Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၀.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီရေးထက် ဦးစားပေးရမည့် တရားဥပဒေစိုးမိုးရေး

*******************************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီရေးထက် ဦးစားပေးရမည့် တရားဥပဒေစိုးမိုးရေး

နိုင်ငံတစ်နိုင်ငံ ဒီမိုကရေစီ ဖြစ်ခြင်း၊မဖြစ်ခြင်းသည် အဆိုပါနိုင်ငံနှင့် ယင်း၏ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အချိုးမကျပေ။ ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ဝင်စတန်ချာချီက ဒီမိုကရေစီဆိုသည်မှာ အကောင်းဆုံးဟု မဆိုသာသော်လည်း လက်ရှိတွင် ယင်းထက်ပို၍ အလုပ် ဖြစ်သည့် စနစ်မရှိသေး၍သာ ဒီမိုကရေစီဆိုသည်ကို ပြောဆိုနေကြရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ဖူးသည်။

ဒီမိုကရေစီ၏ အနှစ်သာရမှာ လူသား၏ မွေးရာပါအခွင့်အရေးကို ထိခိုက်ခြင်းမရှိစေရန် အများ၏ဆန္ဒနှင့်အညီ ဆုံးဖြတ်ရခြင်းဖြစ်သည်။ အင်အားကြီးသူက ငယ်သူကို အနိုင်ကျင့်မှုမပြုစေရန်၊ နေထိုင်ရာ လူ့အဖွဲ့အစည်းတွင် တန်းတူညီမျှ အခွင့်အရေးညီမျှစေရန် အားလုံး၏ သဘောတူ ညီချက်များအရ လူထုက ရွေးကောက်တင်မြှောက်သည့်နည်းလမ်းဖြင့် အာဏာကို အပြန်အလှန်ထိန်းကျောင်းသည်။ သို့ရာတွင် ဒီမိုကရေစီကိုယ်တိုင်က အငြင်းပွားဖွယ်ရာတွေရှိခဲ့သည်။ အများဆန္ဒဖြင့်ဆုံးဖြတ်ပြီး အများညီ၍ ဤကိုကျွဲဖတ်၍ရလျှင် အမှားတစ်ခုကို အများသဘောဖြင့် အမှန်ဟုဆုံးဖြတ်ပါက ထိုဒီမိုကရေစီမှာ မေးခွန်းထုတ်စရာ ဖြစ်လာပေလိမ့်မည်။ ဥပမာဆိုရလျှင် ဆိုခရေးတီးမှာ သူ၏အယူအဆကြောင့် ကျောင်းတော်မှ သေဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ ထိုစဉ်က ဂရိပြည်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ သို့ရာတွင် နှစ်မဲတစ်မဲ ဒီမိုကရေစီ ၅၁/၄၉ ဒီမိုကရေစီပုံစံမျိုးဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ရာရှိလျှင် ၅၁ယောက်က ကျန်၄၉ယောက်ကို အနိုင်ကျင့်ခွင့်ရနေသည့် ပုံစံမျိုးဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီနောက်တွင် နီယိုလစ်ဘရယ် လစ်ဇင်၊ ပို့စ်နီယိုလစ်ဘရယ်လစ်ဇင်စသည်ဖြင့် တစ်ဦးချင်း တစ်ယောက်ချင်းအထိ အကာအကွယ်ပေးနိုင်သည့် အိုင်ဒီယိုလိုဂျီတွေ ဆင့်ပွားပေါ်ထွက် လာခဲ့သည်။

လက်ရှိ ကမ္ဘာ့ရေးရာများကို ကြည့်လျှင် အချို့သော အာဏာရှင်နိုင်ငံတွေက ဒီမိုကရေစီနိုင်ငံတွေထက် စီးပွားရေးအရ၊ လူနေမှုအဆင့် အတန်းအရ သာလွန်နေသည်ကို တွေ့ရသည်။ အထင်ရှားဆုံးမှာ စင်္ကာပူနိုင်ငံဖြစ်သည်။ စင်္ကာပူတွင် ရွေးကောက်ပွဲရှိသော်လည်း အာဏာရှင်စနစ်သာ ဖြစ်သည်။ သို့ရာတွင် ထိုနိုင်ငံသည် လူနေမှုစနစ်နှင့် ဖွံ့ဖြိုးတိုးတက်မှုအရ ထိပ်တန်းနိုင်ငံများတွင် ပါဝင်နေသည်။ တစ်ဖက်တွင် အိန္ဒိယမှာ ဒိတ်ဒိတ်ကြဲ ဒီမိုကရေစီ နိုင်ငံကြီးဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံကြီးဖြစ်သော်လည်း အိမ်နီးချင်း အာဏာရှင်တရုတ်ပြည်နှင့်ယှဉ်လျှင်မှု တစ်နိုင်ငံလုံး အတိုင်းအတာ၌ ယှဉ်နိုင်ခြင်းမရှိသေးသည်ကို တွေ့ရသည်။

မက္ကဆီကို၊ လက်တင်အမေရိကနှင့် အာဖရိက နိုင်ငံအချို့ကိုကြည့်လျှင်လည်း ဒီမိုကရေစီနိုင်ငံတွေဖြစ်သည့်တိုင် ပြည်သူတွေမှာ ကျီးလန့် စာစား နေကြရသည်။ လမ်းပေါ်မှာ လူသတ်ပွဲတွေ အချိန်မရွေးဖြစ်နိုင်သည်။ နိုင်ငံ၏ စီးပွားရေး အခွင့်အလမ်းတွေကို ခရိုနီတွေ၊ မာဖီးယားတွေက ချုပ်ကိုင်ထားသည်။ တစ်ဖက်က ကျူးဘားနိုင်ငံကိုကြည့်လျှင်မူ ကျူးဘား၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အမေရိကန်ထက် သာလွန်ကောင်းမွန် နေပြန်သည်။ ဟိမဝန္တာတောင်တန်းပေါ်က ဘူတန်နိုင်ငံလေးသည် လူဦးရေ ခုနှစ်သိန်းခွဲသာရှိပြီး ဘုရင်ဖြစ်သူမှာ အနောက်နိုင်ငံ ပညာတတ်ဖြစ်၍ ပါလီမန်ဖွဲ့ခွင့်၊ အစိုးရဖွဲ့ခွင့်တွေ ပေးခဲ့သည်။ သို့ရာတွင် လူဦးရေနည်းပါးသော နိုင်ငံလေးဖြစ်သဖြင့် ဒီမိုကရေစီအရေးတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ ထက် ပြည်သူတွေ ပျော်ရွှင်စိတ်ချမ်းသာစွာ နေထိုင်ရှင်သန်ရေးဟူသည့် မူဝါဒတွေကသာ အလုပ်ဖြစ်နေသည်။

အထက်ပါအချက်တွေကြောင့် ဒီမိုကရေစီဖြစ်ခြင်း မဖြစ်ချင်းမှာ နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် တိုက်ရိုက်အချိုးမကျဟု ဆိုရခြင်းဖြစ်သည်။ သို့ရာတွင် အတော်အသင့်ကောင်းမွန်သော ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုသည် အကောင်းဆုံးဆိုသော သက်ဦးဆံပိုင် ဘုရင်စနစ် ထက် ပိုမိုကောင်းသည်ဟု အင်္ဂလိပ် နိုင်ငံရေးဒဿန ပညာရှင်တစ်ဦးက ဆိုခဲ့ဖူးသည်ဖြစ်ရာ ရွေးကောက်တင်မြှောက်သည့် နည်းလမ်းဖြင့် တင်မြှောက် သည့်အစိုးရစနစ်ကပို၍ ကောင်းမွန်ပါသည်။ ယနေ့ခေတ်ကဲ့သို့ အပြောင်းအလဲမြန်လှသောခေတ်ကြီးတွင် ဗဟိုဦးစီးစနစ်ထက် အလျင်အမြန် ပြောင်းလွယ်ပြင်လွယ်သော လစ်ဘရယ်စနစ်က ပို၍အလုပ်ဖြစ်ပါသည်။ ထို့ကြောင့်ပင်လျှင် လစ်ဘရယ်ဒီမိုကရေစီမှာ ရှေ့တန်းရောက်လာရခြင်း ဖြစ်တော့သည်။

အထက်တွင် ဖော်ပြခဲ့သလို ဒီမိုကရေစီနိုင်ငံဖြစ်စေ၊ အာဏာရှင် နိုင်ငံဖြစ်စေ နိုင်ငံတို့၏ နောက်ဆုံးရည်မှန်းချက်မှာ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက် ချမ်းသာကြွယ်ဝရေးပင်ဖြစ်သည်။ ပြည်သူများ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ထိုသို့ အထွေထွေ ဖွံ့ဖြိုးတိုးတက်ရန်မှာ ပြည်သူများအနေဖြင့် လွတ်လပ်စွာ ရှာဖွေစားသောက်နိုင်ခွင့်၊ အေးချမ်းစွာနေထိုင်ခွင့်၊ ပညာသင်ကြားခွင့် စသည် တို့ကသာ အရေးကြီးကြောင်း တွေ့ရမည်ဖြစ်ပြီး ဤအချက်များကို အဓိက ဆောင်ကြဉ်းပေးနိုင်သည်မှာ တရားဥပဒေစိုးမိုးရေးပင် ဖြစ်တော့သည်။ လူ၏ သဘောအရ အတ္တ၏သားကောင်ဖြစ်ရာ အမေရိကန်လို ဒိတ်ဒိတ်ကြဲ ဒီမိုကရေစီနိုင်ငံကြီးမှာပင် ဥပဒေကို လက်တစ်လုံးခြား ကျော်လွန်၍ လုပ်ဆောင် နေခြင်းမျိုးလည်းရှိပါသည်။ သို့ရာတွင် ယနေ့ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများတွင် နိုင်ငံသားများ၏ အခြေခံလူ့အခွင့်အရေးများကို လက်ခံနိုင်လောက် သည့် အတိုင်းအတာအထိ အကာအကွယ်ပေးနိုင်သော တရားဥပဒေ စိုးမိုးရေးရှိသည်ကို လက်တွေ့ကျကျ ရှုမြင်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သည့် စနစ်အမှားတစ်ခုကြောင့် ခိုင်မာသော အင်စတီကျူးရှင်းများ မရှိသလို ဗျူရိုကရေစီယန္တရား မှာလည်း ဖရိုဖရဲဖြစ်နေခဲ့သည်မှာ ယနေ့အထိ ပြင်၍မရသေးသော ကိစ္စဖြစ်သည်။ အလွန်အမင်း ဆင်းရဲမွဲတေမှုဆိုသည်မှာ မနက်စာစားပြီး ညစာ  အတွက် စိုးရိမ်ပူပန်နေရမှု၊ မနက်ဖနအတွက် စိုးရိမ်ပူပန်နေရမှုကဲ့သို့ ဆင်းရဲခြင်းမျိုးသာမကဘဲ သမာအာဇီဝကိုပင် ကျီးလန့်စားစား ရှာဖွေစားသောက် နေရမှု၊ အရာရာကို စိုးရိမ်ကြောက်ရွံ့နေကြရသော စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုမျိုးတွေပါ ပါဝင်ကြောင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။ တစ်ဆက်တည်းမှာပင် NLD ရွေးကောက်ပွဲဝင်ရခြင်းမှာ ဒီမိုကရေစီတည်ဆောက်ရန် တရားဥပဒေစိုးမိုးရေးက အရေးကြီးသောကြောင့် ဖြစ်ကြောင်း NLD အနေဖြင့် တရားဥပဒေ စိုးမိုးရေးကို အဓိကထားကြောင်းလည်း ပြောဆိုခဲ့သည်။ လူထုခေါင်းဆောင် ပြောဆိုခဲ့သလိုပင် ယခင် အစိုးရ အနေဖြင့် တရားဥပဒေစိုးမိုးရေးကို လုပ်ဆောင်ခဲ့ရာတွင် အစိုးရလုံခြုံရေးကိုသာ ဦးစားပေးခဲ့သဖြင့် ပြည်သူတို့၏ လုံခြုံမှု အားနည်းနေခဲ့သောကြောင့် တရားဥပဒေ စိုးမိုးရေး ယနေ့တိုင် မဖြစ်နိုင်သေး ဘဲရှိနေသည်။

သမ္မတကြီးနှင့် လူထုခေါင်းဆောင်တို့က ကောင်းမွန်သော အုပ်ချုပ်မှု၊ သန့်ရှင်းသောအစိုးရ၊ တရားဥပဒေ စိုးမိုးရေး အရေးကြီးကြောင်း ပြောဆို နေချိန်တွင်ပင် အောက်ခြေအဆင့်၌ မတရားမှုတွေ ကြုံတွေ့နေရသေးသည်။ အထူးသဖြင့် အစိုးရလက်ဝေခံ ခရိုနီတွေက ဖွဲ့စည်းပုံက ခွင့်မပြုသော လယ်ယာမြေသိမ်းသည့် ကိစ္စများတွင် တရားဥပဒေ စိုးမိုးရေးသာမက ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပါ ချိုးဖောက် ခြင်း ဖြစ်သည်။ အောက်ခြေအဆင့် အုပ်ချုပ်ရေးမှူးတွေက လူထုကို နှိပ်စက်နေတာတွေ ရှိနေသေးသလို တရားရေးဝန်ထမ်းများ၏ အကျင့်ပျက်ခြစားမှုတွေကြောင့် ပြည်သူတွေ ဒုက္ခ ရောက်နေတာ မနည်းမနောဖြစ်သည်။

သို့ရာတွင် တရားဥပဒေ စိုးမိုးရေးမှာ ပွင့်လင်းလာသော ယနေ့ကာလတွင် အတိုင်းအတာတစ်ခုအထိ ထင်သာမြင်သာရှိ လာသည့်တိုင် အလွန်အမင်းအားနည်းနေပါသေးသည်။ တရားဥပဒေ ချိုးဖောက်ခံရသော ကိစ္စရပ်များတွင် အထက်ထိရောက်အောင် တိုင်ကြားခြင်းမပြုနိုင်လျှင် အောက်ခြေအဆင့်မှာပင် ပျောက်သွားရသည့်ဖြစ်ရပ်တွေ ဒုနှင့်ဒေးရှိနေပြန်သည်။ ထိုကဲ့သို့သော ကိစ္စများသည် ယနေမြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့်ကာလတွင် ပပျောက်သင့်ပြီဖြစ်သည်။

ယခုလို ဒီမိုကရေစီ  စတင်တည်ဆောက်ဆဲ ကာလတွင် တရားဥပဒေစိုးမိုးရေးကို မလုပ်ဆောင်နိုင်ခဲ့ပါက မက္ကဆီကိုနှင့် ဖိလစ်ပိုင်နိုင်ငံတွေလို ဒီမိုကရေစီ နိုင်ငံတွေ ဖြစ်မသွားနိုင်ဟု မည်သူ ပြောနိုင်ပါမည်နည်း။

****************************************************************************************************

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment