Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၃၁.၁၂.၂၀၁၁

ဆောင်းပါးကဏ္ဍ

  1. ပြောင်းလဲမှုတွေကို အခြေခံက စဖို့ လိုပါသည်

              ******************************************

ဆောင်းပါးကဏ္ဍ

ပြောင်းလဲမှုတွေကို အခြေခံက စဖို့ လိုပါသည်

ဝင်းထွဋ်ဇော်

(ဒီဇင်ဘာ ၂၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၇၅)တွင်မှ ထုတ်ယူဖော်ပြသည်)

လွန်ခဲ့တဲ့ ခုနှစ်လ၊ ရှစ်လလောက်ကစပြီး ကျွန်တော်တို့နိုင်ငံမှာ ပြောင်းလဲမှုဆိုတဲ့အသံတွေကို ကြားခဲ့ရတယ်။ လွှတ်တော်သုံးရပ် ပေါ်ပေါက်လာပြီး လွှတ်တော်ကတစ်ဆင့် ပြောနိုင်ဆိုင်နိုင်တဲ့ လမ်းကြောင်းတွေ ပေါ်လာပြီး အရပ်သားအစိုးရ ပေါ်ပေါက်လာပြီဆိုတဲ့ အသံတွေကို ကြားခဲ့ရတယ်။ ဒီနောက်မှာတော့ စာပေလွတ်လပ်ခွင့်တွေ အတော်လေးရှိလာပြီး ပြောခွင့်ဆိုခွင့်တွေ အတော်ရှိလာပြီဆိုတဲ့အသံတွေ ပေါ်ထွက်လာပြန်တယ်။ ထို့နောက်မှာတော့ တစ်ချိန်တုန်းက သတင်းစာတွေ ဂျာနယ်တွေရဲ့စာမျက်နှာတွေပေါ်မှာ မတွေ့ခဲ့ရတာကြာပြီဖြစ်တဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေနဲ့ အကြောင်းအရာ အတ္ထုပတ္တိတွေကို စာမျက်နှာတွေပေါ်မှာ တွေ့လာရတယ်။

ထို့နောက်မှတော့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံတွေနဲ့ ဆောင်းပါးတွေ အင်တာဗျူးတွေကို မဂ္ဂဇင်း ဂျာနယ်တွေမှာ တွေ့လာရတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်နဲ့ နိုင်ငံတော်သမ္မတတို့ တွေ့ဆုံခဲတဲ့ သတင်းတွေ၊ ဓာတ်ပုံတွေကို စာနယ်ဇင်းတွေ မီဒီယာတွေရဲ့  မျက်နှာစာပေါ်မှာ ပေါ်ထွက်လာခဲ့တယ်။

ဒါ့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အကျဉ်းသား အနည်းငယ်ကိုလည်း အကျဉ်းထောင်တွေမှ လွှတ်ပေးခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် အနောက်အုပ်စုနိုင်ငံတွေမှ တာဝန်ရှိသူတွေဟာလည်း မြန်မာနိုင်ငံကို လာရောက်ခဲ့ကြပါတယ်။

ဥရောပ နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပေါ်ပေါက်လာပြီလို့ ပြောဆိုလာကြတယ်။ နှစ်ပေါင်းများစွာ ကြာမျှ တစ်နေရာတည်းမှာပဲ မလှုပ်မယှက် တန့်ရပ် (Static) နေခဲ့ပြီး လွတ်လပ်မှု အငွေ့အသက်တွေ ကင်းမဲ့ခဲ့တဲ့ နိုင်ငံတစ်နိုင်ငံမှာ ပြောင်းလဲမှုလို့ ထင်စရာရှိတဲ့ လှုပ်ရှားမှုတွေ ခပ်စိတ်စိတ် ဖြစ်လာချိန်မှာ ယခုလို အပြောင်း အလဲတွေ ဖြစ်လာပြီဆိုတဲ့ အသံတွေ ပေါ်ထွက်လာတာဟာ သိပ်တော့မဆန်း ကြယ်လှပါဘူး။

တကယ်တော့ ကုလသမဂ္ဂကရာ အီယူ (EU)ခေါ် ဥရောပသမဂ္ဂကရော အာဆီယံ (ASEAN) နိုင်ငံတွေကပါ ကျွန်တော်တို့ မြန်မာနိုင်ငံကို    ပြောင်းလဲစေချင်ကြတာ အမှန်ပါ။ တရုတ်၊ အန္ဒိယစတဲ့ အိမ်နီးချင်းနိုင်ငံတွေဟာလည်း ကျွန်တော်တို့နိုင်ငံကို ပြောင်းလဲစေချင်တဲ့ဆန္ဒတွေ ရှိနေတယ် ဆိုတာကို သံသယရှိစရာ မလိုပါဘူး။

သို့ပေမဲ့ တကယ်တမ်း ပြောမယ်ဆိုရင်တော့ ထိုနိုင်ငံတွေ ထိုအဖွဲ့အစည်းတွေက ကျွန်တော်တို့ နိုင်ငံကို ပြောင်းလဲစေလိုတဲ့ ဆန္ဒထက် ကျွန်တော်တို့ ပြည်သူတွေ ကိုယ်တိုင်ရဲ့ ပြောင်းလဲလိုတဲ့ ဆန္ဒက မနှိုင်းယှဉ်သာအောင်ကို ကြီးမားလှပါတယ်။

ကမ္ဘာဦးလူသားတွေဟာ နေနဲ့လကို တောင့်တကြသလိုပဲ ကျွန်တော်တို့ ပြည်သူတွေကလည်း ဒီမိုကရေစီရေး အပြောင်းအလဲတွေကို မွတ်သိပ်ခဲ့ကြ တယ်။ လိုလားတောင့်တာခဲ့ကြပါတယ်။  သို့ပေမဲ့ အပြောင်းအလဲဆိုရာမှာ (Violent means) နဲ့ ဖြည်းဆေးညင်သာတဲ့ အပြောင်းလဲ (Gradulism) သို့မဟုတ် ငြိမ်းချမ်းစွာ ကူးပြောင်းမှု (Peaceful Transistion) ရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်။

အင်အားသုံး အပြောင်းအလဲကတော့ လက်နက်ကိုင် တော်လှန်ရေးနည်းလမ်းနဲ့ အုပ်စိုးသူလူတန်းစားကို ဖယ်ရှားပစ်ပြီး လူ့အဖွဲ့အစည်းပုံစံ (Social order) ကို ပြောင်းလဲပစ်ခြင်းပဲဖြစ်တယ်။ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကတော့ လက်ရှိအုပ်စိုးသူ အသိုက်အဝန်း သို့မဟုတ် လူတန်စားနဲ့ လွတ်လပ်မှုနဲ့ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူလူထုအကြားမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် သဘောတူညီချက်တစ်ခုကို ရယူကာ အပြောင်းအလဲတွေကို ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်။

အဲဒီလိုလုပ်ဆောင်ရာမှာ ပါဝင်တဲ့ အပြောင်းအလဲလုပ်ငန်းတွေကတော့ (၁)နိုင်ငံရေး (၂)စီးပွားရေး (၃)အုပ်ချုပ်ရေး (၄)တရားစီရင်ရေး (၅)တိုင်းရင်း သားလူမျိုးများအရေး စတာတွေပဲဖြစ်တယ်။ ထိုလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ အချိန်ယူပြီး ဆောင်ရွက်ရမှာတွေရှိသလို လတ်တလောမှာပဲ ဆောင်ရွက်ဖို့ လိုအပ်တဲ့ အလုပ်တွေရှိပါတယ်။

ပြောင်းလဲမှုဆိုရာမှာလည်း ပုံစံ(Form) ပြောင်းလဲမှုနဲ့ အနှစ်သာရပိုင်းဆိုင်ရာ (Content) ပြောင်းလဲမှုဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ တကယ်တော့ ပြောင်းလဲမှုတိုင်းဟာ အပေါ်ယံ ပုံစံပြောင်းလဲမှု သို့မဟုတ် ဟန်ပြပြောင်းလဲမှုမျိုး မဟုတ်ဘဲ အနှစ်သာရအရ ပြောင်းလဲမှုတွေ ဖြစ်ရပါမယ်။

နိုင်ငံတစ်နိုင်ငံမှာ တိုးတက်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ ဖြစ်ပေါ်နေသလဲဆိုတဲ့အချက်ကို လေ့လာသုံးသပ်ရာမှာ တိုင်းတာရမယ့် အခြေခံ   ပေတံကတော့ အောက်ခြေပြည်သူတွေရဲ့ ဘဝတွေပဲဖြစ်ပါတယ်။ နိုင်ငံတစ်ခုရဲ့အပေါ်လွှာမှာ တိုးတက်ပြောင်းလဲဖို့ တာစုနေတဲ့ သို့မဟုတ် တိုးတက်ပြောင်းလဲ ရေးအတွက် ပထမခြေလှမ်းတွေအဖြစ် သတ်မှတ်ထားတဲ့လုပ်ငန်းတွေ ဘယ်လောက်ပင်ဆောင်ရွက်ပေမယ့်လည်း အောက်ခြေပြည်သူတွေရဲ့ ဘဝတွေဟာ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေမယ်ဆိုရင် ပြောင်းလဲရေးဆိုတဲ့ ရည်ရွယ်ချက်တွေ လုပ်ငန်းစဉ်တွေဟာ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

ယင်းသို့ မအောင်မြင်ရုံသာမကဘဲ တစ်ချိန်မှာ အဆိုပါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေဟာ လမ်းလွဲသွားတာမျိုးတွေ ဆန့်ကျင်ဘက် သက်ရောက်မှု တွေကို ဖြစ်ပေါ်စေတာမျိုးတွေပင် ဖြစ်လာနိုင်ပါတယ်။ တကယ့် နည်းမှန်းလမ်မှန် စေတနာမှန်နဲ့ပြုလုပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတိုင်းဟာ စတင် လုပ်စမှာပင် ပြည်သူလူထုရဲ့ ဘဝတွေကို သက်သာချောင်ချိစေမယ့် အရိပ်လက္ခဏာတွေ အငွေ့အသက်တွေတော့ ပေါ်လွင်ရမှာဖြစ်တယ်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေစတင်ချိန်မှာပဲ အောက်ခြေပြည်သူတွေအကြားမှာ စိတ်လက်ပေါ့ပါးပြီး အနှောင်အဖွဲ့တွေ ကင်းလွတ်လာတဲ့ ခံစားမှု မျိုးတွေ အခင်းအကျင်းမျိုးတွေ ပေါ်ပေါက်လာဖို့ လိုပါတယ်။ မနက်မိုးလင်းတာနဲ့ အောက်ခြေပြည်သူတွေ ကြုံတွေ့ရတဲ့ အခြေခံ စားကုန်ဈေးနှုန်းတွေဟာ ရုတ်တရက် မကျဆင်းသည့်တိုင်အောင် တန့်ရပ်နေဖို့တော့လိုပါတယ်။ လမ်းခွန်၊ တံတားခွန်တွေနဲ့ အထွေထွေ အခွန်အခတွေဟာ  ချက်ချင်းကျဆင်းမလာသည့် တိုင်အောင် တန့်ရပ်နေဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးခေတ်တွေမှာ ပြည်သူလူထုအနေနဲ့ အစိုးရဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရာမှာ ကြိုးနီစနစ်တွေ ကင်းရှင်းပြီး လွယ်ကူချောမွေ့မှု၊ ပွင့်လင်းမြင်သာမှုတွေ ရှိဖို့လိုပါတယ်။

အပြောင်းအလဲတွေ တကယ်ဖြစ်ပေါ်နေတဲ့ ခေတ်မျိုးတွေမှာ တောင်သူလယ်သမားတွေဟလည်း မိမိတို့ ဓားမဦးချ လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေကို စိတ်တုံးတုံးချပြီး အနှောင့်အယှက်ကင်းမဲ့စွာ လုပ်ကိုင်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ပညာရေး၊ ကျန်းမာရေး စတဲ့နယ်ပယ်တွေမှာလည်း ပြည်သူသူအားလုံးဟာ တစ်ပြေးညီခံစားခွင့်ရှိဖို့လိုတယ်။ မိဘတွေက ငွေကြေးအကုန်အကျမခံနိုင်လို့ ပညာသင်ကြားခွင့် ဆုံးရုံးရတဲ့ လူငယ်တွေ၊ အဆင့်မြင့် ပုဂ္ဂလိကဆေးရုံးတွေမှာ မကုသနိုင်လို့ သေဆုံးကြရတဲ့လူနာတွေ မရှိဖို့ လိုတယ်။ ဒါ့ အပြင်လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုတွေဟာလည်း အပြောင်းအလဲတွေ ဖော်ဆောင်နေတဲ့ ခေတ်တစ်ခေတ်မှာ ချက်ချင်းလက်ငင်း ဖျက်သိမ်းပစ်နိုင်ရမယ့် ကိစ္စတွေပဲ ဖြစ်ပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်နေပါပြီဆိုတဲ့ ခေတ်ကာလမှာ အောက်ခြေပြည်သူတွေအနေနဲ့ ညဥ့်အချိန်မှာ မိမိတို့ရဲ့ နေအိမ်တံခါးတွေကို ဖွင့်ပြီး မအိပ်နိုင်သည့်တိုင်အောင် မိမိတို့ရဲ့နေအိမ်တံခါးတွေကို ကန်ကျောက်ပုတ်ခတ်ကာ အနှိုးမခံရတဲ့အခြေအနေမျိုးတော့ ရှိဖို့လိုပါတယ်။ ပြုပြင်ပြောင်းလဲရေးတွေ ပေါ်ပေါက်နေပါပြီဆိုတဲ့ ခေတ်ကာလမှာ အောက်ခြေပြည်သူတွေအနေနဲ့ ညဥ့်အချိန်မှာ မိမိတို့ရဲ့နေအိမ်တံခါတွေကို ဖွင့်ပြီးမအိပ်နိုင်သည့်တိုင်အေင် မိမိတို့ရဲ့ နေအိမ်တံခါးတွေကို ကန်ကျောက်ပုတ်ခတ်ကာ အနှိုးမခံရတဲ့ အခြေအနေမျိုးတော့ ရှိဖို့လိုပါတယ်။

ပြုပြင်ပြောင်းလဲရေးတွေကို ဖော်ဆော်နေတဲ့ ကာလမျိုးမှာ နယ်စွန်နယ်ဖျားတွေမှာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့ ရင်ထဲနှလုံးထဲမှာ အကြောက်တရားတွေ ကင်းစင်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နိုင်ဖို့ လိုပါတယ်။ ဒါ့အပြင် ယမ်းငွေတွေနဲ့ သေနတ်သံတွေ တိတ်ဆိတ်ရပ်စဲဖို့ လိုပါတယ်။ ပြုပြင်ပြောင်းလဲရေး ခေတ်သစ် တစ်ခုမှာ ခေါင်းလောင်းသံတွေနဲ့ ဆရာတော် သမားတော်တွေဟောပြောချီးမြှင့်တဲ့ တရားဓမ္မသံတွေဟာ လွတ်လပ်စွာ ပျံ့လွင့်လာဖို့ လိုပါတယ်။

တကယ်တော့ အခြေခံပြည်သူတွေရဲ့ဘဝတွေကို လန်းဆန်းတက်ကြွစေတဲ့ ပြုပြင်ပြောင်းလဲရေးတွေ သာလျှင် အနှစ်သာရ ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲ ရေးပဲ ဖြစ်ပါတယ်။

**************************************************************************************

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

0 comments:

Post a Comment