yangonchronicle2011 |
၂၇.၁၁.၂၀၁၁
ပြည်တွင်းသတင်းများ
- မြန်မာနိုင်ငံရှိ ဘဏ်(၃) ဘဏ်ကို နိုင်ငံတကာဘဏ်လုပ်ငန်းခွင့်ပြု
- ဆင်းရဲနွမ်းပါးမှုလျှော့ချရေး DFID စတင်
- လုပ်ငန်းအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းကြောင့် ကုန်သွယ်ရေးအခန်းကဏ္ဍ အတားအဆီးဖြစ်
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
- NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည်
- ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
**********************************************************
ပြည်တွင်းသတင်းများ
မြန်မာနိုင်ငံရှိ ဘဏ်(၃) ဘဏ်ကို နိုင်ငံတကာဘဏ်လုပ်ငန်းခွင့်ပြု
မြန်မာနိုင်ငံရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)နှင့် မြန်မာ့စီးပွားရေး ဘဏ်(MEB) တို့ကို စင်ကာပူ၊ မလေးရှားနှင့် ဘန်ကောက်တို့တွင် နိုင်ငံတကာဘဏ်များ ဖွင့်လှစ်ရန် စီစဉ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယခုကဲ့သို့ မြန်မာနိုင်ငံသားအများစု သွားရောက်အလုပ် လုပ်ကိုင်နေသောနိုင်ငံများတွင် မြန်မာနိုင်ငံမှ ဘဏ်များ ဖွင့်လှစ်ပေးခြင်းဖြင့် အလုပ်သမားများအတွက် စီးပွားရေးလုပ်ငန်းများ အခွင့်အရေး ပိုမိုရရှိလာနိုင်သည့်အပြင် နိုင်ငံတော်အတွက် ဝင်ငွေများရရှိလာနိုင်မည်ဖြစ်သည်။
လက်ရှိ ဟွန်ဒီဖြင့် ငွေလဲလှယ်နေရသည့်စနစ်ကို ပပျောက်ရန်ရည်ရွယ်ပြီး ဈေးကစားခြင်းများ၊ အမြတ်ထုတ် ငွေလဲလှယ်ခြင်း၊ လိမ်လည် ခြင်းများ ကင်းလွတ်ရန်ရည်ရွယ်ကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင် အခွန်ဆောင်ကာ နိုင်ငံတော်မှပေးအပ်သော နိုင်ငံခြားငွေ ရရှိသည့် အခွန်ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့် များ ရရှိလာနိုင်မည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောကြားကြောင်းသိရသည်။
နိုင်ငံတကာဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်များကို အစိုးရဘဏ်များဖြစ်သည့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်( MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) နှင့် မြန်မာ့စီးပွားရေးဘဏ်(MEB) တို့မှလွှဲ၍ မည်သည့် ပုဂ္ဂလိကဘဏ်များသို့ ချထားပေးခြင်း မရှိကြောင်း သိရသည်။
Ref : Favourite News
-----------------------------------------------------------------------------------------------------------------------------------
ဆင်းရဲနွမ်းပါးမှုလျှော့ချရေး DFID စတင်
မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအစီအစဉ်အား နိုင်ငံတော်သာမက ဗြိတိန်နိုင်ငံရှိ နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန(Department for International Development (DFID) ကပါ စီမံကိန်း ခြောက်ခု ရေးဆွဲ၍ မြန်မာနိုင်ငံအား ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ သံရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၎င်းစီမံကိန်းစတင်ရာတွင် ကုလသမဂ္ဂ၊ နိုင်ငံတကာနှင့် ပြည်တွင်းရှိ အစိုရမပာုတ်သည့်အဖွဲ့အစည်း(INGO) အဖွဲ့အစည်းများနှင့် ရပ်ရွာ အုပ်စုများမှ တစ်ဆင့် စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ကျေးလက် ဒေသနေ ပြည်သူများနှင့် မြို့ပြနေ ဆင်းရဲနွမ်းပါးသူများဘဝ အဆင်ပြေနိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ကျေးလက်နေ ဆင်းရဲနွမ်းပါးသူများတွင် မီးဖွားရန် အခက်အခဲရှိသည့်မိခင် တစ်သိန်းသုံးသောင်းခန့်ကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် မီးဖွားနိုင်ရန် ကူညီထောက်ပံ့ပေးသွားမည့်အပြင် မြန်မာနိုင်ငံ၌ မရည်ရွယ်ဘဲ ကိုယ်ဝန်ဆောင်နေရသည့် အမျိုးသမီး ပေါင်း တစ်သိန်းခွဲခန့်ကိုလည်း ကြိုတင်ကာကွယ်ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအတွက် စီးပွားရေး၊ လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍများတွင် အကူအညီများ ဆက်လက်ပေးသွားမည်ဖြစ်ကြောင်း ဗြိတိန်သံရုံး၏ သတင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအား ထောက်ပံ့ကူညီသည့် အကူအညီများသည် မြန်မာပြည်သူများအတွက် အဆင်းရဲအနွမ်းပါးဆုံးနှင့် ဘေးအန္တရာယ် ကျရောက်နိုင်ဖွယ်အရှိဆုံး သူများ၏ ဘဝ၌ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်များ ဖြစ်လာနိုင်စေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးဌာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ၇၅ သန်းခန့် ထောက်ပံ့မှုများပေး၍ ကူညီသွားမည်ဖြစ်ကြောင်း ဗြိတိန် သံရုံးသတင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
Ref:The Voice
-----------------------------------------------------------------------------------------------------------------------------------
လုပ်ငန်းအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းကြောင့် ကုန်သွယ်ရေးအခန်းကဏ္ဍ အတားအဆီးဖြစ်
ပို့ကုန် သွင်းကုန်လုပ်ဆောင်ရာတွင် လုပ်ငန်းအမျိုးအစား ခွဲခြားသတ်မှတ်ထားခြင်းသည် ကုန်သွယ်ရေးအခန်းကဏ္ဍကို အတားအဆီး ဖြစ်စေကြောင်း သိရသည်။
သက်ဆိုင်ရာကုမ္ပဏီများသည် နိုင်ငံခြားမှတင်သွင်းလိုသော ကုန်ပစ္စည်းများကို လွတ်လပ်စွာ တင်သွင်းလိုသော်လည်း တင်သွင်းခွင့် မရှိကြောင်း သိရသည်။ ကုမ္ပဏီများ နှစ်သက်ရာရွေးချယ်ထားသော ကုန်ပစ္စည်းငါးမျိုးကိုသာ ရွေးချယ်ခွင့်ရှိပြီး ငါးမျိုးထက် ပိုမိုရွေးချယ် တင်ပို့၊တင်သွင်း နိုင်ပါက နိုင်ငံတော်အတွက် အခွန်ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှုကဏ္ဍကိုလည်း ဖွံ့ဖြိုးလာနိုင်မည်ဟု ထင်မြင်ယူဆချက်များ ရှိကြောင်း သိရသည်။
နိုင်ငံခြားကုန်ရငွေရှိ ကုမ္ပဏီများသည် နိုင်ငံခြားမှကုန်ပစ္စည်းများကို တင်သွင်းလိုပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ရုံးတွင် သွင်းကုန်လိုင်စင်များလျှောက်ထားရာ၌ ကန့်သတ်ချက်များရှိနေပြီး အဆိုပါဌာနမှ သတ်မှတ်ထားသော ကုပစ္စည်း အမျိုးအစား ၂၀ ကျော်ရှိရာ ငါးမျိုးကိုသာ ရွေးချယ်လျှောက်ထားခွင့်ရှိကြောင်းသိရသည်။
Ref : နေပြည်တော်တိုင်းမ်
***************************************************************************************
ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ
NLD ပါတီဝင်လျှောက်လွှာများ ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည်
တရားဝင်နိုင်ငံရေးပါတီ အဖြစ်တည်ထောင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သည် ပါတီဝင်အသစ်များလက်ခံရန်အတွက် ပါတီဝင်လျှောက်လွှာများကို လာမည့်ဒီဇင်ဘာလဆန်းတွင် မြန်မာနိုင်ငံအနှံ့ဖြန့်ဝေမည် ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။
NLD ပါတီသည် ပထမဆုံးအသုတ်အဖြစ် ပါတီဝင်လျှောက်လွှာ ဆယ်သိန်းရိုက်နှိပ်ဖြန့်ဝေမည် ဖြစ်ကာ၊ တစ်စောင်လျှင် တစ်ရာကျပ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့က ပါတီဝင်လျှောက်လွှာတွေကို အခမဲ့ဖြန့်ဝေပေးဖို့တော့ မရှိပါဘူး”ဟု NLD ပါတီတည်ထောင်ရာတွင် ပါဝင်သူ ဦးဥာဏ်ဝင်းက ပြောသည်။
ပါတီဝင်လျှောက်လွှာတွင် ထူးထူးခြားခြား ဖြည့်စွက်စရာများ ပါဝင်မည်မဟုတ်ကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
NLD ပါတီတည်ထောင်ရန် စတင်သည်နှင့် တစ်ပြိုက်နက် မြို့နယ်စည်းရုံးရေး အဖွဲ့ဝင်များက ပါတီဝင်အသစ်များ စည်းရုံးရေးကို စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း လူငယ်တာဝန်ခံတစ်ဦးက အတည်ပြုပြောကြားသည်။
“စစ်အစိုးရလက်ထက်မှာ ခေါင်းငုံ့နေရတဲ့အချိန်တွေကို ကျွန်တော်တို့ အတိုးချပြီး ပြန်ကြိုးစားကြမှာပါ”ဟု ယင်းက ဆက်လက်ပြောကြားသည်။
ပါတီဝင်အသစ် လျှေက်လွှာများ ရရှိသည်နှင့်တပြိုင်နက် ပါတီတည်ထောင်သူများဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ ကိုယ်တိုင် ပါတီစည်းကမ်းနှင့်အညီ လျှောက်ထားရမည် ဖြစ်ကြောင်းသိရသည်။
YC(KS)
-----------------------------------------------------------------------------------------------------------------------------------
ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိ
ဝန်ကြီးဌာနအချို့တွင် ပြောရေးဆိုခွင့်ရှိသည့် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်း တာဝန် ပေးအပ်ထားရှိပြီဖြစ်ကြောင်း သိရသည်။
၎င်းဝန်ကြီးဌာနများမှာ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ဖြစ်ကြောင်း သိရသည်။
ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ဖွဲ့စည်းရခြင်းမှာ ပြည်သူများအကျိုးအတွက် မှန်ကန်ထိရောက် သည့် သတင်းများကို ပြည်သူများသို့ အသိပေးနိုင်ရန်၊ ပြင်ပပုဂ္ဂလိက စာနယ်ဇင်းများမှ သိရှိလိုသော သတင်းများ၊ အကြောင်းအရာများ၊ မေးမြန်းလိုသည့်အချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် မှန်မှန်ကန်ကန် ရှိစေရန် ရည်ရွယ်ဖွဲ့ စည်းထားကြောင်း သိရသည်။
ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့များ ထားရှိသည့်အတွက် သိရှိလိုသောသတင်းများကို မေးမြန်းရမည့် ပုဂ္ဂိုလ်၊ အဖွဲ့တို့ထံ တိတိ ကျကျ မေးမြန်းနိုင်မည်ဖြစ်ပြီး၊မှန်ကန်သည့်၊ တိကျသည့်သတင်းများကို ရရှိနိုင်မည်ဖြစ်သည်။ ယခင်က သတင်းများသိရှိလိုလျှင် မည်သူ့ထံ မေးမြန်းရ မည်ကို မသိရှိဘဲ တစ်ဦးအပေါ်တစ်ဦး ပုံချမှုများနှင့် ကြုံတွေ့နေရကြောင်း သတင်းထောက်တစ်ဦးကပြောကြားခဲ့သည်။
Ref : နေပြည်တော်တိုင်းမ်
************************************************************************
သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ
“ဒီနှစ် ဧည့်သည်အဝင် အရမ်းကောင်းပါတယ်။ ဟိုတယ်တွေ၊ ခရီးသွားကုမ္ပဏီ ပက်ဂေ့စ်တွေနဲ့ ဧည့်လမ်းညွှန်တွေ အလုပ်ဇယားအပြည့်ပါပဲ။ ပြီးခဲတဲ့ နှစ်တွေထက် အများကြီးပိုကောင်းလာတယ်။ ကျွန်တော်တို့နိုင်ငံ အစိုးရသစ်အနေနဲ့ အပြောင်းအလဲ ဖြစ်လာတဲ့နိုင်ငံရေး ပေါ်လစီတွေကြောင့် အကျိုး သက်ရောက်မှုတွေ အများကြီးတွေ့ရတယ်။ ဒီနှစ် အောက်တိုဘာကစပြီး၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီလအထိခရီးစဉ်အပြည့် ဖြစ်နေပါပြီ။ အများဆုံး ပိုမို ဝင်ရောက်လာတာ အမေရိကန်နဲ့ အင်္ဂလိပ်လူမျိုးတွေပဲ။ အခြေအနေကောင်းနေတယ်။ ဒါလွန်ခဲ့တဲ့ နှစ် ၂၀ ကျော်အတွင်း ထူးထူးခြားခြား ဧည့်နိုင်ငံခြား သာ တိုးလာတဲ့ ဒီကနေ့အခြေအနေပါ။ ကျန်တဲ့ ခရီးသွားတရုတ်နဲ့ ထိုင်လူမျိုးတွေ ဝင်တယ်ဆိုတာက ဘုရားဖူးမားကတ် ဖြစ်တာများတယ်။ အခုဝင်တဲ့ အမေရိကန်နဲ့ အင်္ဂလိပ်လူမျိုးတွေက ကျွန်တော်တို့ထင်တာသူတို့က ကျွန်တော်တို့ထက် နိုင်ငံရေးအခြေအနေ ပိုသိတယ်။ ဒီမှာ ရေးကြတယ် ဆိုတာထက် ဟိုကစာနယ်ဇင်းတွေပေါ်မှာ ထင်ဟပ်လာတဲ့ နိုင်ငံရေးအခြေအနေ အပြောင်းအလဲတွေက အခုလိုဖြစ်စေတာပါ။ တော်တော်များများပဲ ခရီး သွားတဲ့လူတွေ၊ နိုင်ငံတကာ လှည်ခဲ့တဲ့ လူတွေဆိုတာ ကျွန်တော်တို့ ဒီကအခြေအနေကို ထင်တာထက် ပိုသိတာပါ။ ဒါတိုင်းပြည်အတွက် တကယ့် ရလဒ်ကောင်းပါပဲ”
နိုဝင်ဘာ ၂၇ ထုတ် နေပြည်တော် တိုင်းမ် အတွဲ (၁) အမှတ် (၂) တွင်ပါသည့် “ ခရီးသွားရာသီတင် ဝင်ရောက် လာသည့် နိုင်ငံခြားသား များကို မြန်မာနိုင်ငံရေးအပြောင်းအလဲတွင် ပိုမိုဂရုစိုက်ပေးရန်ညွှန်ကြား” သတင်းမှ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်အသင်း ပြန်ကြားရေး တာဝန်ခံ ကိုထွန်းမြင့် (စာရေးဆရာဆူးသစ်နီ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
“ပြည်သူတွေနဲ့ ဆက်ဆံရတဲ့ ရုံးတွေမှာအရင်ကမိမိကမကျွမ်းကျင်တဲ့ကိစ္စရပ်တွေ၊ ရုံးမရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေက ရုံးတွေ၊ ရုံးမရောက်ဖူးတဲ့ ပုဂ္ဂိုလ် တွေက ရုံးဌာနဆိုင်ရာကိစ္စတွေကို ပြီးစီအောင် ဆောင်ရွက်နိုင်ဖို့ဆိုရင် ကြားပွဲစားတွေကို အားထားနေရတယ် ဥပမာပတ်စပို့ရုံးတို့လိုပေါ့။ အပင်ပန်း မခံဘဲ ပွဲစားကိုငါးရာ၊ တစ်ထောင်ပေးပြီးလုပ်ခိုင်းတတ်ကြတယ်။ ဒီကိစ္စကို ကြည့်ရင်တော့ အရေးမကြီးသလိုဘဲ။ တကယ်တမ်းကျတော့ ပွဲစားနဲ့ ရုံးဝန်ထမ်းနဲ့က အပြိုင်အဆိုင် သဘောမျိုး ဖြစ်လာတယ်။ အပြင်ပွဲစားကို ပိုက်ဆံပေးပြီးဆောင်ရွက် ခိုင်းသလို ရုံးဝန်ထမ်းကလည်း ပွဲစားနည်းတူ ရယူ လိုတာတွေ ရှိလာတယ်။ ဒါကြောင့် လာဘ်ပေးလာဘ်ယူကိစ္စကင်းရှင်းဖို့ဆိုရင် အပြင်ပွဲစးတွေကိုထိထိရောက်ရောက် နှိမ်နင်းဖို့ လိုပါတယ်။ တချို့ရုံးတွေ ရှေ့မှာ ပွဲစားတွေ ရှိတုန်းပဲ”
နိုဝင်ဘာ ၂၉ ထုတ် New Watch အတွဲ (၇) အမှတ် (၂၂) တွင်ပါသည့် “ဌာနဆိုင်ရာအချို့ ဝန်ထမ်းလာဘ်ပေးလာဘ်ယူ ကင်းရှင်းရေး ဆောင်ရွက်သလို ကြားပွဲစားစနစ်ပပျောက်ရေးလည်း ဆောင်ရွက်ရန်လို” သတင်းမှာအငြိမ်းစာဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်
-----------------------------------------------------------------------------------------------------------------------------------
အခုလည်း “နောက်တစ်ခါလာပြန်ပြီ” လို့ ပြောစရာဖြစ်အောင် မီဒီယာသမားတွေအပေါ် အထင်သေးအမြင်သေး ပြောသံဆိုသုံတချို့ကို ကြားလာရပြန် ပါတယ်။ ကျွန်တော်ကတော့ အဲသလို တရားလက်လွတ် ပြောတာမျိုးကို ဘယ်နည်းနဲ့မှ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ ရပ်တန်းကရပ်ဖို့ တောင်းဆိုရမှာ ပဲဗျ။ ကျွန်တော်တို့ တန်ဖိုးထားတဲ့ သတင်းမီဒီယာလောကကို နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်က ‘စတုတ္ထမဏ္ဍိုင်’အဖြစ် လေးလေးစားစား အသိအမှတ် ပြုထားတဲ့ ခေတ်အခါဖြစ်ပါတယ်။ စတုတ္ထမဏ္ဍိုင်ကို မထိပါးနဲ့။ စတုတ္ထမဏ္ဍိုင်ကို ထိပါးခြင်းစော်ကားခြင်းဟာ ပြည်သူ့အခွင့်အရေးကို အကာအကွယ် ပေးနေတဲ့ မဏ္ဍိုင်တစ်ခုကို ထိပါးစောက်ကားခြင်းပဲ ဖြစ်တယ်လို့ ပြောချင်တယ်ဗျ။ စတုတ္ထမဏ္ဍိုင်အဖွဲ့အစည်းတွေကလည်း မဏ္ဍိုင် ကြီးတစ်ခုအဖြစ် တည့်မတ်စွာရပ်တည်နိုင်အောင် မိမိတို့ကိုယ်မိမိတို့ ပျိုးထောင်နေကြတာပါပဲ။ ကျွန်တော်တို့ဟာ အာဏာရှိ၊ အာဏာမဲ့ မည်သူ့ဘက်ကမှ မလိုက်ဘဲ အမှန်တရားတည်းဟူသော ဘက်တစ်ခုတည်းအပေါ်မှာသာ ရပ်သွားကြမှာ ဖြစ် တယ်ဗျာ”
နိုဝင်ဘာ ၂၄ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၂) အမှတ်(၇၀) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “စတုတ္ထ မဏ္ဍိုင်ကိုမထိပါးနဲ့” ဆောင်းပါးမှ ကောက်နှုတ်ချက်
***************************************************************************************
Google Docs makes it easy to create, store and share online documents, spreadsheets and presentations.