Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၉.၁၁.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. နောက်ထပ် အပြောင်းအလဲတစ်ခု

******************************************

ဆောင်းပါးကဏ္ဍ

နောက်ထပ် အပြောင်းအလဲတစ်ခု

ယခုကာလသည် အစိုးရသစ်၏ အားထုတ်ကြိုးပမ်းဖော်ဆောင်မှုဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် နိုင်ငံရေးအင်အားစုများကြား နိုင်ငံရေး သဘောတူ အမြင်တစ်ခု တည်ဆောက်နိုင်သည့်အချိန်ကာလဖြစ်သည်။ အမှန်စင်စစ် ယင်း နိုင်ငံရေးအင်အားစုများအားလုံးသည် နိုင်ငံဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်လိုစိတ် ပြင်းထန်သည့် အမျိုးသားရေး အင်အားစုများပင် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ အမျိုးသားရေးအင်အားစုများကြား ညီညွတ်မှုမရရှိသည့်ကာလမှာ ကြာခဲ့လေပြီ ဖြစ်သည်။ ထိုကြောင့် ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ်တစ်ခုကို ဖြတ်သန်းခဲ့ရသည်။ ယခုအချိန် အခါသည် အဆိုပါ သမိုင်းဆိုးမွေ နိဂုံးပိုင်းသို့ ရောက်ရှိနေပြီဟု ကောက်ချက်ချ၍ ရနိုင်ပါသည်။ ထိုအတွက်ကြောင့် အမျိုးသားစည်းလုံးညီညွတ်မှုကို တစ်ဖန်ပြန်လည်ရရှိပြီးဖြစ်သည့် အမျိုးသားအင်အားစုကြီးမှာ ပြည်သူအများ မျှော်လင့်နေသော နိုင်ငံ၏ စီးပွားရေးတည်ဆောက်မှုကို စတင်လုပ်ဆောင် ရတော့မည်အချိန် ဖြစ်ပါသည်။

သံယံဇာတပေါကြွယ်ဝမှု၏ ရလဒ်

မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် များစွာ အထောက်အကူ ရနိုင်သော်လည်း ထိုကဲ့သို့ ပေါကြွယ်ဝမှုကိုပင် ယခင် တပ်မတော်အစိုးရမှ စီးပွားရေးစီမံခန့်ခွဲမှု အမှားများဖြင့် တလွဲအသုံးချခဲ့သောကြောင့် သယံဇာတကျိန်စာ(Natural resource curse) သင့်ခဲ့ရသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ရသည်။ ယခုအခါတွင်တော့ စီးပွားရေးမပြိုလဲရေးအတွက် သယံဇာတအရင်းအမြစ်များကို အလွန်  အကျူး အသုံးပြုနေခြင်းမှာ မှန်ကန်မှုရှိသည့် စီးပွားရေးစီမံခန့်ခွဲမှုများ မဟုတ်ကြောင်း မူဝါဒချမှတ်သူများ နားလည်သဘောပေါက်လာသည့် အချိန် အခါလည်းဖြစ်ပါသည်။ သဘာဝသယံဇာတကိုအသုံးချ၍ စီးပွားရေးအင်ဂျင်ကို မြှင့်တင်သည့်နည်းလမ်းမှာလည်း ပြိုင်ဆိုင်မှုရှိသည့် ဈေးကွက် စီးပွားရေး ပုံသဏ္ဍန်တစ်ရပ်ကို ဖန်တီးနိုင်မည်မဟုတ်ပါ။ သယံဇာတဆိုသည်မှာ တစ်ချိန်ချိန်တွင် ကုန်ဆုံးသွားမည့်အရာဖြစ်သည်ကို ရေနံအလွန်ပေါကြွယ်ဝသည့် ဘာရိန်း၊ ဒူဘိုင်းနိုင်ငံများ၏ ခေါင်းဆောင်များသည်ပင်လျှင် သဘောပေါက်နားလည်လာသည့်အတွက် ယခင်ကဲ့သို့ ရေနံအလွန်အကျွံ ထုတ်ရောင်း ခြင်းကို ထိန်းထိန်းသိမ်းသိမ်းနှင့် ဆောင်ရွက်လာပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်မှုစွမ်းရည်မြင့်မားသည့် ဝန်ဆောင်မှုလုပ်ငန်းများ ထိထိ ရောက်ရောက် လုပ်ကိုင်လာကြရာ ယခုအခါတွင် အရှေ့အလယ်ပိုင်းဒေသ၏ စီးပွားရေးအတိုးတက်ဆုံး နိုင်ငံများအဖြစ်သို့ ရောက်ရှိသွားသည့် ဥပမာကို မြန်မာနိုင်ငံ၏ မူဝါဒချမှတ်သူများအတုယူသင့်ပါသည်။

နိုင်ငံရေးဘောဂဗေဒအဟောင်း

မြန်မာနိုင်ငံ၏ ယခင်ကုန်ထုတ်လုပ်မှုစနစ်မှာ ဈေးကွက်စီးပွားရေးဟုဆိုသော်လည်း ပုဂ္ဂလိကပိုင်ထက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသာ များပြားကြောင်းတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းများ၏ ယဉ်ကျေးမှုမှာလည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ရှာသည့် ယဉ်ကျေးမှုမျိုးသာဖြစ်ခဲ့သည်။ နိုင်ငံရေးစနစ်မှာ ဗဟိုဦးစီးစနစ်ဖြစ်ခဲ့ခြင်းကြောင့် စီးပွားရေးမူဝါဒ ချမှတ်သည့်အပိုင်းတွင် ထောက်ပြဝေဖန်မှုများ ကင်းမဲ့ခဲ့သည်။ အာဏာပိုင်စနစ် ဖြစ်သည်နှင့်အညီ တပ်ခေါင်းဆောင်များ သည် ၎င်းတို့အား အတိုက်အခံပြုလုပ်မည့် နိုင်ငံရေးအင်အားစုများအား ထောက်ပံ့သည့် စီးပွားရေးလုပ်ငန်းများ မပေါ်ပေါက်ရန်နှင့် ၎င်းတို့၏  နိုင်ငံရေး၊ စီးပွားရေးပြဿနာ အရပ်ရပ်ကို ငွေကြေးစိုက်ထုတ်ဖြေရှင်းပေးနိုင်ရန်အတွက်  စီးပွားရေး လုပ်ငန်းရှင်ကြီးများကို မွေးထုတ်ခဲ့သည်။ သို့နှင့် အဆိုပါ စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် နိုင်ငံ၏ စီးပွားရေးပိရစ်မစ်တွင် အပြိုင်အဆိုင်နည်းစွာဖြင့် ထိပ်ဆုံးကို ရောက်လာ သည့် အမျိုးသားချန်ပီယံများ ဖြစ်ခဲ့သည်။

လမ်းခွဲလိုက်ပြီ၊ သို့သော် စိန်ခေါ်မှုများ ပိုမည်

ယခုအခါတွင်တော့ နိုင်ငံတော်၏ ယခင်ကုန်ထုတ်လုပ်မှုပုံစံနှင့် ပြတ်ပြတ်သားသား လမ်းခွဲလိုက်ပြီဖြစ်သည်။ သို့သော် မည်သို့သော ကုန်ထုတ် လုပ်မှုပုံစံသစ် ထွက်ပေါ်လာမည်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်တွေ့ရသေးပေ။ ဒီမိုကရေစီစနစ်၏ အားသာချက်များဖြစ်သည့် အချုပ်အခြာအာဏာ သုံးရပ်ကို ပိုင်းခြားကျင့်သုံး အကောင်အထည်ဖော်နိုင်ခြင်းကြောင့် ယခင်ကုန်ထုတ်လုပ်မှုပုံစံထက် သာလွန်ကောင်းမွန်သွားမည် ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုသည် နိုင်ငံသူ၊ နိုင်ငံသားများအားလုံး၏ စီးပွားရေးဘဝ တစ်ဆင့်ခြင်းတိုးတက်လာမှုအပေါ်တွင် အခြေခံပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖြစ် ထွန်းလာတော့မည့် အာဆီယံစီးပွားရေး အသိုက်အဝန်းတွင် မြန်မာနိုင်ငံအဖို့ ယှဉ်ပြိုင်နိုင်လျှင် ယှဉ်ပြိုင်၊ မယှဉ်နိုင်လျှင် ရှုံးမည်သာ ဖြစ်သည်။ တစ်နည်း ပြောရလျှင် အာဆီယံဈေးကွက်အတွင်း မိမိနိုင်ငံမှ ထွက်ရှိသော ကုန်ပစ္စည်း ထိုးဖောက်နိုင်လျှင် အခြားနိုင်ငံမှ ကုန်စည်နှင့် ဝန်ဆောင်မှု လုပ်ငန်းများ မြန်မာနိုင်ငံသို့ လှိုင်လှိုင်ကြီး ထိုးဖောက်လိမ့်ဝင်နေမည်သာ ဖြစ်သည်။ ထိုအတွက်ကြောင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ယှဉ်ပြိုင်မှု အသာစီးရရှိအောင် ဆောင်ရွက်နိုင်မှုမှာ မူဝါဒချသူများရော၊ နိုင်ငံရေးအင်အားစုများရော၊ ပြည်သူ ပြည်သူများပါ အမျိုးသားရေး ရည်မှန်းချက် အသွင်ဖြင့် လှုပ်ရှားဆောင်ရွက်ရမည့် စိန်ခေါ်မှုကြီးတစ်ရပ်ပင် ဖြစ်သည်။

နောက်ထပ် လာဦးမည့် လှိုင်း

ထို့ကြောင့် နိုင်ငံရေးအင်အားစုများကြား နိုင်ငံရေးသဘောတူအမြင်တစ်ရပ်ကို ညှိနှိုင်းရယူနိုင်ခဲ့သည့် ဦးသိန်းစိန်အစိုးရ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုများအပြီး နောက်ထပ် အရေးတကြီး လုပ်ဆောင်သင့်သည့်အရာမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများပင် ဖြစ်သည်။ အထက်ပါ ဆိုခဲ့သလို အာဆီယံ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးစွမ်းဆောင်ရည်ကို ယှဉ် ပြိုင်နိုင်ဖို့ဆိုလျှင် မိမိတို့နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေများ၊ မူပိုင်ခွင့်ဥပဒေများ၊ ငွေကြေးနှင့်ဘဏ္ဍာရေးဥပဒေများ၊ ကုန်သွယ်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ပြဋ္ဌာန်းပေးပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်၍ ကောင်း သည့်ပတ်ဝန်းကျင်မျိုးအဖြစ် ဖန်တီးပေးဖို့ အထူးလိုအပ်ပါသည်။ အရင်းအနှီးအားကောင်းသည့် အမျိုးသားချန်ပီယံများအနေဖြင့်လည်း လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့်ထက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ပြီး ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ပိုမိုအလေးထားရမည်ဟူ၍ သိလာသည့် တစ်နေ့တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဖြစ်စဉ်မှာ ပိုမြိုင် ပိုသွက်လာမည်မှာ သေချာပါသည်။

**************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment