Transparency Myanmar

transparency.myanmar@gmail.com

၁၉.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. သမ္မတကြီး ဦးသိန်းစိန် ဂန္ဓလရာဇ်ကမ်းမှ ခွာတော်မူခြင်း

*****************************************************************

ဆောင်းပါးကဏ္ဍ

သမ္မတကြီး ဦးသိန်းစိန် ဂန္ဓလရာဇ်ကမ်းမှ ခွာတော်မူခြင်း

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပလျက်ရှိသော အာဆီယံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကို ၂၀၁၄ အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် အတည်ပြုလိုက်ပြီဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် လက်ရှိအခြေအနေများမှ ပိုမိုကြိုးစားရတော့မည်ဖြစ်ကြောင်း သမ္မတကြီး ဦးသိန်းစိန်က သူ၏ west wings အဖွဲ့သားများကို သြဝါဒပေးလိုက်သည်။

အာဆီယံဥက္ကဋ္ဌ ရာထူးရယူနိုင်ရန် အသည်းအသန်ကြိုးပမ်းနေခြင်းမှာ လက်ရှိအစိုးရသည် ရွေးကောက်တင်မြှောက်ခံ အစိုးရဖြစ်ခြင်းနှင့် အရပ်သားအစိုးရအဖြစ် နိုင်ငံတကာတွင် တရားဝင်ရန် ကြိုးပမ်းခြင်းဟု နိုင်ငံရေးလေ့လာသူများက မှတ်ချက်ပြုကြသည်။ ထိုမှတ်ချက်ပြုမှုများသည် ပညာရှင်တို့ သဘောထားဖြစ်၍ မှန်ကန်သော်လည်း အခြားအချက် တစ်ချက်လည်း ရှိနေပြန်သည်။ အလွန်အမင်း အင်အားကြီးထွားလာသည့် တရုတ် နိုင်ငံကို ပါဝါမျှခြေထိန်းရန်အတွက် အာဆီယံအသိုက်အဝန်းကို ဦးဆောင်ရန် ကြိုးပမ်းခြင်းဟု ဆိုနိုင်မည့် အရိပ်အယောင်တွေလည်း တွေ့ရသည်။

ယခင်က မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းအစိုးရအနေဖြင့် အုပ်ချုပ်ခဲ့ရာ ရွေးကောက်တင်မြှောက်ခံအစိုးရ မဟုတ်သဖြင့် နိုင်ငံတကာတွင် မျက်နှာပန်းမလှခဲ့သလို အမေရိကန်နှင့် ဥရောပနိုင်ငံများကလည်း ဝိုင်းကြဉ်ထားသည်ဖြစ်ရာ မြန်မာစစ်အစိုးရအနေဖြင့် ကမ္ဘာ့အလယ်တွင် တရားဝင် နိုင်ရေးအတွက် ကုလသမဂ္ဂတွင် အင်အားကြီးတစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထီးရိပ်ကို ခိုခဲ့ရသည်။ ထီးရိပ်ခိုခအတွက်၊ စစ်အစိုးရကို ကာကွယ်စောင့်ရှောက်ခအတွက် မြန်မာတို့အနေဖြင့်လည်း တရုတ်ပြည်ကို ပြန်လည်ပေးဆပ်လိုက်ရမှုတွေ များစွာရှိခဲ့သည်။ မြန်မာနိုင်ငံ၏ သဘာဝ သယံဇာတတွေ အားလုံးနီးပါးကို တရုတ်ပြည်တစ်ခုတည်းကို မဖြစ်စလောက်ငွေကြေးဖြင့် ရောင်းချပေးရသည်။ တရုတ်နိုင်ငံမှ အမှိုက်နီးပါးဖြစ်သည့် မိုဘိုင်းဖုန်းတွေကို မြန်မာနိုင်ငံအတွင်း ဈေးကွက်ရှာပေးရသည်။ မဟာဗျူဟာအရ အလွန်ပင်စိုးရိမ်ဖွယ်ကောင်းသည့် မြစ်ဆုံစီမံကိန်းကြီးနှင့် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို ခွင့်ပြုခဲ့ရသည်။ မြစ်ဆုံစီမံကိန်းသည် ပြည်သူတစ်ရပ်လုံး၏ တက်တက်ကြွကြွ ကာကွယ်မှု၊ မီဒီယာများ၏ မီးမောင်းထိုးမှု၊ ကမ္ဘာ့အသိုင်းအဝိုင်း၏ ဖိအားနှင့် သမ္မတကြီး၏ ရဲဝံ့ပြတ်သားသော ဆုံးဖြတ်ချက်တို့ကြောင့် ရပ်တန့်နိုင်ခဲ့ပြီဖြစ်သော်လည်း ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ယင်းနှင့်တဆက်တည်းဖောက်လုပ်မည့် ရထားလမ်းစီမံကိန်းများသည် နိုင်ငံ၏ အချုပ်အခြာအာဏာအထိပင် စိုးရိမ်ဖွယ် ကောင်းနေသေးသည်။ သို့ရာတွင် လက်ရှိအခြေအနေအရ မြန်မာအစိုးရသစ်အနေဖြင့် နိုင်ငံတကာတွင် တရားဝင်ဖြစ်ပြီဟု ဆိုနိုင်စေကာမူ ဖြတ်သန်း စရာတွေ အများကြီးကျန်နေသေးသည်ဖြစ်ရာ ဆွေမျိုးပေါက်ဖော်တို့ အမျက်ဒေါသထွက်မည့်အရေးကို ရှောင်ရှားလိုသောကြောင့် ကျောက်ဖြူရေနက် စီမံကိန်းကို ဆက်လက်ခွင့်ပြုခဲ့သည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်လျှင် တရုတ်ပြည်ကြီးကို စိန်ခေါ်နိုင်စွမ်းမရှိသေးသည့် အခြေအနေကို သဘောပေါက်၍ တရုတ်ပြည်နှင့် ထိပ်တိုက်မတိုးရန် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိစ္စတွင် နှုတ်ဆိတ်နေခဲ့သည်။

သမ္မတကြီး ဦးသိန်းစိန်သည် စစ်အစိုးရခေါင်းဆောင်များထဲတွင် ဥာဏ်ပညာအကြီးမားဆုံးဖြစ်ပြီး နိုင်ငံတကာရေးရာ အမြင်ရှိသူတစ်ဦးလည်း ဖြစ်ရာ တရုတ်ပြည်၏ မြန်မာနိုင်ငံအပေါ် လိုအပ်သည်ထက် သြဇာလွှမ်းမိုးနေမှုကို လျော့ချရန် လိုနေပြီဖြစ်ကြောင်း ယခင် အစိုးရလက်ထက် ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်စဉ်ကပင် သုံးသပ်မိဟန်တူပါသည်။ ထို့ကြောင့် သမ္မတအဖြစ်ကျမ်းကျိန်၍ အစိုးရသစ်ဖွဲ့စည်းပြီးသည်နှင့် တပြိုင်နက် မြန်မာ အစိုးရသစ်ကို နိုင်ငံတကာတွင် တရားဝင်ရန် ကြိုးပမ်းမှုကို စတင်တော့သည်။ သဘောမှာ မြန်မာနိုင်ငံအနေဖြင့် ပေါင်းသင်းစရာ တရုတ်တစ်နိုင်ငံတည်း မဟုတ်တော့စေရန် လုပ်ဆောင်ခြင်းဖြစ်သည်။

သမ္မတကြီးသည် အစိုးရသစ်ဖွဲ့ပြီးပြီးချင်း တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဦးသိန်းစိန်သည် သူ့နိုင်ငံကို သြဇာလွှမ်းသော အကိုပေါက်ဖော်ကြီးများကို သွားရောက်ဂါရဝပြုခြင်းဖြစ်လိမ့်မည်ဟု သုံးသပ်ခဲ့ကြသော်လည်း ထိုခရီးစဉ်တွင် ဦးသိန်းစိန်က တရုတ် ခေါင်းဆောင်တွေကို မိမိသာလျှင် မြန်မာနိုင်ငံ၏ အထွဋ်အထိပ်ဖြစ်ပြီး သွားလေသူ ဗိုလ်ချုပ်မှူးကြီးကို တမ်းတနေခြင်းမပြုရန် အသိပေးလိုခြင်း ဖြစ်ပုံ ရသည်။ မြန်မာနိုင်ငံ၏ ဥသျှောင်သမ္မတဖြစ်ကြောင်းကိုလည်း မြစ်ဆုံစီမံကိန်းကို ရပ်တန့်လိုက်ခြင်းဖြင့် တရုတ်ခေါင်းဆောင်တွေကို သတိပေး လိုက်သည်။ စစ်အစိုးရလက်ထက်က တရုတ်အစောင့်ရှောက်ခံ ကိုးကန့်နှင့် ဝ တိုင်းရင်းသားလက်နက်ကိုင်များကို ထိုးစစ်ဆင်သည့် ကိစ္စနှင့် ပတ်သက်ပြီး တရုတ်ပြည်၏ အမျက်တော်ရှမှုကို ခံခဲ့ရသည်။ ထိုကိစ္စကို စစ်တပ်၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီးသူရရွှေမန်းက သွားရောက် ဖြေရှင်းခဲ့ရာ တရုတ်ခေါင်းဆောင်တွေက “ မင်းဆရာဘယ်သူလည်း၊ မင်းထက်ကြီးတဲ့သူ လွှတ်လိုက်” ဟု ရင့်သီးစွာပြောခဲ့သဖြင့် ထိုစဉ်က နံပါတ် ၂ ဥသျှောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးကိုယ်တိုင် သွားရောက်ဖြေရှင်းခဲ့ရသည်။ ယခု မြစ်ဆုံကိစ္စတွင် တရုတ်နှင့် ပြဿနာအကြီးအကျယ် တက်လိမ့်မည်ဟု ယူဆရသော်လည်း သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကိုယ်တိုင်သွားရောက်ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံခြားရေးဝန်ကြီးကိုသာ စေလွှတ် ခဲ့ပြီး ၎င်းကမူ တရုတ်၏ မဟာဗျူဟာပြိုင်ဘက် အိန္ဒိယသို့ ချစ်ကြည်ရေးသွားရောက်ခဲ့ခြင်းဖြင့် တရုတ်အစိုးရကို ကြိုးတစ်ချောင်း တင်းပြလိုက်သည်။ ထိုခရီးစဉ်တွင် အိန္ဒိယနှင့် သဘောတူညီချက် များစွာရရှိခဲ့ပြီး စစ်တွေရေနက်စီမံကိန်းသည် ကျောက်ဖြူရေနက်စီမံကိန်းကို ထောက်ထားနိုင်မည့် မဟာဗျူဟာ ဆိပ်ကမ်းတစ်ခုလည်း ဖြစ်ခဲ့သည်။

သမ္မတကြီးအနေဖြင့် တရုတ်ကို တန်ပြန်ရန်မှာ အာရှအနေအထား တစ်ခုတည်းနှင့်မဟုတ်ဘဲ ကမ္ဘာ့စူပါပါဝါဖြစ်သည့် အမေရိကန် ပြည်ထောင်စု၏ အသိအမှတ်ပြုမှုကိုလိုကြောင်း သဘောပေါက်ပုံရသည်။ ထို့ကြောင့် အမေရိကန်နှင့် ပြေလည်နိုင်မည့် နည်းလမ်းတွေကို ရှာဖွေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အနောက်ကမ္ဘာကို သြဇာရှိသည့် ပုဂ္ဂိုလ်တစ်ဦး အစိုးရအဖွဲ့ထဲရောက်လာပါက ထိုကိစ္စတွေ အဆင်ပြေနိုင်သည့်အတွက် သူမကို လွှတ်တော်ထဲ၊ အစိုးရအဖွဲ့ထဲ ရောက်လာရန် တွေ့ဆုံညှိနှိုင်းခဲ့သည်။ အရေးကြီးက သွေးနီးရာဆိုသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည် ဘက်မှလည်း တိုင်းပြည်အခြေအနေကို ငဲ့ကွက်၍ သမ္မတကြီးဘက်မှ ရပ်တည်ပေးခဲ့သဖြင့် ယခုအခါ အနောက်ကမ္ဘာ အထူးသဖြင့် အမေရိကန်နှင့် ပြေလည်မည့် လမ်းစပေါ်ထွန်း လာခဲ့ပြီဖြစ်သည်။ NLD ပါတီရွေးကောက်ပွဲဝင်မည့် ဆုံးဖြတ်ချက် ထွက်ပေါ်အပြီး အမေရိကန်သမ္မတ အိုဘားမားက Air Force 1 လေယာဉ်ကြီးပေါ်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကို မြန်မာနိုင်ငံသို့ စေလွှတ်ရန် ကိစ္စများ ကို ပြောဆိုခဲ့သည်။ မကြာမီပင် သမ္မတအိုဘားမားနှင့် သမ္မတကြီး ဦးသိန်းစိန် အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နိုဝင်ဘာ ၁၉နေ့ထုတ် မြန်မာအစိုးရပိုင် သတင်းစာများ၏ နောက်ကျောဖုံးနှင့် အတွင်းစာမျက်နှာများတွင် ထူးခြားချက်တွေကို မြင်နိုင်သည်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံဆိုင်ရာ မိန့်ခွန်းပြောကြားသည့် သတင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဗီယက်နမ် နိုင်ငံသို့ စစ်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရန် သွားရောက်သည့် သတင်းတွေကို ဝေဝေဆာဆာ ဖော်ပြထားသည်။ ဗီယက်နမ်သည် တောင်တရုတ် ပင်လယ်အတွင်းရှိ စပါတလေကျွန်းများအတွက် တရုတ်နှင့် အကြီးအကျယ် အငြင်းပွားနေရာမှ လွန်ခဲ့သည့်လအတွင်း ဗီယက်နမ်နှင့် အိန္ဒိယ ရေတပ်များ အငြင်းပွားရာ ရေပြင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ဘုံရန်သူချင်းတူလျှင် မိတ်ဆွေဖြစ်သည်ဟူသော သီအိုရီအရ မြန်မာနှင့် ဗီယက်နမ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမှာ တရုတ်တို့အတွက် မျက်ခုံးလှုပ်စရာပင်။ ထိုကျွန်းများအတွက် အငြင်းပွားနေရသော ဖိလစ်ပိုင်နှင့် မလေးရှားတို့ကလည်း အာဆီယံနိုင်ငံများ ပူးပေါင်း၍ တရုတ်ကို ရင်ဆိုင်သွားကြရန် သဘောတူထားကြသည်။

ယခု မြန်မာအာဆီယံ ဥက္ကဋ္ဌလည်းဖြစ်ပြီ၊ အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးကောင်းမွန်သည့် လမ်းကြောင်းပေါ်လည်း ရောက်လာပြီ၊ အာဆီယံနိုင်ငံအားလုံးကလည်း မြစ်ဆုံစီမံကိန်းဖြင့် တရုတ်ပြည်ကို တုန်လှုပ်စေခဲ့သော မြန်မာကို ခေါင်းဆောင်တင်လိုက်ကြပြီး အာဆီယံကို ခြိမ်းခြောက်နိုင်သော တရုတ်ပြည်ကို ရင်ဆိုင်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ထို့ကြောင့် သမ္မတကြီး ဦးသိန်းစိန်အနေဖြင့် ကူးစရာကမ်းတွေ၊ ကပ်စရာ ကမ်းတွေ အများကြီးရှိနေပြီဖြစ်ရာ မကြာမီပင် ဂန္ဓလရာဇ်ကမ်းမှ ဝေးနိုင်သမျှဝေးအောင် ဆုတ်ခွာတော့မည်သာ ဖြစ်သည်။

****************************************************************************************************

Attached: yangonchronicle2011 Op-Ed
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment