Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011
yangonchronicle 2011

၂၉.၉.၂၀၁၁

ပြည်တွင်းသတင်းများ

  1. လူရွှင်တော်ဇာဂနာ အကျဉ်းထောင်မှလွတ်ပြီဟု သတင်းထွက်
  2. စီမံကိန်းလုပ်ကိုင်ခွင့်အချို့ ယူရိုငွေဖြင့် ပြောင်းလဲ တင်ဒါခေါ်
  3. ဆူးလေစေတီတော် ပတ်လည်ရှိ ဈေးဆိုင်ခန်းခဈေး သုံးဆမြင့်တက်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. တိုင်းပြည်အကျိုးဆောင်ရွက်ရာ၌ နစ်နာသည်ဟု စိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
  2. မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအားနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန် NDF တိုက်တွန်း
  3. ပြည်သူများ ယုံကြည်ကိုးစားသော တရားစီရင်ရေးကဏ္ဍဖြစ်လာစေရန် အရေးယူ ဆောင်ရွက်နေ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ရွေးချယ်စရာ မရှိတော့ပါ

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းသတင်းများ

လူရွှင်တော် ဇာဂနာ အကျဉ်းထောင်မှလွတ်ပြီဟု သတင်းထွက်ပေါ်

မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ် ၃၅ နှစ်ကျခံနေရသော လူရွှင်တော်ဇာဂနာ (ခ) ကိုသူရသည် အကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း ယင်း၏အကို ဦးတေဇအောင်က ရန်ကုန်ခရော်နီကယ်သတင်းလွှာသို့ စက်တင်ဘာ ၂၉ ရက်နေ့လယ်တွင် ပြောကြားသည်။

“သူရက မနေ့က ထောင်ကလွတ်ပြီး၊ မန္တလေးကို ရထားနဲ့ဆင်းလာတာ။။အခုမန္တလေးမှာ ရောက်နေတယ်။ မန္တလေးကနေ ရန်ကုန်ကို မနက်ဖြန်လောက် ရောက်မယ်”ဟုယင်းကဆိုသည်။

သို့သော် လူရွှင်တော်ဇာဂနာသည် မန္တလေးမှ ရန်ကုန်သို့ မည်သည့်လမ်းကြောင်းဖြင့် ပြန်လာမည်ကို သိရှိထားခြင်း မရှိကြောင်း ဦးတေဇအောင်က ဆက်လက်ပြောသည်။

သို့သော် ဇာဂနာ၏ခယ်မ ဖြစ်သူ မငြိမ်း(ခ) ဒေါ်စန္ဒာမှ ကိုဇာဂနာသည် စက်တင်ဘာ ၂၉ ရက်နေ့လယ်အထိ မြစ်ကြီးနားထောင်တွင် ရှိနေသည်ကို ထောင်ဆရာဝန်မှ တွေ့ခဲ့ရကြောင်း ပြောသည်။

“ကိုသူရလွတ်ပြီကြားလို့ မြစ်ကြီးနားက အသိတစ်ယောက်ကို ထောင်ကိုသွားကြည့်ခိုင်းတော့ ထောင်ဆရာဝန်က မလွတ်သေးဘူး။ အထဲမှာ ရှိတယ်လို့ ပြောတယ်”ဟု ဆက်လက်ပြောကြားသည်။

ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် လွတ်လပ်သည့်အာရှ အသံကလည်း လူရွှင်တော်ဇာဂနာသည် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး၊ စက်တင်ဘာ ၂၀ တွင် ရန်ကုန်ရှိ၎င်း၏ နေအိမ်သို့ ထောက်လှမ်းရေးအဖွဲ့ဝင်များမှ သွားရောက်အပ်နှံမည် ဖြစ်ကြောင်း နေပြည်တော် အသိုင်းအဝန်း၏ ပြောဆိုချက်ကို ကိုးကား၍ဖော်ပြထားသည်။

“ထောက်လှမ်းရေးတွေ ကိုယ်တိုင်၊ ကိုယ်ကျ လာအပ်မယ်ဆိုရင်လည်း အခုချိန်ဆိုရင်တော့ ကျွန်မတို့ကို အကြောင်းကြားသင့်ပါပြီ။”ဟု မငြိမ်းကဆိုသည်။

လူရွှင်တော်ဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သတင်းမှန်ကန်ပါက ကုလသမဂ၏ ၆၆ ကြိမ်မြောက် ညီလာခံတွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏမောင်လွင် ပြောကြားသွားသည့် အကျဉ်းသားများ ဆက်လက် လွတ်ပေးရန်ရှိသည် ဆိုသည်ကို ယုံကြည်ရမည် ဖြစ်ကြောင်း ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။

“အစိုးရက ခြေလှမ်းတစ်လှမ်းစဖို့သာ လိုနေတာပါ” ဟု ယင်းကသုံးသပ်ပြောကြားသည်။

လူရွှင်တော် ဇာဂနာ အကျဉ်းကျခံရမည့် နှစ်များကို တွက်ကြည့်ပါက အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ မလွတ်မြောက်နိုင် သေးသည်ကို တွေ့ရှိရကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူရွှင်တော်ဇာဂနာအား နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် စေ့ဆော်မှု၊ ဗီဒီယိုအက်ဥပဒေ၊ အီလက်ထရွန်းနစ် အက်ဥပဒေတို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပြီး၊ ၂ဝဝ၉ ဖေဖော်ဝါရီတွင် ပြစ်ဒဏ် ၂၄ နှစ် လျှော့ပေးသဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

စီမံကိန်းလုပ်ကိုင်ခွင့်အချို့ ယူရိုငွေဖြင့် ပြောင်းလဲ တင်ဒါခေါ်

နိုင်ငံတော်အတွင်းရှိ စီမံကိန်း အချို့အတွက်လုပ်ငန်း လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူရာတွင် ကန်ဒေါ်လာအစား ယူရိုငွေကြေးများဖြင့် ပြောင်းလဲ သတ်မှတ်လာကြောင်း တင်ဒါတင်သွင်းသူ အသိုင်းအဝိုင်းထံမှသိရသည်။

အမေရိကန်ဒေါ်လာပေါက်ဈေး တည်ငြိမ်မှု မရှိသေးသည့်အတွက် ယူရိုငွေနှင့် တင်ဒါခေါ်သည့် သဘောဖြစ်ကြောင်း ယခင်ကလည်း ယူရိုငွေနှင့် တင်ဒါခေါ်ခဲ့ဖူးကြောင်း အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ အကြီးစားစက်မှု စီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဒေါ်လာပေါက် ဈေးကျဆင်းတဲ့ အတွက် လုပ်ငန်းထိခိုက်မှုကို အတိုင်းအတာ တစ်ခုအထိ ကြုံတွေ့ခဲ့ကြရပါတယ်။ ဆိုလိုတာက ကန်ဒေါ်လာက တော်တော်လေးကို အတက်အကျ မငြိမ်ဘူးဖြစ်နေတယ်။ ဒီတော့ တခြားဟာက တည်ငြိမ်မလားဆိုပြီး ပြောင်းလဲတဲ့သဘောပါ။ ဒါပေမဲ့ယူရိုငွေ လည်း အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်နေတယ်လို့လည်း ဆိုလို့မရဘူး။ နေ့ စဉ်ပေါက်ဈေးက ကန်ဒေါ်လာနဲ့ ဆက်စပ်မှုရှိနေတာကြောင့်ပဲ” ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ကန်ဒေါ်လာနှင့်   မြန်မာငွေလဲ လှယ်နှုန်းများမှာ ၂ဝ၁ဝ ခုနှစ်၊ ဇူ လိုင်လအတွင်းအထိကန်တစ်ဒေါ်လာ လျှင် ငွေ ကျပ် ၁ဝဝဝ ကျော်ရှိခဲ့ရာမှ ၂ဝ၁ဝ သြဂုတ်လမှစ၍ တစ်ဒေါ် လာလျှင်   မြန်မာငွေပေါက်ဈေး ၉၉၅ ကျပ်မှစကာ လဲလှယ် နှုန်းများ ဆက်တိုက်ကျဆင်းလာနေပြီး ၂ဝ၁၁ ခု နှစ်၊ သြဂုတ်လ အထိ ကျပ် ၆၈ဝ အထိရောက်ရှိခဲ့ကြောင်း စီးပွားရေး လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှသိရသည်။

လက်ရှိနိုင်ငံတော်အတွင်း၌ အသုံးပြုမှုများနေသည်မှာ ကန်ဒေါ်လာဖြစ်နေပြီး ယူရိုငွေကြေးဖြင့် သုံးစွဲမှုများမှာ အလွန့်အလွန် နည်းပါး နေသေးကြောင်း  သို့အတွက် ယူရို ဖြင့်ခေါ်သည့်တင်ဒါတင်သွင်းမှုများအတွက် လုပ်ငန်းရှင်အချို့ အခက် အခဲရှိနိုင်ကြောင်း စီးပွားရေးလုပ် ငန်းရှင်ကြီး တစ်ဦး၏ ကိုယ်ရေးအတိုင်ပင်ခံတစ်ဦးက သုံးသပ်သည်။

ဥရောပသမ္မဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ပြင်သစ်၊ ဂျာမနီ၊ အီတလီတို့ပါဝင်သော အဖွဲ့ဝင် ၁၇ နိုင်ငံ အသိအမှတ် ပြုသည့် ယူရိုငွေ ကြေးကို ၁၉၉၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှစကာ သုံးစွဲခဲ့ကြပြီး အိမ်နီးချင်း တရုတ်နိုင်ငံကပင် အသိ အမှတ်ပြုထားကြောင်းနှင့် လက်ရှိ ပေါက်ဈေးအရ တစ်ယူရိုလျှင် ကန် ဒေါ်လာ ၁ ဒသမ ၃၄၉ နှင့် ညီမျှ ကြောင်း ကမ္ဘာ့ ငွေကြေး ဈေးကွက်မှ သိရသည်။

Ref: Popular News

-----------------------------------------------------------------------------------------------------------------------------------

ဆူးလေစေတီတော် ပတ်လည်ရှိ ဈေးဆိုင်ခန်းခဈေး သုံးဆမြင့်တက်

ရန်ကုန်မြို့လယ်၊ ကျောက်တံတားမြို့နယ်တွင် တည်ရှိသော ဆူးလေစေတီတော်ဘေးပတ်လည်ရှိ ဆိုင်ခန်းခ များသည် ယခင်ဈေးထက် သုံးဆမြင့်တက်သွားကြောင်း သိရသည်။

ဆူးလေစေတီတော် ပတ်လည်တွင် ဆိုင်ခန်းပေါင်း ၄၂ ခန်းရှိရာ ယင်းဆိုင်ခန်းငှားရမ်းခအဖြစ် တစ်လလျှင် နှစ်သောင်းကျပ် ကျသင့်ရာမှ စက်တင်ဘာလမှ စတင်ကာ ခြောက်သောင်းကျပ်အထိ တိုးမြှင့်ကောက်ခံလိုက်ကြောင်း ဓာတ်ပုံဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်တစ်ဦးက ပြောသည်။

“ဆိုင်ခန်းခမပေးဘူးဆိုရင် ဆိုင်ကိုချိတ်ပိတ်ပြီး လေလံပြန်ပစ်မယ် ပြောတယ်”ဟု ယင်းကဆိုသည်။

ဆူးလေစေတီတော် ဂေါပကအဖွဲ့မှ ယင်းကဲ့သို့ ညွှန်ကြားသဖြင့် ဆိုင်ခန်းနေရာပျောက်မည်ကို စိုးရိမ်သည့် ဆိုင်ခန်းပိုင်ရှင်များ စုဝေး၍ တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ပြသော်လည်း ၎င်းတို့နှင့်မဆိုင်ကြောင်း ငြင်းဆိုသည်ဟု သိရသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာမှမလုပ်ပေးနိုင်တာ ကျွန်တော်တို့ လခတိုးပေးဖို့ပဲ ရှိတော့တာပေါ့”ဟု ဗေဒင် ဟောခန်းဖွင့်ထားသူတစ်ဦးက ဆိုသည်။

ယင်းဆိုင်ခန်းများငှားရမ်းကာ အသက်မွေးဝမ်းကျောင်း ပြုနေရသူတစ်ဦးက “ဒီမှာနေတာကြာပြီ ဒီနေရာက မြို့လယ်ကောင်မှာ ရှိပေမယ့် ရောင်းအားကောင်းတဲ့ နေရာမဟုတ်တော့ ဒီလိုဆိုင်ခန်းခ တိုးတောင်းလိုက်တာဟာ ကျွန်တော်တို့ကို အကျပ်အတည်းတွေ့စေပါတယ်”ဟုပြောသည်။

ဆိုင်ခန်းခများတိုးမြှင့်ပေးရသည့် အပြင် ရေမီတာခ၊ လျှပ်စစ်မီတာဖိုးနှင့် စေတီတော် ရန်ပုံငွေများကိုပါလစဉ် ပေးဆောင်နေရကြောင်းသိရသည်။

YC(KS)

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

တိုင်းပြည်အကျိုးဆောင်ရွက်ရာ၌ နစ်နာသည်ဟု စိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင်များသည် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး၊ ယုံကြည်ချက်အတွက် လုပ်ဆောင်ရာတွင် အနစ်နာခံရသည် ဟူသော အတွေးကိုစိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ လက်စားချေခြင်တဲ့စိတ်တွေ မကျေနပ်တဲ့စိတ်တွေတစ်ခါတည်းပေါ်လာမှာ မို့လို့ပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စက်တင်ဘာ ၂၇ရက်နေ့တွင် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်တွင်ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃နှစ် ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

၎င်းအပြင် ၂၃နှစ်တာကာလအတွင်း အဖွဲ့ချုပ်သည် အာဏာပိုင်များ၏ နည်းမျိုးစုံ ဒုက္ခပေးမှုကို ကောင်းကောင်း ခံခဲ့ကြရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

“ကျွန်မတို့ဟာ တလျှောက်လုံးသတ္တိကို လိုအပ်ခဲ့သူတွေပါ အင်မတန်မှခံခဲ့ရတဲ့ အဖွဲ့ချုပ်ပါ အမျိုးမျိုးဒုက္ခတွေကို ခံခဲ့ရပါတယ် ဒါပေမဲ့ဒီလိုခံခဲ့ရပေမဲ့ ကျွန်မကတော့ အကြံတစ်ခုပေးချင်တယ် ကျွန်မကိုယ်တိုင်ကလည်း ဒီလိုခံခဲ့တာကို အနစ်နာခံတယ်လို့ မခံယူပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD သည်စတင်တည်ထောင်စဉ်ကတည်းက ညီညွတ်ရေး၊ စည်းကမ်းရှိရေးနှင့် သတ္တိရှိရေးတို့ကို ရှေးရှုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ညီညွှတ်မှုကို စည်းကမ်းနဲ့ ထိန်းကြရမည်၊ စည်းကမ်းဘောင်အတွင်း၌ လုပ်ဆောင်နိုင် သူများသာ ညီညွတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိမိရွေးချယ်ခဲ့သော လမ်းကြောင်းကိုကြေနပ်ကြောင်း၊ ခံခဲ့ရသည်များသည် မိမိရွေးချယ်မှုကြောင့် ခံခဲ့ရသည်ဖြစ်သည့် အတွက် နစ်နာခံရသည်ဟု မခံယူခဲ့ကြောင်းပြောကြားသွားခဲ့သည်။

                                                                                             Peace Press

-----------------------------------------------------------------------------------------------------------------------------------

မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ လူထုဆန္ဒခံယူပွဲ ပြုလုပ်ရန် NDF တိုက်တွန်း

အမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်ကုမ္ပဏီတစ်ခု ဖြစ်သည့် CPI တို့ပူးပေါင်းလုပ်ဆောင်နေသည့် မြစ်ဆုံ၊ မြစ်ဝှမ်း၊ မြစ်ညှာ စီမံကိန်းအား လူထုဆန္ဒခံယူပွဲ တစ်ခုပြုလုပ်ကာ ဆက်လက် လုပ်ကိုင်ရန် သင့်/မသင့်ကို ညှိနှိုင်း ဆုံးဖြတ်သင့်ပါကြောင်း NDF ပါတီမှ တာဝန်ရှိသူ ဦးခင်မောင်ဆွေက ဆိုသည်။

စက်တင်ဘာ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဧရာဝတီ မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်း ကိစ္စကို စဉ်းစားဆုံးဖြတ်ရာတွင် လွှတ်တော်၏ သဘောထား အဆုံးအဖြတ်သာမက မြန်မာပြည်အရေး၊ အမျိုးသားအရေး ဖြစ်ပါသဖြင့် ပြည်သူလူထုအားလုံး၏ ဆန္ဒကို တိုက်ရိုက်ခံ ယူခြင်းနည်းဖြင့် ဆောင်ရွက်သင့်သည့်အပြင် လူထုဆန္ဒပွဲ ဆောင်ရွက်ရန် မဖြစ်နိုင်သေးပါကလည်း ဤကြားကာလတွင် အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားသင့်ပါကြောင်း အလေးအနက် တိုက်တွန်းကြေငြာအပ်ပါသည်ဟု ပါရှိသည်။

“ကျွန်တော်တို့ နိုင်ငံရေးပါတီတွေက ပြည်သူလူထုရဲ့ ဆန္ဒကို ထင်ဟပ်စေမယ့်  ကိစ္စရပ်တွေကို လုပ်ဆောင်ဖို့ တာဝန်အပြည့်အဝရှိတဲ့အတွက် ဒီမြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနဲ့ ဆက်စပ်တဲ့ ကြေငြာချက်ကို ထုတ်ပြန်လိုက် ရတာ ပါ”ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ပါဝင်သည့် ဒီမိုကရေစီ မိတ်ဆွေပါတီများ အစုအဖွဲ့ကလည်း ယခုလ ၂၁ရက်နေ့တွင် ထုတ်ပြန်သော ဧရာဝတီမြစ်နှင့် ပတ်သက်သည့် ကြေငြာချက်တွင်လည်း မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း အား ပြင်ပပညာရှင်များ ဖြင့် စစ်ဆေးပါရန် တိုက်တွန်းထားသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပြည်သူများ ယုံကြည်ကိုးစားသော တရားစီရင်ရေးကဏ္ဍ ဖြစ်လာစေရန် အရေးယူဆောင်ရွက်နေ

              တရားစီရင်ရေးကဏ္ဍတွင် တာဝန်ထမ်းဆောင်နေသူများအား ပြည်သူတစ်ရပ်လုံး၏ ယုံကြည်အားထားမှု ခံယူထိုက်သည့် တရားသူကြီး ကောင်းများ၊ ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဆောင်ရွက်လျက် ရှိသည်ဟု ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်း ဦးက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က တရားစီရင်ရေးကဏ္ဍတွင် သန့်ရှင်းရေးအတွက် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုပါကြောင်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။

တရားရုံးအဆင့်ဆင့်တွင်   လာဘ်ပေးလာဘ်ယူမှုများ၊  အဂတိလိုက်စားမှုများမရှိရန် ကြိုတင်ကာကွယ်မှုနှင့် အရေးယူမှုဟူ၍ အပိုင်းနှစ်ပိုင်းနှင့် ဆောင်ရွက်လျက်ရှိပြီး တရားစီရင်ရေးကဏ္ဍတွင် တာဝန်ယူဆောင်ရွက်နေသူများ၊ တာဝန်ရှိသူများက လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု မကျူးလွန်နိုင်စေရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ  ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးကို အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ပါကြောင်း၊ အမှုမှန်ကန်မြန်ဆန်ရေးကို ထိခိုက်စေသည့် လုပ်နည်းလုပ်ဟန်၊ တာဝန်ယူခြင်းကင်းမဲ့မှု၊ အဂတိလိုက်စားမှု၊အကျင့်ပျက်မှုတို့ ပေါ်ပေါက်ပါက ကျူးလွန်သူကို သာမက အနီးကပ်ကြီးကြပ်သူကိုပါ   အရေးယူဆောင်ရွက်သွားမည်   ဖြစ်ပါကြောင်းဖြင့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြန်လည် ဖြေကြားသွားခဲ့သည်။

ယခုကဲ့သို့ တရားရုံးများတွင် တာဝန်ယူဆောင်ရွက်နေသော တရားသူကြီးများ၊ ဝန်ထမ်းများက မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်လာလျှင် အမှုများကြန့်ကြာခြင်း၊ အဂတိလိုက်စားခြင်းများ မရှိတော့ဘဲ ဒီမိုကရေစီ နိုင်ငံတော်အဖြစ် တည်ဆောက်နေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် တရားစီရင်ရေး အခန်းကဏ္ဍကို ပြည်သူများ သက်ဝင်ယုံကြည်မှု ရှိလာမည် ဖြစ်သည်။

YC

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

မေး- တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့၊ တိုင်းပြည်မှာ ဒီမိုကရေစီ ထွန်းကားမှုနဲ့ ဘယ်ဟာက အရင်ကျသလဲဆိုတာ ပြောကြတာတွေ ရှိတယ်။ အစ်မအနေနဲ့ ဘယ်လို မြင်ပါသလဲ။

ဖြေ- လက်တွဲသွားရမှာပေါ့။ ဒီလိုဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီကိုခွဲပြီး လုပ်တယ်ဆိုတာ ဒါဟာသဘာဝမကျတဲ့ ခွဲခြားမှုပါ။ ဒါက ခွဲခြားမယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ ခွဲခြားမှုပဲ။ တကယ်တော့ ခွဲခြားလို့မရပါဘူး။ တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုး တိုးတက်မှု ဆိုတာ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်နဲ့ အများကြီး ဆိုင်တယ်။ ဒီနိုင်ငံရေး စနစ်ဆိုတာ ဒီမိုကရေစီဟုတ်လား မဟုတ်လား ဆိုတဲ့ စကားတွေက ပြောလာတာပေါ့။ ကျွန်မတို့က ဒီမိုကရေစီစနစ်က ဖွံ့ဖြိုးတိုးတက်မှုကို အားပေးတယ်လို့ ဘာလို့ ယုံ သလဲဆိုတော့ ဒီမိုကရေစီစနစ်မှာဆိုရင် အရေးကြီးဆုံး ကိစ္စတစ်ခုက တာဝန်ယူမှု (Accountability) ပေါ့။ မြင်သာမှု (transparency) ပေါ့။ အဲဒါတွေ ရှိရမယ်။ အဲဒီဟာတွေက ဖွံ့ဖြိုးမှုအတွက် အရမ်းအရေးကြီးတယ်။

စက်တင်ဘာ ၂၉ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၂) တွင်ပါသည့် “ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခြင်း” မှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“သဘာဝပတ်ဝန်းကျင်အတွက် ခင်ဗျားတို့(လုပ်ငန်းရှင်)တွေ အမြတ်ငွေထဲကနေ သတ်သတ်မှတ်မှတ် သုံးစေချင်တယ်” ဟု မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစိုးသိန်းက ပြောသည်။

ထိုကဲ့သို့ လုပ်ဆောင်ရာတွင် မိမိစက်ရုံဧရိယာထဲတွင်သာမက စက်ရုံဝန်းကျင်တွင်ပါ သစ်ပင်များ စိုက်ပျိုးကာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ အနီးဝန်းကျင် ဒေသကျေးရွာများ၏ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး ကိစ္စများကို ပိုမို လုပ်ဆောင်သွားရန်လည်း လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။

“နိုင်ငံတကာမှာ လုပ်ငန်းရှင်တွေက Coporate Social Responsibility ဆိုတဲ့ လုပ်ငန်းက အမြတ်ထဲကနေ လူမှုရေး၊ စီးပွားရေးနဲ့ ပညာရေးလုပ်ငန်းတွေ အတွက် ရာခိုင်နှုန်းတစ်ခုသတ်မှတ်ပြီး လုပ်ပေးတာ ခေတ်စားတယ်။ ဒီမှာတော့ အားနည်းနေသေးတယ်” ဟုလည်း ၎င်းကပြောသည်။

စက်တင်ဘာ ၃၀ ထုတ် မြန်မာတိုင်းမ် အတွဲ (၂၇) အမှတ် (၅၃၇) တွင်ပါသည့် “ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများ ထည့်သွင်းစဉ်းစားရန်လို” သတင်းမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဒါကတကယ်ဖြစ်လာမှာနော်။ ကိုယ့်ဘက်က အရင်းအနှီးမပြည့်စုံရင် ကိုယ်ကသူတို့အလုပ်သမား ဖြစ်ကိုဖြစ်သွားမှာ။ ဒီမှာ လိုနေတာက လုပ်ငန်းရှင်တွေ အတွက်ငွေပဲ။ ဒါက အစိုးရပိုင်းရော၊ ဘဏ်ပိုင်းကရော ထောက်ကူပေးသင့်တယ်။ အခု လုပ်ငန်းရှင်တွေက တော်တော်လေးနွမ်းနေကြပါပြီ။ ရောက်လာမယ့် သူတွေကို ယှဉ်ပြိုင်ဖို့ မဆိုထားနဲ့၊ မီအောင်လိုက်ဖို့ တောင် အားကမရှိသေးပါဘူး”

စက်တင်ဘာ ၂၉ ထုတ် POPULAR NEWS အတွဲ (၃) အမှတ် (၃၈) တွင်ပါသည့် “အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ ဝင်ရန် မြန်မာ အဆင်သင့်မဖြစ်သေး” သတင်းမှ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦး၏ ပြောကြား ချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ဘဏ်စာရင်းတစ်ခုကို နေ့ချင်းပြီး ဖွင့်လှစ်ပေးသွားမယ်။ ဘဏ်စာရင်းဖွင့်ရင် ဓာတ်ပုံနှစ်ပုံနဲ့ သတ်မှတ်ထားတဲ့ စာရွက် စာတမ်းတွေတော့ပါရမယ်” ဟု မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)နှင့် မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်မှုဘဏ် (MICB) အသိုင်းအဝိုင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

မော်တော်ယာဉ်တင်သွင်းခွင့်ပြုရာတွင်လည်း ပစ္စည်းမရောက်မီ ငွေကြိုပေးရသည့်စနစ်အတိုင်း LC စနစ်ဖြင့်တင် သွင်းခွင့် ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အန်နင်အတွက် အကောင့်ထရန်စဖာကိုတော့ လက်ရှိစနစ်အတိုင်း ပြု လုပ်ပေးသွားမယ်” ဟု ယင်းက ဆက်လက်ပြောသည်။

စက်တင်ဘာ ၂၉ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၃၇) တွင်ပါသည့် “ကားတင်သွင်းရန် ဘဏ်စာရင်းမရှိ သူများ MFTB နှင့် MICB ဘဏ်များတွင် ဘဏ်စာရင်း စတင်ဖွင့်ခွင့်ပေးပြီ” သတင်းမှ ကောက်နှုတ်ချက်

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဆောင်းပါးကဏ္ဍ

ရွေးချယ်စရာ မရှိတော့ပါ

မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ခေတ်မီ၍ ဖွံ့ဖြိုးတိုးတက်ရန် စိတ်အားထက်သန်မှုမှာ နိုင်ငံသား အားလုံး၏ စိတ်ထဲတွင် ကိုယ်စီကိုယ်စီ ကိန်းဝပ်နေပြီးသားဖြစ်ပါသည်။ အိမ်နီးချင်း ထိုင်း၊ ဗီယမ်နမ်တို့သည် ရှေ့က အာရှ ကျားများဖြစ်သော စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်ကဲ့သို့ပင် ၎င်းတို့၏ ထုတ်ကုန်များကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် နေရာယူနိုင်သည်အထိ ဖြစ်ထွန်းတိုးတက်မှုများရှိလာခဲ့သည်။ များမကြာမီနှစ် များကလည်း အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများဟု ဆိုရလောက်သည့် ကမ္ဘာဒီယားနှင့် လာအိုတို့မှာ ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။ ဤသို့ဖြင့် အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံမှာကော ဖွံ့ဖြိုးရေးလမ်းကြောင်းပေါ် ရောက်နေပြီလော၊ တိုးတက်ဖွံ့ဖြိုးရန်လမ်းစများ ပေါ်နေပြီလောဟု မေးစရာရှိလာပါသည်။ ဤအမေးကို အဖြေပေးဖို့ဆိုလျှင် ယခု လက်ရှိ ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး အခြေအနေများနှင့် ပြည်ပမှ ရေးရာအခြေအနေများကို ရှေ့ဦးစွာ လေ့လာသုံးသပ် လိုပါသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ သိမ်မွေ့သည်နှင့်အညီ အကိုင်မတက်လျှင် ရွှေပြည်သာ မျှော်တိုင်းဝေးနေပါဦးမည်။ ဒီမိုကရေစီ၏ အာဏာသုံးရပ်ခွဲခြားကျင့်သုံးပုံ၏ အနှစ်သာရကို player များက လှလှပပနှင့် အမျှော်အမြင်ရှိရှိအသုံးချတက်လျှင် နိုင်ငံတွင်း ဖြစ်ပေါ်လာနိုင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးလှုပ်ရှားမှုများကို အခြေ ခံဥပဒေဘောင်အတွင်းကပင် ငြိမ့်ငြိမ့်ညောင်းညောင်းဖြေရှင်းသွား၍ ရနိုင်ပါသည်။ ယခုလောလောဆယ်တွင် ဖြစ်ပေါ် နေသော မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို ကြည့်ပါ။ အုပ်ချုပ်ရေးဘက်မှ ပြည်သူအများ၏ဆန္ဒကို လစ်လျူရှု၍ ဆက်လက် အကောင်အထည်ဖော်မည်ဟု မည်သို့ပင်ပြောဆိုစေကာမူ လွှတ်တော်မှ နိုင်ငံတွင် မလိုလားအပ်သော မတည်ငြိမ်မှုများ မဖြစ်ပေါ်လာစေရန် စီမံကိန်း ဆက်လက် လုပ်ဆောင်ရန် သင့်၊ မသင့်ကို မဲခွဲဆုံးဖြတ်နိုင်ခွင့်ရှိလေသည်။ ဤသည်ပင်လျှင် ဒီမိုကရေစီ၏ အားသာချက် ဖြစ်ပါလိမ့်မည်။ သို့သော် ဒီမိုကရေစီ အားနည်းချက်များ လည်းရှိနေပါသေးသည်။ ဒီမိုကရေစီ စနစ်ဆိုသည်မှာ Stake holder အားလုံး၏ အသံကို နားထောင်နိုင်အောင် လမ်းကြောင်းများဖွင့်ထားသည်ပင်ဖြစ်လေရာ အသံဗလံတွေ ဆူညံပြီး ဟုန်ထွက်သွားသည်မျိုးလည်းရှိပါသည်။ ဥပမာအားဖြင့် ယခုတလော တွေ့ကြုံနေရသည့် ငွေလဲနှုန်း ပြဿနာမျိုးဖြစ်လေသည်။ ငွေလဲနှုန်းပြဿနာမှာ ယခု အစိုးရလက်ထက်မှမဟုတ် ယခင် အစိုးရလက်ထက် ကတည်းက လက်တွေ့မကျသည့် အစိုးရ၏ ချိတ်နှုန်းကို ပြင်ဆင်သင့်ကြောင်း ပညာရှင်များ၊ စီးပွားရေးသမားများက ပြောဆိုခဲ့ပြီးဖြစ်လေသည်။ ယခုအခါ ယင်းကိုပင် အကြီးကြီး ပြင်ဆင်ပြောင်းလဲရမည့် ကိစ္စသဖွယ် ဘဏ္ဍရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်မှ တာဝန်ရှိသူများ၏ အကြိမ်ကြိမ် ပြောဆိုခဲ့လေသည်။ ဒေါ်လာဈေးတက်မှုနှင့် ကျမှုများသည်လည်း ယင်းကဲ့သို့ မူဝါဒချမှတ်သူများ၏ ပြောဆိုမှုများအပေါ် လိုက်၍ ပြောင်းလဲမှုများ ရှိနိုင်ကြောင်းကို သိရှိခဲ့ဖို့ ကောင်းပါသည်။ ဤနေရာ၌ လွှတ်တော်၏ အခန်း ကဏ္ဍမှာ အလွန်အရေးကြီးပါသည်။ လွှတ်တော်တွင် စီမံကိန်းများနှင့် ဘဏ္ဍရေး ဖွံ့ဖြိုးတိုးတက်မှုကော်မတီကို ဖွဲ့စည်း ထားပြီးဖြစ်လေရာ ယင်းကော်မတီမှ ကော်မတီဝင်များက အုပ်ချုပ်ရေးဘက်မှ ချမှတ်အကောင်အထည်ဖော်မည့် မူဝါဒများကို ကြားနာခြင်း၊ စစ်ဆေးခြင်းများကို ပြုလုပ်၍ လိုအပ်သည့် ဥပဒေများ ကိုရေးဆွဲ၊ ပြင်ဆင်သင့်သည့် ဥပဒေများကို ပြင်ဆင်အစရှိသည်တို့ကို ပူးပေါင်းလုပ် ဆောင်၍ မြန်မြန်ဆန်ဆန် အကောင် အထည်ဖော်ဖို့ အထူး လိုအပ်ပါသည်။

ဒီမိုကရေစီတွင် လွှတ်တော်တွင်းနိုင်ငံရေးသာ ပါဝင်နေသည်မဟုတ်ဘဲ လွှတ်တော်ပြင်ပနိုင်ငံရေးသည်လည်း နိုင်ငံရေးဖြစ်စဉ်တွင် ဒွန်တွဲပါဝင်နေသည်ချည်းဖြစ်သည်။ လွှတ်တော်ပြင်ပနိုင်ငံရေးဆိုသည်မှာ တစ်နည်းနည်းဖြင့် လွှတ်တော်တွင်းနိုင်ငံရေးအပေါ် သက်ရောက်မှုများ ရှိနိုင်ပါသည်။ စက်တင်ဘာ ၂၆ ရက်နေ့က ရွှေဝါရောင်သံဃာ အရေး အခင်း (၄) နှစ်မြောက်နေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုပေါင်းကာ စီတန်းလှည့်လည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ ယင်း၏ အကျိုးဆက်အဖြစ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေးတော့မည်ဖြစ်သည်။ ယခင်တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဆိုပါက အစိုးရတရပ်၏ တရားဝင်မှုများသည် လည်း မေးခွန်းထုတ်စရာပင် ဖြစ်လာတော့မည်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ စီတန်း လှည့်လည်ခွင့်များ ပေးထားသည် ဖြစ်ရာ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းအသေးစိတ်ကို သတ်မှတ်ပြဋ္ဌာန်းရန် လိုအပ်လာ လေပြီဖြစ်သည်။ ဤသည်ပင်လျှင် လွှတ်တော်ပြင်ပနိုင်ငံရေး၏ အကျိုးသက်ရောက်မှု ဖြစ်လေသည်။

                ပြည်ပရေးရာ အခြေအနေများသည်လည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သွက်လက်မြန် ဆောင်အောင် ပြုလုပ်ပေးသည့် အရာများပင်ဖြစ်သည်။ အထူးသဖြင့် ၂၀၁၅ တွင် ဖြစ်ပေါ်လာမည့် အာဆီယံ စီးပွားရေး အသိုက်အဝန်း (Asian Economic Community) မှာ အစိုးရသစ်၏ မူဝါဒချမှတ်သူများအပေါ် အာရုံစိုက်လာရမည့် အရေးကိစ္စပင် ဖြစ်ပါ သည်။ ယခင်လို သဘာဝသံယံဇာတတစ်ခုတည်းသာ အားပြုသည့် စီးပွားရေးစနစ်ဖြင့် ဆက်လက်ရပ်တည်၍ ရနိုင်တော့ မည်မဟုတ်။  အခြားရွေးချယ်စရာ (best alternative) လည်းမရှိတော့ပေ။ သို့နှင့် AEC ကိုရင်ဆိုင်ဖို့ရန် အချိန်နှင့် တစ်ပြေးညီ မည်သို့ပြင်ဆင်ထားရမည်နည်းဆိုသည် မှာ ဆွေးနွေးလို့ကောင်းသည့် မူဝါဒရေးရာ ကိစ္စရပ်ကြီးပင်ဖြစ်ပါသည်။ အမှီအခိုကင်းသည့် ဗဟိုဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်း၊ ဘဏ်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ခေတ်နှင့်အညီ ပြင်ဆင်ခြင်း၊ အာမခံဥပဒေ သစ်များကို ပြင်ဆင်ပြ ဋ္ဌာန်းခြင်း၊ ဉာဏဆိုင်ရာမူပိုင်ခွင့်ဥပဒေအပါအဝင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေများကို ပြဋ္ဌာန်းခြင်း အစရှိသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများကို စနစ်တကျ တည်ဆောက်ပြီးဖြစ်ရပါလိမ့်မည်။ သို့မှသာ ACE ဖွံ့ဖြိုးရေး ဂိမ်းကြီးထဲတွင် မြန်မာနိုင်ငံမှ လှလှပပနှင့် သက်လုံကောင်းကောင်းကစားနိုင်မည် ဖြစ်ပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာလူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရန် လူ့အဖွဲ့အစည်းဝင် နိုင်ငံသားများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အသီးသီး၌ စွမ်းဆောင်အောင်မြင် လုပ်ဆောင်လိုစိတ်မှာ အဓိက ကျပါသည်။ ထိုအတွက်ကြောင့် မူဝါဒချမှတ်သူများအနေဖြင့် ပြည်သူများ၏ အလုပ်လုပ်လိုစိတ်ကို နှိုးဆွပေးနိုင်သည့် မူဝါဒများကို ချမှတ်အကောင်အထည် ဖော်ခြင်းဖြင့် ပို၍ပီပြင်သည့် ဒီမိုကရေတစ် လူ့အဖွဲ့အစည်းတရပ်ကို အမိမြန်မာမြေပေါ်တွင် တင့်တင့်တယ်တယ်ကြီး ပေါ်ထွန်းလာနိုင်မည်ဟု ယုံကြည်ပါကြောင်း………။

××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs