Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၁.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးနှင့် စဉ်းစားရမည့် အမျိုးသားရေး တာဝန်

*******************************************************

ဆောင်းပါးကဏ္ဍ

လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးနှင့် စဉ်းစားရမည့် အမျိုးသားရေး တာဝန်

အောင်မောင်း

စာရေးသူသည် ဒေါ်အောင်ဆန်းစုကြည်ကို လူအရရော မူအရပါ လှိုက်လှိုက်လှဲလှဲ ထောက်ခံသူဖြစ်ပြီး ပုဂ္ဂလသဘောတစ်ခုတည်း ဖြင့်ဆိုပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် မြင်တွေ့လိုပါသည်။ သို့ရာတွင် ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါဝင်သော ပြဌာန်းချက်များအရနှင့် စာရေးသူတို့နိုင်ငံ၏ သမိုင်းကြောင်းများအရ လူထုခေါင်းဆောင်သည် သမ္မတ၊ ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီး ဖြစ်ရန် အခြေအနေမရှိကြောင်း တွေ့ရှိရသဖြင့် ထိုတွေ့ရှိချက်များကို အများပြည်သူအနေဖြင့် စောကြောနိုင်ရန် တင်ပြလိုခြင်းသာဖြစ်ပါသည်။ ပုဂ္ဂိုလ်စွဲ၊ မူဝါဒစွဲမပါဘဲ ဖြစ်ပေါ်နေသည့် အခြေအနေများပေါ်တွင်သာ စဉ်းစားသုံးသပ်ထားခြင်းဖြစ်ပြီး လူထုခေါင်းဆောင်ကို မလိုလားသည့် စိတ်အခံလုံးဝမရှိပါ ကြောင်း ဦးစွာ နိဒါန်းပျိုးရခြင်းဖြစ်ပါသည်။

NLD ရွေးကောက်ပွဲဝင်မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ ပြည်သူလူထုအနေဖြင့် ၎င်းတို့ချစ်ခင်လေးစားသော လူထုခေါင်းဆောင်ကို နိုင်ငံ့ ခေါင်းဆောင်အဖြစ် မြင်တွေ့ရတော့မည်ဟု ဝမ်းသာအားရမျှော်လင့်ခဲ့ကြသည်။ အမှန်တကယ်တွင်လည်း ပြည်သူအတွက် နှစ်ပေါင်းများစွာ အနစ်နာခံ ပေးဆပ်ခဲ့သူ၊ ကမ္ဘာ့အဆင့်မှီ အရည်အချင်းကိုလည်း ပိုင်ဆိုင်ထားသူ၊ နိုင်ငံတကာ အတွေ့အကြုံများစွာ ကြွယ်ဝသူ၊ နိုဗယ်ဆုရှင်လည်းဖြစ်သူ သူမ အနေဖြင့် နိုင်ငံကို အကောင်းဆုံးဦးဆောင်၍ ပြည်သူ့မျက်နှာတစ်ခုတည်းကိုသာ ကြည့်မည့် ခေါင်းဆောင် ကောင်းတစ်ဦးဖြစ်လာမည် ဆိုသည်မှာလည်း ငြင်းဆို၍ရသော အချက်မဟုတ်ပေ။ သို့ရာတွင် အထက်ကဆိုခဲ့သလို နိုင်ငံ၏သမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများက လူထုခေါင်းဆောင် အစိုးရ အဖွဲ့ဝင်ဖြစ်ရေးကို ကြီးမားစွာ ဟန့်တားလျက်ရှိနေပါသည်။

ပထမ အချက်ဖြစ်သော သမ္မတနှင့် ဒုတိယသမ္မတနေရာများအတွက် လူထုခေါင်းဆောင် ရယူနိုင်ခြင်းမရှိသည့် အချက်များအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ) နှင့် (စ) တို့တွင်  အောက်ပါ အတိုင်းပြဋ္ဌာန်း ထားသည်။

                (ဃ) နိုင်ငံတော်အရေးအရာများဖြစ်သော နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ၊ စစ်ရေး စသည့်အမြင်များရှိရမည်။

              (စ) မိမိ ကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသော်လည်းကောင်း ခံစားရသော အခွင့်အရေးနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။

အထက်ပါ နှစ်ချက်သည် လူထုခေါင်းဆောင် သမ္မတနှင့် ဒုတိယသမ္မတ ဖြစ်နိုင်ရေးအတွက် ဟန့်တားနေသည့် အချက်နှစ်ချက် ဖြစ်သည်။ ယေဘုယျအားဖြင့် သမ္မတဖြစ်ရန်အတွက် လွှတ်တော်အမတ်ဖြစ်ရန် မလိုပါ။ မြန်မာနိုင်ငံသည် သမ္မတကို တိုက်ရိုက်ရွေးချယ်သည့် စနစ်မဟုတ်ဘဲ လွှတ်တော်မှ ရွေးချယ်သည့်စနစ်ဖြစ်သောကြောင့်သာ လွှတ်တော်အမတ်များကို သမ္မတလောင်းအဖြစ် စာရင်းတင်သွင်းခြင်း ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ)တွင်

 “လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော် သမ္မတအတွက် သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်”

ဟူ၍သာ ဖော်ပြထားရှိသည်ဖြစ်ရာ အကယ်၍ လွှတ်တော်ကိုယ်စား လှယ်များအထဲမှ နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် သင့်တော်သည့် ပုဂ္ဂိုလ်မရှိခဲ့လျှင် ပြည်ထောင်စု လွှတ်တော်သည် အရပ်သားထဲမှ သမ္မတအရည်အချင်းနှင့် ပြည့်စုံသူကို ခန့်အပ်ရွေးချယ်ပိုင်ခွင့် ရှိနေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ခြင်းမပြုလျှင်ပင် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် ကမ်း လှမ်းခံရနိုင်သည့် အခြေအနေရှိပါသည်။ ပြည်ထောင်စုဝန်ကြီးကိုလည်း သမ္မတကသာတိုက်ရိုက်ခန့်အပ်သည်ဖြစ်ရာ အဆိုပါ ရာထူးအတွက်လည်း လွှတ်တော် ကိုယ်စားလှယ်ဖြစ်ရန် မလိုအပ်ချေ။ သို့သော် အဟန့်အတားဖြစ်နေသည်မှာ အထက်တွင်ဖော်ပြခဲ့သော ပုဒ်မ ၅၉၊ ပုဒ်မခွဲ (ဃ)နှင့်(စ)ဖြစ်သည်။ ပုဒ်မခွဲ (ဃ)တွင် စစ်ရေးအမြင်ရှိရမည်ဟူသည့်အချက်သည် တပ်မတော်တွင် အမှုထမ်းခဲ့သူများကိုသာ သမ္မတအဖြစ်ခန့်အပ်နိုင်လိမ့်မည်ဟု လွဲမှားစွာ ယူဆ နေကြခြင်း ဖြစ်ပါသည်။ သာမန်အရပ်သား ပညာရှင်တစ်ဦးသည် စစ်ရေးစစ်ရာနှင့်ပတ်သတ်သော ကျမ်းတစ်စောင်ပြုစုနိုင်ပြီး မဟာဘွဲ့၊ ပါရဂူဘွဲ့များ ရရှိပါကလည်း စစ်ရေးအမြင်ရှိသူဟု သတ်မှတ်နိုင်သည်ဖြစ်ရာ ပုဒ်မ(ဃ)သည် လူထု ခေါင်းဆောင် သမ္မတ၊ ဒုတိယ သမ္မတ ဖြစ်ရန်အတွက် ကြီးမားသော အဟန့်အတား မဟုတ်သေးဟုသာ ဆိုရပေလိမ့်မည်။

အဓိက ဟန့်တားချက်မှာ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)ဖြစ်သည်။ လက်ရှိအခြေအနေတွင် လူထုခေါင်းဆောင်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ မိုက်ကယ်အဲရစ် ကွယ်လွန်သွားပြီဖြစ်၍ လင်ခန်းမယားခန်းပြတ်စဲသွားပြီဟု စောဒကတက်နိုင်လျှင်ပင် သူမ၏သားနှစ်ဦးသည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသေးသည်။  ယင်းနိုင်ငံများ၏ နိုင်ငံသားများဖြစ်သလို ယင်းနိုင်ငံသားများ ရသင့်ရထိုက် သော အခွင့်အရေးများကို ခံစားရရှိနေကြ သူများလည်း ဖြစ်ပါသည်။  ထို့ကြောင့် ပုဒ်မခွဲ(စ)လုံးမှာ ကြီးမားသော အဟန့်အတားဟု ဆိုရခြင်း ဖြစ်ပါသည်။ အများစုက လူထုခေါင်းဆောင်အနေဖြင့် နိုင်ငံခြားရေးနှင့် ပတ်သတ်သော တာဝန်တစ်ခုယူသင့်သည်ဟု ယူဆချက်များ အပေါ် တွင်လည်း နိုင်ငံခြားရေးဝန်ကြီးမှာ ပြည်ထောင်စုဝန်ကြီးဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဖြစ်ရန် ပုဒ်မ ၂၃၂၊ ပုဒ်မခွဲ(က ၁၊၂၊၃၊၄)တို့တွင် ဖော်ပြထားပါသည်။ ယင်းတို့အထဲမှ နံပါတ် ၃တွင် “ ပုဒ်မ ၁၂၁တွင်ဖော်ပြထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသော ပြဌာန်းချက်များနှင့်လည်း ငြိစွန်းခြင်းမရှိသူ” ဟု ဖော်ပြထား သည်။ ပုဒ်မ ၁၂၁ကို ဆက်လက်လေ့လာလျှင် ပုဒ်မ ၁၂၁ ပုဒ်မခွဲ

(စ) နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့် အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူ

(ဆ) နိုင်ငံခြား တိုင်းပြည်တစ်ခုခု၏ အစိုးရ သို့မဟုတ် ဘာသာရေး အဖွဲ့အစည်း (သို့မဟုတ်) အခြားအဖွဲ့အစည်းများမှ ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်း စသည်တို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သော နည်းလမ်းဖြင့် ဖြစ်စေ အထောက်အပံ့ရယူ သုံးစွဲသူ သို့မဟုတ် ယင်းအထောက်အပံ့ရယူ သုံးစွဲနိုင်သည့် အဖွဲ့အစည်းဝင်ဖြစ်သူ

ထို့ကြောင့် ပုဒ်မခွဲ (စ) အရ လူထုခေါင်းဆောင်အနေဖြင့် ပြည်ထောင်စုဝန်ကြီးဆိုရာထက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေသောအချက်နှင့်ပင် ညိစွန်းနေသေးသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သားနှစ်ဦး သည် တိုင်းတစ်ပါးအစိုးရ၏ နိုင်ငံသားအခွင့်အရေးများကို ခံစားနေရဆဲဖြစ်ပြီး ထိုသို့သော ခံစားခွင့်များကို မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း လွှဲပြောင်းပေးအပ်ပိုင်ခွင့် ရှိနေသော ကြောင့်ဖြစ်သည်။ ပုဒ်မခွဲ(ဆ) ကို မူ NLD သည် ပြည်ပ အထောက် အပံ့ ရယူသည်၊ မယူသည်ဆိုသည်မှာ စာရေးသူ အနေဖြင့် မသိရှိပါ။ ထို့ကြောင့် (ဆ)ကို ထည့်သွင်းတွက်ချက်ရန် မလိုဟုသာ ယူဆပါသည်။

သမ္မတကြီးနှင့် လူထုခေါင်းဆောင်အကြားတွင် မည်သို့သော သဘောတူညီချက်များ ရှိခဲ့ကြောင်း မသိနိုင်စေကာမူ ဒေါ်အောင်ဆန်း စုကြည် ရွေးကောက်ပွဲဝင်မည့်သတင်းကို သမ္မတကြီးက ကြိုဆိုကြောင်းပြောကြားခဲ့သည်ဖြစ်ရာ  လူထုခေါင်းဆောင်အနေဖြင့် ရွေးကောက်ပွဲဝင်ရန် အခက်အခဲ မရှိဟု ယူဆရဖွယ်ရှိပါသည်။ သို့သော် ဒုသမ္မတနှင့် ပြည်ထောင်စုဝန်ကြီးဖြစ်ရန်မှာမူ အထက်ဖော်ပြပါ အချက်များက ညိစွန်းနေပါသေးသည်။

လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးကဲ့သို့သော တာဝန်ကြီးများကိုရယူစေလိုသည်မှာ ပြည်သူတို့၏ လိုလားတောင့်တ ချက်ဖြစ်ပါသည်။ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဖွဲ့စည်းပုံပါ အချက်အလက်များကို ပြင်နိုင်ဖွယ်၊ အဓိပ္ပါယ် ထပ်မံဖွင့်ဆိုနိုင်ဖွယ် ရှိပါသည်။ ဥပမာ ခင်ပွန်း၊ ဇနီးဖြစ်သူသည် နိုင်ငံခြားသားပင် ဖြစ်စေကာမူ ကွယ်လွန်သွားပြီဆိုပါက လင်ခန်းမယားခန်းပြတ်စဲသည်ဟု မှတ်ယူရမည်၊ သားသမီးများသည် တိုင်းတပါး၏ ကျေးဇူးသစ္စာကို စောင့်သိရသော နိုင်ငံခြားသားဖြစ်စေကာမူ ထို သားသမီးကို သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း ကြေညာပြီးလျှင်၊ ထိုသားသမီးမှ ရရှိနေသော အထောက်အပံကိုလည်း မယူတော့လျှင် အဆိုပါကန့်သတ်ချက် ပျက်ပြယ်သည်ဟူသည့် အချက်မျိုး ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေးဥပဒေများလည်း ယခင်ကထက် ဖြေလျော့လာပြီဖြစ်သလို လူထုခေါင်းဆောင်၏သားများ အမျိုးသားလွတ်လပ်ရေးခေါင်းဆောင်ကြီး၏ မြေးများသည် မြန်မာနိုင်ငံသားအဖြစ်ခံယူနိုင်ရန်  လျှောက်ထားနိုင်မည့် အလားအလာလည်း ရှိကောင်းရှိနိုင် ပါသည်။ ဆိုရလျှင် လူထုခေါင်းဆောင် အစိုးရအဖွဲ့အတွင်း ပါဝင်လာနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို အများညီ ပြင်ဆင်နိုင်ကြပါသည်။

သို့ရာတွင် ထိုသို့ လူထုခေါင်းဆောင်၏ မျက်နှာကိုကြည့်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်လိုက်လျှင် အနာဂတ်တွင် မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကို ရွေးချယ်ရာ၌ ပြဿနာများစွာ ရှိလာပါလိမ့်မည်။ အနီးကပ်ဆုံး ဥပမာပေးရလျှင် မြန်မာနိုင်ငံတွင် မျိုးဆက်ပေါင်းများစွာ နေထိုင်လာကြ သော တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် သမ္မတဖြစ်ရန်မှာ ဥပဒေကခွင့်ပြုသော်လည်း လူထု၏ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ် မရှိပါ။ သို့ဖြစ်စေကာမူ မြန်မာနိုင်ငံသို့ ဝင်ရောက်နေထိုင်သည်မှာ မကြာသေးသည့်အပြင် တရုတ်နှင့် အိန္ဒိယနိုင်ငံများ၌ ဆွေမျိုးသားချင်းများလည်း ရှိနေသေးသော မြန်မာပြည်ပေါက် တရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် ငွေကြေးအင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ လွှတ်တော်ကို စိုးမိုး၍ တနေ့နေ့ တချိန်ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးကို ရယူသွားလျှင်ဆိုသည့် အခြေအနေကို စဉ်းစားကြရန်လိုပါသည်။ ထိုအချိန်တွင် လူထု ခေါင်းဆောင်လည်း ရှိတော့မည်မဟုတ်သလို ဖွဲ့စည်းပုံကိုလည်း ယခင်ကအတိုင်း ပြန်လည်သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့် အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် လူထုခေါင်းဆောင် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးဖြစ်ရေးသည်  ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အကျိုး ဆက်များကို ကြည့်ရန်လိုပါသည်။ အထူးသဖြင့် အိန္ဒိယနှင့် တရုတ်သွေးနှောများအတွက် နိုင်ငံ၏အထွဋ်အထိပ်ရာထူးကို ရယူရန် လမ်းပွင့်သွား ပေလိမ့်မည်။

စာရေးသူအနေဖြင့် လူထုခေါင်းဆောင်ကို မထီမဲ့မြင် ပြုလုပ်ခြင်းမဟုတ်သလို ပုဂ္ဂလခံစားချက်အရဆိုလျှင် နိုင်ငံ၏ အထွဋ်အထိပ် ရာထူးအတွက် ထိုက်တန်ကြောင်း ခြွင်းချက်မရှိ လက်ခံပြီးဖြစ်ပါသည်။ သို့သော် လက်တွေ့ကျသည့် ရှုထောင့်များကိုသာ စဉ်းစားကြည့်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံတွင်မှ မဟုတ်ဘဲ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေ၌ပင်လျှင် နိုင်ငံခြားသားနှင့် လက်ထပ်ထားသူ၊ တိုင်းတပါး၏ ကျေးဇူးကို ခံစားရယူနိုင်သူများကို နိုင်ငံ့ခေါင်းဆောင် ရာထူးရယူရန် အမျိုးသား ရေးအမြင်ဖြင့် ပိတ်ပင်ထား သည်ကို တွေ့ရပါသည်။

နိဂုံးချုပ်ဆိုချင်သည်မှာ လူထုခေါင်းဆောင်အနေဖြင့် ရာထူးရယူသည်ဖြစ်စေ၊ မရယူသည်ဖြစ်စေ NLD ပါတီ ဆက်လက်ရပ်တည် သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ ပြည်သူလူထု၏ ရင်ထဲတွင် အထွဋ်အထိပ်နှင့် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှ လာ၍ ဖျက်မရ အောင် စွဲထင်နေသည်မှာ သေချာပါသည်။ နိုင်ငံအတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်တွေ ရှိရန်မလိုအပ် သလို စာရွက်ပေါ်တွင် ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပါ။ အိန္ဒိယနိုင်ငံမှ ဆိုနီယာဂန္ဒီသည် အီတလီသူစစ်စစ် ဖြစ်စေကာမူ အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ပါသည်။ သို့သော် သူမသည် ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင်ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ပါသည်။ သမ္မတသည် သက်တမ်းဆယ်နှစ်သာရှိ ပြီး အမျိုးသားခေါင်းဆောင်ဆိုသည်မှာ လူထုရင်ထဲတွင် ထာဝရရှိနေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူထုခေါင်းဆောင်အနေဖြင့် အကြောင်းကြောင်းကြောင့် အစိုးရအဖွဲ့ဝင် မဖြစ်ခဲ့လျှင်ပင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နိုင်ငံ့ရတနာတစ်ပါး ဖြစ်နေမည်မှာလည်း သေချာနေသည်ဖြစ်ရာ လူထုခေါင်းဆောင် အစိုးရအဖွဲ့ဝင်ဖြစ်ရေးအတွက် ဟန့်တားချက်များနှင့် ယင်းဟန့်တားချက်များကို ပယ်ဖျက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မည့် အကျိုးဆက် များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေးအရ ရွေးချယ်မှုပြုရန်မှာ အမျိုးသားရေး တာဝန်ကြီးတစ်ရပ်ပင် ဖြစ်နေပါလိမ့်မည်။

****************************************************************************************************

 

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment