Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၄.၁၁.၂၀၁၁

ပြည်တွင်းသတင်းများ

  1. နေအိမ် မရွေ့ချင်လျှင် စည်ပင်အား တစ်နေ့ဒဏ်ကြေးတစ်သောင်း ပေးရမည်
  2. ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာလေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရမည်
  3. နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းသာထားရှိမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီ ခမောက်တံဆိပ်ကိုစွန့်ပြီ
  1. ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီဖွဲ့စည်း

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***********************************************

ပြည်တွင်းသတင်းများ

နေအိမ် မရွေ့ချင်လျှင် စည်ပင်အား တစ်နေ့ဒဏ်ကြေးတစ်သောင်း ပေးရမည်

မြောက်ဥက္ကလာပမြို့နယ်ရှိ နေအိမ် နှစ်ဆယ်ကျော်ကို တစ်နေ့လျှင် ဒဏ်ကြေးတစ်သောင်းပေးဆောင်မှသာ နှစ်ပေါင်းနှစ်ဆယ်နေလာသည့် ခြံပေါ်တွင် ဆက်လက်နေထိုင်ခွင့်ပြုမည် ဖြစ်ကြောင်း မြို့နယ်စည်ပင်က စာထုတ်ပြန်လိုက်သည်ဟု သိရသည်။

“ဒဏ်ကြေးတစ်သောင်းက အနည်းဆုံးကိုပြောတာ တစ်ချို့အိမ်တွေဆို လေးသောင်းလောက် တောင်းတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်မှစတင်ကာ သမ၀ါယမပိုင်မြေနေရာအား အခကြေးငွေဖြင့် ငှားရမ်းနေထိုင်လာသည့် နေအိမ်များအား ရှင်းလင်းစေရန် ရည်ရွယ်ပြီး မြို့နယ်စည်ပင်မှ စာထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့တွေကို ဖယ်စေချင်လို့ တစ်ရက်ကို ဒဏ်ကြေးတစ်ရာ ကောက်တာကစပြီး ကောက်လာလိုက်တာ နောက်ဆုံးကောက်တာ တစ်ရက် တစ်သောင်းပဲ” ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ စည်ပင်မှ ဒဏ်ကြေးငွေ မတန်တဆ ကောက်ခံခြင်းကို ခံစားနေရသည့် အိမ်ထောင်စုများမှာ (ဌ)ရပ်ကွက်၊ ပုလဲလမ်းတွင် နေထိုင်သည့် အိမ်ထောင်စုများဖြစ်ပြီး ယင်းဖြစ်ရပ်အတွက် ဒေသခံအာဏာပိုင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတော်သမ္မတထံ စာတင်ပို့ပြီး ဖြစ်ကြောင်း သိရသည်။

သမ၀ါယမပိုင် မြေနေရာအား ငှားရမ်းကာနေထိုင်သည့် မိသားစုနှစ်ဆယ်ကျော်တွင် ကျောင်းသားဦးရေ သုံးဆယ်ကျော်နှင့် မိသားစုဝင် တစ်ရာ ကျော် နေထိုင်လျက်ရှိသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ဘဏ္ဍာရေးစနစ်သစ်အရ မြန်မာလေကြောင်း ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရမည်

မြန်မာ့လေကြောင်းအနေဖြင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစနစ်သစ်အရ မိမိလေကြောင်းလိုင်းမှရရှိသည့် ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် ရပ်တည်ရ တော့မည် ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်များအတွင်း မြန်မာ့လေကြောင်းလိုင်းအတွက် ပြင်ဆင်စရိတ်နှင့် အာမခံလုပ်ငန်းများကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် စိုက်ထုတ် သုံးစွဲပေးနေရသည့်အတွက် လာမည့်နှစ်မှ စတင်၍ မြန်မာ့လေကြောင်းလိုင်းအနေဖြင့် ကိုယ်ပိုင်ဘတ်ဂျက်ငွေဖြင့်သာ ရပ်တည်ရန် ဆုံးဖြတ်လိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားအလံတင် လေကြောင်းလိုင်း (National Flag Carrier) ကို နိုင်ငံပိုင်လေကြောင်းလိုင်း တစ်ခုတည်းသာ လုပ်ဆောင်ခွင့် ရရှိမည်ဆိုသည့် အချက်ပါဝင်သည့် လေကြောင်း စီးပွားဆိုင်ရာဥပဒေကို မကြာမီကာလအတွင်း အထောင်အထည်ဖော် ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း ပြည်တွင်းလေကြောင်းလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

၎င်း ဥပဒေအရ မြန်မာ့လေကြောင်းလိုင်းသည် အမျိုးသားအလံတင် လေကြောင်းဖြစ်ခွင့်အပြင် လေယာဉ်စီးပွား ရေးလုပ်ငန်းများနှင့် ဆက်စပ် လျက်ရှိသော လေယာဉ်လက်မှတ် အရောင်းအေးဂျင့်များ လုပ်ကိုင်ခွင့်၊ လေဆိပ်အတွင်း မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် လေကြောင်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံးကို လုပ်ကိုင်ခွင့် ရရှိတော့မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတော်အလံအား လွှင့်တင်ပျံသန်းလျက်ရှိသည့် လေကြောင်းလိုင်းမှာ အစိုးရနှင့် ဖက်စပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာအဲလ်ဝေးအင်တာနေရှင်နယ်(MAI) လေကြောင်းလိုင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့လေကြောင်းလိုင်းကို ၁၉၆၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စတင်တည်ထောင်ခဲ့စဉ်အချိန်တွင် လေကြောင်းသယ်ယူပို့ဆောင်ရေး ဥပဒေ အသက်ဝင်နေသည့်အတွက် ယခုကဲ့သို့ မြန်မာ့လေကြောင်းလိုင်းမှ ရရှိသော ကိုယ်ပိုင်ဘတ်ဂျက်ဖြင့် သုံးစွဲရေးမှာ အဆင်ပြေခဲ့သော်လည်း လက်ရှိအချိန်တွင် ပြည်တွင်းလေကြောင်းလိုင်း ပြိုင်ဆိုင်မှု များပြားနေသည့်အတွက် ကိုယ်ပိုင်ဘတ်ဂျက် ကိုယ်တိုင်သုံးစွဲရေးမှာ ခက်ခဲနိုင်မည် ဖြစ်ကြောင်း သိရသည်။

                                                                                                                                                      YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းသာထားရှိမည်

မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများ တစ်မျိုးတည်းသာ ထားရှိနိုင်စေရန် လက်ရှိနိုင်ငံခြား ငွေလဲလှယ်နှုန်း အမျိုးမျိုးထားရှိနေ မှုအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

လက်ရှိ အခြေအနေတွင် ပြည်တွင်း တရားဝင်နိုင်ငံခြားငွေ လဲလှယ်ခွင့်ရ ကောင်တာနှင့် ပြင်ပတရားမဝင် နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများမှာ တူညီမှုမရှိဘဲ ဈေးကွာပာမှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းရေးလုပ်ငန်းစဉ်များကို အဓိထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းထားရှိရေး ကိစ္စရပ်နှင့် ပတ်သက်၍ စီးပွားရေးလေ့လာနေသူတစ်ဦးက “မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း တစ်ခုတည်း ထားလိုက်မယ်ဆိုရင်တော့ ပို့ကုန်လုပ်ငန်းရှင်တွေအတွက်တော့ ကောင်းသွားတာပေါ့။ တရားမဝင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်လည်း ပပျောက်သွားစေနိုင်တာပေါ့” ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်နှုန်း ပေါင်းစည်းလုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်ရန် သက်ဆိုင်သည့် ကမ္ဘာ့ငွေကြေးဆိုင်ရာ အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်လျက်ရှိကြောင်း ဘဏ်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ခုတည်းဖြစ်စေရန် လုပ်ဆောင်ရာတွင် အက်ဖ်အီးစီ အပါအဝင် ပို့ကုန်ရငွေနှင့် ပြင်ပနိုင်ငံခြားငွေ လဲလှယ်နှုန်းဈေးကွက် တစ်ခုဖြစ်သည့် ပွာန်ဒီဈေးကွက်အား ဖြုတ်ချပစ်ရန် လိုအပ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

ပြင်ပ နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကွက်တစ်ခုဖြစ်သည့် ပွာန်ဒီဈေးကွက်သာ မရှိတော့ပါက မြန်မာနိုင်ငံရှိ ပို့ကုန် စီးပွားရေးလုပ်ငန်းရှင် အချို့အကြား သဘောထားကွဲလွဲမှုများ ရှိလာစေနိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးမူဝါဒ၊ ငွေရေးကြေးရေး မူဝါဒများအပေါ် လိုအပ်သလို ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများ ရှိလာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ သုံးသပ်ပြောကြားခဲ့သည်။

                                                                                                    Ref: Popular News

 ***************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီ ခမောက်တံဆိပ်ကို စွန့်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် နှစ်ပေါင်းနှစ်ဆယ်ကျော်ကာလအထိ အသုံးပြုခဲ့သော ခမောက်တံဆိပ်ကို ပါတီအား မှတ်ပုံ ပြန်တင်သည့်အချိန်တွင် အသုံးပြုတော့မည်မဟုတ် ကြောင်း NLDဗဟိုအလုပ်မှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

ခမောက်အစား ပါတီ၏အလံကို တံဆိပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ NLD ပါတီအလံ တံဆိပ်သည် အနီရောင်နောက်ခံအပေါ်တွင် ဘယ်ဘက်အပေါ်ဒေါင့်ရှိ ကြယ်ကို ခွပ်ဒေါင်းက ဦးတည်နေပုံ ဖြစ်သည်။

“တံဆိပ်ပဲ ပြောင်းတာပါ။ ပါတီယူနီဖောင်းကိုတော့ မပြောင်းပါဘူး” ဟု ဦးဝင်းထိန်က ပြောကြားသည်။ ယင်းယူနီဖောင်းကို ပါတီဝင်များသည် မဝတ်ဆင်သော်လည်း ရနိုင်ကြောင်း သိရသည်။

NLD ပါတီသည် မှတ်ပုံပြန်တင်မည်ဟု ကြေငြာလိုက်ပြီး ပါတီအတွင်း အပြောင်းအလဲအမြောက်အများကို ပြုလုပ်လျက်ရှိပြီး ယင်းသို့ ပြောင်းလဲမှုများ အပေါ်တွင်လည်း အမျိုးမျိုး ဝေဖန်ပြောဆိုလျက်ရှိကြောင်း သိရသည်။

“NDF(အမျိုးသားဒီမိုကရေစီအင်အားစု)နဲ့ ဦးသိန်းညွန့်ပါတီ တံဆိပ်တွေနဲ့ တူနေမှာစိုးလို့ ပြောင်းလိုက်တာနဲ့ တူတယ်” ဟု လွှတ်တော် ကိုယ်စားလှယ် အဟောင်းတစ်ဦးက သုံးသပ်ပြောကြားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြစ် NLDနှင့် ခမောက်ကို တပူးတည်းသိမြင်ကြသည့်အတွက် ခမောက်မရှိတော့သော်လည်း NLD ပါဟု စည်းရုံးနိုင်သဖြင့် တံဆိပ်ပြောင်းလဲလိုက်ခြင်းကြောင့် ဆိုးကျိုးမရှိကြောင်း NLD မှစည်းရုံးရေးမှူးတစ်ဦးက ပြောကြားသည်။

လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို ကျင်းပမည့်ရက် မသတ်မှတ်ရသေးကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားလိုက်သော်လည်း လစ်လပ် နေရာများတွင် ရွေးကောက်ပွဲပြုလုပ်ရန် လိုအပ်သည်များကို အထက်မှညွှန်ကြားချက်အရ ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦးက ပြောကြားသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီဖွဲ့စည်း

နိုဝင်ဘာ (၁၆) ရက်နေ့၌ ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့တွင် ပြည်သူ့ လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

၎င်း ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခင် သြဂုတ်လ ၂၈ ရက်နေ့အစည်းအဝေး၌ ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်း ခဲ့သည့် တည်ဆဲဥပဒေများ စိစစ်သုံးသပ်ရေးကော်မရှင်ကိုပင် အမည်ပြောင်းလဲ၍ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်၊ သုံးသပ်ရေးကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် အမ်းမဲဆန္ဒနယ်မှ ဦးဌေးမြင့်တို့မှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မတီတွင် အဖွဲ့ဝင်များအဖြစ် သံအမတ်ကြီး(ငြိမ်း) ဦးလင်းမြိုင်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးမြသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသန်းထွန်း၊ ပါမောက္ခ(ငြိမ်း) ဒေါက်တာအောင်ထွန်းသက်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ဥပဒေရုံးမှ ဒုတိယဗိုလ်မှူးကြီး အောင်ခင်သိန်း၊ ပါမောက္ခဒေါက်တာ တင်မေထွန်း၊ ပါမောက္ခ ဒေါက်တာသီတာဦး၊ တရားရုံးချုပ် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးတင်ဝင်း၊ တိုင်းဒေသကြီး ဥပဒေအရာရှိ(ငြိမ်း) ဦးခင်မောင်ဦး၊ တရားလွှတ်တော်ရှေ့နေ ဦးမြင့်လွင်၊ တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်သန်သန်းရီတို့ပါဝင်ကြောင်း သိရသည်။

                                                                                                    Ref: ပြည်သူ့ခေတ်

 ***************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော့်အနေနဲ့ ဆင်းရဲနွမ်းပါးပြီး အမှုအတွက် အကူအညီလိုအပ်နေသူတွေကို အခမဲ့ဆောင်ရွက်ပေးနေပါတယ်။ အဲဒီလိုလုပ်ပေးတာကလဲ ပြောရရင် နိုင်ငံတော်အေးချမ်းမှုကို အနှောင့်အယှက်ဖြစ်စေမယ့် မတရားမှုတွေ၊ လာဘ်စားမှုတွေ ပပျောက်စေချင်လို့ပါ။ တချို့က အမှုအကြောင်း နားမလည်လို့ ခံရ၊ တချို့ကျတော့ ငွေကြေးမတတ်နိုင်လို့ အနိုင်ကျင့်ခံရတာတွေ အဲဒါတွေကိုကူညီချင်လို့ အခုလိုမျိုး အခမဲ့ဆောင်ရွက်ဖြစ်ခဲ့ရတာပါ။ အဓိကကတော့ အမှုအတွက် မတတ်နိုင်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ အကူအညီရအောင်၊ ပြီးတော့ မတရားမှုတွေ ပပျောက်ပြီး သန့်ရှင်းပြီး တရားမျှတတဲ့ ဥပဒေတစ်ရပ်ပေါ်ထွက်လာစေရေးအတွက် ဥပဒေဘောင်အတွင်းက တစ်ဖက်တစ်လမ်းကနေ ကူညီတဲ့ သဘောပဲဖြစ်ပါတယ်”

နိုဝင်ဘာ ၂၂ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၅) တွင်ပါသည့် “ဥပဒေကြောင်းအရ အကူအညီ လိုအပ်သူများကို အခမဲ့ ကူညီဆောင်ရွက်ပေးမည်” သတင်းမှ ဥပဒေကျွမ်းကျင်ပညာရှင်တစ်ဦး Robert  စန်းအောင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ကျွန်တော် နောက်ထပ်ပြောချင်တာက ပြည်ပကသူတွေဟာ ပြည်တွင်းမှာ ကြုံတွေ့နေရတဲ့ အနေအထားကို ဘာမှမသိဘဲနဲ့ ဝေဖန်တာတွေ မလုပ်သင့်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သကိုဘယ်တော့မှ သစ္စာဖောက်မယ့်သူ မဟုတ်ဘူးဆိုတာ ယုံကြည်ပေးထားဖို့တော့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စိတ်ထဲနှလုံးသားထဲမှာ ဘာတွေရှိတယ် ဆိုတာသေချာမသိရင် မဝေဖန်ပါနဲ့။ လက်တွေ့ ဘာဖြစ်လာမယ်ဆိုတာပဲ စောင့်ကြည့်စေချင်တယ်”

နိုဝင်ဘာ ၂၂ ထုတ် The Flower News အတွဲ (၇) အမှတ် (၄၅) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက် မှန်သမျှကို ထောက်ခံသွားမည်ဟု ဦးကျော်သူပြောကြား” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အားလုံးဟာ ကျွန်မတို့နိုင်ငံမှာပညာရေးကဏ္ဍဖွံ့ဖြိုးစေချင်တယ်၊ ကျွန်မတို့လူငယ်တွေဟာကမ္ဘာ့အဆင့်အ တန်းနဲ့ မီအောင်လို့ ပညာတွေ ရစေချင်တယ်။ ဒါကတော့ ဘယ်သူကမှ ငြင်းမယ်လို့မထင်ဘူး။ အဲဒီလို ပညာရဖို့အတွက် လုပ်နေတဲ့အခါမှာ ဒီလိုဒီမိုကရေစီကွန်ရက်က လူငယ်တွေက ကိုယ့်နည်း ကိုယ်ဟန်နဲ့ အားပေးတာဟာအနာဂတ်အတွက် အင်မတန်မှ ကောင်းတဲ့လက္ခဏာပါပဲ”

နိုဝင်ဘာ ၂၄ ထုတ် Venus News အတွဲ (၃) အမှတ် (၁၉) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက် ယှဉ်ပြိုင်မည်” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကေက်နှုတ်ချက်

***************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment