Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၉.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးရေး

********************************

ဆောင်းပါးကဏ္ဍ

အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးရေး

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးသည်မှာ ကြာမြင့်သည်ဖြစ်သော်လည်း ယခင် အုပ်ချုပ်သည့်လူတန်းစားမှ ဈေးကွက်ကို နည်းမျိုးစုံ ပါဝင်ပတ်သက်နေသည်ဖြစ်ရာဈေးကွက်၏ မမြင်ရသောလက်မှ ဈေးကွက်ပြဿနာကို ဖြေရှင်းသွားသည်မဟုတ်ဘဲ မြင်သာထင်သာသော လက်ကြီးများဖြင့် ဈေးကွက်ကို အပီအပြင်ထိန်းချုပ်ထားခြင်းဖြစ်ကြောင်း တွေ့ရပေသည်။ ထိုအတွက်ကြောင့် မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးသက်တမ်းမှာ နှစ် ၂၀ ခန့်ရှိပြီ ဖြစ်သော်လည်း သက်ကြီးပုတစ်ယောက်လို ဖြစ်နေပါသေးသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှ ပါဝင်နေသော အာဆီယံဒေသတွင်းနိုင်ငံများကို ကြည့်လျှင် မိမိတို့နိုင်ငံထက် စီးပွားရေးဖွံ့ဖြိုးမှု ရှေ့ရောက် နေသည်ချည်း ဖြစ်လေသည်။ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသည်ပင် ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ အရှိန်အဟုန်ပြင်းပြင်းဖြင့် ခုတ်မောင်းနေလေပြီဖြစ်သည်။ ဗျိုးအုပ်သီအိုရီအရ ဂျပန်သည် ထုတ်ကုန်အဓိကတင်ပို့ရေး ဖွံ့ဖြိုးရေးဗျူဟာဖြင့် တတိယကမ္ဘာနိုင်ငံမှ ပထမကမ္ဘာနိုင်ငံဖြစ်အောင် ဆောင်ကြဉ်းသွားနိုင်ခဲ့သည်။ ယင်းနောက်တွင် အသစ်ဖြစ်ထွန်းလာသော စက်မှုဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သော အာရှကျားလေးကောင် (တောင်ကိုရီးယား၊ တိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ)သည် ဂျပန်၏ ဖွံ့ဖြိုးရေးဗျူဟာအတိုင်း ဆောင်ရွက်သွားခဲ့ရာ နိုင်ငံဖွံ့ဖြိုးတိုးတက်သွားခဲ့လေသည်။

                အဓိကအားဖြင့် ယင်းနိုင်ငံများသည် ၎င်းတို့၏အရင်းအမြစ်နှင့် စွမ်းအင်ပုန်းများကိုအသုံးချကာကမ္ဘာ ဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် စီးပွားရေးထိပ်တန်းနိုင်ငံများအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်လေသည်။ ဥပမာအားဖြင့် တောင်ကိုရီးယားဆိုလျှင် သံနှင့် သတ္တုတူးဖော်ရေးတွင် အရင်းအမြစ် အားကောင်းသည့် နိုင်ငံတစ်ခုဖြစ်သောကြောင့် စတီးနှင့် မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းစုများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ထွက်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရောက်ချနိုင်သဖြင့် ကုန်သွယ်မှုအမြတ်အစွန်းများ မြောက်များစွာပိုရခဲ့လေသည်။

မြန်မာနိုင်ငံသည်လည်း များမကြာမီ အထက်ပါနိုင်ငံများကဲ့သို့ မိမိနိုင်ငံကုန်ထုတ်လုပ်မှု စွမ်းအင်ပုန်းများ၊ တနည်းအားဖြင့်  တစ်ခြားနိုင်ငံများနှင့်ယှဉ်လျှင် စီးပွားရေးအရ နှိုင်းရအသာစီးရ(Comparative Advantage) နိုင်မည့် စီးပွားရေးလုပ်ငန်းစုများကို အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းများ ပူးပေါင်းကာ အမျိုးသား ယှဉ်ပြိုင်နိုင်မှုစွမ်းရအောင် တည်ဆောက်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်သာ ဖြစ်လေသည်။ သို့သော် ဤကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းများ ပူးပေါင်းကာ စီးပွား ရေးလုပ်ငန်းကြီးများ၊ လုပ်ငန်းစုများ ဖြစ်လာရန်ဆိုမှာလည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများပိုမိုများပြားလာရန်နှင့် ကုန်ထုတ်လုပ်မှု စွမ်းအားမြင့်မား လာရန် အစိုးရမှ ထောက်ပံ့ကူညီဖို့ လိုအပ်ပါသည်။

အစိုးရသစ်မှ အုပ်ချုပ်ရေးတာဝန်ကို စတင်ယူသည့် အချိန်အခါလောက်ကတည်းကအမှတ်(၂) စက်မှုဝန်ကြီးဌာန ဝန်ကြီးဦးစိုးသိန်းမှ  မြန်မာ့စက်မှု ကုန်ထုတ်လုပ်သူများအသင်း (၁၇)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ၌ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ၁၅ ရာခိုင်နှုန်းအတိုးဖြင့် ငွေထုတ်ချေးသွားမည်ဟုလည်း ပြောကြားသွားလေသည်။ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ အပါအဝင် ၁၄ဦးဖြင့် စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး အဆိုပါ ကော်မတီသည် ၁/၂၀၁၁ အစည်း အဝေးတွင် မြန်မာ့အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများ (SMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့မှုများ ဇူလိုင်လတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်တွင်းမီဒီယာတစ်ခုတွင် တွေ့လိုက်ရလေသည်။ မြန်မာနိုင်ငံတွင် အလတ်စားလုပ်ငန်းပေါင်း ၆၉၅၀နှင့် အသေးစားလုပ်ငန်းပေါင်း ၃၂၄၂၃ ရှိသည်ဖြစ်လေရာ နိုင်ငံ၏ ကုန်ထုတ်လုပ်မှု တိုးတက်ရေးအတွက် များစွာအကျိုးပြုသည့်လုပ်ငန်းများ ဖြစ်လေသည်။ ထို့အပြင်ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့များ၌လည်း အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများဖော်ဆောင်ရေးတွင် တွေ့ကြုံရမည့် အခက်အခဲနှင့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ ချမှတ်သင့်သည့် မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကိုစက်မှုဝန်ကြီးဌာန၊ ဂျာမာန် အခြေစိုက် ဖောင်ဒေးရှင်တစ်ခုဖြစ်သော FNF နှင့် Myanmar egress တို့မှ ပူးပေါင်းကျင်းပခဲ့သည်။

ယင်းပဏာမအလုပ်ရုံဆွေးနွေးပွဲများကို ပြုလုပ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံ၏စီးပွားရေး စနစ်တကျ တည်ဆောက်ရန် ပြင်ဆင်ထာခြင်း ဖြစ်သည်။ ထို့အပြင်၂၀၁၅ခုနှစ်စတင်အသက်ဝင်လာသည့် AFTA ကို ရင်ဆိုင်ရန်အတွက်လည်း အသင့်အနေအထားရှိသွားရန် ဖြစ်သည်။ဤကဲ့သို့ ကြိုတင် ပြင်ဆင်ထားမှလည်း အခြားသောနိုင်ငံများ ကုန်စည်များနှင့် ယှဉ်ပြိုင်နိုင်မည် ဖြစ်သည်။ သို့သော် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို ငွေချေးခြင်း ကဲ့သို့ ထောက်ပံ့မှု မူဝါဒတစ်မျိုးတည်း မကျင့်သုံးဘဲ၊ အထူးပြုရာကဏ္ဍအလိုက် လူ့စွမ်းအားအရင်းအမြစ်များကို လုပ်ငန်းရှင်များနှင့် ပူးပေါင်းညှိနှိုင်းကာ ဖန်တီး ဆောင်ရွက်ပေးခြင်း၊ အစိုးရနှင့်ပတ်သက်၍ အလိုလားအပ်သော ကုန်ကျစရိတ်များ မသင့်စေခြင်း၊ ကဏ္ဍအလိုက် အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်း များရှင်များ အသင်းများကို ပူးပေါင်းတည်ထောင်ရန် အားပေးခြင်းတို့ကို လုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ သို့မှသာလျှင် လုပ်ငန်းစုအတွင် တွေ့ကြုံရသော အခက်အခဲများကို ပူးပေါင်းဖြေရှင်းနိုင်မည်အပြင် အစိုးရအတွက်လည်းမူဝါဒကောင်းများကိုချမှတ်ပေးရန် ဆွဲဆောင်ပူးပေါင်း ဆောင်ရွက်နိုင်မည် ဖြစ်လေသည်။ ၂၀၁၅သည် မကြာမီအချိန်တွင် ရောက်လာမည် ဖြစ်လေသည်။ ယခုအချိန်မှစတင်ကာ ဖွံ့ဖြိုးရေးပြိုင်ပွဲကြီးတွင် အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရန် စွမ်းဆောင်ရည် မြင့်တင်ထားရန်လိုပါကြောင်း...........။

***************************************************************************************

              


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment