Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၁၁.၇.၂၀၁၁

ပြည်တွင်းသတင်းများ

မြန်မာအလုပ်သမားမှတ်ပုံတင်ရန် စင်တာ ၈၅ ခုဖွင့်၍ ထိုင်းအစိုးရ ဆောင်ရွက်ပေးနေ

ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာအလုပ်သမားများအား တရားဝင်လုပ်သားများ ဖြစ်နိုင်စေရန် အလုပ်သမား မှတ်ပုံတင်ခွင့်ကို ထိုင်းအစိုးရက စင်တာ ၈၅ ခုဖွင့်၍ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

အလုပ်ရှင်များကိုလည်း ပွဲစားနှင့်ကြားခံလုပ်ပေးပါက အလုပ်ရှင်၏ကိုယ်စားလှယ်သာဖြစ်ရမည်ဖြစ်ပြီး ယင်းသို့အလုပ်ရှင် အစစ်အမှန်များ မပာုတ်ဘဲ အလုပ်သမားများအစားလာလုပ်ခြင်းများ၊ ပွဲစားခ အဆမတန် အလုပ်သမားများ အပေါ် ကောက်ခံခြင်းများရှိမည် စိုးသည့်အတွက် မြန်မာအလုပ်သမားများထိုင်းနိုင်ငံကို အလုပ်လာလုပ်ပါက မိမိအလုပ်ရှင်ကသာ ကမကထပြုလုပ်ဖို့ရန်လိုအပ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်းမှနေ၍ ယခုကဲ့သို့ မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်နိုင်ရန် စင်တာများ ဆောက်ပေးခြင်းသည် ကောင်းမွန်ကြောင်း၊ ယခင် ထိုင်းနိုင်ငံရှိ အလုပ်ရှင်များက အလုပ်ရုံအပြင်သို့လုံးဝထွက်ခြင်းမပြုရန် မှာကြားထားကြောင်း၊ အလုပ်ရုံအပြင်ထွက်၍ အလုပ်သမားများ ဖမ်းဆီးခံရပါက ပြန်ရွေးပေးသည့် အလုပ်ရှင်များရှိသကဲ့သို့ ပြန်မရွေးသည့် အလုပ်ရှင်အချို့လည်းရှိကြောင်း၊ ယခုအခါ တရားဝင်လုပ်သားအဖြစ် ထိုင်းနိုင်ငံရောက် အလုပ်သမားများ မှတ်ပုံတင်ခွင့် ရရှိပြီဖြစ်သည့်အတွက် လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း၊ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများ အတွက် အခွင့်အရေးပေးလိုက်သည့် သဘောပင်ဖြစ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ အနေဖြင့်လည်း နိုင်ငံတော်အစိုးရမှ အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားများအတွက် မိမိနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင် ပေးသင့်ကြောင်း နိုင်ငံတကာရေးရာ လေ့လာသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံရှိ အလုပ်သမားဥပဒေအရ ၎င်းတို့နိုင်ငံသို့ ပြည်ပမှ အလုပ်လာရောက် လုပ်ကိုင်ကြသည့် နိုင်ငံခြားသား အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်း လေးနှစ်သာ အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး လေးနှစ်သက်တမ်းပြည့်ပါက မိမိနိုင်ငံသို့ သုံးနှစ် ပြန်ကြရမည်ဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ပြီးမှသာ ထိုင်းနိုင်ငံ၌ ပြန်၍ အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း၊ သို့သော် နောက်ပိုင်းကာလများ၌ မြန်မာအလုပ်သမားများ သတ်တမ်းပြည့်ပါက သုံးနှစ်ပြန်စရာမလိုဘဲ လပိုင်းသာပြန်၍ ပြန်လည်အလုပ်လုပ်ကိုင်ခွင့် ရရှိရေးကို ထိုင်းဘက်မှ ကြိုးစားပေးသွားမည် ဖြစ်ကြောင်း သိရသည်။               

နိုင်ငံတကာအရေး လေ့လာနေသူတစ်ဦးကလည်း  ၎င်းကိစ္စရပ်သည် ထိုင်းအလုပ်သမား ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးရန် ဆွေးနွေးလျှက်ရှိကြောင်း၊ မိခင်နိုင်ငံသို့ ပြန်၍ သုံးနှစ်နားစရာမလိုတော့ပါက အလုပ်ရှင်များမှာ  ကျွမ်းကျင်လုပ်သားများကိုသာ ဆက်လက်အသုံးပြုနိုင်မည့် အခွင့်အလမ်းရှိလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

(Flower News၊ အတွဲ-၇၊ အမှတ်-၂၆ ပါ မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်နိုင်ရန် ထိုင်းအစိုးရက စင်တာ ၈၅ ခုဖွင့်လှစ် သတင်းမှ ထုတ်နှုတ်ဖော်ပြသည်။)

--------------------------------------------------------------------------------------------------------------------------------

စားအုန်းဆီတင်သွင်းရောင်းချရေးအတွက် ကုမ္ပဏီ(၁၇)ခုအား ထပ်မံခွင့်ပြု

၂၀၁၁ ခုနှစ် မေလဆန်းမှ စတင်၍ ပြည်ပပို့ကုန်ဝင်ငွေရှိသူတိုင်း စာအုန်းဆီလွတ်လပ်စွာ တင်သွင်း ဖြန့်ဖြူးရောင်းချခွင့်ကို ကုမ္ပဏီ(၁၆) ခုအား ခွင့်ပြုခဲ့ပြီးနောက် ယခုအခါ ထပ်မံ၍ ကုမ္ပဏီ(၁၇)ခုကို စားအုန်းဆီတင်သွင်းခွင့် ပြုလိုက်ပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် ၂၀၁၁ ခုနှစ် မေလဆန်းမှစတင်၍ ကုမ္ပဏီ ၁၆ ခုအား စားအုန်းဆီတင်သွင်းခွင့်ပြုခဲ့ကြောင်း၊ စားအုန်းဆီတင်သွင်းခွင့်ကို ယခုထပ်မံခွင့်ပြုပေးသည့်အခါ၌ ပြည်ပပို့ကုန်ဝင်ငွေရှိသည့် လုပ်ငန်းရှင်များမှာ စိတ်ဝင်စားလျှက် ရှိကြောင်း၊ ပြည်ပပို့ကုန်ဝင်ငွေရှိသည့် ၎င်းစီးပွားရေးလုပ်ငန်းရှင်များထဲမှ သတ်မှတ်စည်းကမ်းနှင့် အညီလျှောက်ထားသူ ၂၆ ဦးရှိကြောင်း၊ ထပ်မံ၍ စားအုန်းဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ကို ကုမ္ပဏီ ၁၇ ခုအားခွင့်ပြုရန် သက်ဆိုင်ရာဌာန၊ မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များအသင်းမှ ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း ဆီလုပ်ငန်းရှင် တစ်ဦးက ပြောကြားခဲ့သည်။

ယခင် စားအုန်းဆီလွတ်လပ်စွာဖြန့်ဖြူးရောင်းချခွင့် ရထားသည့် ကုမ္ပဏီ (၁၆)ခုနှင့် စားအုန်းဆီတင်သွင်းခွင့် ရရှိရန် ထပ်မံခွင့်ပြုမည့် ကုမ္ပဏီ(၁၇) ခုသည် စားအုန်းဆီတင်သွင်းဖြန့်ဖြူးခွင့်ရရှိသည့်အချိန်မှစတင်၍ စားအုန်းဆီ စဉ်ဆက်မပြတ်ဖြန့်ဖြူးရန်လိုအပ်ပြီး စားအုန်းဆီတင်သွင်းရာတွင် အကျိုးအမြတ်ရှိသည့် အချိန်များတွင် တင်သွင်းပြီး အကျိုးအမြတ်မရှိသည့်အချိန်များတွင်စားအုန်းဆီတင်သွင်းမှု ရပ်နားထားပါက ၎င်းကုမ္ပဏီများကို ဆက်လက် တင်သွင်းခွင့် ပြုတော့မပာုတ်ကြောင်း သိရသည်။

(Weekly Eleven၊ အတွဲ-၆၊ အမှတ်-၄၁ ပါ လက်ရှိစားအုန်းဆီတင်သွင်းနေသော ကုမ္ပဏီ ၁၆ ခုအပြင် နောက်ထပ် ၁၇ ခုကို စားအုန်း ဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခွင့်ပေးသတင်းကို အကျဉ်းချုပ်ဖော်ပြသည်။)

--------------------------------------------------------------------------------------------------------------------------------         

စည်းကမ်းပျက်၍ ဝန်ထမ်း ၂၀၀ ကျော်ကို မြန်မာ့မီးရထားအလုပ်ထုတ်

မြန်မာ့မီးရထားပို့ဆောင်ရေးမှ မီးရထားဝန်ထမ်းများတွင် စည်းကမ်း ပျက်ယွင်းခဲ့သည့်အတွက် ဝန်ထမ်း ၂၀၀ ကျော်အား ထိုက်သင့်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်း၊ အလုပ်မှထုတ်ပယ်ခြင်း စသည့်အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်မှ မြန်မာ့မီးရထားပို့ဆောင်ရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်နိုင်စေရန် လုပ်ဆောင်လျှက်ရှိရာ ၎င်းကိစ္စရပ်များကို အခွင့်ကောင်းယူ၍ မီးရထားဝန်ထမ်းများတွင် အကျင့်ပျက်ခြစားဝန်ထမ်းများ၊ ခရီးသွားများအပေါ် မမှန်မကန်နည်းလမ်းဖြင့် ငွေကြေးတောင်းခံသည့် ဝန်ထမ်းများ၊ ရထားလက်မှတ် အပေါ် ငွေကြေးပိုမိုတောင်းခံသည့် ဝန်ထမ်းများနှင့် လက်မှတ်မှောင်ခိုရောင်းချနေသည့် မီးရထားဝန်ထမ်း စုစုပေါင်း ၂၀၀ ကျော်ကို ထိုက်သင့်သည့် ပြစ်ဒဏ်များပေး၍ အရေးယူ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာ့မီးရထားဘူတာတိုင်းတွင် မြန်မာ့မီးရထားပို့ဆောင်ရေးမှ ဆောင်ရွက်လျှက်ရှိသည့် ဆောင်ရွက်ချက်များ၊ မြန်မာ့မီးရထားမှ အရေးယူ ဆောင်ရွက်ချက်များ၊ မီးရထားဌာန၌ လက်မှတ်မှောင်ခိုဖြစ်နိုင်သည့် အချက်အလက်များကိုဖော်ပြ၍ မီးရထားဝန်ထမ်းများ ကိုယ်တိုင် လက်မှတ်မှောင်ခို ရောင်းချနေကြောင်း တိကျခိုင်လုံစွာဖြင့် ဖော်ထုတ်တိုင်ကြားပါက ဆုငွေချီးမြှင့်သွားမည်ဖြစ်ကြောင်း ခရီးသွား ပြည်သူများထံ အသိပေးထားကြောင်း သိရသည်။

မီးရထားလက်မှတ်မှောင်ခိုကိစ္စရပ် ပပျောက်သွားနိုင်စေရန် အစွမ်းကုန်ကြိုးစားလုပ်ဆောင်လျှက်ရှိကြောင်း၊ လက်မှတ်မှောင်ခိုကိစ္စရပ်အား အကြောင်းကြားပါက ဆုတော်ငွေတစ်သိန်းပေးမည်ပာု ကြေညာထားကြောင်း၊ မီးရထားဖြင့် ခရီးသွားလာကြသည့် ခရီးသွား ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် အဆင်ပြေပြေ ခရီးသွားလာနိုင်ရန် မြန်မာ့မီးရထားမှ အကောင်းဆုံးလုပ်ဆောင်ပေးထားကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာ့မီးရထားပို့ဆောင်ရေးကဏ္ဍတွင် ခရီးသွားပြည်သူများ လက်မှတ်ဈေးကြီးပေးဝယ်ရသည့်အတွက် ၎င်းကိစ္စရပ်အား မြန်မာ့မီးရထားမှ အမြစ်ပြတ်ချေမှုန်းသွားရန် ဆောင်ရွက်လျှက်ရှိပြီး မီးရထားဝန်ထမ်း(သို့မပာုတ်) ဝန်ထမ်းမပာုတ်သည့်သူများထဲတွင် အကျင့်ပျက်ခြစားသည့်  မသမာသူတွေ့ရှိ၍ အကြောင်းကြားပါကလည်း ဆုငွေများချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားဘူတာတိုင်းတွင် ကြေညာပေးထားသည်။

(Messenger၊ အတွဲ-၂၊ အမှတ်-၈ ပါ စည်းကမ်းဖောက်ဖျက်သူဝန်ထမ်း ၂၀၀ ကျော်ကို အလုပ်ထုတ် သတင်းကို ထုတ်နှုတ်ဖော်ပြသည်။)

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပါတီနှင့် နိုင်ငံရေးသတင်းများ

ဦးသိန်းညွှန့်ထူထောင်သည့်ပါတီသစ် ပါတီပိုင်စီးပွားရေးလုပ်ငန်း ပြုလုပ်မည်မပာုတ်

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့် ဦးဆောင်၍ ပြန်လည်ဖွဲ့စည်း မှတ်ပုံတင်ထားသည့် အမျိုးသား ဒီမိုကရေစီပါတီသစ်၌ ပါတီပိုင်စီးပွားရေးလုပ်ငန်းများကို လုံးဝလုပ်ကိုင်ဆောင်ရွက်မည် မပာုတ်ကြောင်း ၎င်းတို့ပါတီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခု ပြန်လည်ဖွဲ့စည်း မှတ်ပုံတင်လိုက်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်တွင် ပါတီပိုင် စီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်ရန် ဆန္ဒမရှိကြောင်း၊ မိမိတို့ပါတီအနေဖြင့်လည်း နိုင်ငံရေးပါတီတစ်ခုဖြစ်သည့်အတွက် နိုင်ငံရေးကိုသာ လုပ်ကိုင်မည်ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။

ယခင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ထုတ်ပယ်ခံခဲ့ရသည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ ဦးဆောင်၍ အမျိုးသားဒီမိုကရေစီပါတီသစ်အဖြစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီသစ်တည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း သိရသည်။ ၎င်း ပါတီသစ်၌ NDF ပါတီမှ နှုတ်ထွက်ခဲ့ကြသည့် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်၊ လသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်၊  မဲဆန္ဒနယ်အမှတ်(၃) မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်၊ သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နှင့် သင်္ဃန်းကျွန်း မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့် စသည့် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၌ လျှောက်ထားခဲ့သည့်  ပါတီသစ်၌ NLD ပါတီမှ CEC ၁၁ ဦးပါဝင်ပြီး စုစုပေါင်း ပါတီတည်ထောင်သူ ၂၀ ဦးဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။ ၎င်း အမျိုးသားဒီမိုကရေစီ ပါတီသစ်ကို လက်ရှိ ပါတီဝင်အင်အား ၁၀၀၀ ကျော်ဖြင့် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်း သိရသည်။

ပါတီရန်ပုံငွေကိစ္စရပ်နှင့် ပတ်သတ်၍ ဦးသိန်းညွှန့်က “အမျိုးသားဒီမိုကရေစီပါတီ ရန်ပုံငွေအဖြစ် ပါတီတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ ရရှိသည့် လစာနှုန်းထားများထဲမှ ၁၀ ရာခိုင်နှုန်းအား ပါတီသို့ ထည့်ဝင်လှူဒါန်းထားကြောင်း၊  မြန်မာနိုင်ငံသား အလှူရှင်များမှ ပါတီသို့လှူဒါန်းမှုများ ကိုသာ လက်ခံသွားမည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

လက်ရှိ၌ မိမိတို့အမျိုးသားဒီမိုကရေစီပါတီသစ်အား ပြင်ပမှလှူဒါန်းသည့် အလှူရှင်များရှိကြောင်း၊ ပါတီ၌ အသုံးပြုရန် ပစ္စည်း(သို့မပာုတ်) ငွေသားလှူဒါန်းခြင်းမျိုးရှိကြောင်း၊ တစ်လတစ်ခါ ပါတီသစ်၌ ငွေအသုံးစရိတ် ရှင်းတမ်း ထုတ်မည်ဖြစ်ကြောင်း၊ ငွေရေးကြေးရေးနှင့် ပတ်သက်၍ အပြောမခံရစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

--------------------------------------------------------------------------------------------------------------------------------

တပ်မတော်တွင်းရောက် (၁၈)နှစ်အောက်ကလေး ၁၇၀ ကျော်အား အုပ်ထိန်းသူထံ ပြန်လည်အပ်နှံပြီး ဟုဆို

တပ်မတော်နှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ အသက်ပြည့်မီမှုမရှိဘဲ တပ်မတော်တွင်းသို့ ရောက်ရှိသွားခဲ့သည့် ကလေးသူငယ်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်လိုက်သည့် ကလေးအရေအတွက်မှာ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ထိ ၁၇၂ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်များဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်ကို သဘောတူညီ ခဲ့ကြောင်း သိရသည်။ ၁၉၉၁ ခုနှစ်  သြဂုတ်လ ၁၅ ရက်နေ့တွင် CRC စာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ကလေးသူငယ်များဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ကလေးသူငယ် ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရှိ တည်ဆဲဥပဒေများ၊ အမိန့်ညွှန်ကြားချက် များတွင်လည်း အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအား တပ်မတော်တွင်း စစ်မှုထမ်းခိုင်းခြင်းကို တားမြစ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ တပ်သားသစ်များ စုဆောင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်နိုင်ရန်နှင့် အသက်ပြည့်မီမှု မရှိသေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းခိုင်းခြင်းမှ ကာကွယ်နိုင်ရန် အရွယ်မရောက် သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင် ကာကွယ်ရေး အသိပညာပေးရေး သင်တန်းများကို ပို့ချလျှက်ရှိကြောင်း သိရသည်။

ထို့ပြင် ယခင်က တပ်မတော်စည်းမျဉ်း၊ စည်းကမ်းများအား ဖောက်ဖျက်၍ စစ်သားစုဆောင်းမှုပြုလုပ်ခဲ့သည့် တပ်မတော်အရာရှိနှင့် တပ်သားနှစ်ဦး ကိုလည်း သက်ဆိုင်ရာက အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(Weekly Eleven၊ အတွဲ-၆၊ အမှတ်-၄၁ ပါ တပ်မတော်တွင်းသို့ ရောက်ရှိသွားသော အသက်(၁၈)နှစ်အောက် ကလေးသူငယ် များအား အုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်မှု ၁၇၂ ဦး ရှိပြီဖြစ် သတင်းကို ထုတ်နှုတ်ဖော်ပြသည်။)

--------------------------------------------------------------------------------------------------------------------------------

ဒီမိုကရေစီမိတ်ဆွေပါတီများ မဲဆန္ဒနယ်(၂၀)ကျော်တွင်ဝင်ရောက်အရွေးခံရန် လျာထား

လွှတ်တော်တွင်းလစ်လပ်နေရာ ပြည်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရေစီ မိတ်ဆွေ ပါတီများသည် မဲဆန္ဒနယ် ၂၀ ကျော်၌ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် လျာထားကြောင်း ဒီမိုကရေစီ မိတ်ဆွေပါတီ အဖွဲ့ဝင် ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဒီမိုကရေစီမိတ်ဆွေပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံမည့် ပါတီများနှင့် လျာထားသည့် မဲဆန္ဒနယ် အရေအတွက်မှာအမျိုးသား ဒီမိုကရေစီ အင်အားစုပါတီမှ မဲဆန္ဒနယ် (၂၀) နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ မဲဆန္ဒနယ် (၁၅) နေရာ၊  ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ မဲဆန္ဒနယ်(၂)နေရာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မဲဆန္ဒနယ်(၁)နေရာ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ မဲဆန္ဒနယ် (၁) နေရာ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားပြီး ဝံသာနုNLD(ပြည်ထောင်စုမြန်မာနိုင်ငံပါတီ)၊ ရခိုင်တိုင်းရင်းသားများတိုးတတ်ရေးပါတီ၊ ချင်းအမျိုးသား တိုးတတ်ရေး ပါတီနှင့် ပြည်ထောင်စုဒီမိုကရေစီ ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မဲဆန္ဒနယ်နေရာ လျာထားခြင်းမရှိကြောင်း သိရသည်။

ယခု လက်ရှိအခြေအနေသည် ဒီမိုကရေစီမိတ်ဆွေပါတီများမှ ကြားဖြတ်ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံရန် လျာထားသည့် အဆင့်မှာပင်ရှိသေးကြောင်း၊ ယခု စာရင်းထဲ၌ မပါဝင်သည့် မဲဆန္ဒနယ်များတွင်လည်း ဝင်ရောက်အရွေးချယ်ခံမည့် သူများထပ်တိုးလာနိုင်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ ဒီမိုကရေစီမိတ်ဆွေပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျာထားသည့် အချို့မဲဆန္ဒနယ်များတွင် ဒီမိုကရေစီ မိတ်ဆွေ ပါတီအချင်းချင်း ထပ်လျှက်ရှိပြီး ၎င်း ထပ်လျှက်ရှိသည့် မဲဆန္ဒနယ်များတွင် ဒီမိုကရေစီမိတ်ဆွေ ပါတီများထဲမှ တစ်ပါတီတည်းသာ ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

လွှတ်တော်တွင်းလစ်လပ်နေရာ ပြည်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲကို အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပနိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် လွှတ်တော်တွင်း လစ်လပ်ကိုယ်စားလှယ်လောင်း ရွေးချယ်ရန် မဲဆန္ဒနယ်ပေါင်း ၄၂ နေရာရှိကြောင်း သိရသည်။

(True News၊ အတွဲ-၃၊ အမှတ်-၄၂ ပါ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၂၀ ကျော်၌ ဝင်ရောက်အရွေးခံရန် ဒီမိုကရေစီ မိတ်ဆွေ ပါတီများ လျာထားသတင်းမှ ထုတ်နှုတ်ဖော်ပြသည်။)

--------------------------------------------------------------------------------------------------------------------------------

အကျဉ်းထောင်ပြုပြင်ထိန်းသိမ်းရေး ICRC ဆောင်ရွက်မည်

ICRC (International Committee of the Red Cross) နိုင်ငံတကာကြက်ခြေနီအဖွဲ့မှ စက်တင်ဘာလတွင် အကျဉ်းထောင် ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်လက်၌ ၎င်း ICRC အဖွဲ့သည် ပထမဆုံးအကြိမ်အဖြစ် ဘားအံနှင့် မြောင်းမြ အကျဉ်းထောင်များတွင် သွားရောက် လေ့လာခွင့်ရရှိခဲ့ပြီး လာမည့် စက်တင်ဘာလ၌ မြန်မာနိုင်ငံရှိ အကျဉ်းထောင်သုံးခုဖြစ်သည့် မြောင်းမြ၊ ဘားအံနှင့် မော်လမြိုင် အကျဉ်းထောင်များတွင် ရေ၊ မိလ္လာစနစ်နှင့် နေရောင်ခြည်စွမ်းအင်သုံး ရေတင်သည့်စနစ်များဖြင့် ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ နိုင်ငံတော်အစိုးရနှင့် အဆင်ပြေပါက ICRC အနေဖြင့်  ရေ၊ မိလ္လာစနစ်ကို မြောင်းမြ၊ ဘားအံနှင့် မော်လမြိုင် အကျဥ်းထောင်များတွင်သာမက အခြားအကျဉ်းထောင်များတွင်လည်း နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် အကောင်အထည်ဖော် လုပ်ကိုင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာ ကြက်ခြေနီ (ICRC) International Committee of the Red Cross အဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် မြန်မာနိုင်ငံ အခြေစိုက်ရုံးများ ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း လွတ်လပ်စွာ ဝင်ရောက်ကြည့်ရှု စစ်ဆေးခွင့်၊ အကျဉ်းကျခံနေရသည့် အကျဉ်းသား များ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များကို ထောက်ပံ့ကူညီ ပေးခဲ့သည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်နောက်ပိုင်း ယခင်နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်၌ ၎င်း ICRC လုပ်ငန်းများ ရပ်ဆိုင်းခံလိုက်ရပြီး အစိုးရသစ်လက်ထက်၌ ပထမဆုံးအကြိမ်အဖြစ် ထပ်မံ၍ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း ဝင်ရောက်လေ့လာခွင့်ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

(မြန်မာပို့စ်၊ အတွဲ-၃၊ အမှတ်-၂၆ ပါ ICRC အဖွဲ့မှ စက်တင်ဘာတွင် အကျဉ်းထောင်များအတွင်း ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်မည် သတင်းမှ ကောက်နှုတ်ဖော်ပြသည်။)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××          

သတင်းနှင့်ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"အစိုးရသစ်၏ အစပျိုးလုပ်ငန်းများထဲတွင် ပြည်သူများကြိုဆိုခဲ့ကြသည့် ဆောင်ရွက်ချက်မှာ အငြိမ်းစားဝန်ထမ်း များ၏ လစာတိုးမြှင့်ပေးခြင်း ဖြစ်ပြီး ဘဝင်မကျ ဖြစ်ခဲ့ကြရသည့် အကြောင်းအချက်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွဲခဲ့ခြင်းဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရတည်ဆောက်ရေး သည် အစိုးရသစ်၏ ပဓာနကျသော လုပ်ငန်းကြီးဖြစ်ရာ အစပျိုးဆောင်ရွက်ချက်များတွေ့မြင်လာရသော်လည်း ဌာနဆိုင်ရာအလိုက် ယင်းအပေါ် ပူးပေါင်းဆောင်ရွက်မှု အားနည်းလျက်ရှိနေဆဲဖြစ်နေသည်။ အရေးယူမှုများရှိသော်လည်း အကျင့်ပျက် ခြစားမှု အတိုင်းအတာနှင့် နှိုင်းယှဉ်လျှင် နည်းပါးပြီး ထိုအရေးယူ ဆောင်ရွက်ချက်များကိုလည်း ပွင့်လင်းမြင်သာအောင် အများပြည်သူသို့ ချပြခြင်း မျိုးလည်း မရှိခဲ့ပေ"

ဇူလိုင် ၁၂ ထုတ် Flower News အတွဲ (၇) အမှတ် (၂၆) တွင်ပါသည့် "ရက်ပေါင်း(၁၀၀)အတွင်း ဘာတွေလုပ် ခဲ့ပြီးပြီလဲ ဘာတွေလုပ်ရဦးမည်လဲ"ခေါင်းကြီး ကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------------

"လက်ငင်းဦးစားပေးအဓိက အဖွဲ့ချုပ်ကို ရွေးကောက်ပွဲလမ်းကြောင်းပြန်ဝင်စေချင်တယ်။ မှတ်ပုံတင်ခဲ့ရင် အခုပါတီသစ်ကို ဖျက်သိမ်းပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တာဝန်ယူဆောင်ရွက်မယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကိုလည်း လွှတ်တော်နိုင်ငံရေးကို ဆောင်ရွက် ပေးသွားမယ်။ အဖွဲ့ချုပ်အနေနဲ့ မှတ်ပုံမတင်၊ အရွေးမခံ ဘူးဆိုရင် လက်ရှိတည်ဆဲဥပဒေအရ အင်မတန်အခက်အခဲရှိနေပြီလို့ ယူဆတယ်"

ဇူလိုင် ၁၂ ထုတ် Flower News အတွဲ (၇) အမှတ် (၂၆) တွင်ပါသည့် NNDP ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်နှင့် အင်တာဗျူးကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"အကျဉ်းဦးစီးဌာနက အကျင့်စာရိတ္တ ကောင်းမွန်ပြီးတော့ စီးပွားရေးကို သမ္မာအာဇီဝလုပ်ကိုင်ဖို့အတွက် ရည်စူး ပြီးတော့ အကျဉ်းသားကိုထောင်ထဲမှာ ဘယ်လိုပဲ လေ့ကျင့်ပေးခဲ့ပေးခဲ့ အများစုက ဝမ်းရေးပြဿနာအတွက် အခက်အခဲတွေရှိလို့ အကျဉ်းဦးစီးက သင်ပေးလိုက်တဲ့ အသက်မွေး ဝမ်းကျောင်းပညာတွေ မသုံးနိုင်တော့ဘဲအရင်က ကိုယ့်ကျွမ်းကျင်တဲ့ အချောင်ရတဲ့ နည်းနဲ့ပဲ ဝမ်းရေးကိုဖြေရှင်းကြတော့ ဒီသံသရာထဲပဲလည်နေတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးနိမ့်ပြီး အလုပ်အကိုင်နည်းပါးလို့ ဒီလိုတွေဖြစ်နေရတယ်လို့မြင်ပါတယ်"

ဇူလိုင် ၁၁ ထုတ် The Messenger အတွဲ (၂) အမှတ် (၈) တွင်ပါသည့် "ပြစ်ဒဏ်ကျခံပြီး အကျဉ်းသားများ ပြစ်မှု ထပ်မံကျူးလွန် နေခြင်းမှာ စီးပွားရေး နိမ့်ကျမှုကြောင့်ဖြစ်" သတင်းမှ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော် ၏ သုံးသပ်ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"ဘယ်နိုင်ငံရေးပါတီကပဲ စီးပွားရေးလုပ်ငန်းထောင်ထောင်၊ ဘယ်လွှတ်တော်ကိုယ်စားလှယ်ကဘဲ စီးပွားရေး လုပ်ငန်းကြီး လုပ်ငန်းအခွန်ကို အတိအကျ ဆောင်ရပါမယ်။ ကျွန်တော်တို့ကလည်း အတိအကျကောက်ခံပါမယ်။ ဝင်ငွေရှိနေတဲ့မည်သည့် စီးပွားရေးလုပ်ငန်းမဆို ဝင်ငွေခွန်ဆောင်ရပါမယ်။ ပရဟိတ လုပ်ရုံနဲ့ ဝင်ငွေခွန်အပြည့် အဝ ရှောင်တိမ်းလို့မရပါဘူး"

ဇူလိုင် ၁၁ ထုတ် The Messenger အတွဲ (၂) အမှတ် (၈) တွင်ပါသည့် "အခွန်ရှောင်တိမ်းမှုအား သက်သေအ ထောက်အထား နှင့်တကွ သတင်းအတိအကျပေးပို့နိုင်" သတင်းမှ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ဖွံ့ဖြိုးရေးအတွက် အရင်းအနှီး

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ ဘက်ပေါင်းစုံ၊ နယ်ပယ်ပေါင်းစုံမှ စဉ်းစားသုံးသပ်ရသည့် ကိစ္စကြီးတစ်ခု ဖြစ်ပါသည်။ စီးပွားရေး ဖွံဖြိုးတိုးတက်မှုကို အထူးပြုလေ့လာသော ပညာရှင်များက "အရင်းအနှီးသည် ပျော်နေသော ကွင်းဆက်ဖြစ်သည်" ဟု ကောက်ချက်ချမှု များလည်း ရှိနေလေရာ အရင်းအနှီး၏ ကဏ္ဍမှာ ယခုအချိန်အထိတိုင် အရေးကြီးဆဲ ဖြစ်ပေသည်။ အနောက်ဥရောပ နိုင်ငံများဖွံ့ဖြိုး တိုးတက်မှုကိုသာမက၊ အရှေ့အာရှနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်ကို သုံးသပ်ကြည့်ပါက အရင်းအနှီး၏ အရေးပါပုံကို လေ့လာ သိရှိရသောကြောင့် ယင်း အယူအဆမှာ ယခုထိတိုင် ခိုင်မာနေဆဲဖြစ်လေသည်။

ထိုအတွက်ကြောင့် အစိုးရများသည် တစ်နှစ်တစ်နှစ် အရင်းအနှီးရရှိအောင် ပင်ပန်းကြီးစွာဆောင်ရွက် လာကြလေသည်။ စီးပွားရေးပညာရှင်များ နိုင်ငံတစ်ခုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အမျိုးသားဝင်ငွေ၏ မည်သည့်၏ ရာခိုင်နှုန်းကို ရင်းနှီးမြုပ်နှံသင့်သည်ဟူ၍ သတ်မှတ်ဖော်ပြခဲ့ကြပြီးဖြစ်လေသည်။ အမေရိကန်ပြည် ထောင်စု တက္ကဆပ် တက္ကသိုလ်မှ စီးပွားရေးပညာ ပါမောက္ခ ဒဗလျူ၊ ဒဗလျူ ရော့(စ်)တိုးက စီးပွားရေးဖွံ့ဖြိုးမှုတွင် ပျံတက်နိုင်သောအား ရရှိရန် အတွက်အမျိုးသားဝင်ငွေ၏ ၁၀ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိရင်းနှီးမြုပ်နှံ သင့်သည်ဟု အကြံပြုတင်ပြခဲ့လေသည်။

နိုဘယ်ဆုရ အမေရိကန် စီးပွားရေးပညာရှင် အာသာလူးဝစ်(စ်) သည်လည်း နိုင်ငံတစ်ခုစီးပွားရေးဖွံ့ဖြိုးမှု ဆိုသည်မှာ ၅ ရာခိုင်နှုန်း စုဆောင်းသည့် နိုင်ငံတစ်ခုအဖြစ်မှ ၁၂ ရာခိုင်နှုန်း စုဆောင်းသည့် နိုင်ငံတစ်ခုအဖြစ်သို့ ကူးပြောင်းသည့် ဖြစ်စဉ်ဟု ဆိုခဲ့လေသည်။ ထို့အပြင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း စီးပွားရေးပညာရှင်များသည် အရင်းအနှီးနှင့် ကုန်ထုတ်လုပ်မှုစွမ်းအား ဆက်စပ်မှုပေါ်မူတည်၍ စီးပွားရေး ဖွံ့ဖြိုးမှု မော်ဒယ်အမျိုးမျိုး တည်ဆောက်ပြခဲ့လေသည်။ အရင်းအနှီးရရှိမှု ပေါ်မူတည်ပြီး ကုန်ထုတ်စွမ်း အားများ မည်မျှအထိ တက်သွားပုံကို ပုံစံ အမျိုးမျိုးဖြင့် တည်ဆောက်၍ လေ့လာကြခြင်းဖြစ်လေသည်။ ဤသို့ဖြင့် အရင်းအနှီးမှာ စီးပွားရေးဖွံ့ညဖို့အတွက် အခရာဖြစ်လာပြီး အရင်းအနှီးမရှိပါက မည်သည့် ဖွံ့ဖြိုးရေးလုပ်ငန်း များကိုမျှ လုပ်ကိုင်၍ မရဟု သဘောထား လာကြလေသည်။

သို့သော် "အရင်းအနှီးသည် ပျောက်နေသော ကွင်းဆက်ဖြစ်သည်" ဟု တရားသေသတ်မှတ်လိုက်ပါကလည်း အခြားသော ဘေးထွက် ဆိုးကျိုးများ တွေ့ကြုံလာနိုင်ပါသည်။  အရင်းအနှီးရှိမှာသာလျှင် နိုင်ငံအတွက် အဓိက အလုပ်အကိုင် အခွင့်အလမ်းများပေးသော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အစိုးရမှ ချေးငွေထုတ်ပေးနိုင်ခြင်း၊ မီး၊လမ်း၊ တံတားစသည့် အခြေခံအဆောက်အအုံများကို တည်ဆောက် ပေးနိုင်ခြင်း၊ ခေတ်မှီလယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများကို တည်ထောင်ပေးနိုင်ခြင်းတို့ကို ပြုလုပ်နိုင်မည်ဖြစ်သော်လည်း အရင်းအနှီးမရှိပါက ဘာမျှလုပ်ကိုင်ခွင့် မရ၍ ဆင်းရဲတွင်းနက်နေရသည်ဟု သဘောထားများရှိလာနိုင်သည့် အပြင် ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အခြားအခက်အခဲများနှင့် အတားအဆီးများကို မျက်ကွယ်ပြုရာလည်း ရောက်နေပါသည်။ ထိုအတွက်ကြောင့် အမေရိကန်ပြည်ထောင်စု ကိုလံဘီယာတက္ကသိုလ်မှ စီးပွားရေးပညာ ပါမောက္ခ ရက်(ခ်)နာ၊ နာ့(ခ်စ်)က The nation is poor because it is poor) ဟူသော အယူအဆကို ဖော် ထုတ်တင်ပြခဲ့လေသည်။

ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွင် အရင်းအနှီးအပြင် အခြားကျော်လွှားများရမည့် အခက်အခဲများနှင့် အတားအဆီးများလည်း ရှိလေသည်။ အရင်းအနှီးဆိုသည်မှာ ငွေကြေးအရင်းအနှီးအပြင်(money material)၊ ကုန်ထုတ် လုပ်မှုဖြစ်စဉ်ကြီးတွင် ပါဝင်ဆောင်ရွက်နေသည့် အတက်နှင့် အသိပညာ ရှင်များ၏ လုပ်အား၊ ဉာဏအားများလို အပ်သည့် လူသားအရင်းအနှီး(human capital)၊ စက်ရုံ၊ အလုပ်ရုံ၊ ကုန်ထုတ်လုပ်မှုကိရိယာများ တည်ဆောက် ထားရှိသည့် ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အရင်းအနှီး (material capital) တို့ကိုလည်း အရင်းအနှီး၏ အစိတ်အပိုင်းများ ဖြစ်လေသည်။  ထို့အပြင် ဖွံ့ဖြိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုသည်မှာ တူညီသည်မဟုတ်ပေ။ နိုင်ငံတစ်ခုဖွံ့ဖြိုးသည် ဆိုရာတွင် ယင်းနိုင်ငံ စုစုပေါင်းကုန်ထုတ်လုပ်မှု (GDP) မြင့်ရုံသာဖြစ်လေသည်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်းမှ ရေနံထွက်ရှိသော ဆော်ဒီအာရေဗီးယျနိုင်ငံများဆိုလျှင် ရေနံကြောင့် တိုင်းပြည်၏ GDP မှာမြင့်မား သည့်အတွက် ယင်းနိုင်ငံသူ၊ နိုင်ငံသားများအတွက် အခမဲ့ပညာရေး၊ အခမဲ့ကျန်းမာရေးများ ပြဋ္ဌာန်းပေးထားနိုင် သည့်အပြင် လူမှုဖူလုံရေး လုပ်ငန်းများ လုပ်ငန်းတော်တော်များများကို ဆောင်ရွက်ပေးနိုင်လေသည်။ ထို့အပြင် ဆော်ဒီတော်ဝင် မိသားစုမှာလည်း ကမ္ဘာအချမ်းသာဆုံး စာရင်းဝင်ကြသူများ ဖြစ်ကြလေသည်။ ၁၉၆၀ အလွန်နှစ် များက အရှေ့အလယ်ပိုင်းနိုင်ငံအများစု ကမ္ဘာရေနံဈေးများ တဟုန်ထိုးတိုးတက်လာသည့်အတွက် ရေနံဝင်ငွေ များအမြောက်အများရရှိလာကာ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေသည့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ထားနိုင်သည်တော့မဟုတ်ပါ။ သို့သော် သဘာဝသံယံဇာတမှာ ကုန်ခမ်းသွားနိုင်သည်ဟု ယင်းနိုင်ငံများရှိ အချို့ခေါင်းဆောင်များသိရှိလာ သောအခါ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်သို့ တက်လာနိုင်ခဲ့လေရာ ယခု အာရပ်ဆော်ဘွားများ ပြည်ထောင်စု၊ ဘာရိန်းကဲ့သို့ နိုင်ငံများကို တွေ့မြင်နေရခြင်း ဖြစ်လေသည်။

ဖွံ့ဖြိုးတိုးတက်ဖို့ဆိုသည်မှာ အစိုးရ၏ ထိရောက်သော စီမံခန့်ခွဲမှုများနှင့်လည်း အလွန်ပင်သက်ဆိုင် လေသည်။ ထိရောက်ထက်မြက်မှုမရှိသော အုပ်ချုပ်ရေးယန္တရားဖြင့် ဖွံ့ဖြိုးတိုးတက်အောင်မည်ကဲ့သို့ ဆောင်ရွက်ကြမည်နည်း။ ထိုကြောင့် ဖွံ့ဖြိုးမှုနောက်ကျသည့် နိုင်ငံများ၏ မဖွံ့ဖြိုးရခြင်း၏ အဓိကအကြောင်းအရင်းမှာ အရင်းအနှီးများမရှိ၍ မဟုတ်ဘဲ၊ ရှိပြီးအရင်းအနှီးများကို ထိထိရောက်ရောက် စီမံ၍ အသုံးမချနိုင်ခြင်းကြောင့် ဖြစ်လေသည်။ အစိုးရအနေဖြင့် ထိရောက်သော အခွန်ကောက်ခံမှု၊ နိုင်ငံသားများ၏ စုဆောင်းလိုစိတ်ကို မြှင့်တင်ပေးနိုင်မှု၊ ပုဂ္ဂလိကအရင်းအနှီးများကို ထိရောက်စွာစုစည်းမှု၊ ခိုင်မာသည့် ဘဏ္ဍရေးအဆောက်အအုံများ ဆောက်လုပ်ထားရှိမှု တို့ကြောင့်သာလျှင် နိုင်ငံတစ်ခုအနေဖြင့် မှန်မှန်ကန်ကန် ဖွံ့ဖြိုး တိုးတက်လာနိုင်ပါသည်။ ဤကဲ့သို့ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဦးတည်စေသည့် အဆောက်အအုံပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိနေမှသာ နိုင်ငံသူ၊ နိုင်ငံသားများအကြား ချွေတာစုဆောင်း လိုစိတ်နှင့် ကြီးပွားလိုစိတ်များတဖြည်းဖြည်းပေါက် ဖွားလာမည်ဖြစ်လေသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်နှင့်သော်လည်းကောင်း၊ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ဖြစ်သော် လည်းကောင်း ရပ်တည်နေခဲ့သည်မှာ ရာစု ၂စုကျော်ကြာမြင့်နေပြီဖြစ်လေသည်။ ဆန်စပါးကို အဓိကစိုက်ပျိုး သည့်နိုင်ငံ ဖြစ်သည်နှင့်အညီ ဆန်စပါးကို ပြည်တွင်းဖူလုံနိုင်ရုံမျှသာမက၊ အခြားနိုင်ငံများသို့ပါ အများအပြားတင် ပို့နိုင်ခဲ့လျှင် ယင်းမှဝင်ငွေကို ရာခိုင်နှုန်းဖြင့် စုဆောင်းမှုထားကာ ထိထိရောက်ရောက်အသုံးချပါက စက်မှုထူထောင်မှုကို အရောက်လှမ်းနိုင်သည့် ပျံတက်နိုင်စွမ်းအားများ ရရှိလာမည်ဖြစ်လေသည်။ မြန်မာနိုင်ငံသည် ယခုအုပ်ချုပ်မှု စနစ် အပြောင်းအလဲ များလည်း ဖြစ်ပေါ်လျက်ရှိနေလေရာ လူတို့၏ အလုပ်လုပ်လိုစိတ်ကို နှိုးဆွပေးသော၊ ပြည်သူများ ကြီးပွားတိုးတက်ချင်စိတ်ကို မြင့်တင်ပေးနိုင်သော မူဝါဒ၊ စည်မျဉ်းစည်းကမ်းစသည့် အဆောက်အအုံ ပိုင်းဆိုင်ရာ ပြင်ဆင်တည်ဆောက်မှုများကို ပြုလုပ်ခြင်းဖြင့် ဆယ်စုနှစ်တစ်ခုစာအတွင်း ဖွံ့ဖြိုး တိုးတက်မှု အသီးအပွင့်များကို ခံစားရမည်ဖြစ်ပါကြောင်း..........။

စာကိုး။               ။ နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနည်းလမ်းများ (စိုးတင်ဝင်း(ဘဏ်))

 ×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs