Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အိုင်ဒီယော်လော်ဂျီ မရှိဘူး ရှိတယ် (မောင်ဝံသ)

*************************************************************

ဆောင်းပါးကဏ္ဍ

  1. အိုင်ဒီယော်လော်ဂျီ မရှိဘူး ရှိတယ် (မောင်ဝံသ)

မြန်မာပြည်က နိုင်ငံရေးပါတီတွေ တစ်ခုနဲ့တစ်ခု အိုင်ဒီယော်လော်ဂျီ ဘယ်လို ကွဲပြားသလဲ၊ ဘယ်အိုင်ဒီယော်လော်ဂျီကို လက်ခံတာ များသလဲ စတဲ့ မေးခွန်းတွေကို နိုင်ငံခြားသားမိတ်ဆွေတချို့က မေးလာတဲ့အခါ ကျွန်တော် အတော်ဖြေရကျပ်တယ်ဗျ။

ဘာကြောင့်ဆိုတော့ လက်ရှိမြန်မာနိုင်ငံရေး ပါတီတွေထဲမှာ ဘယ်သဘောတရားကို ခံယူကျင့်သုံးပါတယ်လို့ ဂဃနဏ ကြေညာတဲ့ ပါတီ အတော်နည်းပါတယ်။ ဟိုးအရင်ကတော့ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဆိုရှယ်ဒီမိုကရက်၊ ဖေဘီယန်၊ လစ်ဘရယ်၊ လစ်ဘရယ်ဒီမိုကရက်၊ ဖက်ဆစ်နဲ့ အမျိုးသားရေးဝါဒ စသဖြင့် အယူဝါဒ သဘောတရားတွေကို သန်ရာသန်ရာ လက်ခံခဲ့ကြတယ်။

၁၉၆၂ခုနှစ်မှာ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတည်ထောင်တဲ့အခါ အခြားဆိုရှယ်လစ်များနဲ့ တစ်မူကွဲပြားစေဖို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်လို့ ကြေညာတယ်။ သဘောတရားခံယူချက်အဖြစ် လူနှင့်ပတ်ဝန်းကျင်တို့၏ အညမည သဘောတရား ဆိုတာကို စီမံ ဖော်စပ်ပြီး ပါတီရဲ့ လမ်းညွှန်သဘောတရား အဖြစ် ထုတ်ပြန် ကြေညာတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးအာဏာရ နိုင်ငံရေးအဖွဲ့အစည်းကြီး ဖြစ်တဲ့ ဖဆပလအဖွဲ့ချုပ်ရဲ့ နိုင်ငံရေးအယူဝါဒဟာ ဆိုရှယ်လစ်ဝါဒ ဖြစ်ပါတယ်။ ဆိုရှယ်လစ် ၀ါဒဂိုဏ်းဂဏများစွာအနက်  ဒီမိုကရက်တစ် ဆိုရှယ်လစ် (၀ါ) ဆိုရှယ် ဒီမိုကရက်ဝါဒကို ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့က နှစ်သက် လက်ခံတယ်။  ကမ္ဘာမှာ ဘယ်သူတွေနဲ့ နီးစပ်သလဲဆိုရင် ဂျာမနီက ၀ီလီဘရန့်တို့နဲ့ နီးစပ်တယ်။ သဘောကတော့ ကုန်ထုတ်လုပ်ငန်းတွေကို နိုင်ငံပိုင်မသိမ်းဘဲ ပုဂ္ဂလိကများကို အစိုးရ ထိန်းချုပ်မှုနဲ့ လုပ်ကိုင်ခွင့်ပေးတာ ဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီကတော့ မာ့ခ်စ် လီနင်ဝါဒကိုပဲ လက်ခံတယ်။ ယခင် ဆိုဗီယက်အုပ်စုဝင်နိုင်ငံများ၊ ကျူးဘား၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားတို့လို ဗဟိုချုပ်ကိုင်မှုနဲ့ ဦးဆောင်သွားရတဲ့ စနစ်ပါ။

ကွန်မြူနစ်ပါတီကို ဖဆပလက ထုတ်ပယ်လိုက်ပြီးနောက် ဖဆပလရဲ့ အဓိက ကြိုးကိုင်ပါတီဟာ ဆိုရှယ်လစ်ပါတီ ဖြစ်သွားတယ်။ သူတို့ကို လက်ယာဆိုရှယ်လစ်တွေလို့ ခေါ်ပါတယ်။ ဆိုရှယ်လစ်ပါတီမှာ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့လို လက်ယာဆိုရှယ်လစ်တွေက ကြီးစိုးနေချိန်မှာ ဒုတိယတန်း ခေါင်းဆောင်စုထဲက လက်ဝဲဆိုရှယ်လစ်တွေဖြစ်တဲ့ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လှကျွေတို့က ခွဲထွက်ပြီး အလုပ်သမား လယ်သမားပါတီ တည်ထောင်တယ်။ နောင်အခါ သူတို့ကို ဆိုရှယ်နီတွေလို့ ခေါ်ပါတယ်။ ဆိုရှယ်လစ် အနီတွေဆိုတဲ့အဓိပ္ပာယ်ကို ပေါ်အောင် သတင်းစာတွေက ပေးခဲ့တဲ့ နာမည်ပါ။

ဖဆပလထဲမှာ ကျန်ခဲ့တဲ့ အင်အားစုတွေအနက် လက်ယာဆိုရှယ်လစ်တွေနဲ့ ဦးနုခေါင်းဆောင်တဲ့ အပျော့စား ဆိုရှယ်လစ်တွေနဲ့ ကွဲကြပြန်တယ်။ (ဦးနုဟာ စစ်ကြိုခေတ်က ဖေဘီယန်ဆိုရှယ်လစ် ဖြစ်ခဲ့ဖူးတယ်။ ထိုစဉ်က နု-တင်အဖြစ် ဦးနုနဲ့တစ်တွဲတည်း ရှိခဲ့တဲ့ သခင်တင်က ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်း ထားတဲ့ခေတ်မှာ တိုးတက်သော ဆိုရှယ်လစ်ဝါဒ ဆိုတဲ့ သူ့ကိုယ်ပိုင် ဆိုရှယ်လစ် သဘောတရား အဖွင့်ကျမ်းတစ်စောင် ရေးခဲ့သေးတယ်။)

ဖဆပလ အဖွဲ့တွင်းအကွဲကို ပါလီမန်မှာ မဲခွဲပြီး အဆုံးအဖြတ်ပေး ခဲ့ပါတယ်။ ဆွေငြိမ်းက နုတင်ကို အယုံအကြည်မရှိအဆိုတင်ပြီး မဲခွဲတဲ့အခါ ပမညတခေါ် ဆိုရှယ်နီတွေက အပျော့စားဆိုရှယ်လစ်၊ ဦးနုကို ထောက်ခံမဲပေးခဲ့ကြတယ်။ သူတို့ဟာ သဘောတရားရေးခံယူချက်နဲ့ ဦးနုကို ထောက်ခံမဲ ပေးတာထက် သူတို့အပေါ် ဗိုလ်ကျခဲ့တဲ့ ဆွေငြိမ်းကို လက်စားချေချင်တာနဲ့ ဦးနုဘက်က ရပ်ခဲ့ကြတာလို့ ရှုမြင်သူတွေရှိပါတယ်။

အဲဒီဖြစ်ရပ်မှာ ဦးနုဟာ ကွန်မြူနစ်တွေရဲ့ ထောက်ခံမဲနဲ့ အနိုင်ယူသွားတယ်ဆိုပြီး ဆွေငြိမ်းက စွပ်စွဲတယ်။ (သူတို့က ဆိုရှယ်နီတွေကို ကွန်မြူနစ် တွေလို့ စွပ်စွဲတတ်တယ်။) အဲဒီနောက် ဆွေငြိမ်းတွေရှုံးနိမ့်တာကို မခံမရပ်နိုင်ဖြစ်တဲ့ စစ်တပ်က ၀င်လာတော့တယ်။ ဦးနုကို အကျပ်ကိုင်ပြီး အာဏာလွှဲခိုင်းတယ်။ သည်လိုနဲ့ အိမ်စောင့်အစိုးရအသွင်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်များက တိုင်းပြည်ကို အုပ်ချုပ်ခဲ့တော့တာပါပဲ။ သူတို့မှာ အဲဒီတုန်းက သဘောတရား မရှိဘူး။ ငါးပွက်ရာ ငါးစာချပြီး ပြုပြင်ရေးတွေချည်း လုပ်ခဲ့ကြပါတယ်။ ၁၉၆၂ ဒုတိယအကြိမ် အာဏာယူတော့မှ အညမညသဘောတရားနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပေါ်လာတာ ဖြစ်ပါတယ်။

ဒီဘက်ခေတ်မှာ သဘောတရားဆိုတာ အရေးမပါတော့တာတော့ အမှန်ပါ။ ဖရန့်စစ်ဖူကူးယာမတို့လို ပုဂ္ဂိုလ်တွေကတောင် အိုင်ဒီယော် လော်ဂျီခေတ် ကုန်ပြီလို့ ပြောခဲ့တယ်မဟုတ်လား။ ဒီနေ့ခေတ်ကြီးမှာ အိုင်ဒီယော်လော်ဂျီတွေနဲ့ အလုပ်လုပ်လို့ မရတော့ဘူး။ အသစ်အသစ် ဖြစ်ပေါ်တိုးတက်မှုတွေကို မျက်ခြည်မပြတ် လေ့လာ အမီလိုက်ပြီး နေသွားကြရမတဲ့။ ဟိုကွေ့ရောက်ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော်ဆိုတဲ့ လက်တွေ့အကျိုးမျှော် ၀ါဒ (pragmatism) ကို အားပေးလာကြတယ်။ လက်တွေ့နိုင်ငံရေး (real politics) သဘောတရားကို သဘောတရားမှန်း မသိ နားမလည် လက်မခံဘဲ ရှုပ်ထွေးနေသူတွေလဲ ရှိပါတယ်။

အိုစမာဘင်လာဒင်ရဲ့ နောက်လိုက် တပည့်တွေဟာ အဲသလိုပဲ သူတို့ကို သဘောတရားတွေ သွတ်သွင်းပေးနေမှန်းမသိဘဲ လက်ခံခဲ့ကြရ တာ ဖြစ်တယ်။ အဲသလို လူတွေဟာ အကြမ်းဖက် မျိုးဆက်သစ်တွေအဖြစ် ရှင်သန်နေကြတာပဲ။                

အကြမ်းဖက်မှုတွေကို တားဆီးဖို့ အမေရိကန် အပါအ၀င် အင်အားကြီး နိုင်ငံတွေက လုံခြုံရေးအစီအစဉ်တွေ တင်းကျပ်သထက် တင်းကျပ်ပြီး ကာကွယ်နေ ကြတယ်။ ဒါပေမယ့် အိုစမာဘင်လာဒင် ကိုတောင် ၁၀နှစ်ကြာမှ အသေမိခဲ့တယ်။ အမေရိကန်တွေက အကြမ်းဖက်သမားတွေကို ချေမှုန်း ပစ်ရမယ်လို့သာ ပြောနေတာ၊ တကယ်တမ်းကျတော့ မချေမှုန်းနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြမ်းဖက်သမားတွေက သဘောတရား တပ်ဆင်ထားတာ ဖြစ်တယ်။ သဘောတရားကို သဘောတရားနဲ့ပဲ ချေဖျက်ရမှာ။ တစ်ပွဲထိုး ချေမှုန်းရေးလုပ်ရုံနဲ့ အမြစ်မဖြတ်နိုင်ပါဘူး။

ကမ္ဘာကျော်ပညာရှင်တွေက အိုင်ဒီယော်လော်ဂျီခေတ် ကုန်ပြီလို့ ပြောတယ်ဆိုတိုင်း ကျွန်တော်တို့ ခေါင်းညိတ်ရမှာလား။ ကျွန်တော်ကတော့ နေရာတကာမှာ အိုင်ဒီယော်လော်ဂျီမပါဘဲ လုပ်လို့မရဘူးလို့ ယုံကြည်တယ်။ အခုပဲ ကြည့်ပါ။ အိုစမာဘင်လာဒင်စတင်လှုပ်ရှားစဉ်က  သူတို့နောက်လိုက် တွေကို တာလီဘန်တွေ လက်ထက် အာဖဂန်နစ္စတန်မှာ သင်တန်းတွေ ပေးခဲ့တယ်။ ဘဘောတရားလက်နက် တပ်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ ဘာ သဘောတရားလဲဆိုတော့ မြင့်မြတ်သောသေခြင်းဖြင့် အသက်စွန့်ဝံ့တယ်ဆိုတဲ့ ခံယူချက်ကို ရင်ထဲ အသည်းထဲက ယုံကြည်လာအောင် သွတ်သွင်းပေးတာ ဖြစ်ပါတယ်။ သူတို့ သွတ်သွင်းထားတဲ့ ယုံကြည်ချက် အတွက် အသေခံ လှုပ်ရှားခိုင်းတာပါ။ တယူသန်ဘာသာရေး မှိုင်းတိုက်တာဟာ သဘောတရား တပ်ဆင်ပေးတာပဲဗျ။

အဲဒီတော့ ဒီသဘောတရားကို ဘယ် သဘောတရားမျိုးနဲ့ ချေဖျက်မလဲဆိုတာကို မကြိုးစားခင် သူတို့သွတ်သွင်းခံရတဲ့ သဘောတရားဟာ မှားယွင်းနေတယ်ဆိုတာကို အသေခံဖို့ အသင့်ဖြစ်နေတဲ့ စစ်သွေးကြွလေးတွေ အမြင်မှန်ရအောင် လုပ်ပေးရပါတယ်။

ဗုံးခွဲပြီး လူတွေသေအောင်လုပ်တာဟာ ပြဿနာဖြေရှင်းတဲ့ နည်းလမ်းမဟုတ်ဘူးဆိုတာကို သူတို့ ကိုးကွယ်တဲ့ အယူဝါဒဆိုင်ရာ ခေါင်းဆောင်တွေ ကိုယ်တိုင်က ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ပြောပြကြတယ်။ အပြစ်မဲ့တဲ့လူတွေကို သတ်ရုံနဲ့လည်း သူတို့မုန်းတီးတဲ့ နယ်ချဲ့နိုင်ငံကြီးတွေ ဘာမှလှုပ်လာမှာမဟုတ်ဘူး ဆိုတာ အသိတရား ၀င်လာအောင် လုပ်ရပါတယ်။

အဲဒီနောက် အရေးကြီးတဲ့ အချက်ကတော့  မှိုင်းတိုက်ခံထားရတဲ့ အယူဝါဒမှားကြောင်း ပြောတာကတော့ ဟုတ်ပါပြီ။ မှန်တဲ့ အိုင်ဒီယော်လော်ဂျီ ဘာလဲဆိုတာကို ပြဖို့လည်း လိုဦးမယ်။

မှန်တဲ့ အိုင်ဒီယော်လော်ဂျီကတော့ သူတို့ကိုယ်တိုင် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်ရှိတဲ့ နိုင်ငံဖွဲ့စည်းမှုစနစ်တွေ၊ အုပ်ချုပ်ရေးစနစ်တွေ ရှိနေတဲ့ အကြောင်း၊ အရည်အချင်းပြည့်ဝတဲ့ လူဖြစ်လာရင် အရည်အချင်း အလျောက် တိုးတက်နိုင်တဲ့ လူမှုရေးစနစ်တွေ ရှိတဲ့အကြောင်း သူတို့သိအောင် လုပ်ပေးရမယ်။ ဗဟုဝါဒဟာ အကြမ်းဖက်ဝါဒအပါအ၀င် လူ့အဖွဲ့အစည်းကို နှိပ်ကွပ်ဖို့ ကြံရွယ်နေတဲ့ အခြားဝါဒတွေကို သဘောတရားအရ ကောင်းကောင်းချေချွတ်နိုင်ပါလိမ့်မယ်။

၇၊၊ ၁၂၊ ၂၀၁၁

maungwuntha@gmail.com

***************************************************************************************

 

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment