Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၁.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ၂၀၁၀ ပွိုင့်အလွန် ဒီမိုကရေစီတိုက်ဇေးရှင်း

*****************************************************************************

ဆောင်းပါးကဏ္ဍ

၂၀၁၀ ပွိုင့်အလွန် ဒီမိုကရေစီတိုက်ဇေးရှင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအရပ်သားတစ်ပိုင်းအစိုးရသည် ယနေ့အချိန်၌ နိုင်ငံတကာမျက်နှာစာတွင် ရင်ဆိုင်ကြုံတွေ့ စိန်ခေါ်နေသည့် အရာမှာ တရားဝင်မှု အကျဉ်းအကျပ်(Legitimacy Dilemma) ဖြစ်သည်။ ယင်းသို့ အတွေ့အကြုံမျိုးကို အာဏာရှင်စနစ်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံတိုင်းတွင်တွေ့ကြုံနေရမြဲဖြစ်ပါသည်။ အာဏာရှင်စနစ်ကျင့်သုံးနေသော နိုင်ငံတစ်ခုသည် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကို ကျင်းပပေးသည်ဆိုကတည်းကိုက နိုင်ငံရေးအရ တစ်စုံတစ်ရာဖြေလျှော့မှုပြုလိုက်သည့် သဘောပင်ဖြစ်သည်။

နိုင်ငံတကာတွင် တရားမဝင်ခဲ့

နှစ်ပေါင်း ၂၀ ကျော် အတိုက်အခံလုပ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းများကို မူအရ သဘောမတူ၍ တစ်နည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်နိုင်မည်မထင်၍ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မပြုခဲ့ပေ။ အရည်အတွက် နည်းပါးသော ဒီမိုကရေစီမိတ်ဖက်ပါတီများသာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ရွေးကောက်ပွဲတွင် အင်အား အကြီးမားဆုံးနှင့် ယခင် အာဏာရှင်စနစ်မှ မွေးထုတ်ပုံသွင်းလိုက်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အင်အားအကြီးမားဆုံးဖြစ်သည်။

ယင်းနှင့် အင်အားခြင်းယှဉ်ပြိုင်နိုင်သည့် ပါတီဟူ၍ ယခင် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီတစ်ဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသာရှိပါသည်။ သို့တိုင်အောင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှာ ပြည်သူများအား ပါတီ၏ ရပ်တည်ချက်ကို ပြည့်ပြည့်ဝဝထုတ်ဖော်မဲဆွယ် စည်းရုံးနိုင်ခဲ့ခြင်းမရှိပါ။ ဤသို့သောအရပ်ရပ် အခြေအနေအောက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်သာ ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များတွင်ရော၊ ပြည်ထောင်စုလွှတ်တော်တွင်ပါ အမတ်နေရာအများစု ရရှိခဲ့သည့် ရလဒ်မျိုး ပေါ်ထွက်လာရလေသည်။ ရွေးကောက်ပွဲသည်လည်း တရားမျှတမှုမရှိဟု နိုင်ငံတကာမျက်နှာစာတွင် ဝေဖန်ခံခဲ့ရပါသည်။ သို့နှင့် စနစ်တစ်ခုသို့ အသွင်အပြင်အရပြောင်းလဲသွားပြီး ယင်းစနစ်မှ ပေါ်ထွန်းလာသည့် အရပ်သားတစ်ပိုင်း အစိုးရမှာလည်း ယခင်အစိုးရ၏ အာဏာရှင်ဆန်မှုကြောင့် ဖြစ်ပေါ်ရသောတရားမဝင်မှုနှင့် တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်ရသောတရားမဝင် နှစ်မျိုးစလုံးကိုထမ်းရွက်ခဲ့ရသည်။

အပြောင်းအလဲများသွက်လက်

လွန်ခဲ့သောတစ်နှစ်ခန့်က ပြည်သူများမှာ ထိုသို့သော အခြေအနေမျိုးကို ရင်ဆိုင်ကြုံတွေ့လိုက်ရသဖြင့် ဒီမိုကရေစီနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်မှုဆိုသော မျှော်လင့်ချက်မှာကုန်ဆုံးသွားသလိုပင်ဖြစ်ခဲ့ရသည်။ သို့သော် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များမှာ ထင်မှတ်ထားသည်ထက် ပိုမြန်ပိုသွက်သလိုရှိခဲ့လေရာ ပြည်သူများမှာ အပြောင်းအလဲများအပေါ် အိမ်မက်သဖွယ်လိုဖြစ်နေရသည်။ အမှန်စင်စစ် ဒီမိုကရေစီစနစ်ကို မြန်မာနိုင်ငံတွင် မကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်အတွက် ခေါင်းဆောင်ပိုင်းတွင်ရော၊ ပြည်သူများတွင်ရော ဒီမိုကရေစီ အတွေ့အကြုံ (Democracy memory) မရှိခဲ့ပါ။ ထို့ကြောင့် လွှတ်တော်အတွင်းအဆိုနှင့် အမေးလွဲချော်၍ မေးခြင်းမျိုး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်ပိုင်ခွင့်ပေးအပ်ထားသည့်အတိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီးတွင် မေးရမည့်မေးခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် မေးမြန်းခြင်းမျိုး၊ အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်ကို အရပ်ရပ်သော ဒေသန္တရအစိုးရများ သဘောပေါက်နားလည်မှု မရှိုခြင်းမျိုး (ဥပမာတိုင်းဒေသကြီးနှင့် ပြည်နယ်စည်ပင်သာယာရေးအခွန်ကိစ္စ) ကြုံတွေ့နေရသည်။  သို့သော် မည်သို့ပင် အမှားများ၊ အလွဲများနှင့် ကြုံတွေ့ နေရသည်ဖြစ်စေ လုပ်ရင်းနှင့်သင်မည်ဆိုသော (Learning by doing) စိတ်အခံများဖြင့် လွှတ်တော် ကို အသက်ဝင်အောင် ကြိုးပမ်းဆောင်ရွက်ရမည်သာ ဖြစ်ပေသည်။လွှတ်တော်သို့ လာရောက်လေ့လာကြသော နိုင်ငံတကာမှ အဖွဲ့အစည်းများ၊ လွှတ်တော်အမတ်များသည်လည်း မြန်မာနိုင်ငံ၏ လွှတ်တော်မှာ တကယ်အလုပ်လုပ်နေပြီဖြစ်ကြောင်း နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအရိပ်အယောင်များ သန်းလျက်ရှိနေပြီဟူသော ကောက်ချက်ချမှုများသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အလားအလာကောင်းများ ရှိနေပြီဟုသုံးသပ်၍ ရနိုင်သည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်မှလည်း အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် စီးပွားရေး ဖိုရမ်သို့ တက်ရောက်ပါရန် တလေးတစား ဖိတ်ကြားခဲ့သည့်အပြင် ယင်းမှာသမ္မတအိမ် တော်၌ တွေ့ဆုံစကားပြောစေခြင်းဖြင့် ပြည်သူများ၏ ဦးသိန်းစိန်အစိုးရအပေါ် ယုံကြည်မှုမှာလည်းပို၍ တိုးလာစေခဲ့ ပါသည်။ ထို့အပြင် နိုင်ငံတကာမှ စဉ်ဆက်မပြတ် တောင်းဆိုနေသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးကိုလည်း ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်ခဲ့သည့်အတွက် နိုင်ငံတကာမှ သံသယကင်းစ ပြုလာပြီဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင်မူ လက်ရှိအစိုးရမှာအထက်တွင် ဆိုခဲ့သည့် နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရားမဝင်မှုကို တရားဝင်မှုရှိလာအောင် မှန်ကန်မှုရှိသည့် အပြောင်းအလဲများ မြန်မြန်ထက်ထက် လုပ်ဆောင်လာခဲ့ခြင်းဖြစ်ပါသည်။

လက်တွေ့ကျသည့် အမျိုးသားခေါင်းဆောင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် အထွေထွေအတွင်းရေးမှူ ဒေါ်အောင်ဆန်းစုကြည်သည် လည်း သူမလွတ်မြောက်ခါစက မြန်မာ့နိုင်ငံရေး အခင်းအကျင်းသစ်ကို မသိသေးသည့်အားလျှော်စွာ မည်သည်မှ ရေရေရာရာ ဆုံးဖြတ်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့ပါ။ သို့သော် လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သည်နှင့်အညီ သူမ၏ ဖခင်အတိုင်းလက်တွေ့ကျသည့် လုပ်ဆောင်ချက်မျိုးကို စနစ်တကျ လုပ်ဆောင်လာနိုင်ကြောင်း တွေ့ရသည့်အခါ မြန်မာနိုင်ငံရေးအလားအလာကောင်းများ ကြုံတွေ့နေတော့မည်ဟု သုံးသပ်မိပါသည်။ အထူးသဖြင့် လက်ရှိအစိုးရမှ ဒေါ်အောင်ဆန်းစုကြည် အပေါ်ထားရှိသောလေးစားမှုမှာ သူမအဖို့ တိုင်းပြည်ကောင်းစားရေးအတွက် လုပ်ဆောင်ပေးရန် အခွင့်အရေးကောင်း ဖြစ်သည်ဟု သဘောထားမျိုးရှိနေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ နိုင်ငံတကာမှ လေးစားယုံကြည်သော ပုဂ္ဂိုလ်မျိုးကို လက်ရှိအစိုးရမှ နိုင်ငံဖွံ့ဖြိုးဖို့ရန် ပူးပေါင်းလုပ်ဆောင်ရမည့် ခေါင်းဆောင်အဖြစ် သဘောထားရှိခြင်းမှာလည်း အစိုးရတစ်ရပ်၏ တရားဝင်မှုကို မြင့်မားလာစေပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲမဝင်ခဲ့သည့်အတွက် ဒီမိုကရေစီစနစ်သစ်၏ ပင်မရေစီးကြောင်း နိုင်ငံရေးတွင် ပါဝင်ခဲ့နိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ပြည်သူများ၏ မျှော်လင့်ချက်မကုန်သေးသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် လွှတ်တော်ပြည်ပနိုင်ငံရေးတွင် သြဇာရှိနေဦးမည်သာဖြစ်သည်။ အမှန်စင်စစ် ပင်မရေစီးကြောင်းနိုင်ငံရေးဖြစ်သော လွှတ်တော်နိုင်ငံရေးတွင်ဖြစ်စေ၊ လွှတ်တော်ပြင်ပနိုင်ငံရေးတွင်ဖြစ်စေ အဓိက အရေးကြီးသည်မှာကား တည်ဆဲဥပဒေဘောင်အတွင်းရှိနေဖို့ပင်ဖြစ်သည်။ အစိုးရနှင့် တပ်မှလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် တရားဝင် နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာစေချင်သောကြောင့် ယခင် နိုင်ငံရေးပါတီမှတ်ပုံတင်ဥပဒေများကို ပြန်လည်ပြင်ဆင်ပေးခဲ့ပါသည်။ လက်တွေ့ကျစွာပင် ဒေါ်အောင်ဆန်းစုကြည်မှလည်း တိုင်းနှင့် ပြည်နယ်အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခွဲများ၏ သဘောဆန္ဒကို ရယူပြီးယင်းတို့၏ သဘောတူညီမှုများဖြင့်  ပါတီမှတ်ပုံတင်ရန်နှင့် ရွေးကောက်ပွဲဝင်ရန် ဆုံးဖြတ်ခဲ့သည်။

ယုံကြည်စပြုလာကြပြီ

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်းအလဲများအပေါ် ယုံကြည်မှုရှိစပြုလာပြီဖြစ်သော အမေရိကန်နှင့် အီးယူအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံများမှလည်း သံသမန်နည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲမှုများအပေါ် အပြည့်အဝမဟုတ်စေကာမူ အထိုက်အသင့် အားရကျေနပ်မှုရှိကြောင်း ပြသလာခဲ့သည်။ ထိုအတွက်ကြောင့် ၂၀၁၄ခုနှစ် အာဆီယံဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံအား ဒေသတွင်း နိုင်ငံများက လိုလိုလားလားပေးအပ်ခဲ့လေသည်။

မြန်မာနိုင်ငံမှာ ၂၀၀၆ခုနှစ် ကတည်းက အာဆီယံဥက္ကဋ္ဌဖြစ်လာရန် ရှိသော်လည်းအနောက်နိုင်ငံများမှ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ဟန့်တားကန့်ကွတ်ခြင်းများ ရှိခဲ့ခြင်းကြောင့် ဖြစ်မလာခဲ့ပေ။ ယခုအခါတွင်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအမည်ဖြင့် ရွေးကောက်ပွဲလည်းဝင် အာဆီယံဥက္ကဋ္ဌလည်း ဖြစ်ဆိုခြင်းကြောင့် သားရွှေအိုးထမ်းလာသည့် ကိစ္စရပ်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌ ဖြစ်ပြီး နာရီပိုင်းအတွင်း၌ပင် အမေရိကန်သမ္မတအိုဘားမားမှ ၎င်း၏ နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်ကို ဒီဇင်ဘာလတွင် မြန်မာနိုင်ငံစေလွှတ်မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အာဆီယံဥက္ကဋ္ဌတာဝန်မှာ ကြီးလေးသည်နှင့်အညီ စိန်ခေါ်မှုများလည်းရှိခြင်းကြောင့် နိုင်ငံအတွင်း နိုင်ငံရေးအရညီညွတ်မှုရှိရန် အထူးလိုအပ်လျက်ရှိပါသည်။ ယခု ဖြစ်ထွန်းတိုးတက်လာသည့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများသည် ဘုံတူညီချက်ရှိသော (Common ground) နိုင်ငံရေးသဘောတူအမြင် ရှိလာနိုင်သည့်လမ်းကြောင်းမျိုး လမ်းဖြစ်ခြင်းကြောင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးရှိလာနိုင်မည်ဖြစ်သည်။

နိဂုံးချုပ်အနေဖြင့် လက်ရှိနိုင်ငံရေးအခြေအနေသည် သူနိုင် ကိုယ်နိုင်အခြအနေမျိုး(Win-Win Situation) တွင်ရှိနေပြီဖြစ်သည်။ တစ်နည်းပြောရလျှင် နိုင်ငံရေးသဘောတူညီမှုများ၏ ရလဒ်ပင်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် အမျိုးသားအကျိုးစီးပွားအတွက် ရေရှည် လုပ်ဆောင်သင့်သည့် အရာများကိုအစိုးရတွင်ရော၊ အာဏရပါတီကြီးတွင်ရော၊ ဒီမိုကရေစီမဟာမိတ်ပါတီများနှင့် ပေါ်ထွန်းလာတော့မည်ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီတွင်ရော၊ အရပ်ဖက် ပညာရှင်အဖွဲ့အစည်းများတွင်ရော နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကိုပုံဖော်မည့် အဂ္ဂမဟာဗျူဟာ (Grand strategy) ရေးဆွဲထားရန် လိုအပ်နေပြီဖြစ်ပါကြောင်း………….။

*****************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment