Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၃.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဒေါ်လာတစ်သိန်းနှင့် ငွေကျပ် သိန်းသုံးထောင်ရှိမှသာ ကားအရောင်းပြခန်း ဖွင့်ခွင့်ပြုမည်
  2. UMFCCI အကြံပေးအဖြစ် အမေရိကန်စီးပွားရေးပညာရှင်အားခန့်အပ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. လူ့အခွင့်အရေးကော်မရှင်မှ သမ္မတထံ ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာပေးပို့
  1. ရခိုင်အမျိုးသားပါတီတစ်ခုပေါ်ထွန်းလာရန် RNDP မှဆောင်ရွက်နေ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***************************************************************************************

ပြည်တွင်းသတင်းများ

ဒေါ်လာတစ်သိန်းနှင့် ငွေကျပ် သိန်းသုံးထောင်ရှိမှသာ ကားအရောင်းပြခန်း ဖွင့်ခွင့်ပြုမည်

မြန်မာနိုင်ငံ၌ ယာဉ်ပောာင်းအစားထိုး ယာဉ်သစ်တင်သွင်းခြင်း အစီအစဉ်တွင် ကားအရောင်းပြခန်းဖွင့်လှစ်၍ ကားရောင်းဝယ်ရေးပြုလုပ်မည့် လုပ်ငန်းရှင်များအနေနှင့် အမေရိကန်ဒေါ်လာ တစ်သိန်းနှင့် မြန်မာငွေကျပ် သိန်း(၃၀၀၀) ရှိမှသာ ကားအရောင်းပြခန်း ဖွင့်လှစ်ရောင်းချခွင့် ပေးသွားမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ပနိုင်ငံမှ မော်တော်ယာဉ်တင်သွင်းလိုသူများအား ထပ်မံခွင့်ပြုပေးရာ၌ ပြည်ပပို့ကုန် လုပ်ငန်းရှင်များ၊ သင်္ဘောသားများနှင့် ရှိုးဂျော့ သမားများပါ ပါဝင်ကြောင်း သိရသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ကားပြခန်းဖွင့်လှစ်မည့် ကုမ္ပဏီ များအတွက် လိုက်နာရမည့် စည်းကမ်းချက်များ ထုတ်ပြန်ထားပြီး ၎င်း စည်းကမ်းချက်များနှင့် ကိုက်ညီမှုရှိသည့် လုပ်ငန်းရှင်များကိုသာ ပြည်ပမှ ကားတင်သွင်းခွင့် လုပ်ငန်းလိုင်စင် ချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပနိုင်ငံများမှ မော်တော်ယာဉ်တင်သွင်းလိုသည့် သင်္ဘောသားများအနေနှင့် သက်ဆိုင်ရာပို့ဆောင်ရေးဌာနမှ တစ်ဆင့် လျှောက်ထားရမည် ဖြစ်ပြီး သင်္ဘောသားများအနေနှင့် ရှိုးဂျော့သမားများမှ မော်တော်ယာဉ်တင်သွင်းလိုပါက အလုပ်သမားဝန်ကြီးဌာနမှတစ်ဆင့် လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ ကားမှာယူတင်သွင်း၍ မြန်မာနိုင်ငံအတွင်း ကားအရောင်းပြခန်းဖွင့်လှစ်လုပ်ကိုင်မည့် လုပ်ငန်းရှင်များသည် သက်ဆိုင်ရာမှ သတ်မှတ်ထားသည့် ငွေကြေးရှိရမည့်အပြင် ကုမ္ပဏီတည်ထောင်ဖွင့်လှစ်ထားသည့် မြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး စီးပွားရေးအမည်ပျက်စာရင်းတွင် မပါဝင်သူဖြစ်ရမည်ဖြစ်ကြောင်း ကားအရောင်းစင်တာဖွင့်လှစ်မည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

                                                                                  YC

-----------------------------------------------------------------------------------------------------------------------------------

UMFCCI အကြံပေးအဖြစ် အမေရိကန်စီးပွားရေးပညာရှင်အား ခန့်အပ်

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၏ စီးပွားရေးအကြံပေးအဖြစ် ဆောင်ရွက်ရန် အရှေ့တောင်အာရှဆိုင်ရာ ကျွမ်းကျင်သူ အမေရိကန်စီးပွားရေးပညာရှင် Lex Reiffei အား ခန့်အပ်မည်ဖြစ်ကြောင်း UMFCCI မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

UMFCCI အသင်းချုပ်အား ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ရန် အမေရိကန် စီးပွားရေးပညာရှင် Lex Reiffei အား သုံးလကြာ အကြံပေး အဖြစ် ဌားရမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် UMFCCI အသင်းချုပ်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ မူဝါဒများအရ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် Lex Reiffei ကိုသာမက ဥရောပသမဂ္ဂ(EU) မှ စီးပွားရေးပညာရှင်တစ်ဦးကိုပါ ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

မကြာသေးမီအချိန်က UMFCCI အသင်းချုပ်၏ စီးပွားရေးအကြံပေးအဖြစ် ခန့်အပ်မည့် Lex Reiffei သည် မြန်မာ နိုင်ငံ၏ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် စာတမ်းအချို့ထုတ်ဝေခဲ့သော်လည်း လက်ရှိအချိန်တွင် ၎င်းသည် မြန်မာနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များအပေါ်တွင် သဘောထားမှတ်ချက် ပေးထားခြင်းမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် Lex Reiffei သည် အင်ဒိုနီးရှားစစ်တပ်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ အတွက် အထူးပြုသော မူဝါဒ ဆိုင်ရာ စာအုပ်တစ်အုပ်ကို တွဲဖက်ရေးသားထုတ်ဝေခဲ့ကြောင်း သိရသည်။

Lex Reiffei သည် အရှေ့တောင်အာရှ၊ တိုးတက်လာသော ဈေးကွက်များ၏ ဘဏ္ဍာရေးအနေအထား၊ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့(IMF) တို့၏ ပြုပြင်ပြောင်းလဲမှုများ၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်တို့နှင့် ဆက်စပ်သော မူဝါဒရေးရာများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

                                                                                                                                        Ref:Voice

 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

လူ့အခွင့်အရေးကော်မရှင်မှ သမ္မတထံ ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာပေးပို့

အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ နိုင်ငံတော်သမ္မတကြီးထံ ဒုတိယအကြိမ် အိတ်ဖွင့်ပေးစာ ပေးပို့လိုက်ကြောင်း နိုဝင်ဘာ ၁၃ ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ အိတ်ဖွင့်ပေးစာကြောင့် တင်္နလာနေ့တွင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်လွတ်မြောက်လာရန် ရှိကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။

 “ရိုးရိုးလေးတွေးကြည့်ရင် အရင်တစ်ခါတုန်းကလည်း သူတို့အိတ်ဖွင့်ပေးစာကို သမ္မတဆီပို့ပြီးတော့ နောက်တစ်ရက် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေငြာတာပဲ”ဟု ပြည်တွင်း သတင်းဂျာနယ်တစ်စောင်၏ တာဝန်ခံ အယ်ဒီတာတစ်ဦးက ဆိုသည်။

နိုင်ငံတော်သမ္မတကြီးထံ ပေးပို့လိုက်သည့် အိတ်ဖွင့်ပေးစာတွင် အပိုဒ် ၈ ပိုဒ်ပါဝင်ကာ နိုင်ငံတော် တည်ဆောက်ရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်ရေးကို အနှောင့်အယှက် မဖြစ်စေနိုင်သည့် နိုင်ငံရေးအကျဉ်းသားများနှင့် သာမန်အကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုသည့်အပြင် ဝေးလံသည့် အရပ်ဒေသများရှိ အကျဉ်းကျနေသူများကို မိသားစုနှင့်နီးကပ်သည့် အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးရန်ကို တင်ပြထားသည်။

“အိတ်ဖွင့်ပေးစာမှာပါတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ကိုတော့ ကျွန်တော်တို့ ပြန်စိစစ်သင့်တယ်”ဟု နိုင်ငံရေးအကျဉ်းသားများ အကျိုးဆောင် ကွန်ယက်ဝင်တစ်ဦးက ပြောကြားသည်။

အဆိုပါ အိတ်ဖွင့်ပေးစာတွင် နိုင်ငံရေးအကျဉ်းသား ၅၀၀ ခန့်သာရှိပြီး ၂၀၀ ကျော်အား ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် လွှတ်ပေး လိုက်ကြောင်း ပါရှိသည်။

ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် မြစ်ကြီးနားထောင်မှ လွတ်မြောက်လာသူ ဦးဇာဂနာက နိုဝင်ဘာ ၁၄ ရက်တွင် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးရန်ရှိကြောင်း ၎င်းစီစဉ်ကျင်းပသည့် ရုပ်ရှင်ပွဲတော်၏ သတင်းစာရှင်းလင်းပွဲတွင် ဆိုသည်။

နိုဝင်ဘာ၁၄ရက်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် တစ်နှစ်ပြည့်ရက် ဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ရခိုင်အမျိုးသားပါတီတစ်ခု ပေါ်ထွန်းလာရန် RNDP မှဆောင်ရွက်နေ

ရခိုင်ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုသည့် ရခိုင်အမျိုးသားပါတီတစ်ရပ် ပေါ်ထွန်းလာရန် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဆောင်ရွက်နေကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်နေ့က ပါတီဗဟိုကော်မတီ အစည်းအဝေးအရ ရခိုင်အမျိုးသားနိုင်ငံရေး အင်အားစု များနှင့် ပူးပေါင်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပြီး ဖျက်သိမ်းခံထားရသည့် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း ယင်းပါတီ၏ ဗဟို ကော်မတီဝင်တစ်ဦးက ပြောကြားသည်။

“အဓိက တိုင်းရင်းသားပါတီကြီးတစ်ရပ် ပေါ်လာဖို့ပါ။ ဒီလိုမှမလုပ်ရင် ရွေးကောက်ပွဲတွေကျရင် မဲတွေကွဲပြီး ကြားက အချောင်ဝင်စားမှာ စိုးလို့ပါ”ဟု ယင်းက ဆိုသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက နိုဝင်ဘာ ၇ ရက် နေ့စွဲဖြင့် ဖိတ်ခေါ်ကမ်းလှမ်းခြင်းဖြစ်ပြီး ယင်းဖိတ်ခေါ်ချက်တွင် အချက်သုံးချက် ပါဝင်ကာ ၁၉၉၀ အတွေ့အကြုံများကို နှိုင်းယှဉ်၍ ဖော်ပြထားကြောင်း သိရသည်။

 “ကျွန်တော်တို့က ရခိုင်အမျိုးသားအရေးကို ဦးတည်ပြီး ဆွေးနွေးမယ့် အင်အားစုတိုင်းကို တန်းတူအဆင့် သတ်မှတ်ပြီး ဆွေးနွေးမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး RNDP ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ခဲ့ပြီးနောက်တွင် အင်အားကြီးနိုင်ငံရေးပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်လျှင် ခွဲထွက်ခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများက ပူးပေါင်းရန် ပြင်ဆင်နေကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသည် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ ၃၅ နေရာ အနိုင်ရရှိခဲ့သည့် ပါတီတစ်ခုဖြစ်ပြီး တိုင်းရင်းသားပါတီများတွင် ဒုတိယအင်အားအကြီးဆုံး ပါတီ ဖြစ်သည်။

YC(KS)

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“မသွားခင်မှာ အထူးသတင်းတပ်ဖွဲ့ကို အကြောင်းကြားပါတယ်။ သူတို့ခွင့်မပြုဘူးဆိုရင် ကျွန်တော်မသွားဘူးပေါ့။ အခု သူတို့က လိုအပ်တာရှိရင် ပြောပါဆိုတော့ သွားလှူနိုင်ခဲ့တာပါ။ အပြင်ကအလှူငွေကို လက်မခံပါဘူး။ ငွေကြေးကြောင့် အရှုပ်အရှင်းဖြစ်မှာ စိုးလို့ပါ။ ကျွန်တော်ကတော့ လွတ်လာပြီပေါ့။ သူငယ်ချင်းတွေ ထောင်ထဲမှာ ကျန်နေပါတယ်။ သူတို့တွေအတွက် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်၊ ဒါကြောင့် သူတို့တွေကို ထောက်ပံ့ဖို့ ဆုံးဖြတ်ပြီး ဒီလိုလိုက် လှူဒါန်းတာပါ၊ အဖွဲ့အစည်းနဲ့ဆိုပြီးလုပ်တာ မဟုတ်ပါဘူး။ ကူညီချင်တဲ့သူတွေက လိုက်လံကူညီ ပေးကြတာပါ”

နိုဝင်ဘာ ၁၅ ထုတ် News Watch အတွဲ (၇) အမှတ် (၂၀) တွင်ပါသည့် “ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူထံ ဇာဂနာ ဦးဆောင်လျက် လှူဒါန်းနေ” သတင်းမှ ဇာဂနာ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

 

“အဓိကစစ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့က စစ်အသုံးစရိတ်တွေဟာ တိုင်းရင်းသားဒေသတွေမှာ စစ်ဖြစ်တဲ့အခါ စစ်အသုံးစရိတ်တွေ သုံးစွဲတာကို လျှော့ချပေးဖို့ လိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားတွေနဲ့ အပတ်အခတ် ရပ်စဲပြီး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲတွေမှာ အဖြေရှာဖို့ လိုပါပြီ။ မငြိမ်းချမ်းတဲ့ဒေသမှာစစ်မှန်တဲ့ ငြိမ်းချမ်းရေးတွေ ငြိမ်းချမ်းရေး ကော်မတီတွေဖွဲ့ပြီး ဇစ်မြစ်ကို အရင်ဆုံးအဖြေရှာရပါမယ်။ အယူဝါဒကြောင့် လက်နက်ကိုင် တိုက်ပွဲဆင်နွှဲပြီးသွားတဲ့ နောက်မှာ တိုင်းရင်းသားအချို့နဲ့ ဘာကြောင့်တိုက်ပွဲဝင်လဲဆိုတာကို အဖြေရှာဆွေးနွေးဖို့လိုပါပြီ။ ဥပမာ- ကချင် တိုင်းရင်းသားအချို့နဲ့ စစ်ဖြစ်ဖို့ သိမ်းပိုက်သွားနိုင်လည်းစစ်မှန်တဲ့ ငြိမ်းချမ်းရေးအစစ်အမှန်က တိုင်းရင်သားညီအကိုတွေနဲ့ စစ်မှန်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ဆွေးနွေးပြီး ငြိမ်းချမ်းရေးလမ်းကြောင်းဆီသွားဖို့ပါပဲ”

နိုဝင်ဘာ ၁၁ ထုတ် First Weekly အတွဲ (၁) အမှတ် (၂) တွင်ပါသည့် “စစ်မှန်တဲ့  ငြိမ်းချမ်းရေးပေးပါ” သတင်းဆောင်းပါးမှ ချင်းအမျိုးသား ပါတီအတွင်းအရေးမှူး (၁) ငယ်ပီး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

စစ်တိုက်ခဲ့ရတဲ့အတွက် တိုင်းပြည်ထူထောင်ရေးမှာ အင်မတန်အသုံးဝင်မည့် လူအင်အားတွေ အလဟဿ ပြုန်းတီးခဲ့ရပါတယ်။ နိုင်ငံရေး ခေါင်းဆောင်တွေ၊ စစ်ရေးခေါင်းဆောင်တွေ၊ အဖိုးတန်လူငယ်လူရွယ်တွေရဲ့ အဖိုးတန် အင်အားတွေ ပြုန်းတီးသွားရတာဟာ လွတ်လပ်ကာစ  နိုင်ငံတစ်ခုအဖို့ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ။ ဒါ့အပြင် စစ်ရေးအတွက် သုံးလိုက်ရတဲ့ အသုံးစရိတ်တွေဟာ နိုင်ငံတည်ဆောက်ရေးမှာသာ အသုံးချနိုင်ခဲ့မယ် ဆိုရင် တော်တော် တန်ဖိုးရှိမှာပါ။ အခုတော့ လူသတ်တဲ့နေရာမှာ အသုံးပြုခဲ့ရတာကြောင့် ပါလီမန်ဒီမိုကရေစီခေတ်က လွှတ်တော်ထဲမှာ အစိုးရ ဘတ်ဂျက်ကို ‘ပေါရိသာဒဘတ်ဂျက်’ လို့ အမည်ပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ကြရင်း ပျက်စီး ဆုံးရှုံး ခဲ့ရတာတွေကလည်း မနည်းပါဘူး။ လူမှုရေးအရကြည့်ရင် လည်းစစ်ဒဏ်ကိုခံနေရတဲ့အတွက် ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှု  စတဲ့ကဏ္ဍတွေမှာ တိုးတက်သင့်သလောက် မတိုးတက်နိုင်ခဲ့ဘူးဆိုတာတွေ့ခဲ့ရပါတယ်။ ကလေးငယ်တွေ ငြိမ်းချမ်းစွာ ပညာမသင်ကြားနိုင်ခဲ့ခြင်းတို့ဟာ နိုင်ငံရဲ့ ဖွံ့ဖြိုး တိုတက်မှုကို များစွာ အဟန့်အတား ဖြစ်စေခဲ့ပါသည်။

နိုဝင်ဘာ ၁၁ ထုတ် First Weekly အတွဲ (၁) အမှတ် (၂) တွင်ပါသည့် ဆောင်းပါးရှင် စီမံကိန်းဝင်းနိုင်၏ “စစ်မှန်တဲ့ ငြိမ်းချမ်း ရေးသို့” ဆောင်းပါးမှ ကောက်နှုတ်ချက်

***************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment