Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၁၉.၁၂.၂ဝ၁၁

ပြည်တွင်းသတင်းများ

  1. ဈေးနှုန်းအရှင်ထား၍ ဓာတ်ဆီရောင်းချမည်
  2. ထိုင်းမှ မြန်မာလုပ်သားတစ်သိန်းကျော်ကို အလုပ်ပြန်ခန့်အပ်မည်
  3. သန်လျင်နှင့် ကျောက်တန်းကြားတွင် သီလဝါအထူးစီးပွားရေးဇုန်သစ် တည်ဆောက်မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. NLD ပါတီ ခေါင်းဆောင်နှစ်ဦး ရွေးချယ်
  1. ကြားဖြတ်ရွေးကောက်ပွဲ၌ ထိပ်တိုက်မတွေ့ရေး မိတ်ဆွေ(၁၀)ပါတီ သဘောတူ
  2. မှတ်ပုံတင်ခွင့်ပြုချက်ရ နိုင်ငံရေးပါတီများ စည်းရုံးရေးလုပ်ဆောင်နိုင်ပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

                ***********************************************

ပြည်တွင်းသတင်းများ

ဈေးနှုန်းအရှင်ထား၍ ဓာတ်ဆီရောင်းချမည်

ပြည်တွင်းထုတ်ဓာတ်ဆီများကို ရောင်းချရာတွင် ဈေးနှုန်းအရှင်ထား၍ လုပ်ငန်းရှင်များအား လွတ်လပ်စွာ ရောင်းချခွင့် ပြုတော့မည်ဖြစ်ကြောင်း သိရသည်။

ယခင် ပြည်တွင်းထုတ်ဆီရောင်းဈေးနှုန်း တစ်ဂါလန်လျှင် ၂၃၂၂ ကျပ်ဖြင့် ရောင်းချခွင့်ပြုပေးခဲ့ရာမှ ယခုအခါ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ ဈေးကွက်ပေါက်ဈေးနှုန်းများအတိုင်း ပြင်ဆင်သတ်မှတ်ပေးပြီး လွတ်လပ်စွာ ရောင်းချခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်တွင်းထုတ်ဓာတ်ဆီများကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းချခွင့်ပြုရာ၌ ပုဂ္ဂလိက စက်သုံးဆီ ရောင်းချရေးဆိုင်များအနေဖြင့် ဖြစ်သင့်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်း၊ အမြတ်များစွာ တင်၍ရောင်းချခြင်းများရှိပါက သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် စွမ်းအင်ဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း စွမ်းအင်ဝန်ကြီး ဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ပြည်တွင်းထုတ်ဓာတ်ဆီများကို ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချခွင့်ပေးရာတွင် ရန်ကုန်မြို့၌ ရောင်းချပေးမည့် အထိုင်ဈေးနှုန်း တစ်ဂါလံ ၃၀၀၀ ကျပ်ဝန်းကျင်အပေါ် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ယူပို့ဆောင်ပေးမည့် သယ်ယူစရိတ်နှုန်းထားများကိုပါ လုပ်ငန်းရှင်များက ထပ်ပေါင်း၍ ပြန်လည်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ပြည်တွင်းထုတ် ဓာတ်ဆီများကို လွတ်လပ်စွာရောင်းချခွင့် ပြုပေးလိုက်ပါက စက်သုံးဆီဆိုင်များ၌ တန်းစီ၍ ဆီထုတ်ယူကာ ပြန်လည်ရောင်း ချမှုများ ပျောက်ကွယ်သွားနိုင်ပြီး ဓာတ်ဆီမှောင်ခိုဈေးကွက်များမှာလည်း လျော့နည်းသွားနိုင်မည်ဖြစ်ကြောင်း စက်သုံးဆီဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း ၂၀၁၁ ခုနှစ်၊ ဇွန်လပိုင်း အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်တွင်းသို့ စက်သုံးဆီ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခဲ့ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဓာတ်ဆီကို ဒီဇယ်ကဲ့သို့ အပြည့်အဝကိုင်တွယ်၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းများ မရှိသည့်အတွက် စွမ်းအင်ဝန်ကြီးဌာနမှ သယ်ယူပို့ဆောင်ကာ သတ်မှတ်ဈေးနှုန်းတစ်ဂါလံ ၂၅၀၀ ကျပ်နှုန်းဖြင့် တစ်ပြေးညီ ရောင်း ချစေခဲ့သောကြောင့် ၂၀၁၀ ဇွန်လမှ ၂၀၁၁ နိုဝင်ဘာလကုန်ထိတိုင် ကျပ် ၃၁.၈၈ ဘီလီယံ အရှုံးခံခဲ့ရကြောင်း သိရသည်။

YC          

-----------------------------------------------------------------------------------------------------------------------------------

ထိုင်းမှ မြန်မာလုပ်သားတစ်သိန်းကျော်ကို အလုပ်ပြန်ခန့်အပ်မည်

ထိုင်းနိုင်ငံ၏ ရေလွှမ်းမိုးမှုကာလအတွင်း ပြန်တော်ပြန်သည့် နိုင်ငံခြားအလုပ်သမားများ များပြားခဲ့သည့်အတွက် ၎င်းနိုင်ငံခြားသား အလုပ်သမားများ နေရာတွင် မြန်မာလုပ်သားတစ်သိန်းကျော်ကို ပြန်လည်အစားထိုးခန့်အပ်၍ လုပ်ငန်းများ ပြန်လည်လုပ်ဆောင်မည်ကြောင်း သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရများ၏ နားလည်သဘောတူညီမှုများအရ မြန်မာလုပ်သားတစ်သိန်းကျော်ကို ထိုင်းနိုင်ငံအတွင်း အလုပ်ပြန်လည် ခန့်ထား နိုင်ရန် ထိုင်းနိုင်ငံတွင်းသို့ ပြန်လည်ခေါ်ယူခဲ့ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားခန့်ထားရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ရေလွှမ်းမိုးမှု ကြုံတွေ့နေရစဉ်ကာလများအတွက်ထိုင်းနိုင်ငံသို့ အလုပ်လာရောက် လုပ်ကိုင်သော နိုင်ငံခြားသားအလုပ်သမား ၂၀၀၀၀၀ တို့မှာ ဇာတိနိုင်ငံများသို့ ပြန်သွားခဲ့သည့်အတွက် ၎င်း နိုင်ငံခြားသား အလုပ်သမားများနေရာတွင် မြန်မာလုပ်သားများကို ပြန်လည်အစားထိုးခန့်အပ်နိုင်ရန် ခေါ်ယူခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ အလုပ်သမားခန့်ထားရေးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အတူ သုဝဏ္ဏဘူမိလေဆိပ်တွင် ထိုင်းနိုင်ငံသို့ အသစ် ရောက်ရှိလာသော အလုပ်သမားများ၏ အထောက်အထားစာရွက်များကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံ အစိုးရများ၏ နားလည်မှုစာချုပ်(MOU)အရ ထိုင်းအစိုးရအနေဖြင့် မြန်မာလုပ်သား တစ်သိန်းကျော်ကို ထိုင်းနိုင်ငံအတွင်း အလုပ်ခန့် ထားနိုင်ရေးအတွက် ခေါ်ဆောင်ရန်ရှိပြီး လက်ရှိအချိန်တွင် မြန်မာလုပ်သား ၃၀၀၀၀ ခန့် ကို ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

                Ref:Flower News

-----------------------------------------------------------------------------------------------------------------------------------

သန်လျင်နှင့် ကျောက်တန်းကြားတွင် သီလဝါအထူးစီးပွားရေးဇုန်သစ် တည်ဆောက်မည်

သီလဝါ အထူးစီးပွားရေးဇုန်အသစ်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်နှင့်ကျောက်တန်းအကြား ဒလမြို့နယ် အရှေ့ဘက်တွင် ထပ်မံ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သီလဝါအထူးစီးပွားရေးဇုန်အသစ်နှင့် ပူးတွဲ၍ လက်ရှိအသုံးပြုနေသည့် တန်ချိန် ၂၀,၀၀၀ ခန့်ရှိ သင်္ဘောများသာ အသုံးပြုနိုင်သည့် ရန်ကုန် မြစ်ကြောင်းအား နောင်ကာလများတွင် တန်ချိန် ၁၀၀,၀၀၀ ခန့်ရှိ သင်္ဘောများ ဝင်ထွက်နိုင်သည့် ရေနက်ဆိပ်ကမ်းကိုပါ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အသစ်နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်ရေးအတွက် ကျောက်တန်းမြို့နယ် တောင်ဘက်ပိုင်းနယ်မြေအား မြန်မာနိုင်ငံ သားများပါဝင်သော အများပိုင်ကုမ္ပဏီထူထောင်၍ နိုင်ငံခြားကုမ္ပဏီအဖြစ် ဖက်စပ်ဆောင်ရွက်စေမည့်အပြင် ယခင်သီလဝါစက်မှုဇုန်အဖြစ် လျာထားသည့် နယ်မြေအတွင်း ဂျပန်၊ ကိုရီးယား၊ တရုတ်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနှင့် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလိုသူများကိုပါ ၎င်းတို့ကိုယ်တိုင်ဖြစ်စေ၊ အကျိုးတူပူးပေါင်း၍ ဖြစ်စေ ရင်းနှီးမြှုပ်နှံလိုသူဦးရေပေါ် မူတည်၍ နိုင်ငံအုပ်စုအလိုက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ် ကြောင်း သိရသည်။

ထိုကဲ့သို့ သီလဝါအထူးစီးပွားရေးဇုန်အသစ်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်ရာတွင် လွတ်ကင်းမှုမရှိသည့် ကျုးကျော်နေထိုင်သူများကို ဖယ်ရှား ပြောင်းရွှေ့စေမည်ဖြစ်ပြီး ကျေးရွာများကိုမူ ပြောင်းရွှေ့ခြင်းမပြုဘဲ သီးခြားလွတ်ကင်းသည့် နေရာများကိုသာ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူး စီးပွားရေးဇုန်ဖွံ့ဖြိုးလာမှသာ အဆိုပါကကျေးရွာများကို အဆင့်မြင့်တိုက်တာနေအိမ်များဖြင့် လူနေရပ်ကွက်များအဖြစ် ပြောင်းလဲဆောင်ရွက်စေမည် ဖြစ်ကြောင်း သိရသည်။

သီလဝါအထူးစီးပွားရေးဇုန်အသစ်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် သက်ဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်များဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပြီး သဘာဝတ်ပတ်ဝန်းကျင် ထိခိုက်မှု အကဲဖြတ်ဆန်းစစ်ခြင်းအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက စိစစ်ရွေးချယ်ပေးထားသည့် ကြားခံ တတိယအဖွဲ့အစည်း(Third Party) ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

Ref:မြန်မာပို့စ်

******************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

NLD ပါတီ ခေါင်းဆောင်နှစ်ဦးရွေးချယ်

တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် ပြင်ဆင်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်နှစ်ဦးကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ပါတီတည်ထောင်သူများ စုံညီအစည်းဝေး၌ ရွေးချယ်လိုက်ကြောင်း ယင်းပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ထုတ်ဖော်ပြောဆိုသည်။

အဆိုပါ အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ပထမခေါင်းဆောင်အဖြစ် ဦးတင်ဦးအား လည်းကောင်း၊ ဒုတိယခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်း စုကြည်အား လည်းကောင်း ရွေးချယ်ခဲ့ပြီး ယင်းတို့ နှစ်ဦးသည် တရားဝင်ပါတီအဖြစ် မှတ်ပုံတင်ရန် မကြာမီရက်ပိုင်းအတွင်း နေပြည်တော်သို့ သွားရောက်ရန် ရှိကြောင်း ဦးအုန်းကြိုင်က ဆိုသည်။

“ဦးတင်ဦးနဲ့ဒေါ်အောင်ဆန်းစုကြည် ဘယ်နေ့နေပြည်တော်ကို သွားမယ်ဆိုတာကို မထုတ်ပြန်ရသေးပါဘူး”ဟု ဦးအုန်းကြိုင်က ဆိုသည်။

NLD ပါတီသည် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဗဟိုအောင်နိုင်ရေးကော်မတီအား နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး လစ်လပ်သည့်မဲဆန္ဒနယ် အသီးသီးတွင် ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီများ ဖွဲ့စည်းရန်ရှိကြောင်း သိရသည်။

တိုင်းရင်းသား၊ အမျိုးသမီးနှင့် လူငယ်များကို NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးစားပေးရွေး ချယ်ရန်ရှိကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီတည်ထောင်သူစာရင်းအား နိုဝင်ဘာ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားခဲ့ပြီး ၁၇ ရက်အကြာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ကြားဖြတ်ရွေးကောက်ပွဲ၌ ထိပ်တိုက်မတွေ့ရေး မိတ်ဆွေ(၁၀)ပါတီ သဘောတူ

လွှတ်တော်တွင်းလစ်လပ်နေရာပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုရန် ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီမှ တညီတညွှတ်တည်း သဘောတူခဲ့ကြကြောင်း သိရသည်။

နောင်အနာဂါတ်ကာလများတွင် ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီ၏ လက်တွဲလုပ်ဆောင်ရမည့် ကိစ္စရပ်များ ရှိသေးသည့်အတွက် အချင်းချင်းနားလည်မှု၊ ညီညွှတ်မှုတို့ တည်ဆောက်သွားနိုင်ရန် အရေးကြီးသည့်အတွက် အချင်းချင်း ယှဉ်ပြိုင်ခြင်းများ မဖြစ်နိုင်စေရန် ကြားဖြတ်ရွေးကောက်ပွဲ ထိပ်တိုက်မတွေ့ရေး သဘောတူလက်ခံကြခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထို့ပြင် ကြားဖြတ်ရွေးကောက် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် သင့်လျော်သည့် ကိုယ်စားလှယ်လောင်း ဝင်ရောက်ယှဉ်ပြိုင်ရာ၌ ၎င်းကိုယ်စားလှယ်လောင်း များကို ကျန်ပါတီများအားလုံးက ထောက်ခံခြင်း၊ ကူညီပံ့ပိုးခြင်းများ ပြုလုပ်သွားရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဒီမိုကရေစီမိတ်ဆွေ (၁၀)ပါတီအနေဖြင့် အမျိုးသားအကျိုးစီးပွားကိစ္စရပ်များအတွက် မည်သည့်ပါတီနှင့်မဆို လက်တွဲပူးပေါင်းလုပ်ဆောင်ရန် အသင့် ရှိကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မကြာသေးမီက သတင်းထွက်ပေါ်လာသည့် မိတ်ဆွေ(၁၀)ပါတီ ပြည်ခိုင်ဖြိုးပါတီနှင့် လက်တွဲသွားသည်ဆိုသည့် သတင်းများမှာ ပာုတ်မှန်ခြင်း မရှိကြောင်း မိတ်ဆွေ(၁၀)ပါတီမှ တာဝန်ရှိသူများက ပြန်လည်ဖြေရှင်းထားပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ စသည့်မည်သည့်ပါတီများနှင့်မဆို တူညီသောလုပ်ငန်းတိုင်းတွင် မိတ်ဆွေ(၁၀)ပါတီမှ လက်တွဲပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီမိတ်ဆွေ(၁၀)ပါတီမှာ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီနှင့် ညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီတို့ဖြစ်ကြောင်း သိရသည်။

              YC

 

-----------------------------------------------------------------------------------------------------------------------------------

မှတ်ပုံတင်ခွင့်ပြုချက်ရ နိုင်ငံရေးပါတီများ စည်းရုံးရေးလုပ်ဆောင်နိုင်ပြီ

လွှတ်တော်တွင်းလစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သုံးလကြိုတင်အသိပေးမည်ဖြစ်ပြီး မှတ်ပုံတင် ခွင့်ပြုချက်ရ နိုင်ငံရေးပါတီများအားလုံး လွတ်လပ်စွာဖြင့် စည်းရုံးရေး စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားခဲ့သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့၌ နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပခဲ့သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌမှ  ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားရှိသည့် ယုံကြည်ချက်များနှင့်ပတ်သက်၍ ပြောကြားခဲ့ပြီး လက်ရှိအချိန်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် မည်သည့်သြဇာလွှမ်းမိုးမှုမှ မခံယူဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ လုပ်ဆောင်လျက်ရှိကြောင်း ၎င်းမှ ထပ်လောင်း ပြောကြားခဲ့သည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ညစ်၍နိုင်ခြင်းထက် မှန်မှန်ကန်ကန်လုပ်ဆောင်ခြင်းဖြင့် ရှုံးနိမ့်သွားခြင်းကို ပို၍ဂုဏ်ယူကြောင်း၊ ယခင် ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း အားနည်းချက်များ ရှိခဲ့ကြောင်း၊ ထို့ကြောင့် နောင်လာမည့် ရွေးကောက်ပွဲများတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ကြောင်း၊ ကြိုတင်မဲရယူခြင်းများကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌမှ ကတိပေးပြောကြားခဲ့သည်။

ထို့နောက် ယခင် ၂၀၁၀ ရွေးကောက်ပွဲတွင် တည်ထောင်ခွင့်မပြုခဲ့သော နိုင်ငံရေးပါတီများအားလုံး အသစ်ပြန်လည်လျှောက်ထားနိုင်ပြီး ခွင့်ပြုနိုင်က ပါတီတည်ထောင်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဦးတင်အေးက ဆက်လက် ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်ရမည့် လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာရှိပြီး ယခင် (၂၀၁၀) ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့သည့် မဲဆန္ဒနယ် (၁၇) နေရာအတွက်လည်း လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လုပ်ဆောင်နိုင်ပါက လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

မကြာမီအချန်အတွင်း ကျင်းပတော့မည့် ကြားဖြတ်ရွေးကောက်ပွဲများအတွက် ကျပ်သန်း ၇၀၀ ကျော်အသုံးပြုရန် လျာထားကြောင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အတည်ပြုပြောကြားခဲ့သည်။

YC

*******************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဘာမှတင်ပြနေစရာမလိုဘူး။ ကော်မရှင်က မကန့်သတ်ဘူး။ ပါတီတွေအနေနဲ့ မဲဆွယ်စည်းရုံးတာတွေကို လွတ်လွတ် လပ်လပ် လုပ်လို့ရတယ်။ ပြည်သူတွေကို စည်းရုံးနိုင်မှ လွှတ်တော်ထဲရောက်ပြီး အားလုံးကောင်းကျိုး ၊ နိုင်ငံ့ကောင်းကျိုး လုပ်နိုင်မယ်”

ဒီဇင်ဘာ ၂၁ ထုတ် Epress Time အတွဲ (၁) အမှတ် (၁၂) တွင်ပါသည့် “ကြားဖြတ်ရွေးကောက်ပွဲအတွက် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်ပြု” သတင်းမှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“နိုင်ငံတစ်နိုင်ငံရဲ့ မက်ခရိုစီးပွားရေးပတ်ဝန်းကျင်တစ်ရပ်လုံး တည်ငြိမ်မှုရှိဖို့လိုတယ်။ မက်ခရိုဆိုတာက စီးပွားရေးတစ်ခုလုံးကို ခြုံကြည့်တာ။ သစ်ပင် တစ်ပင် ချင်းကို ကြည့်တာမဟုတ်ဘဲ သစ်တော်တစ်ခုလုံးကို ခြုံကြည့်တာပါ။ အဲဒီမှာ အဓိကက Money Supply ပဲ။ သိပ်မတက်အောင် ထိန်းရသလို သိပ်မကျအောင် လည်း ထိန်းနိုင်ဖို့ လိုတယ်။ ငွေလဲနှုန်းက အရေးကြီးဆုံးပဲ။ ငွေလဲနှုန်းက ဈေးနှုန်းအားလုံးရဲ့ မိခင်ဈေးနှုန်း ဖြစ်ပါတယ်။ ဒါကြောင့် ခုလို ငွေလဲနှုန်းအခြေအနေကို ပြင်ဆင်ပြောင်းလဲ နိုင်ဖို့လိုတယ်။ ဒီအခြေအနေမှာ ဗဟိုဘဏ်က ဝင်ရောက်ထိန်းကျောင်းပေးဖို့ လိုလာပါပြီ။ ဗဟိုဘဏ်အနေနဲ့ ကျပ်ငွေကို ဈေးကွက်ထဲ ထည့်ပေးပြီး ဈေးကွက်ထဲက နိုင်ငံခြားငွေတွေကို ဆွဲထားပေးသင့်တယ်။ တစ်နည်းပြော ရရင် ဈေးကွက်ထဲက အမေရိကန်ဒေါ်လာကို ဝယ် ပေးတာမျိုးလုပ်ပေးဖို့ တိုက်တွန်းပါတယ်။ အခုထိန်းရင် အခုရတယ်။ ၁၅ မိနစ်၊ တစ်ရက်နဲ့ ပြောင်းလဲပေးနိုင်တယ်”

ဒီဇင်ဘာ ၂၁ ထုတ် Weekly ELEVEN NEWS အတွဲ (၇) အမှတ် (၁၂) တွင်ပါသည့် “မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်မှုကြောင့် စီးပွားရေး ပတ်ဝန်းကျင် တစ်ခုလုံး ထိခိုက်စေသည့်အတွက် ဗဟိုဘဏ်မှ ကိုင်တွယ်ဖြေရှင်းပေးရန် ဟားဗတ်ပညာရှင် အဖွဲ့တိုက်တွန်း” သတင်းမှ ဟာဗတ်တက္ကသိုလ်မှ စီးပွားရေး ပညာရှင် Mr Thomas J.Vallely ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“တကယ်ဆိုရင် ဒီအချိန်မှာ NLD ပါတီက ခွဲထွက်လာတဲ့ ကျွန်တော်တို့ပါတီက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ ပြန်ပေါင်းဖို့ လိုအပ်နေပါပြီ။ ကျွန်တော်တို့ပါတီ NLD ပါတီသာ မှတ်ပုံတင်ရင် ပြန်လည်ပူးပေါင်းမယ်လို့ အရင်က ပြောခဲ့ကြတယ်။ အခု NLD ပါတီ ပြန်လည်မှတ်ပုံတင်တော့ NLD နဲ့ ပြန်လည်းပူးပေါင်းဖို့ မရှိဘူးလို့ ပြောတယ်။ အဲဒါကြောင့် ရှေ့နောက်ပြောစကားတွေမညီလို့ ပါတီက နုတ်ထွက်လိုက်ပြီး NLD ပါတီ ပြန်ဝင်ဖို့ ဆုံးဖြတ်လိုက်တာပါ”

ဒီဇင်ဘာ ၂၀ ထုတ် TRUE NEWS အတွဲ (၄) အမှတ် (၁၃) တွင်ပါသည့် “လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး သက်ဆိုင်ရာပါတီများမှ နုတ်ထွက်” သတင်းမှ အမျိုးသားဒီမိုကရေစီပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

***************************************************************************************

 

 

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment