ပင် အစာကြေသည်ဟု ပြောစမှတ်တွင်ရသည်။ သာစည်-မိတ္ထီလာလမ်းကမူ ရန်ကုန်-မန္တလေးလမ်းမကြီးနှင့် ချိတ်ဆက်မိသည်အထိ လမ်းပန်းဆက်သွယ်ရေး ဆိုးဝါးလှသည်။ ရွာငံလမ်းမှာ ပို၍ ဆိုးဝါးသော်လည်း မန္တလေးဘက်မှ တက်လျှင် သာစည်ဘက်မှ တက်သည်ထက် ၇၇ မိုင် သက်သာသဖြင့် ကားလေးတွေက ရွာငံဘက်က တက်တာ များသည်။

ရွာငံလမ်းကို အထင်မသေးနဲ့ဗျ၊ အလောင်းဘုရား ယိုးဒယားကို စစ်ချီတဲ့လမ်း၊ အရင်က အင်္ဂလိပ်ဖောက်ထားတဲ့လမ်းက ကောင်းတယ်၊ နောက်ပိုင်း ကားကြီးတွေဝင်လာတော့ ပျက်စီးသွားတာပဲ၊ မခံနိုင်ဘူး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက လိုက်ဖောက်လဲ ဘာမှမခံနိုင်ဘူး၊ တန်ပိုတွေက မတရားတင်တာကိုး ဘယ်တတ်နိုင်မလဲ၊ သမင်မွေးရင်း၊ ကျားစားရင်းပဲ၊ ဖောက်လို့မနိုင်ဘူးဟု ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုပါသည်။

မည်သည့်လမ်းက တက်သည်ဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေဆဲဖြစ်သည်ကတော့ အမှန်ပင်ဖြစ် ပါသည်။ အဓိက ပြဿနာမှာ မော်တော်ယာဉ်ကြီးများ တန်ပိုတင်ဆောင်သောကြောင့် လမ်းများ ပျက်စီးရခြင်း ဖြစ်သည်။

“ဘယ်တင်ချင်မလဲဗျ။ ကိုယ့်ကားလဲနာသေးတယ်၊ လူလဲ အန္တရာယ်ရှိသေးတယ်၊ မကိုက်လို့ တင်ရတာပေါ့”ဟု ကားဆရာတစ်ဦးက ရှင်းပြသည်။ သို့ရာတွင် ထိုလမ်းတစ်လျှောက် မောင်းနှင်နေသည့် ယာဉ်ကြီးမှန်သမျှ တန်ပိုတင်ရသည်။ ခံနိုင်ဝန်ထက်ပိုတင်တာက တကြောင်း၊ စတင် ဖောက်တည်းက စံချိန်စံညွှန်းလိုက်နာမှု အားနည်း၍လည်းကောင်း၊ မသမာမှုများကြောင့်လည်းကောင်း လမ်းမကြီးများသည် ကြာကြာမခံပါ ခင်းပြီးသည်နှင့် ပြင်ပြီးသည်နှင့် ပျက်စီးရပြန်သည်။

ကားဆရာပြောသလို သမင်မွေးရင်း ကျားစားရင်းနှင့်ပင် ဂျာအေးသူ့အမေရိုက် လုံးချာလည်လိုက်နေပါသည်။ ယာဉ်ကြီးတွေ တန်ပိုမတင်နှင့်ဟု အမိန့်ထုတ်လိုက်လျှင်လည်း အလုပ်မဖြစ်ကြောင်း လက်တွေ့သိခဲ့ရပြီး ဖြစ်သည်။ အာဆီယံ စံနှုန်းအတိုင်းသာ တင်ရမည်ဟု အမိန့်ထုတ်ပြန်လိုက်သဖြင့် သယ်ယူပို့ဆောင်ရေးစရိတ်တွေ ရုတ်တရက် တက်သွားပြီး ကုန်ဈေးနှုန်းများ ကြီးမြင့်သွားသဖြင့် အဆိုပါအမိန့်ကို ပြန်လည်ရုပ်သိမ်းပေးခဲ့ရသည်။ ထိုကဲ့သို့ ရှုံ့ချည်နှပ်ချည် ဥပဒေမျိုးတွေ ဒီနေ့ခေတ်တွင် မရှိသင့်တော့ပေ။ သို့ရာတွင် ထိုပြဿနာမှာ တိမ်မယောင်နှင့်နက် လွယ်မယောင်နှင့် ခက်နေပါသည်။ အတော်အတန်ပြေလျော့သွားစေနိုင်မည့် အခြေအနေတစ်ရပ်ကို လေ့လာလျှင် ကုန်တင်ယာဉ် မလုံလောက်မှုကြောင့် သယ်ယူစရိတ် မြင့်မားနေသည်ကို တွေ့ရပြီး ကုန်တင်ယာဉ်ကြီးတွေသာ အလွယ်တကူ ဈေးနှုန်းသက်သာစွာ တင်သွင်းခွင့်ရပြီဆိုလျှင် အထက်ပါ ပြဿနာတွေ ပြေလည်နိုင်ဖွယ်ရှိသည်။

“သိတဲ့အတိုင်းပဲ ကျွန်တော်တို့နိုင်ငံမှာက ကားဈေးတွေက သူများထက်ပိုမြင့်တယ်၊ ဒီတော့ ကျွန်တော်တို့နိုင်ငံက ကုန်တင်ယာဉ်က သူ့အတွက် အရင်းကြေဖို့နဲ့ အမြတ်ကျန်ဖို့ဆိုရင် သူများနိုင်ငံက ကုန်တင်ယာဉ်ထက်ပိုတဲ့ နှုန်းထားတရပ်နဲ့မှ အဆင်ပြေမယ်။ ဒါက တစ်ချက်၊ တန်ပိုတင်ရတဲ့အတွက်၊ လမ်းတွေကြမ်းတဲ့အတွက် ကားတွေက သူများထက်ပိုပြီး ပျက်စီးလွယ်တယ်၊ ဒီအတွက် ဈေးတင်ရပြန်တယ်၊ ဒါကတစ်ချက်၊ ဆိုတော့ ဒီမှာတင် စရိတ်တွေက သိပ်များနေပြီ၊ လမ်းမကြီးတွေက ကောက်ချင်တိုင်းကောက်နေတော့ ဒီစရိတ်ကို ကုန်တင်ခပေါ်မှာ ထပ်တင်ရပြန်ရော တကယ့်ကို မလို လားအပ်တဲ့ အခွန်အခတွေ ပေးဆောင်နေရတာပါ၊ တကယ်လို့ ကားတွေသာ များလာမယ်ဆိုရင် လမ်းဖောက်တဲ့ ကုမ္ပဏီတွေကလည်း ကားတွေ များလာခဲ့ရင် အခွန်အခနဲနဲနဲ့ ယာဉ်အစီးရေများများကောက်ရတော့ အဆင်ပြေမှာပေါ့၊ ဒါဆို ကျွန်တော်တို့လည်း တန်ပိုတင်ဖို့မလိုဘူး၊ အန္တရာယ်လည်း ကင်းတယ်၊ ကားအတွက် ပြုပြင်စရိတ်လဲသက်သာမယ်”ဟု  ယာဉ်ပိုင်ရှင်တစ်ဦးက ရှင်းပြသည်။

ယခုမူ အစိုးရသစ်၏ မူဝါဒကြောင့် မော်တော်ယာဉ်အဟောင်းတွေ အသစ်နှင့် လဲလှယ်ခွင့်ရလာပြီဖြစ်သည်။ မကြာမီ အချိန်ကာလတွင်  မော်တော်ယာဉ်ပြခန်းတွေ လာရောက်ဖွင့် လှစ်ရောင်းချတော့မည်ဖြစ်ရာ ကားဈေးတွေ နိုင်ငံတကာပေါက်ဈေးအတိုင်း ဝယ်ယူနိုင်တော့မည်လည်း ဖြစ်ပါသည်။ သို့ရာတွင် လက်ရှိမြင်နေရသည်မှာ အိမ်စီးကားတွေ များနေပြီး ထရပ်ကားနှင့် ကုန်တင်ယာဉ်တွေ အဝင်နည်းနေ ခြင်းဖြစ်သည်။ ထိုယာဉ်ကြီးများ ဝယ်ယူတင်သွင်းခွင့်ကို အားပေးသည့် အနေအထားမျိုးလည်းမတွေ့ရသေးပေ။ ၁၃၀၀ စီစီအထက် ဇိမ်ခံကားတွေထက် နိုင်ငံအတွက် တကယ်လိုအပ်နေသည့် ကုန်တင်ယာဉ်ကြီးကို ဦးစားပေးတင်သွင်းစေသင့်ပြီး တင်သွင်းနိုင်ရန်လည်း အစိုးရအနေဖြင့် အားပေးသင့်ပါသည်။ ထိုသို့ ခွင့်ပြုလိုက်သည်နှင့် တပြိုင်နက် လမ်းဖောက်လုပ်မည့် ကုမ္မဏီတွေလည်း အလျှိုလျှို ပေါ်လာကြမည်ဖြစ်ပြီး ဈေးကွက်သဘောတရားအရ သူ့ထက်ငါ အပြိုင်အဆိုင်ဖြင့် လမ်းတံတားကြေးတွေလည်း လျော့နည်းလာမည် ဖြစ်ပါသည်။ နိုင်ငံတော်ပိုင်းတွင်လည်း ဝန်ထုပ်ဝန်ပိုး များစွာ လျော့ပါး သွားဖွယ်ရာ ရှိပါသည်။ မန္တလေးအနေဖြင့် မူဆယ်ဈေးကွက်မှ ဈေးကွက်အသစ်အဖြစ်  ထိုင်းနိုင်ငံဘက်သို့ပါ လှည့်နိုင်လာမည်လည်း ဖြစ်ပါသည်။

တပ်မတော်အစိုးရလက်ထက်တွင် လမ်းတံတား အမြောက်အမြား တည်ဆောက်နိုင်ခဲ့သည်မှာ ဂုဏ်ယူဖွယ် ဖြစ်ပါသည်။ သို့သော် အရေအတွက်ထက် အရေအသွေးမှာ များစွာအရေးကြီးသည်။ ယနေ့လမ်းဖောက် နောက်နေ့လမ်းပျက် ဆိုသည်က မဖြစ်သင့်သော ကိစ္စဖြစ်ပါသည်။ နိုင်ငံ၏ ဘဏ္ဍာငွေတွေ များစွာဆုံးရှုံးရသည်။ ပြည်သူလူထုအနေဖြင့်လည်း ထူးခြားအကျိုးပြုသွားသည်ဟူ၍ ရှားရှားပါးပါး ကြားရခဲပါသည်။ ထိုလမ်းမကြီးတွေ ဖောက်ခြင်းဖြင့် ပြည်သူတွေထက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေနှင့် လမ်းဖောက်သည့် ကုမ္ပဏီတွေက ပို၍ အကျိုးဖြစ် ထွန်းနေပြီး ကုန်ကျစရိတ်တွေကိုတော့ ပြည်သူတွေကသာ ကျခံနေရခြင်းလည်းဖြစ်သည်။

မော်တော်ယာဉ်တွေ တင်သွင်းခွင့်ရဖို့၊ လမ်းမကြီးတွေ ဖောက်လုပ်ခွင့်ရဖို့ဆိုသည့် နေရာတွင်လည်း ဈေးကွက်သဘောတရားနှင့်အညီ လွတ်လပ်စွာ တင်သွင်းနိုင်ခွင့်နှင့်၊ လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်ခွင့်တွေလည်း လိုအပ်ပါလိမ့်ဦးမည်။ မည်သို့ပင်ဆိုစေကာမူ ကုန်တင်ယာဉ်ကြီးများ တင်သွင်းခွင့်နှင့် လမ်းမကြီးများ ဖောက်လုပ်ခွင့်အတွက် မျှတစွာယှဉ်ပြိုင်နိုင်မည့် မူဝါဒတွေသာ ထွက်ပေါ်လာလျှင် မော်တော်ယာဉ်ကြီးများနှင့် လမ်းမကြီးများပျက်စီးမှု ပြဿနာမှာ အတော်အတန်ပင် ပြေလည်သွားနိုင်မည့် အခြေအနေပင်ဖြစ်ရာ ထိုကိစ္စအတွက် တာဝန်ရှိသူတွေအနေဖြင့် အလေးအနက် ထားဖို့လိုနေသည်ကတော့ အမှန်ပင်ဖြစ်ပေသည်။

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment