Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၈.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဒေါက်တာ ကိုကိုကြီး ကုမ္ပဏီ ဆန်အမှာစာများ တဖက်သတ်ဖျက်သိမ်း
  2. မြန်မာ့ရေချိုငါး လစ်ဗျားသို့တင်ပို့ရန် စီစဉ်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အပြည့် အန်အယ်ဒီမှ ၀င်ရောက်ယှဉ်ပြိုင်မည်
  2. ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးလုပ်ငန်းများအား ထောက်ပံ့ပေးသွားမည်ဟု ဗြိတိန်ဝန်ကြီးပြော
  1. မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်ရေး ခေါင်းဆောင်များ သဘောတူပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************************************

ပြည်တွင်းသတင်းများ

ဒေါက်တာ ကိုကိုကြီး ကုမ္ပဏ  ဆန်အမှာစာများ တဖက်သတ်ဖျက်သိမ်း

မြန်မာနိုင်ငံ၏ ထိပ်တန်းဆန်တင်ပို့သည့် ဒေါက်တာကိုကိုကြီး ပိုင်ဆိုင်သည့် ဒိုင်းမွန်းစတားကုမ္ပဏီသည် ဆန်ဈေးပြောင်းလဲချိန်တွင် ဆန် အမှာစာများကို တဖက်သတ်အနိင်ကျင့် ဖျက်သိမ်းလိုက်သဖြင့် ဆန်သွင်းသည့် ပွဲရုံများ အခက်အခဲကြုံတွေ့ရကြောင်း ဘုရင့်နောင် ပိတောက်လမ်းမှ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဆန်ပွဲရုံများအနေဖြင့် ဦးပိုင်နှင့် MEC ပြီးလျှင် အဓိက ဆန်အများဆုံးတင်ပို့ခွင့်ရ ဒိုင်းမွန်စတား ကုမ္ပဏီသို့ ဆန်ကို ၀ယ်ယူတင်သွင်းလေ့ ရှိကြောင်း ဒိုင်မွန်းစတားကုမ္ပဏီသည် ယခု ဆန်သစ်များပေါ်လာပြီး ဆန်ဈေးများကျလာချိန်တွင် ယခင် စာချုပ်ချုပ်ထားသည့် ဆန်အမှာစာများ ဆန် အ၀ယ်ပိတ်လိုက်သည်ဆိုပြီး စာချုပ်ကို တဖက်သတ်ဖျက်သိမ်းလိုက်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ဥမာ ၂၅မှတ် ၁၁၀ ပေါင် ဆန်တစ်အိတ်ကို ကျပ် ၁၄၀၀၀ အနေဖြင့် သဘောတူစာချုပ်ထားပြီး ယခု ဆန်တစ်အိတ် ၁၂၀၀၀ ဖြစ်လာချိန်တွင် တစ်အိတ်ကျပ်နှစ်ခန့် ကွာသဖြင့် မူလသဘောတူညီချက် တစုံတရာညှိနှိုင်းခြင်းမရှိဘဲ ဖျက်သိမ်းခြင်းဖြစ်ကြောင်း စိန်ပန်းလမ်းမှ ဒိုင်မွန်းစတား ကုမ္ပဏီသို့ ဆန်ဝယ်ယူ တင်သွင်းခဲ့သူတစ်ဦးက ပြောကြားသည်။

အကယ်၍ ဆန်တစ်အိတ် ၁၄၀၀၀ ဖြင့် စာချုပ်ချုပ်ထားပြီး ဆန်ဈေးတက်၍ တစ်အိတ် ၁၆၀၀၀ ဖြစ်ကာ ဆန်ဝယ်ယူတင်သွင်းသည့် ပွဲရုံ အနေဖြင့် ဆန်ကို သတ်မှတ်ကာလအတွင်း အရှုံးခံဝယ်မသွင်းလျှင် ဒိုင်းမွန်းစတားကုမ္ပဏီက အမည်ပျက်စာရင်းသွင်းပြီး ဆန်ဖိုးငွေ လက်ကျန် မရှင်းပေး တော့ကြောင်း ၎င်းက ပြောဆိုသည်။

“ဘာဘက်ဂရောင်းတွေ ရှိလဲတော့ မသိဘူး တော်တော်လေးမောက်မာတယ် ကိုကိုကြီးဆိုပေမဲ့ တရုတ်ပဲ ဦးထွန်းမြင့်နိုင်လိုပဲ မြန်မာစီးပွားရေး ချယ်လှယ်နေတာ”ဟု အသက်၃၈ နှစ်ပွဲရုံပိုင်ရှင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ယခုအချိန်သည် ဆန်သစ်များပေါ်ချိန်ဖြစ်ပြီး ဆန်အ၀ယ်ရှိမှ တောင်သူများ စပါးဈေးကောင်းရကြောင်း ဆန်ပွဲရုံများက ငွေမလှည့်နိုင်၍ ဆန် မ၀ယ်နိုင်လျှင် ဆန်စက်များကလည်း စပါးမ၀ယ်နိုင်ဖြစ်ကာ နောက်ဆုံး ကျောမွဲလယ်သမား နင်ပြားများသာ နစ်နာကြောင်း ဆန်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ဒေါက်တာ ကိုကိုကြီးသည် ဒိုင်းမွန်းစတား ဆန်တင်ပို့သည့် ကုမ္ပဏီအပြင် ဇလွန်ရှေ့ဆောင်ကုမ္ပဏီ၊ ပရီမီယာကုမ္ပဏီ၊ Pack Link ဆိုသော ဆန်တင်ပို့သည့် ကုမ္ပဏီတို့ကို ပိုင်ဆိုင်ပြီး ဆန်တစ်ကြိမ်ပို့လျှင် တန်ချိန်သောင်းနှင့်ချီ ပို့လေ့ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ဆန်တင်ပို့နေသူ တစ်ဦး ဖြစ်သည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

မြန်မာ့ရေချိုငါး လစ်ဗျားသို့တင်ပို့ရန် စီစဉ်

မြန်မာ့မွေးမြူရေးမှ ထွက်ရှိသည့် ရေချိုငါးများအား ဒူဘိုင်း၊ ကူဝိတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ နိုင်ငံများသို့ အများဆုံးတင်ပို့လျက်ရှိပြီး ဈေးကွက်တိုးချဲ့သည့်အနေဖြင့် လစ်ဗျားနိုင်ငံသို့ပါ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိ ကြောင်း သိရသည်။

လစ်ဗျားနိုင်ငံသည် လက်ရှိအချိန်တွင် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည့်အတွက် ၎င်းတို့၏ စားသုံးမှု လိုအပ်ချက်များအတွက် မြန်မာနိုင်ငံမှ ရေချိုငါးများအား တင်ပို့နိုင်ပါက မြန်မာ့ရေချိုငါး ဈေးကွက်ပိုမိုကျယ်ပြန့်လာနိုင်မည် ဖြစ်သည့်အပြင် မြန်မာ့ ရေထွက်ပစ္စည်း ဈေးကွက်သစ် ရလာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေချိုငါးတင်ပို့မှုများတွင် ငါးမြစ်ချင်းငါးကို အများဆုံးတင်သွင်းလျက်ရှိပြီး ဒုတိယငါးကြင်းဖြူ၊ တတိယ ငါးခေါင်းပွ၊ စတုတ္ထ ရွှေဝါငါးကြင်းနှင့် အခြားမျိုးစိတ်အနည်းငယ်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။

“အခုလို ဈေးကွက်ချဲ့ထွင်တယ်ဆိုတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဈေးကွက်က တဖြည်းဖြည်းကြီးသွားလို့ ကိုယ့်ဆီမှာ ကုန်ပစ္စည်းတွေ ပြတ်သွားတာမျိုးတော့ မဖြစ်သင့်ဘူး။ ဒီတော့ ကိုယ့်နိုင်ငံမှာ တင်ပို့မည့်ကုန်ပစ္စည်း များများစားစားရှိမှပဲ ပြည်ပနိုင်ငံကို ရောင်းချသင့်တယ်” ပာု စီးပွားရေး လေ့လာနေသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၆ ခုနှစ်မှ စတင်၍ ပြည်ပသို့ ရေချိုငါးတင်ပို့မှုများမှာ နှစ်စဉ်တိုးတက်လျက်ရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ပြည်ပ နိုင်ငံများသို့ ရေချိုငါးတင်ပို့မှု တန်ချိန်လျော့နည်းလာသော်လည်း ငွေကြေးအရ တိုးတက်လာခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

                                                                                                                                                    YC

***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ်အပြည့် အန်အယ်ဒီမှ ၀င်ရောက်ယှဉ်ပြိုင်မည်

မကြာမီကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သည့် မဲဆန္ဒနယ်များကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေးနှင့် စပ်လျဉ်းသည့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

“ပွင့်ပွင့်လင်းလင်းပြောပါမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမက မှတ်ပုံတင်ရေးဘက်က ရပ်တယ်၊ ရွေးကောက်ပွဲကိုလည်း သုံးနေရာ စတိ အစား လစ်လပ်နေရာ အားလုံးကို ယှဉ်ပြိုင်စေချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် အကြိတ်အနယ် ဆွေးနွေးခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာ ၁၈ ရက်ဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး၊ မကြာမီ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် နေရာအပြည့် ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့သည်။

ယင်း ဗဟိုအစည်းအဝေးအား ပါတီ၏ အထွေအထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအဖွဲ့ဝင် ၁၀၆ ဦး တက်ရောက်ခဲ့ ကြောင်း သိရပြီး ဗဟိုအဖွဲ့ဝင်စုစုပေါင်း ၁၁၆ ဦးရှိသည့်အနက် ကျန် ၁၀ ဦးမှာ ကျန်းမာရေးကြောင့် အစည်းအဝေး မတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့ဟာ လက်တွေ့ကျကျ နိုင်ငံရေးရင့်ကျက်မှုနဲ့ စဉ်းစားစေချင်ပါတယ်။ အခုထိ အာဏာပိုင်များရဲ့ လုပ်ရပ်များဟာ လက်ခံနိုင် လောက်တဲ့အခြေအနေမှာ ရှိတယ်ဆိုပြီးတော့ ကျွန်မက သုံးသပ်ပါတယ်။ ဒါကြောင့်မလို့   အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေပြီး ပြန်လည်ပြီးတော့ မှတ်ပုံတင်ရေးကို ကျွန်မ ထောက်ခံတာဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ်ပြောင်းလဲလိုက်သည့် တည်ဆဲဥပဒေများ၊ ပြုပြင် ပြောင်းလဲမှုများကို အခြေခံ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကာ ရွေးကောက်ပွဲဝင်ခြင်းကို ထောက်ခံခဲ့သည်။

“ကျွန်တော်တို့ဟာ အန်အယ်ဒီပါတီ ရွေးကောက်ပွဲဝင်ရေး၊ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရေးကို အစဉ်တစိုက် ပြောခဲ့တာဆိုတော့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ရှိပါတယ်”ဟု အမျိုးသားဒီမိုကရေစီသစ်ပါတီမှ တာဝန်ရှိသူ ဦးဖုန်းမြင့် အောင်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈နေရာရှိပြီး၊ ယင်းလစ်လပ်မဲဆန္ဒနယ်များတွင် အမျိုးသား လွှတ်တော်မှ ၆ နေရာ၊ ပြည်သူ့ လွှတ်တော်မှ နေရာ ၄၀ နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်မှာ ၂ နေရာ လစ်လပ်ကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးလုပ်ငန်းများအား ထောက်ပံ့ပေးသွားမည်ဟု ဗြိတိန်ဝန်ကြီးပြော

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်နေသော လူမှုရေးလုပ်ငန်းများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီး လွှတ်တော်ကိုယ်စားလှယ် Andrew Mitchell က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံအပြီး ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်လာမှုတွေကို မြင်တွေ့ရပါတယ်။ ကျွန်တော်တို့ ဗြိတိန်နိုင်ငံကလည်း မြန်မာနိုင်ငံကို ထောက်ပံ့ကူညီပေးသွား မှာပါ” ဟု ၎င်းက ပြောဆိုသည်။

ဗြိတိန်ဝန်ကြီးသည် နိုဝင်ဘာ ၁၇ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် တည်ထောင်ထားသော လူမှုရေး လုပ်ငန်းများသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှုအကူအညီ များစွာလိုအပ်နေကြောင်း သိရှိစေရန်အတွက် ရန်ကုန်လှိုင်သာယာရှိ အမေ့အိမ် အခမဲ့ စာသင်ကျောင်းသို့ မစ်ချယ်(လ်)ကို သွားရောက် လေ့လာစေခဲ့ခြင်းဖြစ်ကြောင်း aဒ်ါအောင်ဆန်းစုကြည်က ပြောကြားသည်။

မူလတန်းကျောင်းသူ၊ ကျောင်းသား ၂၇၇၀၀၀ ကို ကျောင်းနေစဉ်တစ်လျှောက် ကုန်ကျမည့်ငွေများကို ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ပြောကြားသည်။

မစ်ချယ်(လ်)သည် နာရေးကူညီမှုအသင်းနှင့် NLD လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်းကူညီနေသော HIV လူနာများအား စောင့်ရှောက်ထားသည့်ဂေဟာသို့ သွားရောက်ခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ထောက်ကြံ့စစ်သင်္ချိုင်းတွင် ပြည်တွင်းပြည်ပ သတင်းစာဆရာများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဗြိတိသျှ ပါလီမန်အမတ် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးဌာန၀န်ကြီး အင်ဒရူးမစ်ချယ်(လ်)သည် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက် သည့် ၃ ရက်ကြာ ခရီးစဉ်အဖြစ် နိုဝင်ဘာ ၁၆ ရက်နေ့က ရောက်ရှိခဲ့ပြီး နေပြည်တော်၌ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအပါအ၀င် အစိုးရအဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

ဗြိတိန်နိုင်ငံက လာမည့်လေးနှစ်တာကာလအတွင်း ပေါင်စတာလင် ၁၈၅သန်း (အမေရိကန်ဒေါ်လာ သန်း ၃၀၀) ကူညီပေးအပ်သွားမည် ဖြစ်ကြောင်း UK aid ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါကူညီ ထောက်ပံ့မှုကို ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ရပ်ရွာအုပ်စုများမှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်စာ၌ ဖော်ပြထားသည်။

Peace Press

--------------------------------------------------------------------------------------------------------------------------------

မြန်မာ အာဆီယံဥက္ကဋ္ဌဖြစ်ရေး ခေါင်းဆောင်များသဘောတူပြီ

လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရေးအတွက် အာဆီယံခေါင်းဆောင်များမှ နိုဝင်ဘာလ ၁၇ ရက် နေ့တွင် သဘောတူအတည်ပြု လက်ခံလိုက်ပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပလျက်ရှိသည် (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် လာမည့် ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံအား အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးကိစ္စကို သဘောတူလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ ရွေးကောက်ပွဲအပြီး သမ္မတဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ်တစ်ရပ် ပေါ်ထွက်လာပြီးနောက် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြခဲ့သည့်အတွက် ယခုကျင်းပသည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံအား တာဝန်ပေးအပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ အစိုးရသစ်မှ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်နေသော်လည်း အားရစရာကောင်းသည့် အခြေအနေ တစ်ခုသို့ ရောက်ရှိခြင်း မရှိသေးကြောင်း မလေးရှားဝန်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ်က ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူရေးကိစ္စရပ်နှင့် ပတ်သက်၍ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများမှ နိုဝင်ဘာလ ၁၅ ရက် နေ့တွင် သဘောတူထောက်ခံခဲ့ပြီး ယခု အာဆီယံခေါင်းဆောင်များကပါ သဘောတူ လက်ခံလိုက်ပြီဖြစ်သည့်အတွက် မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူတော့မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်ရေးတာဝန်မှာ ပုံမှန်ဆိုပါက ၂၀၁၆ ခုနှစ်တွင်မှသာ ရရှိမည်ဖြစ်သော်လည်း လာအိုနိုင်ငံဖြင့် သဘောတူညီချက်ရယူကာ လာအိုနိုင်ငံမှ အလှည့်ကျော်ပေးခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်ကတည်းကပင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူရန် အခွင့်အရေး ရရှိခဲ့သော်လည်း မြန်မာနိုင်ငံတွင်း ပြည်တွင်းမငြိမ်သက်မှုများကြောင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို လက်လွတ်ခဲ့ရကြောင်း သိရသည်။

                                                                                                                                        YC

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- ဒီမိုကရေစီလမ်းပွင်းဖို့အတွက် အန်တီတို့အနေနဲ့ ဘယ်လိုလုပ်သွားမယ်ဆိုတာသိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်- ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေရဲ့ တာဝန်ဟာအစိုးရတွေ လုပ်သင့်လုပ်ထိုက်တာ လုပ်အောင်လို့ နည်းအမျိုးမျိုးနဲ့ တိုက်တွန်းဖို့၊ ပြောဆိုဖို့ ဖြစ်ပါတယ်။ အန်တီတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း နည်းအမျိုးမျိုးနဲ့ တိုက်တွန်းပြောဆိုဖို့ လိုပါတယ်။ ဒီမိုကရေစီ လိုချင်တဲ့သူတွေဟာ ဘယ်နိုင်ငံရေးအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကိုမှ အားကိုးပြီးတော့ နေလို့မဖြစ်ပါဘူး။ ကိုယ်လိုချင်တဲ့ ကိစ္စတွေအတွက် ကိုယ်ကိုယ် တိုင်က လှုပ်ရှားဖို့လိုပါတယ်။ ဒီမိုကရေစီ လိုချင်လို့ ရှိရင် ပြည်သူတွေမှာလည်းတာဝန်ရှိပါတယ်။

နိုဝင်ဘာ ၁၈ ထုတ် The Hot News အတွဲ (၂) အမှတ် (၆၆) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် အင်တာဗျူး” ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အာဆီယံဥက္ကဋ္ဌနေရာရယူရေးဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအသိုင်းအဝိုင်းမှာ တန်းတူရည်တူဖြစ်မှု လူရာဝင်မှု၊ Image Promotion နဲ့ Nation Branding  ပြုလုပ်နိုင်မှုကို ကိုယ်စားပြု ဖော်ညွှန်းနေပါတယ်။ အဓိကအချက်မှာ နိုင်ငံ တော်နဲ့ နိုင်ငံသားတို့ရဲ့ ဂုဏ်သိက္ခာ ဖြစ်ပါတယ်။ မကြာတော့တဲ့ ကာလအတွင်း Global Power အဆင့်ကူးပြောင်း တက်လှမ်းတော့မယ့် အာရှအင်အားကြီးနိုင်ငံ နှစ်နိုင်ငံကြားရှိ The Land in the Clash of Civilization ဖြစ်၍ အခွင့်အလမ်း ရောစိန်ခေါ်မှုများပါ ရောယှက်ကြုံတွေ့နေရတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံဥက္ကဋ္ဌနေရာ ရယူခြင်းသည် မိမိနဲ့ ထိုက် တန်သည့် နေရာမှန်ကို ပြန်လည်ရယူနိုင်ဖို့ တက်လှမ်းလိုက်တဲ့ ခြေလှမ်းဖြစ်ပါတယ်”

နိုဝင်ဘာ ၁၇  7DAYSအတွဲ (၁၀) အမှတ် (၃၅) တွင်ပါသည့် “မြန်မာအာဆီယံဥက္ကဋ္ဌရာထူးရလျှင် ဘယ်လိုအကျိုးရှိမလဲ”  မှူးဇော် (နိုင်ငံရေး ဆောင်းပါးရှင်)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်မတို့နိုင်ငံ တိုးတက်ရေးအတွက် လူတွေဟာ စိတ်လုံခြုံဖို့ ဥပဒေစိုးမိုးမှုရှိဖို့ လိုပါတယ်။ ဥပဒေစိုးမိုးရေးက ဘာပေါ်မှာမူတည်သလဲဆိုတော့ လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင်ရှိဖို့ လိုပါတယ်။ တရားရေးမဏ္ဍိုင်က လွတ်လပ်ရမယ်၊ သန့်ရှင်းရမယ်၊ သန့်ရှင်းပြီး လွတ်လပ်တဲ့ တရားရေးမဏ္ဍိုင် မရှိရင် ကျွန်မတို့နိုင်ငံမှာ ဥပဒေစိုးမိုးရေးဟာ ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံတစ်နိုင်ငံအတွက် အင်မတန်မှ အရေးကြီးတဲ့ကိစ္စလို့ မြင်ပါတယ်။ ဒီဟာက ဒီမိုကရေစီအတွက် မရှိမဖြစ်ရှိရမယ့် ကိစ္စတစ်ခု ဖြစ်ပါတယ်။ ဒီမိုကရေစီအဆောက်အအုံတွေ ခိုင်မာဖို့ဆိုရာမှာလွတ်လပ်ပြီးသန့်ရှင်းတဲ့ တရားရေး မဏ္ဍိုင်ဟာ အဓိက ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်မတို့ဟာ ဆက်ပြီးကြိုးစားသွားမယ်လို့ ပြောချင်ပါတယ်”

နိုဝင်ဘာ ၁၇  7DAYSအတွဲ (၁၀) အမှတ် (၃၅) တွင်ပါသည့် “ဒီမိုကရေစီ အဆောက်အအုံခိုင်မာရန် လွတ်လပ် သန့်ရှင်းသော တရားရေး မဏ္ဍိုင် လိုအပ်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment