Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
yangonchronicle2011

၂၉.၁၀.၂၀၁၁

ပြည်တွင်းသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပြပွဲ ကျင်းပမည်
  2. ပခုက္ကူရေဘေး ကိုးရက်ကြာသည်အထိ အကူအညီမရသဖြင့်  ရွာအချို့ဆန်ပြုတ်သောက်နေရ
  3. ပြည်တွင်းရေနံလုပ်ကွက်လုပ်ကိုင်ရန် ဥရောပကုမ္ပဏီအချို့ စိတ်ဝင်စားလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်တွေ့မည်
  2. အကျဉ်းထောင် ၁၂ ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ပြီးဟုဆို

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

ဆောင်းပါးကဏ္ဍ

  1. ရိုဟင်ဂျာပြဿနာနှင့် မြန်မာ့နိုင်ငံရေး

************************************************************************************

ပြည်တွင်းသတင်းများ

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် လွတ်လပ်ခြင်း အနုပညာ ရုပ်ရှင်ပြပွဲ ကျင်းပမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် The Art of Freedom film Festival အမည်ရှိ ရုပ်ရှင်ပွဲတော်ကို ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလတွင် ကျင်းပမည် ဖြစ်ကြောင်း ဦးဇာဂနာက ဆိုသည်။

အဆိုပါရုပ်ရှင်ပွဲတော်၏ ဆုပေးပွဲကို ၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပမည် ဖြစ်ပြီး၊ လွတ်လပ်ခြင်း၏ အနှစ်သာရကို ဖော်ကျူးထားသည့် မှတ်တမ်းရုပ်ရှင်ကားများကို ဦးစားပေး၍ ပြိုင်ပွဲဝင်စေလိုကြောင်း၊ ယင်းပြိုင်ပွဲတွင် ပါဝင်ပြသရာတွင် ပြိုင်ပွဲဝင်သည့် ရုပ်ရှင်ကား အမျိုးအစားနှင့် ပြိုင်ပွဲမ၀င်ဘဲ ပါဝင်ပြသသည့် ရုပ်ရှင်ကား အမျိုးအစားဟူ၍ နှစ်မျိုးရှိကြောင်း သိရသည်။

 “Competition ရယ် Non-Competition ရယ်ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။ ရုပ်ရှင်ကားတစ်ကားကို တစ်မိနစ်ကနေ တစ်နာရီအတွင်းပဲ ကြာမြင့်ရမှာပါ”ဟု ကိုဇာဂနာက ဆိုသည်။

လွတ်လပ်ခြင်းအပေါ် ဖွင့်ဆိုမှုကို အခြေခံ၍ ရိုက်ကူးဖန်တီးထားသည့် ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် မြန်မာပြည်သူများအကြား လွတ်လပ်ခြင်း၏ အနှစ်သာရနှင့် အတွေးအခေါ် အယူအဆများ ပြန့်နှံ့စေရန် ရည်ရွယ်၍ ယင်းရုပ်ရှင်ပွဲတော်ကို ကျင်းပခြင်း ဖြစ်ကြောင်း လူရွှင်တော်ကိုဇာဂနာက ၎င်း၏ Facebook တွင် ဖော်ပြထားသည်။

ပြိုင်ပွဲဝင်ဇာတ်ကားများကို လူရွှင်တော် ဇာဂနာ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးတို့မှ ရွေးချယ်မည်ဖြစ်ကာ၊ ဆုရရှိသည့် ရုပ်ရှင်ကားများအတွက် ဆုတံဆိပ်၊ ငွေသားနှင့် ဂုဏ်ပြုလက်မှတ်ကို ဒေါ်အောင်ဆန်းစုကြည်မှ ကိုယ်တိုင်ချီးမြှင့်မည် ဖြစ်ပြီး၊ ယင်းရုပ်ရှင်ကားများကို နိုင်ငံခြားရုပ်ရှင်ပွဲတော်များကို တင်ပို့၍ ပြသရန် ရှိကြောင်း သိရသည်။

YC(KS)

-----------------------------------------------------------------------------------------------------------------------------------

ပခုက္ကူရေဘေး ကိုးရက်ကြာသည်အထိ အကူအညီမရသဖြင့် ရွာအချို့ဆန်ပြုတ်သောက်နေရ

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေဘေးကျရောက်ခဲ့သည်မှာ ကိုးရက်ခန့်ကြာမြင့်ခဲ့သော်လည်း အကူအညီ မရသေးသည့် ရွာများ ကျန်ရှိနေ သေးကြောင်း ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူ ရဟန်းပျိုတစ်ပါးက အောက်တိုဘာလ ၂၉ ရက်နေ့တွင် မိန့်ကြားသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယသမ္မတ ဦးစိုင်းမောက်ခမ်း၊ သမ္မတဦးသိန်းစိန်တို့ ဆက်တိုက်ရောက် ရှိလာသော်လည်း တန့်ကြည်တောင်ခြေနှင့် ပုံတောင်ပုံညာ တောင်ခြေ ယောချောင်းနှင့် ကျောချောင်းကြား ကျေးရွာသုံးဆယ်ခန့် ယခုအချိန်အထိ သက်ဆိုင်ရာမှ အကူအညီ မရသေးသဖြင့် ဆန်ပြုတ်သောက်နေရကြောင်း ယင်း ဆရာတော်က မိန့်ကြားသည်။

ပခုက္ကူမြို့၏ အနောက်တောင်ဖက် တန့်ကြည့်တောင်ခြေအနီးရှိ ဆင်လမ်းကြောင်း၊ ဒဲ့ဖျား၊ တောင်ရွာမ၊ မြောက်ရွာမ၊ ဥယျာဉ်စု၊ စညှောင်း၊ စသည့်ရွာများသို့ ကယ်ဆယ်ရေးအဖွဲ့များ မရောက်နိင်သေးကြောင်း အစိုးရ တာဝန်ရှိသူများသည် မြို့နှင့်နီးသည့် ရွှေချောင်းမှ ဒုက္ခသည်များထံကိုသာ အကူအညီများ ရောက်သေးကြောင်း အထွေထွေအုပ်ချုပ်ရေး ၀န်ထမ်းများသည် လူကြီးများ လာရောက်ကြည့်ရှုသည့် ခရီးစဉ်တွင် အချိန်ကုန် နေကြကြောင်း အညာဆောင်း ၀င်လာချိန်တွင် ကလေးငယ်များ ဖျားနာနိင်ကြောင်း ဥယျာဉ်စုရွာသားတစ်ဦးက ပြောကြားသည်။

“မယကတွေ ခယကတွေ အနားပြာလုပ်နေတယ် လူကြီးလမ်းကြောင်းအတွက်ပဲ ပြာယာခပ်နေတယ် တော်တော် စိတ်ပျက်ဖို့ ကောင်းတယ်” ဟု ၎င်းက ဆိုသည်။

ပခုက္ကူနှင့် ၄၇မိုင်ဝေးသည့် ပေါက်နယ်မြောက်ပိုင်း ယောချောင်နဲကျောချောင်း ကြားထဲက ရေပြာ၊ မိချောင်းတွင်း၊ ဘို့မယ်၊ မင်းခေါင်၊ ရှားခွကြီး၊ ရှားခွလေး၊ ညောင်းဝင်းပေါက်၊ ကျွန်းတော၊ သံပုရာရွာများတွင် နေအိမ်ခေါင်ဖျားထိ သဲများဖုံးနေကြောင်း ကျွန်းတောရွာသားတစ်ဦးက ဆိုသည်။

“ရွာမှာအိမ်ခြေ၁၄၀ လောက်ရှိတာ ၁၀၀လောက် ရေမြုပ်သဲဖုံးကုန်တယ် အသေအပျောက်တော့ သိပ်မများ ဘူး”ဟု ၎င်းကဆိုသည်။

အောက်တိုဘာလ ၁၉ရက်နှင့် ၂၀ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူခရိုင် ပခုက္ကူမြို့၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်၊ ဆိပ်ဖြူ မြို့နယ်တို့တွင် လူအသေအပျောက် ၁၀၆ဦး၊ အိမ်ခြေ၂၀၂၃လုံး ဘုန်းကြီး ကျောင်း ၅ကျောင်း ဆုံးရူံးခဲ့ကြောင်း အစိုးရ၏ မီဒီယာများတွင် ဖော်ပြပါရှိသည်။

သေခံများက သဲဖုံးသွားသည့်အလောင်းများရှိနိင်ပြီး တစ်ချို့ကို သန်ခေါင်စာရင်းမရှိ ပျောက်ဆုံးများကို ထည့်မတွက်ကြောင်း ယခုအချိန်အထိ ပျောက်ဆုံးလုပ်နေကြောင်း အနည်းဆုံး လူအသေပျောက် ၂၀၀ ခန့် ရှိနိင်သည်ဟု ဆိုသည်။

မိဖြူ

-----------------------------------------------------------------------------------------------------------------------------------

ပြည်တွင်းရေနံလုပ်ကွက်လုပ်ကိုင်ရန် ဥရောပကုမ္ပဏီအချို့ စိတ်ဝင်စားလျက်ရှိ

အစိုးရသစ်လက်ထက်မှ စတင်၍ ပြည်တွင်းရှိ ရေနံလုပ်ကွက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် ပြည်ပမှ ကမ်းလှမ်းထားသည့် ကုမ္ပဏီများတွင် ဥရောပကုမ္ပဏီအချို့ပါ ပါဝင်လာကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဥရောပကုမ္ပဏီအချို့မှ မြန်မာနိုင်ငံရှိ ရေနံလုပ်ကွက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် စူးစမ်းလေ့လာမှုများ လုပ်ဆောင်လျက် ရှိသော်လည်း မည်သည့် ကုမ္ပဏီဖြစ်သည်ဆိုသည်ကို အတိအကျမသိသေးကြောင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်တွင်းရေနံလုပ်ကွက်များတွင် ဝင်ရောက်လုပ်ကိုင်ရန် စူးစမ်းလေ့လာသော ပြည်ပကုမ္ပဏီ စုစုပေါင်း (၄၀) ကျော်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လစ်လပ်ကုန်းတွင်းရေနံလုပ်ငန်းများမှာ စာရင်းဇယားများအရ ကုန်းတွင်းရေနံလုပ်ကွက်အမှတ် RSF,I,G,H,IOR နှင့် EP တို့ဖြစ်ပြီး လုပ်ကွက်အမှတ် RSF မှာ ခြောက်ကွက်ခန့်ရှိကြောင်း သိရသည်။

ထိုသို့ မြန်မာ့ကုန်းတွင်းရေနံလုပ်ကွက်များတွင် လုပ်ကိုင်ရန် ပြည်ပကုမ္ပဏီများက ကမ်းလှမ်းမှုများရှိသော်လည်း သတ်မှတ်ချက်များဖြင့်သာ ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းကုမ္ပဏီများလုပ်ကိုင်လိုပါက ပြည်ပကုမ္ပဏီတစ်ခုခုနှင့် ပူးတွဲ၍ လုပ်ဆောင်ရန် သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် ပြည်ပရေနံကုမ္ပဏီများမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ခံစားရေး သဘောတူ စာချုပ်များအရ လုပ်ကိုင်နေခြင်းဖြစ်ပြီး ပြည်တွင်း ကုန်းတွင်းပိုင်းနှင့် ကမ်းလွန်ရေနံလုပ်ကွက်များတွင် လုပ်ကိုင်နေသည့် ပြည်ပရေနံကုမ္ပဏီ ၁၄ ခုခန့်ရှိကြောင်း သိရသည်။

                                                                                                                                        Ref:ကုမုဒြာ

************************************************************************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်တွေ့မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ အောက်တိုဘာ ၃၀ရက် နေ့လည် ၁နာရီတွင် ရန်ကုန်ရှိ နိုင်ငံတော် ဧည့်ဂေဟာ၌ စတုတ္ထအကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြည်နှင့် အကြိမ်ပေါင်းများစွာ တွေ့ဆုံခဲ့သော်လည်း ယခုနောက်ပိုင်း တွေ့ဆုံမှုများသည် တိုင်းပြည်အတွက် ပိုမိုအကျိုးရှိပြီး လက်တွေ့ဆန်သော တွေ့ဆုံဆွေးနွေးမှုမျိုးဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားသည်။

“သူနဲ့ပဲတွေ့ရတာထက် သမ္မတနဲ့တိုက်ရိုက်တွေ့ပြီး ဆွေးနွေးရတာက အကောင်ထည်ဖော်ရာမှာ ပိုမှန်တာပေါ့” ဟု ဦးတင်ဦးက ဆက်လက် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စကို ဦးအောင်ကြည်နှင့် တတိယအကြိမ် တွေ့ဆုံမှုတွင် ဆွေးနွေးခဲ့ရာ မပြီးပြတ် သေးသဖြင့် ယခုအကြိမ်၌ဆက်လက်ဆွေးနွေးသွားကြမည်ဟု မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။

၎င်းအပြင် နိုင်ငံရေးအကျဉ်းသားများ ဆက်လက်လွှတ်ပေးရန်ကျန်ရှိနေသေးသည့်အတွက် ယင်းကိစ္စကို ဆွေးနွေးနိုင်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် လာရောက်သွားသည့်အတွက် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားသည့် စီးပွားရေး ပိတ်ဆို့ထားမှု ကိစ္စများကို ဆွေးနွေးသွားနိုင်ကြောင်း အထက်ပါ လေ့လာသူက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကမှု ယခုအချိန်၌ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့ထားမှုများကို ရုတ်သိမ်းပေးရမည့်အချိန် မဟုတ်သေးကြောင်း ပြောကြားထားသည်။

ယခုအကြိမ် တွေ့ဆုံမှုသည် ၁၃ကြိမ်မြောက် ဦးအောင်ကြည်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ဘဝအဖြစ် ၉ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Peace Press

-----------------------------------------------------------------------------------------------------------------------------------

အကျဉ်းထောင် ၁၂ ထောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ပြီးဟုဆို

တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုရှိ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို  ထောက်ပံ့ကူညီ ဆောင်ရွက်မှုများ ဆောင်ရွက်ပြီး ဖြစ်ကြောင်း လူရွှင်တော်ဇာဂနာက ပြောကြားသည်။

“အကျဉ်းသားတစ်ယောက်ကို ငွေတစ်သောင်းရယ်၊ စားသောက်စရာတွေရယ်၊ စာအုပ်တွေရယ်၊ ပြီးတော့ သူတို့လွတ်လာရင် ဝတ်ဖို့အတွက် အကျီင်္ အသစ်တွေ သွားလှူဒါန်းပါတယ်”ဟု ယင်းက အတည်ပြုပြောဆိုသည်။

အဆိုပါ အစီအစဉ်၏ ပထမဆုံးခြေလှမ်းဖြစ်သည့် ပြည်၊ ပေါင်းတည်နှင့် သာယာဝတီ အကျဉ်းထောင်များရှိ နိုင်ငံရေး အကျဉ်းသားများကို သွားရောက်လှူဒါန်းပြီး ယင်းအစီအစဉ် အောင်မြင်သဖြင့် အခြားဒေသများရှိ အကျဉ်းထောင်များကို ဆက်လက်လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်လွတ်လာတာ တစ်လမပြည့်သေးဘူး၊ ဒီလိုဆက်လုပ်ရင် မကြာခင် အကျဉ်းထောင် ၁၂ ထောင် ပြည့်ပါလိမ့်မယ်”ဟု ကိုဇာဂနာက ဆိုသည်။

ဝေးလံသည့် ဒေသများရှိ အကျဉ်းထောင်များကိုမှု လူကြုံဖြင့် ပစ္စည်းပို့ဆောင်ခြင်းကိုသာ လုပ်ဆောင်နိုင်ကြောင်း လူရွှင်တော် စိန်သီးက ပြောကြားသည်။

“ကိုဇာဂနာ လုပ်ချင်တာကို ကျွန်တော်တို့က လူအား၊ ငွေအား စိုက်ထုတ်ရတာပါ၊ ဒီအစီအစဉ်မှာ အစ်ကိုကြီးက Player ပါ”ဟုဆိုသည်။

ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပို့ဆောင်ရာတွင် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူများက ကူညီကြကြောင်း သိရပြီး ဆက်လက်၍ လည်း ကူညီပေးကြပါရန် ကိုဇာဂနာက ဆိုသည်။

“ကျွန်တော်တို့လှူတာကို ထောင်မှာအကြီးဆုံးအရာရှိတွေ ကိုယ်တိုင် လက်ခံပေးပါတယ်၊ ပြီးတော့ အကျဉ်းသားတွေဆီက ကျွန်တော်တို့ လှူတာတွေကို ရရှိတယ်ဆိုတာ ချက်ချင်းအကြောင်းပြန်ပေးပါတယ်”ဟု ယင်းကဆိုသည်။

အောက်တိုဘာ ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်မြောက် ခဲ့ကြောင်း သိရှိရသည်။

YC(KS)

************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နှစ်ပေါင်း ၂၀ ကျော်မှာ မမြင်တွေ့ခဲ့တာတွေကို စပြီးအကောင်အထည်ပေါ်လာတာဆိုတော့ အားပါးတရ လက်ခံကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီဥပဒေက ပြဋ္ဌာန်းချက်ကျောရိုးအဆင့်ပါပဲ။ ဒါကို သမ္မတကြီးရဲ့ အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်တဲ့နေ့ရက်မှသာစပြီး အာဏာသက်ရောက်မှာ ဖြစ်ပါတယ်။ ဥပဒေတစ်ရပ် ပေါ်ပေါက်လာတာနဲ့ လိုက်နာကျင့်သုံးမယ့် ပြည်သူတွေကလဲ အဲဒီဥပဒေကို စည်းစနစ်တကျနားလည်ဖို့လိုတဲ့အတွက် အဆင်သင့် အသိပညာပေးတွေ လုပ်ရဦးမယ်။ ဒါမှလဲ လုပ်သားတွေဘက်က ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေး အခွင့်အလမ်းတွေကို တောင်းဆိုနိုင်မှာပါ။ ဥပဒေက ပြဋ္ဌာန်းလိုက်ပြီးဆိုတော့ ဒါကို ဘယ်လိုအသုံးပြုနိုင်မလဲဆိုတဲ့ အသိတရားပိုင်းကိုတော့ အားလုံးကရှိထားဖို့လဲ လိုတယ်”

အောက်တိုဘာ ၂၇ ထုတ် ရန်ကုန်တိုင်းမ် အတွဲ (၇) အမှတ် (၄၁) တွင်ပါသည့် “အလုပ်သမားဥပဒေသစ်ကြောင့် အလုပ်သမားများ ရပိုင်ခွင့် ရှိလာသော်လည်း ဒီမိုကရေစီနည်းလမ်းတကျ အသိပညာပေးလုပ်ငန်းများ လိုအပ်ဦးမည်ဟုဆို” သတင်းမှ နိုင်ငံတကာ ဥပဒေ အကြံပေး ပုဂ္ဂိုလ် ဦးသန်းမောင်၏ ပြောကြားအချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“အိမ်နီးချင်းနိုင်ငံတွေ မိမိတို့နိုင်ငံကို ကျော်သွားကြပြီဆိုတဲ့ စကားနဲ့ မိမိဟာ ပကတိအရှိတရားကို လက်ခံနိုင်စွမ်းရှိသူ တစ်ယောက်ဖြစ်ကြောင်း သက်သေပြခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်ဟာ ယုံကြည်ချက် အကျဉ်းသားလွှတ်ပေးရေးကိစ္စမှာ  တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့တာ ဘာကြောင့်လဲ။ ဖြစ်နိုင်ခြေတွေကတော့ အများကြီးပဲ။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်  ဒီကိစ္စမှာ  အစိုးရက ဒီလိုရပ်တည်လိုက်တာက ယုံကြည်မှု ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ (တနည်း) ပြည်သူလူထု၏ ယုံကြည်မှုကို  ပြန်လည်ရရှိရေး ကြိုးပမ်းနေတဲ့ အခုလိုကာလမျိုးမှာ အစိုးရအတွက် အနုတ်လက္ခဏာသာ ဖြစ်တယ်။ ဒီအမိန့်ကြေညာချက်က အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ဆောင်နေပါတယ်ဆိုတဲ့ အစိုးရရဲ့ စကားကို ပြည်သူတွေပိုပြီး သံသယပွား လာဖို့သာ ဖြစ်စေခဲ့တယ်။ အဲဒီအသံက အကျယ်လောင်ဆုံးဖြစ်တယ်ဗျ”

အောက်တိုဘာ ၂၇ ထုတ် Popular News အတွဲ (၃) အမှတ် (၂၇) တွင်ပါသည့် ဆောင်းပါးရှင် မောင်ဝံသ၏ “အနုတ်လက္ခဏာ မဖြစ်စေချင်ပါ” ဆောင်းပါးမှ ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“ပြန်ကြားရေးဝန်ကြီးဌာနမှာ မီဒီယာဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ရေးဆွဲနေတယ်လေ၊ အဲဒါနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေ ဂျာနယ်လစ်တွေနဲ့ မူကြမ်း ရေးဆွဲနေစဉ်မှာ တွေ့ဆုံပြီး အကြံဉာဏ်တွေ ယူသင့်တယ်ဆိုတဲ့ အပေါ်မှာ ဒါကို သက်ဆိုင်ရာ ဝန်ကြီးဌာနက လုပ်ရမှာလေ၊ သူတို့ မလုပ်ခဲ့သော် ဦးတို့ အနေနဲ့ကျတော့ ပြည်သူလူထုရဲ့ အခက်အခဲနဲ့ ခံစားချက်တွေကို ကြိုသိနိုင်အောင် ဦးတို့ကလည်း နားထောင်ထားတဲ့ သဘောပဲ၊ လုပ်ဖို့ မလုပ်ဖို့ကတော့ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာရဲ့ တာဝန်ပေါ့၊ ကိုယ့်ကော်မတီအနေနဲ့ကတော့ ကြိုသိနေနိုင်အောင်ပေါ့၊ သူတို့ မလုပ်ခဲ့ဘူးဆိုရင်တောင် ဒါကြီးကို အဲဒီမူကြမ်း လွှတ်တော်ထဲ ရောက်လာရင် ကျွန်တော်တို့တွေ ဝေဖန်နိုင်အောင်လေ၊ ပြင်သင့်တာ ပြင်နိုင်အောင် ရည်ရွယ်ချက်နဲ့ တွေ့ဖို့ စီစဉ်ဖြစ်တာပါ”

အောက်တိုဘာ ၂၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၂) အမှတ် (၆၆) တွင်ပါသည့် “ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုး တိုးတက်မှု ကော်မတီက မီဒီယာလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်” သတင်းမှ ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဝင် ဦးရဲထွန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

“Exchange Rate (ကျပ်ငွေနှင့် နိုင်ငံခြားငွေတရားဝင်လဲလှယ်နှုန်း) ကျွန်တော်တို့နိုင်ငံရဲ့ Monetary Policy မှာ အရေးကြီးတဲ့ ကိရိယာ တစ်ခုဖြစ်တော့ ဒီကိစ္စကို အထူးအလေးထားဆောင်ရွက်ဖို့ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ နိုင်ငံနဲ့ ပြည်သူ အကျိုးစီးပွားနဲ့ နေ့စဉ် လူနေမှုဘဝတွေမှာ ထိခိုက်မှုမရှိစေဖို့ ဦးစားပေးပြီး IMF နဲ့ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Exchange Rate Unification ကိစ္စဆောင်ရွက်ရင် FEC ရုပ်သိမ်းရေး ကိစ္စကလည်း အလိုအလျောက် ပါသွားမှာ ဖြစ်ပါတယ်။ ဒီလိုရုပ်သိမ်းတဲ့အခါမှာ FEC လက်ဝယ်ရှိတဲ့ နိုင်ငံသားများအနေနဲ့ နစ်နာမှုမရှိစေဖို့ FECအစား သူနဲ့ညီမျှတဲ့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ဖြစ်စေ(သို့မဟုတ်) အဲဒီ့အချိန်မှာ ရှိတဲ့ သတ်မှတ်ထားတဲ့ ကျပ်ငွေဖြစ်စေရှိမှာဖြစ်ပါတယ်။ နစ်နာမှုမရှိစေဖို့ အတွက်လည်း တာဝန်ယူဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”

အောက်တိုဘာ ၂၇ ထုတ် 7DAYS အတွဲ (၁၀) အမှတ် (၃၂) တွင်ပါသည့် “တရားဝင်နိုင်ငံခြားငွေလဲနှုန်း သတ်မှတ်ရန် နီးပြီလား” သတင်းမှ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

************************************************************************************

ဆောင်းပါးကဏ္ဍ

ရိုဟင်ဂျာပြဿနာနှင့် မြန်မာ့နိုင်ငံရေး

ယခုတလော အင်တာနက်စာမျက်နှာများတွင် ပြည်ပအသံလွှင့်အဖွဲ့အစည်းဖြစ်သည့် ဘီဘီစီမှ ရိုဟင်ဂျာလူမျိုးများကို ရခိုင်ပြည်နယ်တွင် နေထိုင်သော လူမျိုးတစ်မျိုးအဖြစ် ပုံဖော်ထုတ်လွှင့်ခဲ့မှုအတွက် ဝိုင်းဝန်းဝေဖန်နေသည့် ပိုစ့်များ၊ ကွန်မန့်များ နေ့စဉ်တွေ့လာရသည်။ မြန်မာ့နိုင်ငံရေး အကြောင်း အငြင်းအခုံမှ ရိုဟင်ဂျာ ပြဿနာဘက်သို့ လှည့်လာကြသည်။ စာရေးသူအနေဖြင့် ရိုဟင်ဂျာ ပြဿနာထက် ထိုနောက်ကွယ်က ဖြစ်ရပ်တွေကို ပိုပြီးစိတ်ဝင်စားသည်။ ရိုဟင်ဂျာ ပြဿနာမှာ မနေ့တနေ့ကမှ ပေါ်လာသည့် ပြဿနာမဟုတ်။ ဦးနေဝင်းလက်ထက်တည်းက ရှိလာသည့် ပြဿနာ၊ အဘယ့် ကြောင့် ယခုမှ အပြင်းအထန် ငြင်းခုံလာရသနည်း။

အမျိုးသားရေးဆိုသည်မှာ နိုင်ငံရေးတွင် အသုံးချ၍ အကောင်းဆုံးအရာဖြစ်သည်။ အမျိုး၊ဘာသာ၊ သာသနာကို စောင့်ထိန်းရမည်ဟူသော အစွဲမျိုးက လူမျိုးတိုင်းတွင်ရှိသည်။ ထိုအချက်ကို နိုင်ငံရေးသမားတွေ ကောင်းကောင်း အသုံးချသည်။ ထိုကိစ္စမျိုးကို ပြည်တွင်းရေးမှာ သုံးနိုင်သလို ပြည်ပနှင့် ပတ်သက်သည့် ကိစ္စ တွေမှာလည်း သုံးနိုင်သည်။ ဆိုရလျှင် အာရပ်တွေမှာ နဂိုမူလက သိပ်တည့်ကြသည်မဟုတ်။ ကိုယ့်နိုင်ငံနှင့်ကိုယ် စီးပွားရေးအရ ပြိုင်ဆိုင်နေရသည်။ ထိုအချိန်တွင် အာရပ်-အစ္စရေး ပြဿနာ ပေါ်ပေါက်လာသည်။ နောက်ဆယ်စုနှစ် သုံးခုခန့်အကြာတွင်  အာဖဂန် နစ္စတန်ကို ဆိုဗီယက်တပ်တွေကျူးကျော်လာသည်။ ထိုပြဿနာတွေက အာရပ်အားလုံး အထူးသဖြင့် မွတ်စလင်မ်အားလုံးအတွက် စုစည်းရမည့် အချိန် ရောက်ပြီဟူသော အိုင်ဒီယိုလိုဂျီ အစွဲအလမ်းကို သွတ်သွင်းရာရောက်သည်။ ထိုသို့ဖြင့် ဘာသာရေးကို အခြေခံသည့် အင်အားစုတွေ အာဏာရလာသည်။ အီရန်တွင် အယာတိုလာခါမေနီ အာဏာရလာခြင်းက ထိုအတွေးအခေါ်ကို ရေလောင်းပေါင်းသင်ပေးခဲ့သည်။ ထိုသို့ဖြင့် ယနေ့ အာရပ်ကမ္ဘာသည် ဘာသာရေး အစွန်းရောက်မှုများနှင့် ယင်း၏အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာသော ဒေါသပေါက်ကွဲမှုများနှင့် ရင်ဆိုင်နေရသည်။ ထိုပြဿနာတွေက အရှေ့ အလယ်ပိုင်းတွင်ပါ မပြီးဘဲ ကမ္ဘာအနှံ့ခြေဆန့်သွား၍ အစ္စလာမ်ဘာသာမှာ အကြမ်းဖက်တံဆိပ် အတပ်ခံရသည်။ ထိုသို့ဖြင့် အစ္စလာမ် ဘာသာဝင် တွေဆိုလျှင် အကြမ်းဖက်တွေအဖြစ်မြင်လာကြသည်။

မြန်မာနိုင်ငံတွင်လည်း ဘာသာရေးကို အသုံးချ၍ နိုင်ငံရေး အမြတ်ထုတ်ခဲ့တာတွေ ရှိသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနုသည် ကွန်မြူနစ်များ အာဏာရလာပါက သာသနာတော် ညှိုးနွမ်းလိမ့်မည်ဟု အကြောင်းပြ၍ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် ကြိုးပမ်းသည်။ အဓိကမှာ ရွေးကောက်ပွဲတွင် မဲရရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေး လေ့လာသူတွေ အားလုံးက သိကြသည်။ တစ်ဖက်မှာလည်း ဘုရားဒါယိကာ ဝန်ကြီးချုပ်သည် ရခိုင်ပြည်နယ်တွင် မဲရရှိရန် ရိုဟင်ဂျာတွေကို တရားဝင်ကြောင်း၊ လူမျိုးစုအခွင့်အရေးပေးမည် ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့သည်။ ယခုလတ်တလော ပြီးစီးသွားသည့် ၂၀၁၀ ရွေးကောက်ပွဲတွင်ပင် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက အစ္စလာမ်ဘာသာဝင်တွေကို ဗလီဆောက်ခွင့်ပြုမည်၊ မှတ်ပုံတင်ကိစ္စ ဆောင်ရွက်ပေးမည်ဟု အပေးအယူဖြင့် ကမ်းလှမ်း၍ အနိုင်ရရှိရန် လုပ်ဆောင်သွားခဲ့သည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေးတွင် လူမျိုးရေး၊ ဘာသာရေးကို အမြတ်ထုတ်ခြင်းသည် ယခင်ကလည်းရှိ၊ ယခုလည်း ရှိနေဆဲဟုသာ ဆိုရမည်ဖြစ်သည်။ သာသနာကို ထိန်းသိမ်းစောင့်ရှောက်သော အစိုးရ ဆိုပါက ၂၀၀၇ သံဃာ့ အရေးအခင်းတွင် သံဃာတွေ အဖမ်းခံရစရာ၊ အသတ်ခံရစရာ အကြောင်းမရှိပေ။ နိုင်ငံရေးနှင့် ဘာသာရေးက ဆန့်ကျင်ဘက် ဖြစ်သည်။ သို့ရာတွင် ဘာသာရေးကိစ္စကား နိုင်ငံရေးတွင် အသုံးတည့်သော လက်နက်တစ်ခုတော့ ဟုတ်နေပြန်သည်။

မကြာသေးမီကာလက မြစ်ဆုံပြဿနာ ရှိခဲ့သည်။ တစ်ဆက်တည်းမှာပင် တရုတ်ကျူးကျော်မှု ပြဿနာကို ပုံကြီးချဲ့ ပြောဆိုလာကြသည်။ တရုတ် ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ကြီးထွားလာကြသည်။ ထိုအခြေအနေမျိုးတွင် တရုတ်-မြန်မာအဓိကရုဏ်းက အချိန်မရွေး ထ၍ပေါက်နိုင်သည့် ပူပေါင်း ဖြစ်နေသည်။ တရုတ်သမ္မတ ဟူကျင်တောင်က သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာပြည်ရှိ တရုတ်အမျိုးသားတွေကို ကာကွယ်စောင့်ရှောက်ပါဟု မေတ္တာ ရပ်ခံသည်။ ဒီပလိုမေစီအရမူ တရုတ်တွေကို မထိနှင့်ဟု သတိပေးလိုက်ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် မြန်မာအစိုးရအနေဖြင့်  တရုတ်နှင့် ပြဿနာ အတက်မခံနိုင်။ မြစ်ဆုံပြဿနာကို ဖြေရှင်းပြီးသည့်တိုင် ရခိုင်မှ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို တင်ပို့ရတော့မည်ဖြစ်သည့်အတွက်  ရခိုင်ဒေသခံ တွေနှင့် နောက်ဝင်လာသည့် တရုတ်တွေ ပြဿနာအကြီးအကျယ် တက်နိုင်သည်။ ထို့ကြောင့် တရုတ်တွေနှင့် ပြဿနာမဖြစ်ခင် အငြိုးအတေးတွေ ရှိသည့် ရိုဟင်ဂျာ ပြဿနာကို မြားဦးလှည့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။ ဘင်္ဂါလီနှင့် ရခိုင်ကား အစဉ်အဆက် တည့်ခဲ့သည်မဟုတ်။ ထို့ကြောင့် နောက်ဝင်လာမည့် တရုတ်အန္တရာယ်ကို အသာထား၊ လတ်တလော ကျောင်းတော်က ရန်စရှိသည့် ဘင်္ဂါလီတွေဘက် မြားဦးလှည့်လာသည်။ ရခိုင်သာမဟုတ် မြန်မာလူထု တစ်ရပ်လုံး ရိုဟင်ဂျာပြဿနာဘက် ပါလာသည်။ ကိုးကွယ်ရာ ဘာသာခြင်း ခြားသဖြင့် ရန်သူလုပ်ရတာ ပိုလွယ်သည်။ တရုတ်ပြဿနာကို ခေတ္တ မေ့သွားကြသည်။

အမျိုးသားရေး အနေဖြင့်ရော သမိုင်းအမြင်အရပါ ကြည့်လျှင် ရိုဟင်ဂျာကို လက်ခံနိုင်စရာမရှိပါ။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုအနေဖြင့် လက်ခံနိုင်စရာမရှိပါ။ မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်တွေ အများအပြားရှိသည်။ အားလုံးသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုတွေနှင့် စုပေါင်း နေထိုင်ကြသည်။ အိမ်ထောင်ပြုကြသည်လည်း ရှိသည်။ အထူးသဖြင့် ဗမာတွေနှင့် ရောထွေးနေထိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့ကိုယ် ၎င်းတို့ ဗမာ မွတ်စလင်မ်၊ မြန်မာမွတ်စလင်မ်ဟု သုံးနှုန်းကြပြီး မြန်မာ့ဓလေ့ထုံးတမ်းကို လက်ခံကျင့်သုံးကြသည်။  မြန်မာ့သမိုင်းတလျှောက်တွင်လည်း ပခုက္ကူနယ်မှ အင်္ဂလိပ်ကို တော်လှန်ခဲ့သည့် ဗိုလ်ရာကွတ်၊ အာဇာနည်ကိုးဦးထဲမှ ဦးရာဇတ်နှင့် ရဲဘော်ကိုထွေး၊ မြန်မာ့လက်ဝှေ့ကျော် ကျားဘညိမ်း စသည်ဖြင့် ဗမာမွတ်စလင်မ်ဟု မြတ်မြတ်နိုးနိုး ခံယူခဲ့သူတွေရှိသည်။ ကျားဘညိမ်းဆိုလျှင် ဘင်္ဂလီလက်ဝှေ့ကျော်ကို သူ့မြေတွင် အနိုင်ထိုး၍ မြန်မာအလံကိုခြုံ၍ အောင်ပွဲခံခဲ့သည်။ ဆိုရလျှင် မြန်မာထဲ မွတ်စလင်မ်တွေသည် လူမျိုးစုကိစ္စနှင့် ပတ်သက်၍ အငြင်းပွားမှု လုပ်ခဲ့ခြင်းမရှိပေ။ မြန်မာလူမျိုး အစ္စလာမ် ဘာသာ အဖြစ်သာ ရောထွေးနေထိုင်ခဲ့သည်။ ထို့ကြောင့် ယခုမှ လတ်တလော ပေါ်ပေါက်လာသည့် ရိုဟင်ဂျာဆိုသည်မှာ မြန်မာမွတ်စလင်မ်များအတွက်ပါ အထူးအဆန်း ဖြစ်နေသည်။ မြန်မာမွတ်စလင်မ်တွေလည်း ထိုအမည်ကို တစ်ခါမျှ မကြားဘူးပေ။ သိလည်း မသိပေ။ မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတွင် ရခိုင်ဘက်မှ ဘင်္ဂလီအနွယ်များ၊ ဘူးသီးတောင် မောင်းတောဘက်မှ မွတ်စလင်မ်တွေကို အာရကန်ကုလား၊ ခေါ်တောကုလားဟု ခေါ်ကြပြီး ၎င်းတို့နှင့် ဆက်ဆံလိုခြင်း မရှိကြပါ။ ထို အာရကန်၊ ခေါ်တောများကို ရိုဟင်ဂျာဟု ခေါ်မည်ဆိုပါက မြန်မာမွတ်စလင်မ် အသိုင်းအဝိုင်းတွင်ပင် ရိုဟင်ဂျာကို လက်မခံကြောင်း သိနိုင်သည်။ ဗမာမွတ်စလင်မ် အစည်းအရုံးသည် မြန်မာမွတ်စလင်မ်များကို အာရပ်၊ အိန္ဒိယ၊ ပါကစ္စတန် ယဉ်ကျေးမှုများ ဝါးမြိုလာမှုကို ဆန့်ကျင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထို့ကြောင့် ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံတွင် ဘယ်တုန်းကမှ မရှိခဲ့။ အထူးသဖြင့် မြန်မာလူမျိုး အစ္စလာမ် ဘာသာဝင်တွေပင် လက်မခံသည့် အချက်ဖြစ်၍ ဘီဘီစီ၏ ဖော်ပြချက် လုံးဝမှားယွင်းကြောင်း သက်သေပြပြီး ဖြစ်သည်။ ရိုဟင်ဂျာကိစ္စကို ဘေးဖယ်၍ ကမ္ဘာပေါ်တွင် သန်းနှစ်ဆယ်ကျော် မျှသော နိုင်ငံပျောက်နေသည့် လူမျိုးစုများအကြောင်းကို စဉ်းစားကြည့်လျှင် မည်သည့်နိုင်ငံကမျှ လက်မခံ၍ တိုင်းပြည်တစ်ခုခုတွင် ခိုလှုံခွင့်ရရန် ကြိုးပမ်းနေသည့် လူမျိုးစုတွေ အများကြီးရှိသည်။ ထို့ကြောင့် ရိုဟင်ဂျာသည်လည်း ထိုအထဲက တစ်စုသာဖြစ်သည်။ မြန်မာနိုင်ငံကို ဝင်ရောက်ခွင့်ရရန် ကြိုးပမ်းနေခြင်းမှာ မြန်မာနှင့် နယ်နိမိတ်ချင်းဆက် စပ်နေ၍ ဖြစ်သည်။ ရိုဟင်ဂျာသည် ဘင်္ဂါလီလည်း မဟုတ်ပေ။ ဘင်္ဂါလီအုပ်စုဝင်ထဲက လူမျိုးစု တစ်စုသာ ဖြစ်သည်။ ဘင်္ဂါလီစကားပြောသော်လည်း စစ်တကောင်းမြို့တော်တွင် သုံးသည့် ဘင်္ဂါလီစကားမဟုတ်။ ဆိုရလျှင် နယ်စပ်တွင်နေသော လူမျိုးစုတစ်စု ဖြစ်သည်။ ဟိုဘက်ရော ဒီဘက်ရောရှိနေသည်။ ထိုလူမျိုးစုကို ဘင်္ဂလားဒေ့ရှ်ကလည်း လက်မခံ၊ မြန်မာအစိုးရကလည်း လက်မခံ။ ထို့ကြောင့် သူတို့မှာ ဒုက္ခသည်တွေအဖြစ် နေနေရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူသော အမည်ဖြင့် တိုင်းရင်းသားဖြစ်ပါသည်ဟု ဝင်ရောက်ရန် ကြိုးပမ်းလာသည်။ ကိုးကွယ်ရာ ဘာသာတူသော ဘင်္ဂလားဒေ့ရှ်ထက် မြန်မာနိုင်ငံကို ဝင်ရောက်ရန် ကြိုးပမ်းခြင်းမှာ အထက်ကဆိုခဲ့သလို ဦးနုဖန်တီးခဲ့သည့် ပြဿနာ တွေကြောင့် ဖြစ်သည်။ ထိုစဉ်က မဲရရေးအတွက် ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားဖြစ်ကြောင်း ဆိုခဲ့သည့် စကားရှိသဖြင့် ယခုလို အခြေအနေမျိုးတွင် အကြောင်းပြချက် ကောင်းကောင်း ပေးစရာ ဖြစ်လာသည်။ နောက်ဆုံးအဆင့် လူသားချင်း စာနာသောအားဖြင့် ထိုဒုက္ခသည်များသည် မြန်မာ့မြေပေါ်တွင် မွေးဖွားခြင်းဖြစ်၍ မြန်မာနိုင်ငံသားအခွင့်အရေး ပေးသင့်သည်ဟု ဆိုသည့်တိုင် လူမျိုးစုအခွင့်အရေးတော့ ပေးရန်မလိုပေ။ ထိုကိစ္စမှာ ဖြစ်လည်းမဖြစ်နိုင်ပေ။  နိုင်ငံသားအခွင့်အရေးပေး၍ ရခိုင်ဓလေ့ထုံးတမ်းသော်လည်းကောင်း၊ မြန်မာဓလေ့ ထုံးတမ်းကိုသော်လည်းကောင်း ခံယူကျင့်သုံးမည်ဆိုပါက မျိုးဆက် နှစ်ဆက်ခန့် အပိုင်းအခြားတွင် ရခိုင်မွတ်စလင်အဖြစ်ဖြစ်စေ၊ ဗမာမွတ်စလင် အဖြစ်ဖြစ်စေ၊ သို့တည်းမဟုတ် အစ္စလာမ်ဘာသာဝင် ရခိုင်စကားပြော ကမန်အုပ်စုဝင် လူမျိုးအဖြစ် ဖြစ်စေ ခံယူခွင့်ပြုနိုင်ရန် ဥပဒေပြဋ္ဌာန်း လုပ်ဆောင်ရမည့် ကိစ္စလည်းဖြစ်သည်။ နိုင်ငံတကာတွင်လည်း နိုင်ငံသားအရည်အချင်း ပြည့်မှီရန် စံနှုန်းသတ်မှတ်ချက် တွေရှိပါသည်။ သို့ရာတွင် ဒုက္ခသည် လူမျိုးစုတစ်စုကို ပြည်နယ်ပေး၍ လူမျိုးစု အခွင့် အရေးပေးသည်ဟူ၍ မရှိပါ။

မည်သို့ပင်ဆိုစေကာမူ ဒုက္ခသည်များကို လက်ခံရမည့် အခြေအနေလည်းရှိသည်။ မိမိနိုင်ငံထဲက လူမျိုးစုမဟုတ်၍ သတ်ဖြတ်မည် ဆိုပါကလည်း ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်၍ လူ့အဖွဲ့အစည်းက ခွင့်မပြုပေ။ ထိုသို့သော အခြေအနေမျိုးတွင် အရာရာကို သတိရှိရန် အရေးကြီးသည်။ စိတ်လိုက် မာန်ပါ ဆုံးဖြတ်ပါက ရိုဟင်ဂျာနှင့်သာမက မြန်မာမွတ်စလင်မ်များနှင့်ပါ သွေးကွဲ၍ ဆူပူမှုတွေဖြစ်လာပြီး အခန့်မသင့်လျှင် မျှော်လင့်ချက်ရှိကာစ တိုင်းပြည် အတွက် နောက်ကြောင်းပြန် သွားနိုင်သည့် ကိစ္စလည်းဖြစ်သည်။ အစိုးရအနေဖြင့်ရော ပြည်သူအနေဖြင့်ပါ ထိုရိုဟင်ဂျာ ပြဿနာကို  အမျိုးသားရေး ပြဿနာအဖြစ် ကိုင်တွယ်ဖြေရှင်းကြရန် အရေးကြီးပါသည်။ သို့ရာတွင် ထိုသို့သော ကိုင်တွယ်ဖြေရှင်းမှုမျိုးသည် နိုင်ငံရေးနှင့် ဆက်စပ်စဉ်းစား၍ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ခြင်းဖြစ်ဖို့တော့ လိုပါလိမ့်မည်။ ရိုဟင်ဂျာမှ မဟုတ် မိမိတိုင်းပြည်တွင် မရှိခဲ့သည့် ဓလေ့ထုံးတမ်းကို ယူဆောင် လာပြီး ဝါးမြိုမည့် မည်သည့်လူမျိုးကိုမဆို အမျိုးသားရေးအရ နိုင်ငံရေးအရ တွန်းလှန်ကာကွယ်သွားကြရန် အရေးကြီးကြောင်း သုံးသပ်ကြစေလိုပါသည်။

*************************************************************************************

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs