Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
yangonchronicle 2011- (1)

၂၁.၁၁.၂ဝ၁၁

ဘာသာပြန်သတင်းများအပိုင်း(၁)

  1. ဘန်ကီမွန်းနှင့် ဦးသိန်းစိန် ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပါဝင်
    ( New Kerala မှ 20 Nov 2011 ရက်စွဲပါ “ Myanmar: Ban discusses Suu Kyi” သတင်းကို ဘာသာပြန်သည်)
  2. မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် သတိကြီးစွာဖြင့် တရုတ် တုံ့ပြန်
    (New Kerala မှ 19 Nov 2011 ရက်စွဲပါ China reacts cautiously to Myanmar's political reforms ကို ဘာသာပြန်ဆိုသည်)
  3. ပြောင်းလဲနေသည့် မြန်မာနိုင်ငံအတွက် စစ်မှန်သော စမ်းသပ်ချက်များ စောင့်ကြိုလျက်ရှိ
    (New York Times သတင်းစာမှ၊ 18 Nov 2011 ရက်စွဲပါ Thomas Fuller ၏ "For a Changing Myanmar, the Real Tests Lie Ahead" ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

*******************************************************************************

ဘာသာပြန်သတင်းများ

ဘန်ကီမွန်းနှင့် ဦးသိန်းစိန် ဆွေးနွေးရာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပါဝင်

( New Kerala မှ 20 Nov 2011 ရက်စွဲပါ “ Myanmar: Ban discusses Suu Kyi” သတင်းကို ဘာသာပြန်သည်)

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာသမ္မတဦးသိန်းစိန်နှင့် စနေနေ့က တွေ့ဆုံကာ အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်မှု၊ ဒိုင်ယာလော့ ဆွေးနွေးမှု တိုးတက်အောင် လတ်တလောဆောင်ရွက်မှုများ အပါအဝင် လက်ရှိဖြစ်ပေါ် နေသော နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရန် အားထုတ်မှုကို ကြိုဆိုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပနေသော အရှေ့တောင်အာရှနိုင်ငံများအသင်း( အာဆီယံ ) ထိပ်သီးညီလာခံ၏ အဝန်းအဝိုင်းတွင် ပြုလုပ်သော တွေ့ဆုံမှုတွင် ဘန်ကီမွန်းက “ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံမှ အဓိက သက်ဆိုင်သူ State holders များထံမှ ထွက်ပေါ်လာသော အပြုသဘောဆောင်သည့် တုန့်ပြန်မှုရလဒ်ကိုလည်း ထောက်ခံကြိုဆိုကြောင်း” ပြောကြားခဲ့သည်။

အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာသမ္မတတို့ တွေ့ဆုံမှုသည် ၂၀၁၄ အာဆီယံ အလှည့်ကျဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံ ပြန်လည် တာဝန်ယူရန် ကြိုးပမ်းမှုပေါ် အာဆီယံအဖွဲ့က ဆုံးဖြတ်ချက်ချမှတ်မှုနှင့် တိုက်ဆိုင်လျက်ရှိသည်။မစ္စတာ ဘန်ကီမွန်းက မြန်မာနိုင်ငံမှ အဓိက သက်ဆိုင်သူ ခေါင်းဆောင်များ၊ အုပ်စုများအား “ အမျိုးသားညီညွတ်မှုကို ခိုင်မာစေမည့် လူတိုင်းပါဝင်ခွင့်ရှိသော ကျယ်ကျယ်ပြန့်ပြန့် နိုင်ငံရေးလုပ်ငန်းစဉ်မှတစ်ဆင့် ယခု နောက်ဆုံးထွက်ပေါ်လာသော ကိစ္စရပ်များအပေါ်တွင် သမိုင်းဝင်အခွင့်အလမ်းကို အမိအရ ဖမ်းဆုတ်ကြရန်နှင့် မြန်မာပြည်သူတို့ အားပေးထားသော ကတိကဝတ်များ ပြည့်ဝစေမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို နောက်ပြန်မလှည့်သော လမ်းကြောင်းပေါ်တွင် အကောင်အထည်ဖော်ကြရန်” အားပေးတိုက်တွန်းပြောကြားခဲ့သည်။

ထို့အပြင် မြန်မာအစိုးရနှင့် ပြည်သူများ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂတို့က ဆက်လက်အားပေးပံ့ပိုးနိုင်မည့် နည်းလမ်းများကိုလည်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာသမ္မတတို့ တွေ့ဆုံရာတွင် ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။

*******************************************************************************

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများအပေါ် သတိကြီးစွာဖြင့် တရုတ် တုံ့ပြန်

(New Kerala မှ 19 Nov 2011 ရက်စွဲပါ China reacts cautiously to Myanmar's political reforms ကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် လတ်တလော အကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တရုတ်နိုင်ငံက သတိရှိစွာဖြင့် တုံ့ပြန်နေကြောင်း သိရသည်။ မြန်မာနှင့် တရုတ် နှစ်နိုင်ငံအကြား ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများရှိနေသည့်ကိစ္စနှင့်ပတ်သက်၍ တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့်ကြားမှ ယခုလို သတိကြီးစွာဖြင့် တုံ့ပြန်နေခြင်းဖြစ်သည်။

"တရုတ်နဲ့ အခြားသော အနောက်နိုင်ငံကြီးများအနေနဲ့ မြန်မာနိုင်ငံနဲ့ အဆက်အသွယ်တွေပိုလုပ်ပြီး ဆက်ဆံရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ကြတာကို ကျွန်တော်တို့တွေ့မြင်ချင်ပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးနဲ့ နိုင်ငံခြားရေးမူဝါဒတွေဟာ နိုင်ငံတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဆောင်ကြဉ်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Liu Weimin ၏ ပြောကြားချက်ကို Wall Streel Journal က ကိုးကားဖော်ပြသည်။

လာမည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက် လည်ပတ်မည်ဟူသော ကြေညာချက်ထွက် ပေါ်လာပြီးနောက် တရုတ်နိုင်ငံက ယင်းသို့ သဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာရောက် လည်ပတ်မည့်ကိစ္စသည် မဟာဗျူဟာကျကျ အရေးပါသော မြန်မာနိုင်ငံတွင်း အမေရိကန်သြဇာလွှမ်းမိုးမှု မြှင့်တင်ရန် လှုပ်ရှားမှုတစ်ခု အသွင်ဆောင်စေသည်။

အမေရိကန်သမ္မတ အိုဘားမားအုပ်ချုပ်ရေးအဖွဲ့မှ စီနီယာအရာရှိတစ်ဦး၏ အဆိုအရ လတ်တလော အမေရိကန်နှင့် မြန်မာ အပေးအယူလုပ် ဆက်ဆံမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

"အမေရိကန်ပြည်ထောင်စုက မြန်မာခေါင်းဆောင်တွေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်တဲ့ကိစ္စဟာ တရုတ် ဒါမှမဟုတ် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်နစ်နာစေခဲ့ပြီးမှ ဖြစ်ပေါ်လာတာမဟုတ်ပါဘူး" ဟု ၎င်းကဆိုသည်။ မြန်မာခေါင်းဆောင်များက ကမ္ဘာလုံးဆိုင်ရာကြွယ်ဝချမ်းသာမှုကို မောင်းနှင်မည့် နေရာမှာ အာရှပစိဖိတ်ဒေသတွင် တည်ရှိသည်ဟူသောအချက်ကို နားလည်သဘောပေါက်ထားသည်ကို အမေရိကန်အစိုးရအနေဖြင့် ယုံကြည်ကြောင်း ၎င်းကဖြည့်စွက်ပြောဆိုသည်။

မကြာသေးခင်ကာလအတွင်း သမ္မတအိုဘားမားက မိန့်ခွန်းပြောကြားရာတွင် တရုတ်နှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ တိုးပွားနေသည့် အာရှပစိဖိတ် ဒေသတွင် အမေရိကန်စစ်ရေးတည်ဆောက်မှုများ တိုးမြှင့်လုပ်ကိုင်သွားမည်ဖြစ်သည်ဟု ကတိကဝတ်ပြုပြောဆိုခဲ့သည်။

တရုတ်သည် လက်ရှိအနေအထားတွင် ဖိလစ်ပိုင်၊ ထိုင်ဝမ် တို့အပါအဝင် အမေရိကန်ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံများနှင့် တောင်တရုတ် ပင်လယ်ပြင်ရှိ ကျွန်းစုများနှင့် ရေပိုင်နက် ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုများတွင် ပါဝင်ပတ်သက်နေသည်။ လေ့လာဆန်းစစ်သူများအဆိုအရ တရုတ်နိုင်ငံသည် ၎င်း၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ဝိရောဓိဖြစ်မှုများကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကြီးထွားစေရန် ကြိုးပမ်းနေရကြောင်း သိရသည်။

ဘေဂျင်းအစိုးရက ငြိမ်းချမ်းသည့်ဇာတ်လမ်းမျိုးခင်းကျင်းရန် မြှင့်တင်ဆောင်ရွက်နေသည့်တိုင် နယ်နိမိတ်လုံခြုံရေးနှင့် ရင်းမြစ်များရရှိရေးအတွက် ၎င်း၏ ရန်မူလိုသည့် လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် အိမ်နီးချင်းနိုင်ငံငယ်များ၏ တရုတ်အပေါ်ယုံကြည်မှုနည်းပါးလာအောင် လုပ်ဆောင် နေသကဲ့သို့ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည်ပင် ဒေသတွင်း တရုတ်၏ လုပ်ကိုင်ဆောင်ရွက်မှုများအပေါ် အမှန်တကယ် စိတ်ပျက် အားလျော့လျက်ရှိသည် ဟု Peking University မှ နိုင်ငံတကာဆက်ဆံရေး ပေါမောက္ခ Zhu Feng ကပြောကြားသည်။

*****************************************************************************

ပြောင်းလဲနေသည့် မြန်မာနိုင်ငံအတွက် စစ်မှန်သော စမ်းသပ်ချက်များ စောင့်ကြိုလျက်ရှိ

(New York Times သတင်းစာမှ၊ 18 Nov 2011 ရက်စွဲပါ Thomas Fuller ၏ "For a Changing Myanmar, the Real Tests Lie Ahead" ကို ဆီလျော်အောင်ဘာသာပြန်ဆိုသည်။)

တစ်နှစ်ပင် မပြည့်သည့် အချိန်ကာလအတွင်း အာဏာရှင်စနစ်မှ တစ်ဝက်တပျက် ဒီမိုကရေစီစနစ်အဖြစ် အသွင်ကူးပြောင်းခဲ့သော မြန်မာနိုင်ငံမှ ပြောင်းလဲရေးခြေလှမ်းများသည် အဆိုးမြင်လွန်းလှသော လေ့လာစိတ် ကြည့်သူများကိုပင် အသက်ရှူမှားအောင်လုပ်ဆောင်ခဲ့သည်။

စစ်တပ်ကျောထောက်နောက်ခံ မြန်မာ့နိုင်ငံရေး စနစ်ထဲသို့ ပြန်လည်ဝင်ရောက်မည်ဟူသည့် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက်က သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကြိုးပမ်းချက်များအတွက် အပေါ်ယံရွှေကြဲ အခွင့်အာဏာတစ်ရပ်ကို ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။

မြန်မာ့အရေး လေ့လာဆန်းစစ်သူများကတော့ အပြောင်းအလဲများသည် အစစ်အမှန် ဖြစ်ပုံရကြောင်း ပြောဆိုကြသည်။ အတိုက်အခံ အင်အားစုများကို အစိုးရက အလျှော့ပေးလာခြင်း၊ နိုင်ငံရေးအကျဉ်းသားများအနက်မှ အချို့ကိုလွှတ်ပေးခြင်း၊ ဥပဒေများစွာကို ပြန်လည်ပြင်ဆင်ရေးဆွဲခြင်း၊ သတင်းမီဒီယာများအပေါ် တင်းကြပ်ထားမှုများအား ဖြေလျှော့ပေးလာခြင်း အစရှိသည်တို့ကို စစ်မှန်သော အပြောင်းအလဲများဖြစ်ဟန်ရှိသည်ဟု ၎င်းတို့ကဆိုသည်။ သို့သော် အဆိုပါ အပြောင်းအလဲများ ထာဝရဖြစ်လိမ့်မည်ဟု ပြောဆိုမှုများတော့မရှိပေ။

ယခုလို လွတ်လပ်အောင်ဖြေလျှော့ပေးမှုများ အလုပ်ဖြစ်နိုင်သည်ဟူသော အချက်ကို ပြသနိုင်ရေးအတွက် သမ္မတ ဦးသိန်းစိန်တွင် "လွန်စွာ အရေးကြီးသောတစ်နှစ် ဆိုသည့် အခွင့်အလမ်း" ရှိကြောင်း ကုလသမဂ္ဂအရာရှိဟောင်းနှင့် မြန်မာ့အရေးကျွမ်းကျင်သူ သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံကတော့ လှိုက်စားနေသည့် ဆင်းရဲမွဲတေမှု၊ မူမမှန်သော စီးပွားရေးလည်ပတ်မှု တို့ဖြင့်သာ ဆက်၍ ပတ်ချာလည် ဝိုင်းနေဆဲပင်ဖြစ်သည်။

မြန်မာပြည်နေရာဒေသ အတော်များများတွင် ငြိမ်းငြိမ်းချမ်းချမ်း မရှိပေ။ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရတပ်ဖွဲ့များအကြား ပဋိပက္ခများ ပုံမှန် ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ နယ်စပ်ဒေသများသည် အာရှဒေသ တစ်ခုလုံးသို့ ဘိန်းဖြူနှင့် မီသာအဖက်တမင်းစိတ်ကြွဆေးပြားများ ပမာဏများစွာ ထုတ်လုပ်လျက်ရှိသည့် ဒေသများလည်းဖြစ်သည်။

"အခုလို အနေအထားမှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲနဲ့ ပါလီမန်လွှတ်တော်ထဲ ဝင်ရောက်ရေး စတာတွေအတွက် စဉ်းစားရာမှာ အလွန်အမင်းကို အကောင်းအမြင်ကြည့်ဖို့ လွယ်ကူလာပါတယ်" ဟု ဦးသန့်မြင့်ဦးက ယမန်နှစ်က နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသူ ၁၉၉၁ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းပြီး ပြောဆိုသည်။

"ဒါပေမဲ့ စီးပွားရေးနဲ့ပတ်သက်ပြီး အကောင်းမြင်ဖို့ဆိုတာ အင်မတန်ခဲယဉ်းပါသေးတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ တရားစီရင်ရေးစနစ်မရှိဘူး။ စစ်မှန်တဲ့ ဘဏ်လုပ်ငန်းစနစ်တွေမရှိဘူး။ စီးပွားရေးတိုးတက်အောင် ငွေကြေးထောက်ပံ့ပေးမယ့် စနစ်လည်းမရှိဘူး။ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ကြွေးမြီ ရယူနိုင်မယ့် စနစ်မျိုးလည်းမရှိဘူး"ဟု ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးဟောင်း ဦးသန့်၏ မြေးလည်းဖြစ်သူ ဦးသန့်မြင့်ဦးက ဆက်လက် မှတ်ချက်ပေးသည်။

အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမားကလည်း "မြန်မာနိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက်စရာ များစွာရှိနေသေးသည်မှာ မှန်ကန်သည်" ဟုအင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ကျင်းပသည့် အာရှပစိတ်နိုင်ငံများ ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားသည်။

"မြန်မာပြည်သူတွေအတွက် လူ့အခွင့်အရေးမရရှိတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ဆယ်စုနှစ်များစွာ အလေးအနက် စိုးရိမ်ပူပန်နေခဲ့ရပါတယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသမားတွေအပေါ် ဖိစီးနှိပ်စက်မှု၊ တိုင်းရင်းသားလူနည်းစုတွေအပေါ် ရက်စက်ကြမ်းတမ်းစွာ ဆက်ဆံမှု၊ စစ်ဘက်ခေါင်းဆောင်အချို့ရဲ့ လက်ထဲမှာ အာဏာရှိအောင် လုပ်ကိုင်ဆောင်ရွက်မှုတွေက ကျွန်တော်တို့ရဲ့ အသိစိတ်ကို စိန်ခေါ်ခဲ့ပြီး မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့နိုင်ငံအတော်များများနဲ့ အဆက်အသွယ်ပြတ် အထီးကျန်ဖြစ်စေခဲ့ပါတယ်" ဟုသမ္မတ အိုဘားမားက ပြောကြားသည်။

သို့သော် ၎င်းက "နှစ်ပေါင်းများစွာ အမှောင်ထုဖုံးလွှမ်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ်များမှာ တိုးတက်ဖြစ်ထွန်းမှုတွေ ရိပ်ခနဲဖြစ်ပေါ် လာတာကို ကျွန်တော်တို့ တွေ့ခဲ့ရပါတယ်" ဟု ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအရ ဟာမိုနီကျမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ် ကျောထောက်နောက်ခံ အစိုးရသစ်အကြား တင်းမာမှုများ လျော့ကျလာသည့်ကိစ္စ မည်သည့်အချိန်ကာလအထိ တာရှည်ခံမည်ဟူသော အချက်အပေါ် မူတည်နေပြီဖြစ်သည်။ လာမည့်လပိုင်းများအတွင်း မြန်မာအစိုးရ အနေဖြင့် ယခင်နိုင်ငံရေးစနစ်ဟောင်းလက်ထက်က ချမ်းသာကြွယ်ဝမှုများဖန်တီးခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင် သန်းကြွယ် သူဌေးကြီးများနှင့် အတိုက်အခံအင်အားစုများကို နူးညံ့ပျော့ပျောင်းသည့် ကမ်းလှမ်းမှုများ လုပ်ဆောင်နေခြင်းအပေါ် အလိုမကျဖြစ်နေသည့် စစ်ဘက်အင်အားစုများ၏ ခါးသီးသော တုံ့ပြန်မှုများကိုရင်ဆိုင်ရမည်ဖြစ်သည်။

အဆိုပါ ပြဿနာအရေးကိစ္စများအားလုံး၏ အထက်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် တိုင်းပြည် စီးပွားရေးစနစ် ကောင်းမွန်အောင် ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး ကြီးမားသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။ အထူးသဖြင့် ဘဏ်လုပ်ငန်းနှင့် ငွေကြေးလုပ်ငန်းဆိုင်ရာ နယ်ပယ် တိုးတက်ကောင်းမွန်ရေးနှင့် ပတ်သက်သည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ချေးငွေနှင့် အပေါင်လုပ်ငန်းများမရှိပေ။ ဘဏ်များမှာလည်း တစ်နှစ်ထက်ပိုသော ငွေချေးမှုများလုပ်ပိုင်ခွင့်မရှိသည်ကို တွေ့ရသည်။ ပုဂ္ဂလိကဘဏ်များအနေဖြင့် လူဦးရေ ၅၅ သန်းခန့်၏ ၇၀ ရာခိုင်နှုန်းရှိသော လယ်သမားများအား ငွေချေးပိုင်ခွင့်မရှိပေ။ ငွေးချေးငှား လိုသူများအနေဖြင့် တရားဝင် ဖွဲ့စည်းထားခြင်းမရှိသော အဖွဲ့အစည်းများနှင့် ငွေချေးသူများထံမှသာ အဆမတန် များပြားလှသည့် အတိုးဖြင့် ငွေးချေးကြရကြောင်း၊ အတိုးမှာလည်း တစ်နှစ်လျှင် ၁၈၀ ရာခိုင်နှုန်းဝန်းကျင်ခန့် ကောက်ယူကြကြောင်း သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီရှိ Macquarie University မှ ပါမောက္ခနှင့် မြန်မာ့စီးပွားရေးကျွမ်းကျင်သူ Sean Turnell ကပြောကြားသည်။

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်သို့ကူးပြောင်းရာတွင် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် ယခင် အရှေ့ဥရောပနိုင်ငံများ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံမျိုးနှင့် ရင်ဆိုင်နေရကြောင်း Sean Turnell ကဆိုသည်။

"သူတို့က စာရွက်ဗလာနဲ့ စတင်လုပ်ဆောင်နေကြရတာ။ အစိုးရရဲ့ ပြုမူပြောဆိုလုပ်ကိုင်ပုံတွေကတော့ သိသိသာသာကြီးကို ပြောင်းလဲ သွားခဲ့ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကတော့ ညဉ်းတွားသံတွေနဲ့ ဖုံးလွှမ်းနေမှာပါ" ဟု ၎င်းကဆိုသည်။ မြန်မာနိုင်ငံတွင်အစိုးရ၏ သဘာဝဓာတ်ငွေ့ ရောင်းချမှုမှ ရရှိထားသော ဒေါ်လာဘီလီယံနှင့် ချီသည့် ဘဏ္ဍာငွေများကို ကွယ်ဖျောက် သိမ်းဆည်းထားသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 "ပိုက်ဆံတွေ ဘယ်နားမှာရှိလဲဆိုတာနဲ့ ပတ်သက်ပြီး သိအောင်လုပ်နိုင်တဲ့ သီအိုရီတွေတော့ အများကြီးရှိပါတယ်ဗျာ" ။

*****************************************************************************

 

 

                 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment