Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၅.၁၂.၂ဝ၁၁

ဆောင်းပါးကဏ္ဍ

  1. အသွင်းကူးပြောင်းရေးအချိုးအကွေ့

***************************************************************************************

ဆောင်းပါးကဏ္ဍ

အသွင်းကူးပြောင်းရေးအချိုးအကွေ့

အာဏာပိုင်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ အသွင်းကူးပြောင်းလျက်ရှိသော မြန်မာနိုင်ငံ၏ အသွင်ကူး ပြောင်းရေးဖြစ်စဉ် အချိုးအကွေ့များမှာ စိတ်ဝင်စားဖွယ်ကောင်းသည်နှင့်အမျှ ကြိုတင်ခန့်မှန်းခြင်းငှာစွမ်းနိုင်သည့် နောက်ကြောင်းပြန်မလှည့်နိုင်သော အပြောင်းအလဲ များကို မြင်တွေ့နေရပြီဖြစ်သည်။ ယခင် အာဏာပိုင် အုပ်ချုပ်ရေးစနစ်တွင် ဖြစ်တန်ရာသော နိုင်ငံရေးနှင့် စီးပွားရေးအလားအလာများကို ကြိုတင် ခန့်မှန်း၍ မရနိုင်ပါ။ ယခုအခါတွင်တော့ စည်းမျဉ်း စည်းကမ်းဘောင်သွင်းထားသည့် ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ် (Institution alized democratic regime) ကို ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကြီးကျင်းပ၍ ကျင့်သုံးအကောင်အထည် ဖော်နေပြီဖြစ်သည်။ သို့သော် လွှတ်တော်တွင်းသို့ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ ဝင်ရောက်သွားကြသော်လည်း ယင်းတို့မှာ အနည်းစုသာလျှင်ဖြစ်ပါသည်။ လွှတ်တော်တွင် အင်အားအကြီးဆုံးပါတီမှာ ကြံ့ခိုင်ရေးပါတီ ဖြစ်သည့်အတွက် (one-party dominated system) ဖြစ်သည် ဟူ၍ပင် ဆို၍ရနိုင်ပါသည်။ ထိုအတွက်ကြောင့် ယခုလက်ရှိမြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်မှာ လွတ်လပ်သော ဒီမိုကရေစီစနစ် (Liberal democracy) စနစ်မဟုတ်ဘဲ အကန့်အသတ်များရှိနေသော ဒီမိုကရေစီစနစ် (restricted democracy) ပင် ဖြစ်သည်။ ယခင် စစ်တပ်အစိုးရမှ အုပ်ချုပ်ရေးလူတန်းစားမှ လူ ပုဂ္ဂိုလ်များမှာ ယခု ကြံ့ခိုင်ရေးပါတီဝင်များ ဖြစ်နေခြင်းနှင့် အစိုးရသစ်၏ အဆင့်မြင့်ဆုံး အုပ်ချုပ်ရေးရာထူးများကို ပြန်လည်ရယူထားခြင်းကို ကြည့်ခြင်းအားဖြင့် မူပြောင်းသော်လည်း လူပြောင်းလဲခြင်းမရှိသည့် အခင်းအကျင်းမျိုး ပင်ဖြစ်သည်။ တနည်းဆိုရလျှင် မြန်မာနိုင်ငံဒီမိုကရေစီ အသွင်ကူးပြောင်းရေး၏ အဖွင့် ကျားကွက်ကို ဖွင့်လိုက်သည့် ကစားသမားမှာယခင် အာဏာပိုင်စနစ်၏ အုပ်ချုပ်ရေးလူတန်းစား ဖြစ်နေသည့်အတွက် အကူးအပြောင်းပုံသဏ္ဍန်မှာအောက်မှ အထက်သို့ တွန်းတိုက်ပြောင်းလဲသည့် လမ်းကြောင်းထက် (bottom-up method) ထက် အထက်မှ အောက်သို့ အစီအစဉ်ချပြောင်းလဲသည့် လမ်းကြောင်း (Top-down method) ဖြစ်နေသည်။

အာဏာပိုင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အောင်မြင်စွာအသွင်ကူးပြောင်းနိုင်ခဲ့သည့် နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်များကို လေ့လာကြည့်ပါကအမျိုးသားအဆင့် စီးပွားရေးတည်ငြိမ်အောင် ထိန်းထားနိုင်ခြင်း၊ အတိုက်အခံ နိုင်ငံရေးအင်အားစုများကို ပင်မရေစီကြောင်း နိုင်ငံရေးတွင် ပါဝင်နိုင်အောင် ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ ရေးသားခွင့်စသည့် နိုင်ငံသားလွတ်လပ်ခွင့်များကို တစ်ဆင့်ခြင်း ဖြေလျော့ပေးနိုင်ခြင်း အစရှိ သည်တို့ကို အချိန်ကိုက် အံဝင်ခွင်ကျဖြစ်အောင် ပေးအပ်သွားနိုင်ကြောင်းတွေ့ရသည်။ထိုအတွက်ကြောင့် လူမှုရေးတင်းမာမှုများ အစွန်း ရောက်အောင် ဖြစ် ပွားမသွားစေဘဲ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ခဲ့သည်။

တောင်ကိုရီးယား၊ ချီလီ၊ မက္ကဆီကို၊ တိုင်ဝမ်အစရှိသည့် နိုင်ငံများ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်များကို ကြည့်လျှင် တစ်ပါတီကြီးစိုးသည့် ဒီမိုကရေစီစနစ် (မက္ကဆီကိုနှင့် တိုင်ဝမ်)၊ တပ်မတော်အစိုးရ အုပ်ချုပ်သည့် အာဏာပိုင်စနစ်ဖြင့် နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ပြီးမှ လွတ်လပ်သော ဒီမိုကရေစီစနစ်ဆီသို့ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့သည်။ တနည်း ဆိုရလျှင် ယင်းနိုင်ငံများကျင့်သုံးခဲ့သော အုပ်ချုပ်ရေးစနစ်မှာ အာဏာပိုင်စနစ်ဟု ဆို၍ရနိုင်သော်လည်း အာဏာခွဲဝေမှုနှင့် စီးပွားရေးရပိုင်ခွင့်များကို အုပ်ချုပ်သူ လူတန်းစားကသာ လက်ဝါးကြီးအုပ် ခြယ်လှယ်ထားနိုင်ခြင်း မရှိဘဲ နိုင်ငံရေး၊ စီးပွားရေးပိုမိုလွတ်လပ်သည့် အခြေအနေသို့ အသွင်ကူးပြောင်းမှုများ ဖြည်းဖြည်း မှန်မှန်လုပ်ဆောင်လာနိုင်သည့် စည်းမျဉ်းစည်းကမ်း ဘောင်သွင်းထားသော အာဏာပိုင်အုပ်ချုပ်ရေးစနစ် (Institutionalized authoritarian regime) ဖြစ်နေ ကြောင်း တွေ့ရသည်။ တနည်း ဆိုရလျှင်မူအာဏာပိုင် အုပ်ချုပ်ရေးစနစ်၏ အကျိုးကျေးဇူး(authoritarian advantage)ရှုထောင့်မှနေ၍ နိုင်ငံ့ခေါင်းဆောင်များက နိုင်ငံရေးစိတ်စေတနာ (Political will) ဖြင့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို အချိုးအကွေ့များစွာဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ကြောင်းတွေ့ရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအုပ်ချုပ်ရေးစနစ်ကို အာဏာပိုင်အုပ်ချုပ်ရေးစနစ်ဟု မည်သို့မျှခေါ်ဆို၍ မရနိုင်တော့သော်လည်း လွတ်တော်တွင် တစ်ပါတီ တည်းသာ ကြီးစိုးနေခြင်းနှင့် အုပ်ချုပ်ရေးတွင် ယခင်အာဏာပိုင်စနစ်မှ လူပုဂ္ဂိုလ်များ ပါဝင်နေခြင်းကို ကြည့်ခြင်းအားဖြင့် လွတ်လပ်မှုမရှိသည့် ဒီမိုကရေစီစနစ် (illiberal democracy)ဟုတော့ သတ်မှတ်၍ ရနိုင်ပါသည်။ သို့သော် ယနေ့ နိုင်ငံရေးအခင်းအကျင်းများကို ကြည့်လျှင် ထင်မှတ်ထားသည်ထက် ပိုမိုမြန်ဆန်စွာ နိုင်ငံရေးလွတ်လပ်ခွင့်များ၊ နိုင်ငံသားအခွင့်အရေးများကို ပိုမိုပေးအပ်လာသည်ကို တွေ့မြင်ရသည်။ နိုင်ငံရေးအကျဉ်းသားများ လွတ်ပေးခြင်း၊ မီဒီယာ လွတ်လပ် ခွင့်များ တစ်ဆင့်ခြင်းဖြေလျှော့ပေးခြင်း၊ ဆန္ဒထုတ်ဖော်ခွင့်များ ရှိလာခြင်း၊ သမဂ္ဂများဖွဲ့စည်းခွင့် ရှိလာခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ်များချုပ်ဆိုလာနိုင်ခြင်းနှင့် အဓိက နိုင်ငံရေးအတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် နိုင်ငံရေး သဘောတူညီချက်များ ရရှိအောင် ညှိနှိုင်းလာနိုင်ခြင်းအစရှိသည်တို့ကို တစ်နှစ်သားပင် မပြည့်သေးသော ဦးသိန်းစိန်အစိုးရမှ အကောင်အထည်ဖော်နိုင်ခဲ့သည်။ သို့နှင့် မေးစရာ ရှိလာသည်မှာ ယင်းသို့သော နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲများကို အပြောင်းအလဲတိုင်းတွင် ရှိစမြဲဖြစ်သော သဘောထားတင်းမာသူများက ယခုအပြောင်း အလဲကို လိုလိုလားလား ရှိခဲ့၍လောဟူ၍ပင် ဖြစ်သည်။ အမှန်စင်စစ် အုပ်ချုပ်ရေးစနစ် အပြောင်းအလဲ ဖြစ်သွားသည့်အတွက် အာဏာနေရာချ သတ်မှတ်မှုများ (Power allocation) လည်း ဖြစ်ပေါ်လာသည် ဖြစ်ရာယခင် တစ်စုတစ်စည်းတည်းဖြစ်နေသည့် အာဏာဗဟိုမှာ အသစ်ဖြစ်ထွန်းလာသည့် အုပ်ချုပ်မှုစနစ်အတွင်း အဖက်ဖက်သို့ ပျံ့နှံ့သွားခဲ့သည်။ ထို့အပြင် ယခုဖြစ်ပေါ်ခဲ့သော အပြောင်းအလဲများမှာ အပြောင်းအလဲကိုလိုလားသူများ (reformists) လည်းဖြစ်၊ လက်ရှိစနစ်၏ လုပ်ထုံးလုပ်နည်းများကို နားလည်သူများလည်းဖြစ်သော နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကဲ့သို့သော ပုဂ္ဂိုလ်များက ပဲ့ကိုင်ဆောင်ရွက်သွားခဲ့ခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် အပြောင်းအလဲများကို ခုခံမြဲဖြစ်သော အုပ်ချုပ်မှုစနစ်သစ်အတွင်း ပျံ့နှံ့ သွားခဲ့သည့် သဘောထား တင်းမာသော အင်အားစုများ၏ ကွန်ယက်ယန္တရား (Network mechanism)ကြီး ပြန်လည်တည်ဆောက်၍ မရနိုင်သေးသည့် အခြေအနေမျိုးတွင် သဘောထား ပျော့ပြောင်းသူများက လက်ဦးအောင် ဆောင်ရွက်နိုင်ခဲ့သည်။

ထိုအပြောင်းအလဲများ၏ ဂယက်ကြောင့် အဓိကအတိုက်အခံပါတီကြီးတစ်ခုအား လွှတ်တော်အတွင်းဝင်နိုင်သည့် လမ်းကြောင်းများ ပွင့်လင်းသွားပြီ ဖြစ်သည်။ ထို့အပြင် ဖြစ်တန်ရာသော နိုင်ငံရေးအာဏာ နေရာခွဲတမ်းချရေးနှင့် စီးပွားရေး အရင်းအမြစ်များရပိုင်ခွင့်များ (rent) ကိုခန့်မှန်၍ ရနိုင်ပြီဖြစ်သည်။ အသွင်ကူးပြောင်းမှုတိုင်းတွင် အမြဲတမ်းနိုင်သူနှင့် အမြဲတမ်းရှုံးနိမ့်သူ (Permanent winner or loser) ဟူ၍ မရှိနိုင်ပါ။ အင်အားစုများကြား ပြိုင်ဆိုင်ရာ မဟာ ဗျူဟာမြောက် အချိုးအကွေ့များကို စွမ်းဆောင်ရည်အပြည့်ဖြင့် ဆောင်ရွက်နိုင်သောအင်အားစုမှာ ပိုရမည်သာ ဖြစ်သည်။ ယခုအပြောင်းအလဲ များသည် နိုင်ငံ၏ တရားဝင်မှုကို တိုးမြင့်လာစေသည့်အတွက် အပေါင်းလက္ခဏာဆောင်သည့် အပြောင်းအလဲများ ဖြစ်သည်ဟု ဆို၍ရနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပေးအပ်ထားသော နိုင်ငံ၏တရားဝင်မှုကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် ယခုအပြောင်းအလဲကို နောက်ကြောင်းပြန်မလှည်သည့် အပြောင်းအလဲ (undo change)  ဖြစ် အောင် နိုင်ငံခေါင်းဆောင်များအား အထူးကြိုးစားရန် တိုက်တွန်းလိုပါသည်။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးမှာ အခြား နိုင်ငံများလို နိုင်ငံရေးနှင့် စီးပွားရေးနှစ်ခုကိုသာ ပြောင်းလဲရခြင်းမျိုး မဟုတ်ပါ။ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေးတွင် နိုင်ငံရေးနှင့် စီပွားရေးတွင်သာမက တိုင်းရင်းသားများနှင့် သင့်မြတ်ရေးကိုသာ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရသည့် အတွက် ပိုမိုခက်ခဲသလိုပိုမိုအမျှော်အမြင်လည်းရှိရမည်ဖြစ်ပါကြောင်း…။

***************************************************************************************

 

 

 

                                                                                                        

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment