Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၁၆.၁၂.၂၀၁၁

ဘာသာပြန်သတင်းများ အပိုင်း (၂)

  1. မြန်မာ့အပြောင်းအလဲနှစ်ကြောင့် မျှော်လင့်ချက်များရှင်သန်

(VOA News မှ 15 Dec 2011 ရက်စွဲပါ Burma’s year of change raises hopes သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

  1. ဆင်းရဲမွဲတေသော ပတ်ဝန်းကျင်များဝိုင်းလျက် လူများ စိတ်မဝင်စားသည့် မြန်မာ၏ အသက်မဲ့ မြို့တော်

(13 Dec 2011 ရက်စွဲပါ The New York Times မှ Myanmar’s Lifeless Capital stands aloof, surrounded by Poverty ကို ဘာသာ ပြန်ဆိုသည်)

***********************************************************************************************

မြန်မာ့အပြောင်းအလဲနှစ်ကြောင့် မျှော်လင့်ချက်များရှင်သန်

(VOA News မှ 15 Dec 2011 ရက်စွဲပါ Burma’s year of change raises hopes သတင်းဆောင်းပါးကို ဘာသာပြန်ဆိုသည်)

                အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ဒီဇင်ဘာလဆန်းမြန်မာခရီးစဉ်သည် မမျှော်လင့်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြသည့် မြန်မာအာဏာပိုင်များအား ဆုလာဘ်နှင့် အားပေးမှု နှစ်မျိုးလုံး ချီးမြှင့်လိုက်ခြင်းပင် ဖြစ်သည်။

                လတ်တလောတွင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ သမ္မတဦးသိန်းစိန်သည် ဆယ်စုနှစ်ချီ စစ်အုပ်ချုပ်ရေးနှင့် စီးပွားရေး ပြဿနာများထံမှ ဖြည်းဖြည်းချင်း ခွာထွက်လျက်ရှိသည်။

                စစ်ဗိုလ်ချုပ်ဟောင်းများဖြင့်သာ ဖွဲ့စည်းထားသည်ဟု ဆိုကြသော ၎င်း၏ အစိုးရသည်လည်း နိုင်ငံရေး အကျဉ်းသားများ စတင်လွှတ်ပေးခြင်း၊ အင်တာနက်နှင့် မီဒီယာဆင်ဆာကို ဖြေလျော့ပေးခြင်း၊ လက်နက်ကိုင် အုပ်စုများနှင့် ဆွေးနွေးခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးခြင်းတို့ကို တသီးတတန်းပြုလုပ်လျက်ရှိ သည်။

                ၁၅ နှစ်ခန့်အကျယ်ချုပ်ထိန်းသိမ်းခံခဲ့ရပြီး မနှစ်က လွတ်မြောက်လာခဲ့သော ဒီမိုကရေစီခေါင်းဆောင်သည်လည်း လာမည့်နှစ် ကြားဖြတ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေလေပြီ။

                သူမ၏ အင်းလျားကန်စောင်းနေအိမ်တွင် ကလင်တန်နှင့်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်က ဦးတည်နေသော လမ်းကြောင်းအပေါ် အကောင်းဖက်က ရှုမြင်ထားကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ “ဒါဟာ ကျွန်မတို့အားလုံးအတွက် အနာဂတ်အသစ်စတင်မှုပါ။ ကျွန်မတို့ ထိန်းသိမ်းနိုင်ဖို့လိုပါတယ်။ လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်” ဟု သူမက ပြောကြားခဲ့သည်။ စီးပွားရေးနှင့် အစိုးရတို့ တိုးတက် ပြောင်းလဲနေကြောင်း အခြားသူများကလည်း ပြောကြားကြလျက် ရှိသည်။

                ရန်ကုန်မြို့လယ်တွင် တရုတ်တန်းမှ ရွှေနန်းတော်ရတနာဆိုင်၏ ရှည်လျားသော မှန်ကောင်တာ တစ်လျှောက် ရွှေဝယ်သူဖောက်သည်များ ကြိတ်ကြိတ်တိုးလျက် ရှိသည်။ နာမည်ကျော် ရတနာရွှေဆိုင်အုပ်စု၏ ပိုင်ရှင် အောင်ကျော်ဝင်းက တိုင်းပြည်၏ စီးပွားရေးကောင်းနေကြောင်း၊ အီးယူနှင့် အမေရိကန် Sanctions များ ရုတ်သိမ်းသွားပါက ပို၍ပင် ကောင်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

                “ကျွန်တော်တို့အစိုးရက စီးပွားရေးအနေနဲ့ အများကြီးပြောင်းလဲပစ်ဖို့ ကြိုးစားနေတယ်လို့ထင်ပါတယ်။ သတင်းစာတွေမှာ တွေ့ရသလို တကယ် ပြောင်းလဲနေတာကို ကိုယ်တိုင်မြင်တွေ့နိုင်တာကြောင့် ကျွန်တော်တို့ အခုလို ရိုးရိုးသားသား မျှော်လင့်နေကြတာပါ”ဟု အောင်ကျော်ဝင်းက ဆိုသည်။

                လက်ရှိတွင် နိုင်ငံစီးပွားရေးကို ဖျက်ဆီးနေသော၊ မလိုလားအပ်သည့် တင်းကြပ်ချုပ်ချယ်မှုနှင့် လက်ဝါးကြီးအုပ်မှုများကို အစိုးရက ဖြည်းဖြည်းချင်း လျော့ပေးနေသည်။ အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြားငွေလဲနှုန်း ပြင်ဆင်ခြင်းမှာ အရေးကြီးအဆင့်တစ်ခုပင်ဖြစ်သည်။

                မြန်မာငွေတစ်ထပ်ကြီးကို ငွေရေစက်ဖြင့် ရေတွက်လျက်ရှိသော ရန်ကုန်မြို့တော် နိုင်ငံခြားငွေလဲလှယ်ရေး စင်တာတွင် အမေရိကန် ဒေါ်လာများကို မြန်မာငွေဖြင့် လဲလှယ်ပေးလျက်ရှိသည်။

                မြန်မာနိုင်ငံတွင် လွင်အောင်ဇော်ကဲ့သို့ အမေရိကန်ဒေါ်လာဖြင့် လစာရသူများစွာရှိကြသော်လည်း ခွင့်ပြုချက်မရှိပဲ နိုင်ငံခြားငွေကို တရားဝင် ကိုင်ဆောင်ခွင့်မရှိသောကြောင့် လစာငွေကို လစဉ်လဲလှယ်ရသည်မှာ အန္တရာယ်မကင်းဟု သိရှိရသည်။ နိုင်ငံခြားငွေကိုင်ဆောင်ခွင့်ဆိုင်ရာဥပဒေကို အစိုးရက ပြင်ဆင်ပေးလျှင် ပို၍ကောင်းမည်ဟု လွင်အောင်ဇော် က ဆိုသည်။

                ရန်ကုန်မြို့ လ္ဘက်ရည်ဆိုင်တစ်ခုတွင် လူငယ်တစ်ဦးက နယ်ထား၊ နှပ်ထားပြီး ဂျုံလုံးများကို ပါးပါးရိုက်ကာ ဆီဖြင့် ကြော်နေသည်။ မြန်မာများ အလွန်နှစ်သက်၍ ပလာတာဟုခေါ်ကြသည်။

                လ္ဘက်ရည်သောက်၊ မုန့်စားရင်းဖြင့် စီးပွားရေးအကြောင်း၊ မြန်မာနိုင်ငံပြောင်းလဲနေကြောင်း လူအများ တွေ့ဆုံပြောဆိုရာ ရန်ကုန်လူမှုဘဝ ဗဟိုချက်သည် လ္ဘက်ရည်ဆိုင်များပင်ဖြစ်လေသည်။

                အငှားယာဉ်မောင်းသူ တင့်လွင်က သူသည်လည်း အခြားသူများစွာကဲ့သို့ပင် နိုင်ငံရေးထက် စားဝတ်နေရေးအတွက် ပိုက်ဆံရှာရန်ကိုသာ ပို၍ အာရုံစိုက်နေရကြောင်း ဆိုသည်။

                တင့်လွင်က ဆက်လက်၍ ပြောင်းလဲတိုးတက်မှုများစွာကို မြင်နေရသည်။ သို့သော် Taxi မောင်းသူ ဖြစ်၍ တက္ကစီဒရိုင်ဘာအမြင်ကိုသာ ပြောနိုင်ပါလိမ့်မည်။ လမ်းတွေပိုကောင်းလာနေသော်လည်း ဆိုးဆိုးဝါးဝါး ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်နေဆဲဟု မှတ်ချက်ပေးသည်။

                ကလင်တန်၏ ခရီးစဉ်က ပိုမိုပြုပြင်ပြောင်းလဲမှုများကို လှုံ့ဆော်ပေးနိုင်ရန် မျှော်လင့်သည်ဟု ပြောကြားသူမှာ အငြိမ်းစားအစိုးရဝန်ထမ်း သောင်းထွေးဖြစ်သည်။ သောင်းထွေးက မြန်မာနိုင်ငံသည် အနာဂတ်တွင် ပို၍ တိုးတက်ဖွံ့ဖြိုးလာနိုင်ကြောင်း အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေး ကောင်းလာခြင်းဖြင့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသည့် ကဏ္ဍအားလုံး၌ တိုးတက်မှုကို မြင်ရဖွယ်ရှိကြောင်း သုံးသပ်ပြောဆိုသည်။ ထိုကဲ့သို့ အခြေအနေများပိုမို ပွင့်လင်းလာသော်လည်း နိုင်ငံခြားသတင်းထောက်များ၏ မေးခွန်းများကို လူတိုင်းက ကြိုဆိုကြသည်မဟုတ်ပါ။

                ရန်ကုန်မြို့၏ ဈေးတစ်ခုတွင် အသက်ကြီးကြီးလူတစ်ဦးက VOA သတင်းထောက်ထံကပ်လာ၍ ဗီဒီယိုရိုက်ခြင်းကို ရပ်ဆိုင်းရန် တောင်းဆိုခဲ့ပြီး သက်ဆိုင်ရာ၏ ခွင့်ပြုချက်လိုအပ်သည်ဟုပြောဆိုခဲ့သည်။

                “ဒီနေရာမှာ ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးတာကို ကျွန်တော်တို့မကြိုက်ပါဘူး။ ဒီနေရာဟာ ဆင်းရဲစုတ်ပြတ်တဲ့ နေရာပါ။ သတင်းဓာတ်ပုံ ရိုက်ရမယ့် နေရာမဟုတ်ပါဘူး”ဟု ထိုပုဂ္ဂိုလ်က ဆိုသည်။ ထို့အပြင် ထိုပုဂ္ဂိုလ်က ကျွန်တော်တို့ကို “ချမ်းသာကြီးပွားနေသော နေရာများသို့သွား၍ မြန်မာနိုင်ငံ မည်မျှ တိုးတက်ကြီးပွားနေသည်ကို ရိုက်ကူးပြသပါ”ဟု လည်း အကြံပြုသည်။ သို့သော် ဈေးထဲမှ နယ်ခံဈေးသူဈေးသားများက သူတို့ဆင်းရဲကျပ်တည်း ဒုက္ခရောက်နေကြောင်း၊ ပြန်လှန် စောဒကတက် ငြင်းခုန်ကြသည်။

                မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည် နာလံထူကာ၊ နိုင်ငံသည်လည်း နောက်ဆုံးတွင် ဒီမိုကရေစီလမ်းဘက်သို့ ချိုးသွားပြီဟူသော မျှော်လင့်ချက်များ မြင့်မားလာသော်ငြားလည်း နယ်ဘက်တွင် သတ်ဖြတ်မှု၊ မုဒိန်းမှု အပါအဝင် စစ်ရာဇဝတ်မှုများ ရှိနေဆဲဟု လူ့အခွင့်အရေးအုပ်စုများက ထောက်ပြနေကြသည်။ ထို့အပြင် ပြုပြင်ပြောင်းလဲမှုများ တသီတတန်း ထွက်ပေါ်နေသော်လည်း အာဏာပိုင်များက ယခုတိုင် လက်ခံအသိအမှတ်ပြုခြင်း မရှိသည့် နိုင်ငံရေးအကျဉ်းသားရာပေါင်းများစွာမှာ အကျဉ်းထောင်သံတိုင်များ နောက်တွင် ထိန်းသိမ်းခံနေရဆဲပင် ဖြစ်လေသည်။

*****************************************************************************************

ဆင်းရဲမွဲတေသော ပတ်ဝန်းကျင်များဝိုင်းလျက် လူများ စိတ်မဝင်စားသည့် မြန်မာနိုင်ငံ၏ အသက်မဲ့ မြို့တော်

(13 Dec 2011 ရက်စွဲပါ The New York Times မှ Myanmar’s Lifeless Capital stands aloof, surrounded by Poverty ကို ဘာသာ ပြန်ဆိုသည်)              ကြီးမားလှသော မြန်မာ့လွှတ်တော်အဆောက်အဦးသို့ သွားသောလမ်းမှာ (၂၀) လမ်းသွား ကျယ်ပြန့်ပြီး စစ်တပ်အတွက် အသုံးပြုမည်ဆိုပါက ကောင်းစွာသင့်တော်သော်လည်း အချိန်တိုင်းလမ်းပေါ်တွင် ရှင်းလင်းနေပြီး ကြောက်စရာကောင်းသေးတော့သည်။ နာရီဝက်ခန့်မောင်းရသော ခရီးအကွာအဝေးတွင် ဆောက်လက်စ စစ်သမိုင်းပြတိုက်ရှိသည်။ ထိုမှတစ်ဖက် ဆက်သွားလျှင် စစ်ကျောင်းတစ်ခုနှင့် ဆက်သွားမည်ဆိုပါက စစ်သားအဆောင်များနှင့် ကြီးမားသောစစ်ရေးပြကွင်းတစ်ခု တွေ့ရသည်။

                မြန်မာနိုင်ငံတွင် မြို့တော်အသစ် နေပြည်တော်ကို စတင်ခဲ့ပြီး ၆ နှစ်အကြာတွင် မြို့ကြီးမှာ ပျင်းစရာကောင်းပြီး၊ တစ်ခါတစ်ရံ အသက်မဲ့နေသည်။ ငွေများစွာကုန်ကျခဲ့သော စစ်အုပ်ချုပ်သူများ၏ အထိမ်းအမှတ်သဖွယ်ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့်မတ်လက နှစ်ပေါင်းငါးဆယ်အတွင်း ပထမဆုံး အရပ်သားအစိုးရသို့ အာဏာလွှဲပေးခဲ့သည်။

                မြို့တော်ကို ပြည်သူအများရင်းနှီးစေရန် အားထုတ်မှု အမျိုးမျိုးပြုလုပ်ထားသည်။ မျိုးချစ်စိတ်မြှင့်တင်ပေးမည့် ဥယျာဉ်လည်းရှိသည်။ ဝန်ထမ်းများကြည့်ရှုနိုင်ရန် အနောက်တိုင်းသံစဉ်တွင် မြန်မာစာသားပါ သီချင်းများနှင့် တွဲဖက်ထားသော ရေပန်းများရှိသည့် ဥယျာဉ်လည်းရှိသည်။

                နေပြည်တော်၏ ညနေခင်းအများစုသည် ကွန်ကရစ်တောထဲတွင် ငြိမ်သက်နေသည်ကများသည်။ “ဒီမှာ ကျွန်တော်တို့ သိပ်ပျင်းတာပဲ” ဟု မကြာသေးခင် စနေနေ့က ရေပန်းဥယျာဉ်တွင် လာရောက်လည်ပတ်သော အသက် ၂၀ ရှိ အစိုးရဝန်ထမ်း ဦးအောင်မြင့်က ပြောသည်။ “ညဖက်မှာ ဒီတစ်နေရာပဲ သွားစရာရှိပါတယ်” ဟု ၎င်းကပြောသည်။ မြို့အပြင်ဖက်တွင် ကာရာအိုကေများရှိပြီး နိုက်ကလပ်အချို့ရှိကာ ၎င်းတို့၏ ဖောက်သည်မှာ အရာရှိကြီးများဖြစ်ကြသည်။

                မြန်မာနိုင်ငံသည် ရှေးယခင်ကတည်းက မြို့တော်အသစ်ဆောက်သည့် အလေ့အထရှိကြောင်း သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောသည်။ သမိုင်းကြောင်းတွင် မြို့တော်အသစ်သို့ အတင်းသွားရောက်နေထိုင်ရန် စေခိုင်းခံရသူများ၏ မကျေနပ်မှုများရှိခဲ့သည်။ တိုင်းပြည်၏ မြောက်ပိုင်းရှိ ကြီးမားသောမြို့ကြီးဖြစ်သည့် မန္တလေးမြို့ကို မင်းတုန်းမင်းက ၁၈၅၀ ခုနှစ်များနှောင်းပိုင်းတွင် တည်ဆောက်ခဲ့ရာ ၎င်း၏ ဝန်မင်းများနှင့် နန်းတွင်းသူများသည် မြို့တည်ခြင်းကို သဘောမတူခဲ့ကြဟု ဦးသန့်မြင့်ဦးကပြောသည်။

                “မြန်မာနိုင်ငံဟာ အုပ်ချုပ်ရတာ အလွန်ခက်ခဲတဲ့တိုင်းပြည်၊ ညှိနှိုင်းရတာခက်တယ်၊ တစ်ခါတစ်ရံ ရက်စက်မှုတွေရှိတတ်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ရှေးယခင်က ဘုရင်အများစုဟာ သဘာဝတရားနဲ့ မလွှဲမရှောင်သာတဲ့ မင်းမဲ့စရိုက်တွေကို ဆန့်ကျင်ပြီး မြို့သစ်တည်ဖို့ ဆန္ဒရှိခဲ့ကြတယ်” ဟု ၎င်းက အီးမေးလ်တွင် ရေးသားထားသည်။ မြို့တော်အသစ်တိုင်းသည် တိုင်းပြည်တွင်မူ ထိန်းမနိုင်ခဲ့ဟု ၎င်းကပြောသည်။

                ကြံခင်းများနှင့် စပါးခင်းများအလယ်တွင် မြို့သစ်တည်ဆောက်ရခြင်းမှာ အာရှတွင် အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်သောမြန်မာနိုင်ငံအတွက် ကြီးမားသော ကုန်ကျငွေရှိမည်ဖြစ်သည်။ စစ်အစိုးရသည် အဆိုပါစီမံကိန်း၏ ကုန်ကျငွေကို လုံးဝဖော်ပြခဲ့ခြင်းမရှိပေ။ သို့သော် မြန်မာ့စီးပွားရေးနှင့် ပတ်သက်သော ပညာရှင် Sean Turnell ကမူ အမေရိကန်ဒေါ်လာ ၃ မှ ၄ ဘီလီယံခန့်ရှိမည်ဟု ခန့်မှန်းသည်။ ထိုလုပ်ငန်းကြီးကို ငွေကိုသာသုံး၍ လုပ်ကိုင်ရပြီး၊ ကုမ္ပဏီကြီးများကလည်း ထိုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ပြီး အစိုးရထံမှ ပါမစ်နှင့်လဲလှယ်ကြသည်။

                နေပြည်တော်တွင် ကြီးမားသောလမ်းကြီးများနှင့် ဘေးတွင် ပန်းများစိုက်ပျိုးထားမှုသည် တိုင်းပြည်၏ အခြားသောနေရာများ၌ နေ၍ဖြစ်ရုံလေး ဆင်းရဲစွာ နေနေရသော အခြေအနေများနှင့် ယှဉ်လျှင် များစွာကွာခြားလှသည်။

                နေပြည်တော်နှင့် ကပ်နေသော ပျဉ်းမနားတွင် နေထိုင်ကြသူများမှာ လွန်စွာဆင်းရဲကြပြီး တစ်ခါတစ်ရံ ၎င်းတို့၏ အဝတ်အထည်များကိုပင် ပေါင်နှံ စားသောက်ကြရသည်။ ပျဉ်းမနားမြို့မှ အပေါင်ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောကြားရာတွင် တစ်လတွင် လေးငါးကြိမ်ခန့် လုံချည် လာပေါင်လေ့ ရှိကြောင်း၊ ၎င်းတို့အား ကျပ် ၂၀၀၀ ( ဒေါ်လာ ၂.၅၀) ခန့် ပေးရကြောင်းပြောသည်။ “တစ်ခါတစ်ခါ ပုဂံပြားတွေ လာပေါင်တယ်။ ဒါပေမယ့် ကျွန်တော် လက်မခံဘူး။ ထားစရာနေရာ မရှိဘူး” ဟု ဦးမောင်မောင်ကပြောသည်။

မြန်မာနိုင်ငံသည် စစ်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နိုင်ငံဖြစ်နေရခြင်း၊ စီးပွားရေးအရ လွှဲမှားသော စီမံခန့်ခွဲမှုများကြောင့် တိုးတက်နေသော အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် များစွာဆင်းရဲသွားခဲ့သည်။ ဗိုလ်ချုပ်ကြီးများနှင့် ၎င်းတို့၏ စီးပွားရေး ပါတနာများသည် ချမ်းသာသွားပြီး ကြီးမားသော အိမ်များနှင့် ကားအကောင်းစားများ သွင်း၍စီးကြသည်။ ကျန်သောပြည်သူလူထုကြီးမှာမူ အိမ်နီးချင်း တရုတ်၊ ထိုင်းနှင့် မလေးရှားနိုင်ငံများတွင် လူလတ်တန်းစားများကို ဖန်တီးပေးသည့် စီးပွားရေးတိုးတက်မှုမျိုးကို လက်လွှတ်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အရပ်သားအစိုးရသစ်သည် စီးပွားရေးကို ဖြေလျှော့ပေးရန် လိုလားသည်။ သို့သော် ပြောင်းလဲမှုများသည် ဘာမျှမရှိနတ္တိ ဖြစ်နေသော အောက်ခြေထိ သက်ရောက်မှုများ ရောက်ရှိရန် နှစ်များစွာကြာမည်ဖြစ်သည်။ “လူတွေက တဖြည်းဖြည်းနဲ့ ပိုဆင်းရဲလာနေတယ်” ဟု ဦးမောင်မောင်ကပြောသည်။

နေပြည်တော်နှင့် အနီးဝန်းကျင်မှ မြို့များကို နှိုင်းယှဉ်လျှင် လုံးဝမတူသည်ကို တွေ့ရမည်။ ပျဉ်းမနားမြို့တွင် လမ်းဘေးပလက်ဖောင်းများက ကျိုးပဲ့နေပြီး၊ ကျဉ်းမြောင်းသောလမ်းများသည် ဖုန်များထူလှပြီး ဖုန်းလိုင်းနှင့် လျှပ်စစ်မီးကြိုးလိုင်းများ ရှုတ်ထွေးနေသည်။ ယာဉ်အသွားအလာများက ပရမ်းပတာနိုင်လှပြီး၊ လမ်းထောင့်များတွင် ဂစ်တာတီးနေသူ လူငယ်လေးများကလည်းရှိပါသေးသည်။

နေပြည်တော်ကမူ ကျယ်ပြန့်ပြီး သပ်သပ်ရပ်ရပ်ရှိသည်။ သပ်ရပ်သော ပလက်ဖောင်းနှင့် လမ်းလယ်ကျွန်းတွင် အပင်များ စိုက်ပျိုးထားပြီး မီးတိုင်များ အကွာအဝေးတူညီစွာ ထားရှိသည်။ သို့သော် လမ်းများပေါ်တွင် သန့်ရှင်းရေးလုပ်၊ ရေလောင်းနေသော အလုပ်သမားများမှလွှဲ၍ အခြား မတွေ့ရပေ။ နေပြည်တော်သည် မြန်မာနိုင်ငံ၏ စံနှင့်ယှဉ်လျှင် ဈေးကြီးပါသည်။ ထမင်းကြော်တစ်ပွဲလျှင် အမေရိကန်ဒေါ်လာ ၃.၇၅ ကျင့်ပြီး၊ ပန်းရံတစ်ယောက်၏ တစ်ရက်စာဝင်ငွေရှိသည်။

                နေပြည်တော်တွင်ရှိသော စီးပွားရေးလုပ်ငန်း အများစုမှာလည်း အစိုးရနှင့် ပတ်သက်နေသည်။ နေပြည်တော်ရှိ ဟိုတယ်မန်နေဂျာတစ်ဦးက ပြောကြားရာတွင် စီးပွားရေးလုပ်ငန်းများနှင့် အမြတ်အစွန်းမယူသော အုပ်စုများ၏ အစည်းအဝေးများကို ရန်ကုန်ထက်စာလျှင် နေပြည်တော်တွင် လုပ်ဆောင်ရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။ အစိုးရသည် ကျောက်မျက်လေလံများကိုလည်း နေပြည်တော်တွင် ကျင်းပသည်။

ရန်ကုန်ရှိ သံရုံးကြီးများသည် နေပြည်တော်သို့ ရွှေ့ပြောင်းရန် ငြင်းဆန်နေဆဲဖြစ်သည်။ သို့သော် နေပြည်တော်သည် အချိန်ကြာလာသည် နှင့်အမျှ ဆွဲဆောင်မှုရှိလာလိမ့်မည်ဟု သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက ပြောသည်။ “ဝါရှင်တန်ကိုလည်း အခုလို လူတိုင်းနေချင်တဲ့နေရာဖြစ်လာဖို့ ဆယ်စုနှစ်တွေ ကြာခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။

*****************************************************************************************************************


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment